‘ခွပ်ဒေါင်း အရိန္နမာ’

‘ခွပ်ဒေါင်း အရိန္နမာ’
Published 10 November 2017

မန္တလေးမြို့ အ.ထ.က (၂) ကျောင်းဝင်းအတွင်း ကျောင်းဆောင်ဟောင်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)

နယ်ချဲ့အစိုးရက ဗမာ့ဇာတိမာန်ဖျောက်ဖို့ ရည်ရွယ်ချက်ရှိရှိ အင်းဝကို ရွာ-တံတားဦးမှာ ရုံးစိုက် မြို့သတ်မှတ်။ ပုဂံကို အုတ်ကျိုးအုတ်ပဲ့ဘ၀ ချုံပုတ်တောဖြစ်စေ၊ ညောင်ဦးက ဂေဇက်ဝင်မြို့။ ရခိုင်သားတို့ရဲ့ ရဲဘိစိတ်ဓာတ်ကို ကြက်ခြေခတ်ချင်တော့ မြောက်ဦးကို နှိမ်၊ စစ်တွေကို ထိန်လင်း။ အဲဒီလိုပါပဲ မန်းတောင်ခြေက မန်းရာပြည့်ကွင်း။ ရာပြည့်ပွဲမှာလည်း တစ်ပြည်လုံး ခြိမ့်ခြိမ့်ကဲ။ နောက်လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ မေဒေးနေ့တွေ တမြတ်တနိုး ကျင်းပခဲ့ရာ နေရာ။ ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကာလ၊ သပိတ်ညီလာခံ ဝှဲချီးကျင်းပရာ ရင်ပြင်။ အဲဒီသမိုင်း အထွတ်အမြတ် မန္တလေးရဲ့ အောင်မြေကို စစ်အာဏာရှင်တွေက သေနတ်နဲ့ ခြိမ်းခြောက် တိရစ္ဆာန်ရုံ ဆောက်လိုက်ရက်ကြတယ်။

ရာပြည့်ကွင်းမှာ ပွဲရှိတယ်။ လွတ်လပ်ရေးနေ့။ ဇာတ်နှစ်ဇာတ်၊ စတိတ်ရှိုးနှစ်ရုံ၊ အငြိမ့်၊ ပိတ်ကားထောင် ရုပ်ရှင်က ကြည့်ချင်ပွဲ။ ဆပ်ကပ်၊ မျက်လှည့်၊ ကလေးရုပ်ရှင်အစုံ။ ဌာနဆိုင်ရာ ပညာရေးပြခန်းတွေ။ အဲဒီလို ပွဲနေ့တွေရဲ့ မန္တလေးမြို့ ညနေခင်းများဆိုရင် ၈၄-ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်း ၈၀- သခင်ဗဟိန်းလမ်းတွေမှာ ပွဲတော်သွားဘတ်စ်ကားတွေ ပျားပန်းခပ် လူခေါ်။ စပယ်ယာတွေရဲ့ လူခေါ်အော်သံ “အောင်ပွဲကို” “အောင်ပွဲကို”။ မန္တလေးစရိုက်၊ သမိုင်းကို အလေးပြုပုံတွေ။ အောက်ခြေလူတန်းစားကအစ လွတ်လပ်ရေးအောင်ပွဲနေ့၊ အမျိုးသားအောင်ပွဲနေ့ရယ်လို့ အစိုးရ သတ်မှတ်တိုင်း မခေါ်။ ဂါရဝေါစ နိဝါတောစ။ သမိုင်းကို ဂုဏ်ပြု၊ သမိုင်းဝင် ရဲဘော်ကြီးများကို ဦးချ အလေးပြုတဲ့ အညာသားတို့ ညာဉ်။ အောင်ပွဲနေ့။
အခုတော့ အစဉ်အလာကောင်းတွေခမျာ တမင်တကာ အဖောက်ခံထားရပြီ။ နိုင်ငံရေး သားကြောဖြတ်ခံရလေခြင်း။ မန္တလေးပေါက်ကလေးတွေကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အာဇာနည်လမ်း၊ သခင်ဗဟိန်းလမ်း၊ ဗိုလ်ဗထူးလမ်းတွေ မသိကြတော့ဘူး။ ခေတ်ကလည်း နှစ်လုံး၊ သုံးလုံးကြီးစိုးတဲ့ ကိန်းဂဏန်း ခေတ်ပေကိုး။

၁၉၆၀ ပြည့်လွန်နှစ်များ။ စာသင်ကျောင်းတွေ ရှားပါးတဲ့ ကာလ။ အမရပူရမြို့နယ်ထဲက ဒုဋ္ဌဝတီ ကမ်းနံဘေးက ရွာတွေ၊ စဉ့်ကိုင်မြို့နယ် ပန်းလောင်ကမ်းပါးရွာတွေက ကျောင်းသားတွေဟာ တံတားဦး အ.ထ.က ကိုပဲ လာတက်ကြရတယ်။ ‘အမျိုးသားအောင်ပွဲနေ့’ နားနီးလာရင် အဲဒီကျောင်းရှိတဲ့ ရွာတွေကို ငွေဖလားနဲ့ အလှူခံထွက်ကြ။ တံတားဦး ကျောင်းဝတ်စုံက ယောကျ်ားလေး ပုဆိုးစိမ်း၊ အင်္ကျီဖြူ၊ မိန်းကလေး ထဘီနီ၊ အင်္ကျီဖြူ။ ရွာခံတွေက ကြည်ကြည်ဖြူဖြူ ကျွေးကြ၊ မွေးကြ၊ လက်ဆောင်တွေ ပေးကြ။

အဓိကအလှူငွေ အများဆုံးရတာက အင်းဝတံတား။ ကျွန်တော်တို့ ကျောင်းသား ကျောင်းသူတွေချည်း မြင်းလှည်းနှစ်စီး မနက်သွား ညနေပြန် အလှူခံ။ တံတားကြီးရဲ့ တောင်ထိပ်၊ မြောက်ထိပ် ကူးချင်သလိုကူး ကားတွေက အခမဲ့။ ထမင်းကို စစ်ကိုင်းက ဝယ်၊ ခေါက်ဆွဲပြုတ် (ဆီချက်)၊ ငါးမူး (ပြားငါးဆယ်)၊ ခေါက်ဆွဲကြော် တစ်ကျပ်။ ရတဲ့ ရန်ပုံငွေကို ကျောင်းသားတွေ ကိုယ်တိုင် စီမံခန့်ခွဲ။ သံဃာတော်များကို ဆွမ်းကပ်။ စာပေပြိုင်ပွဲ၊ ကျပန်းစကားပြောပွဲ၊ စကားရည်လုပွဲတွေ ကျင်းပ။ ခွပ်ဒေါင်းစိတ်ဓာတ်မျှဝေ။ ညပိုင်းမှာ မန္တလေးအငြိမ့်ငှား အောင်ပွဲခံ။

အဲဒီလို သမိုင်း လက်ဆင့်ကမ်း အမွေကောင်းတွေခမျာ အစီအစဉ်တကျ အဖျက်ဆီးခံခဲ့ရပြီ။ အခုတော့ အမျိုးသားနေ့ဆိုတာဟာ ချစ်သူများနေ့လောက် ပွဲမဖြစ်တော့။ သာမန် ရုံးပိတ်ရက် တစ်ရက်။ “ကျွန်ပညာရေး အလိုမရှိ” ကြွေးကြော်သံနဲ့ ပထမကျောင်းသားသပိတ် ဦးဆောင်သူ ဦးဘဦးကစ ကျောင်းသားကြီးများကို အားနာစရာ။ သခင်ပညာရေး သင်ကြားပေးတဲ့ အမျိုးသားကျောင်းတွေ၊ အမျိုးသားကောလိပ်ကို လုံးပမ်းခဲ့သူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ကို မျက်နှာမပြရဲစရာ။

ဓမ္မဘက်တော်သားများကတော့ ဗမာ့သမိုင်းဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုတာ သိကြပေရဲ့။ ၁၉ ရာစု ကုန်းဘောင်သူ ပုန်ခေတ်လွန်ကာလ နယ်ချဲ့အင်္ဂလိပ်အစိုးရကို စပြီး စိန်ခေါ်ခဲ့တာ ကျောင်းသား။ ၁၉၀၃ ခုနှစ် ရှိခိုးပုန်ကန်မှု။ အဲဒီတုန်းက စစ်တပ် မပေါ်သေးဘူး။ အမျိုးသားအောင်ပွဲနေ့ဆိုတဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်။ အဲဒီကာလကလည်း စစ်တပ်ဆိုတာ အိပ်မက်ထဲမှာတောင် မရှိ။ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်။ စစ်တပ်မပြောနဲ့ လူထုလက်ထဲ သေနတ်ဆိုတာကို မရှိ။ ဘုရင်ခံရဲ့ စိန်သရဖူကို လမ်းဘေးကန်ချခဲ့တဲ့ ၁၉၃၈ တတိယကျောင်းသားသပိတ် (၁၃၀၀ ပြည့် အရေးတော်ပုံ)။ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေမယ်” ဆိုတဲ့ အင်းဝသား ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းရဲ့ တက်ခေါက်သံဟာ ဘာမင်ဟမ် နန်းတော်ကို လှုပ်ရမ်းနိုင်ခဲ့တယ်။ အဲဒီကာလထိ စစ်တပ်ဆိုတာ နတ္ထိ။

တကယ်တော့ စစ်တပ်ဆိုတာ ၁၉၄၀ ကျော်ကာမှ ကျောင်းသားခေါင်းဆောင်ကို အောင်ဆန်းတို့၊ ကိုလှမောင် (ဗိုလ်ဇေယျ) တို့ ဦးဆောင် ဖွဲ့စည်းပေးခဲ့ရတာ။ အဲဒီ သမိုင်းမှန်တွေကြောင့် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ရဲ့ ဖခင် ဆရာမင်းသုဝဏ်က ဒီလိုကဗျာနဲ့ မော်ကွန်းတင်ခဲ့တာ။

“သာဓုသံ”
ဒေါင်းပျိုထိုးဆွတ်၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေကျေးဇူးပါတကား။
အိုးဝေကျေးဇူး၊ မတိမ်မြူးပဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓုခေါ်ကြပါကုန်လော့။
သာဓုသံတွင်၊ သောတဆင်ကာ
အသင်ဒေါင်းငယ်၊ မြန်မိမယ်ကို
သက်နှယ်စောင့်ရှောက်ပါစေသောဝ်။ ။

ဆရာကတော့ ရှင်းတယ်။ ပြတ်ပြတ်သားသားပဲ။ ဗမာပြည် လွတ်လပ်ရေးရတာ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်စစ်တပ်ကြောင့်မှ မဟုတ်။ ကျောင်းသားတွေကြောင့် ရခဲ့တာ။ အိုးဝေကျေးဇူး၊ ခွပ်ဒေါင်းကျေးဇူး။ ဗမာပြည်ရဲ့ နောင်ရေးကို စိတ်မအေးနိုင်တဲ့ ဆရာကိုယ်တိုင် ကိုယ့်အသက်လို စောင့်ရှောက်ရစ်ကြပါဆိုပြီး တိုင်းပြည်ကြီးကို ကျောင်းတွေလက်ထဲ၊ ခွပ်ဒေါင်းအိုးဝေလက်ထဲကိုပဲ ထိုးအပ်ခဲ့ရှာတာ။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်တပ်မတော်လက်ထဲမှမဟုတ်။ အမြော်အမြင်ကြီးပါပေတယ်။
ဆရာစိတ်ချလက်ချ အပ်နှံပေးသွားသလိုပါပဲ။ “ဓား ဓားချင်း၊ လှံ လှံချင်း ရှင်းမယ်” ဆိုရာကနေ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မဖောက်ဘူး” ခေတ်အထိ။ စစ်အာဏာရှင်ကို တိုက်ခဲ့ကြတာ။ တပ်ဦးမှာ ခွပ်ဒေါင်းအလံ။ ၆၂ ဇူလိုင်ဆဲဗင်းကစလို့ ၆၉ ကျွန်းဆွယ်၊ ၇၀ ရွှေရတု။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အမြုတေပါတီမှ ပြည်သူ့ပါတီပြောင်းအပြီး တက္ကသိုလ်တွေမှာ ကျောင်းသားချင်းသွေးခွဲဖို့ လမ်းစဉ်လူငယ် ဖွဲ့ကြပြန်တယ်။ စစ်အာဏာရှင်တို့ အကြံ မအောင်မြင် မထိရောက်ပြန်ဘူး။ ခွပ်ဒေါင်းအလံဆိုတာ ဖောက်ပြန်သူတွေတီးတဲ့ စောင်းသံကို နာခံကျိုးနွံ လွင့်ပျံရိုး မရှိ။ ပြည်သူသာအမိ၊ ပြည်သူသာအဖ။ တစ်စိတ်တစ်ဝမ်းတည်း။

၇၄ ဦးသန့်၊ ၇၅ ရွှေတိဂုံ၊ ၇၆ မှိုင်းရာပြည့်တွေမှာ သူတို့လူလို့ အပိုင်တွက်ထားတဲ့ လမ်းစဉ်လူငယ်တွေပဲ တက်ကြွစွာ ပါဝင်လှုပ်ရှား၊ ထောင်ကျကြ၊ တောခိုကြ။ ဖဆပလခေတ်ကလည်း အစိုးရလက်ကိုင်တုတ် D.S.O ဆိုတာ သမိုင်းအမှိုက်ခြင်းထဲမှာ။ ကျောင်းသားထုသွေးခွဲရေး ရည်ရွယ်ချက်နဲ့ အစိုးရလက်ကိုင် ဗကသနဲ့ စင်ပြိုင်ဖွဲ့ခဲ့ဖူးသမျှ ကျောင်းသားအဖွဲ့အစည်း (တကသ)တိုင်း သမိုင်းတံတွေးခွက်မှာ ပက်လက်မျောခဲ့ရရှာတာ မဝေးသေးတဲ့ သမိုင်းတွေ သက်သေ။

ဗမာ့သမိုင်းတင် ကျောင်းသားသမိုင်း။ အဲဒီကျောင်းသားသမိုင်းထဲကမှ တန်ဖိုးကြီးမားလွန်းလှတဲ့ ‘အမျိုးသားနေ့’ နဲ့ ‘အမျိုးသားကျောင်း’။ မော်ကွန်းဝင် ဗမာ့ဇာတိမာန်၊ ခွပ်ဒေါင်းသတ္တိ။ ကနေ့ကာလလို ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ အရေးပါလှတဲ့ ကျွန်တော်တို့ တိုင်းပြည်ကို ခေတ်ပေါ်နယ်ချဲ့နည်းသစ်တွေက မျက်စပစ်နေချိန်။ အရှေ့အနောက် သြဇာကြီးတွေကြားမှာ ကြားမညပ်အောင် လမ်းနှေးနှေးလျှောက်နေရချိန်။ စစ်မှန်တဲ့ ဇာတိသွေး ဇာတိမှန်နဲ့ နိုင်ငံကို ကျားကန်ထားဖို့ မလိုအပ်ပေဘူးလား။ ဝါးရင်းတုတ်ကို ရွှေချချီးမွမ်း ပြောဆိုနေကြပေမယ့် တော်ဘုရား အုတ်ဂူကိုတောင် ထုံးမသုတ်နိုင်တဲ့ ဘဝ။ ဝါးရင်းတုတ်အောက် ရောက်ဖူးတယ်ဆိုတဲ့ နိုင်ငံရဲ့ တော်ဝင်ဈာပနကို မြင်လိုက်မှ အရှက်တရားရဖွယ်။

တန်ဖိုးကြီးလှတဲ့ သမိုင်းအမှန်များကို ပြန်ဖော်။ တန်ဖိုးကြီးကြောင်း မီးမောင်းထိုးပြ။ စိတ်ဓာတ်တွေ အမြဲတက်ကြွနေအောင် အမျိုးသားကျောင်းအဆောက်အအုံ အခိုင်အမာ ကျန်နေသေးတဲ့ မြို့တိုင်းက အမျိုးသားကျောင်းတိုင်းကို သမိုင်းမှန် နာမည်ပြန်မပြောင်းသင့်ဘူးလား။ မန္တလေး အ.ထ.က(၂) ကို ‘မန္တလေးအမျိုးသားကျောင်း’။ အဆောက်အအုံကျန်သေးတဲ့ မြို့တိုင်း မြို့တိုင်း။

နိုင်ငံသမိုင်းဟာ ကျောင်းသားသမိုင်းမို့ ခွပ်ဒေါင်းအလံကို မြင့်မြင့်မားမား ထူပြနေတာဟာ တပ်ဦးဝါဒဖြန့်ချိနေတာ မဟုတ်ရပါ။ ကျောင်းသားလှုပ်ရှားမှုဆိုတာဟာလည်း လူထုထောက်ခံမှုမပါဘဲ မအောင်မြင်နိုင်။ ပြည်သူနဲ့ကင်းကွာ ပြည်သူနဲ့လက်မတွဲရင် ဘယ်တိုက်ပွဲမှ အောင်မြင်ရိုးမရှိ။

“လှံရိုးက ပြည်သူ
ထောက်ကူတဲ့ အင်အား။
ထီမထင် ကျောင်းတော်သားက
ဖောက်ပြားသူ စနစ်ဆိုးကို
ထိုးတဲ့ လံှသွား။”

Most Read

Most Recent