ဆရာ့ဂုဏ်ကျေးဇူး အထူးမမေ့သော ရွာလေး

ဆရာ့ဂုဏ်ကျေးဇူး အထူးမမေ့သော ရွာလေး
Published 9 November 2017

အာစရိယဂုဏော အနန္တောဆိုသည့်အတိုင်း ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဆရာကို ဘုရားနှင့်တစ်ဂိုဏ်းတည်းထားကာ ကိုးကွယ်ယုံကြည်ကြပေသည်။

တက္ကသိုလ်ကျောင်းများကို တည်ထောင်ခဲ့သော ဆရာကြီးများ၊ အခြားပညာရပ်ဆိုင်ရာ ဆရာကြီးများအား လေးစားကြည်ညိုသောအားဖြင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ဆရာ့အထိမ်းအမှတ်အဖြစ် ရုပ်တုများ ထုလုပ်ခြင်း၊ ကျောက်စာများ ရေးသားခြင်း၊ ကျောက်တိုင်များ စိုက်ထူခြင်း၊ ကဗျာရေးသားခြင်း၊ စာများရေးသားခြင်း၊ သီချင်းများ စပ်ဆိုခြင်း၊ ပန်းချီဆွဲခြင်း စသည့်ပုံသဏ္ဌာန် ကွဲပြားမှုများစွာနှင့် ဆရာ့အထိမ်းအမှတ်များ ပြုလုပ်ကြလေ့ရှိသည်ကို တွေ့ရသော်လည်း ရိုးရိုးသာမန်ကျေးရွာလေးတစ်ရွာမှ မူလတန်းပြ ဆရာတစ်ဦးအား နှစ်ပေါင်းများစွာ မမေ့မလျော့စေရန် ဂုဏ်ပြုထားသည်ကိုတော့ မတွေ့မမြင်ဖူးချေ။

ဆရာ့ဂုဏ်ကျေးဇူး အထူးမလျော့စေရန် ဆရာ့အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားသည့် ထူးခြားသည့် ကျေးရွာလေးတစ်ရွာ ရှိပါသည်။ ထိုရွာလေးကတော့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်က အိမ်ခြေ ၅၀၀ ခန့်ရှိသော ငါ့တရော်ရွာလေးပဲ ဖြစ်ပါတယ်။ သူတို့ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူ ဂုဏ်ပြုခြင်းခံရတဲ့ ဆရာတစ်ဦးကတော့ ငါ့တရော်ကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီးဦးသစ် ဖြစ်သည်။

ဆရာ့အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူထားသော ငါ့တရော်ရွာလေးသို့ မုံရွာ-မန္တလေး ကားလမ်းမှတစ်ဆင့် ရွာသစ်ကြီးလမ်းခွဲအတိုင်း နှစ်မိုင်ခန့်သွားလျှင် လမ်း၏ဘယ်ဘက် ငါ့တရော်ကျေးရွာဖွံ့ဖြိုးရေး မြေလမ်းလေးအတိုင်း လိုက်သွားပါက ဆရာ့အထိမ်းအမှတ် ကျောက်တိုင်နေရာလေးသို့ ရောက်ရှိပေမည်။

ငါ့တရော်ရွာလယ်ရှိ ဆရာတော်ဦးပညာ လွမ်းစေတီဘုရားဝင်းအတွင်း စိုက်ထူထားသော ဆရာ့အထိမ်းမှတ် ကျောက်တိုင်ကို တွေ့ရှိရပြီး ကျောက်တိုင်၏ လေးဖက်လေးတန်တွင် ငါ့တရော်ကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဘိုးသစ် ဒသမတန်းနှင့် အထက်တန်းဆရာဖြစ် အောင်မြင်သည်။ ငါ့တရော်ကျေးရွာ မူလတန်းကျောင်းကို စတင်တည်ထောင်ပြီး တပည့်များအားပညာ အမွေအနှစ်များစွာပေးခဲ့သည့် ကျေးဇူးရှင်ဆရာကြီး ဖြစ်သည်။ ဆရာကြီးဦးသစ်၏ ဂုဏ်များဖြစ်သော သူတစ်ပါးအား ပြစ်တင်ကဲ့ရဲ့ ပြောဆိုမှု နည်းပါးခြင်း၊ အရာရာတွင် ရောင့်ရဲစွာ နေလေ့ရှိခြင်း၊ လူအိုသော်လည်း စိတ်ပျိုအောင်နေလေ့ရှိခြင်း၊ ဆရာ့ဂုဏ်ရည်တွင် စံပြဖြစ်ခြင်း စသည်တို့ကို ရေးထိုးထားကာ အခြားတစ်ဖက်တွင် ဆရာကြီး၏ သြဝါဒများဖြစ်သော ဓားတိုလျှင်ရှေ့တစ်လမ်းတိုး၍ခုတ်ပါ။ တကယ်ကြိုးစားပါ မုချအောင်မြင်ရမည်၊ ဆုံးရှုံးရခြင်းတွင် မိမိ၏ချို့ယွင်းမှု မုချပါသည်၊ မည်သူမှားမှား မိမိမှန်ဖို့လိုသည်၊ စိုက်ပါပျိုးပါ ကျန်းမာရမည်၊ ဝမ်းစာရမည်၊ ချမ်းသာရမည် စသည့်စာများနှင့် အာစရိယဂုဏော အနန္တောကို မနောကြည်ရွှင် စိတ်ဝယ်ရည်၍ ဤကျောက်တိုင်ကို စိုက်သတည်းဟု ရေးထားသည်ကို တွေ့မြင်ရပေသည်။

“ဆရာကြီးဦးသစ်ရဲ့ ရွာအပေါ်ထားတဲ့ မေတ္တာစေတနာက ကြီးမားခဲ့ပါတယ်။ သူတတ်ထားတဲ့ပညာနဲ့ တပည့်တွေအပေါ် ဆရာတစ်ယောက်ထက်ပိုတဲ့ မိဘသဖွယ်ဆုံး မသွန်သင်ခဲ့လို့ ငါ့တရော်ကျောင်းက ထွက်လာသူ မှန်သမျှကလည်း ဆရာကြီးအပေါ် မိဘသဖွယ် ချစ်ကြောက်ရိုသေခဲ့ကြတယ်။ ရွာကလည်း ဆရာကြီးလို့သာ နှုတ်ကခေါ်ခဲ့ပေမယ့် ကျေးရွာရဲ့အဖအရာလို သဘောထားခဲ့ကြတယ်။ မိဘထက် ဆုံးမသွန်သင်မှုကောင်းတဲ့ ဆရာတစ်ယောက်လို့ သတ်မှတ်ပြီး သံယောဇဉ်တစ်ရပ် အပြန်အလှန်ဖြစ်ပြီး ဒီနေ့အထိ မမေ့နိုင်ခဲ့ကြဘူး။ သူကွယ်လွန်တော့ ဆရာကြီးရဲ့ဂုဏ်ကျေးဇူးကို နှောင်းလူတွေသိရှိအောင် အမှတ်တရကျောက်တိုင် စိုက်ထူခဲ့ကြပါတယ်” ဟု ဆရာကြီးဦးသစ်၏ တပည့်ဖြစ်သူ ငါ့တရော်ကျေးရွာမှ ဦးကျော်တင့်က ပြောကြားသည်။

ငါ့တရော်ကျေးရွာ မူလတန်းကျောင်းကို ဆရာတော်ဦးပညာက ၁၉၄၃ ခုနှစ်တွင် ယင်းကျေးရွာရှိ ဥတ္တရာရာမကျောင်းတိုက် အနောက်မြောက်ထောင့်နေရာတွင် ဆင်ဝင်နှစ်လုံး၊ လှေကားနှစ်စင်းတပ်၊ ဝါးကပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းကို ဆောက်လုပ်၍ ကျောင်း၌စာသင်ကြားရန် စစ်ကိုင်းမြို့နယ် ခိုတောင်၊ ချောင်းပေါက်ရွာတွင် တာဝန်ကျနေသော မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မြေငူရွာသား ဆရာကြီးဦးသစ်အား ကျောင်းအုပ်အဖြစ် လာရောက်တာဝန်ထမ်းစေရန် ဆရာတော်မှ ပညာရေးဌာနကို တင်ပြတောင်းဆိုပြီး ငါ့တရော်ကျေးရွာသို့ ခေါ်ယူခဲ့သည်။

ဆရာကြီးဦးသစ်သည် မူလတန်း ကျောင်းအုပ်ဖြစ်သော်လည်း တတိယတန်းနှင့် စတုတ္ထတန်းကို ကိုယ်တိုင်သင်ကြားခဲ့ပြီး ဆရာကြီး၏ သင်ကြားရေးစနစ်နှင့် အုပ်ချုပ်မှုစနစ်များမှာ ကောင်းမွန်ခဲ့သည်။ နံနက်ခင်း ကျောင်းတက်ခေါင်းလောင်း ထိုးသည်နှင့် ကျောင်းသားများကို တန်းစီစေကာ နိုင်ငံတော်သီချင်း သီဆိုအလေးပြုခြင်းများ ပြုလုပ်စေပြီး ညနေကျောင်းဆင်းချိန်တွင်လည်း အတန်းလိုက် ကျောင်းပေါ်ပြန်တက်စေကာ ယောကျ်ားလေးများကရှေ့ မိန်းကလေးများက နောက်မှနေ၍ ညီညာစွာ ဘုရားရှိခိုးရလေသည်။ ညီညာစွာ ဘုရားဝတ်မပြုလျှင် ကျောင်းဆင်းခေါင်းလောင်းမထိုးချေ။ ဝတ်ပြုပြီးသော် ကျောင်းသားကြီးတစ်ဦးက ရှေ့မှတိုင်၍ မြန်မာသက္ကရာဇ် (ကောဇာ)လ၊ လဆန်း၊ လဆုတ်ရက်နေ့များကို ရွတ်ဆိုကာ ဝတ်ပြုမှုကို အပြီးသတ်၍ ကျောင်းဆင်း ခွင့်ပြုကြောင်းနှင့် တပည့်များအပေါ် ရိုက်နှက်ဆုံးမမှု မပြုလုပ်ကြောင်း သိရသည်။

ထိုခေတ်အခါက ဆရာကြီး၏ သင်ပြလမ်းညွှန်မှုစနစ် ကောင်းမွန်မှုကြောင့် ငါ့တရော်ကျေးရွာမှ အလယ်တန်းနှင့် အထက်တန်းပညာတွင် အခြားအနီးဝန်းကျင်ရွာများထက် အောင်မြင်သူ များပြားခဲ့ကြောင်း သိရသည်။

ဆရာကြီးဦးသစ်သည် ငါ့တရော်ကျေးရွာသို့ ၁၉၄၃ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး အထက်တန်းပြဆရာဖြစ် အောင်မြင်ခဲ့သော်လည်း အခြားမည်သည့်နေရာမှ မပြောင်းရွှေ့၊ ၁၉၆၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ ပင်စင်ယူသွားသော်လည်း မိမိဇာတိ မြေငူရွာသို့ မပြန်တော့ဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝဖြင့် ငါ့တရော်ကျေးရွာတွင် နေထိုင်ကာ တပည့်များအပေါ် စာဆက်လက် သင်ကြားပေးခြင်း၊ ရပ်ကျိုးရွာကျိုးများကို ဦးဆောင်ပြုလုပ်ပေးခဲ့ကာ မြန်မာသက္ကရာဇ် ၁၃၃၄ ခုနှစ်တွင် ငါ့တရော်ကျေးရွာ၌ ကွယ်လွန်ခဲ့သည်။

ဆရာကြီးဦးသစ်၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့သောအားဖြင့် တပည့်များနှင့် ကျေးရွာသူကျေးရွာသားများက ဆရာကြီးအထိမ်းအမှတ် ကျောက်တိုင်အား ၁၉၇၂ ခုနှစ်တွင် ငါ့တရော်ရွာအလယ် ဆရာတော်ဦးပညာ လွမ်းစေတီဘုရားဝင်းအတွင်း စိုက်ထူခဲ့လေသည်။

ဆရာကြီးဦးသစ်သည် ငါ့တရော်ကျေးရွာ စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်စဉ်က တပည့်များအပေါ် စေတနာ၊ ဝါသနာ၊ အနစ်နာခံကာ စာပေသင်ကြားမှုများ ပြုလုပ်ခဲ့ပြီး စည်းကမ်းလိုက်မှုရှိစေရန် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခဲ့သော ဆရာတစ်ယောက်ဖြစ်သဖြင့် ယနေ့အထိ နှစ်ပေါင်း ၄၀ ကျော်တိုင် ဆရာကြီး၏ ဂုဏ်ကျေးဇူးကို ငါ့တရော်ကျေးရွာမှ မမေ့မလျော့ဘဲ အမှတ်တရကျောက်တိုင် စိုက်ထူထားကာ ဝါတွင်းကာလရောက်လျှင် ဆရာကြီးရှိစဉ်ကကဲ့သို့ သွားရောက်ပူဇော် ကန်တော့ခြင်းများ နှစ်စဉ်ပြုလုပ်ကြပြီး နှစ်စဉ်တပို့တွဲလရောက်လျှင်လည်း ဆရာကြီးအထိမ်းအမှတ် ကန်တော့ပွဲပေးခြင်းများ ပြုလေ့ရှိကြသည်။

ဆရာတော်ဦးပညာနှင့် ဆရာကြီးဦးဘိုးသစ်တို့ ပြုစုပျိုးထောင်ခဲ့သော ငါ့တရော် မူလတန်းကျောင်းလေးမှာ ယခု ငါ့တရော်အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းဖြစ်နေပြီး ကျောင်း၏ တည်ဆောက်ပုံမှာလည်း အလွန်စည်းစနစ်တကျ ရှိသည်ကို တွေ့မြင်ခဲ့ရသဖြင့် ဆရာမင်းယုဝေ၏ ဥယျာဉ်မှူး ကဗျာလေးကို သတိရမိပေတော့သည်။

ဥယျာဉ်မှူး
နေမင်းဝင်သော်
ငွေမင်ရှက်ဖြာ၊ သစ်ရိပ်သာဝယ်၊
ညင်သာလျောင်း၍၊ တကိုယ်မွေ့သည်၊
ချမ်းမြေ့အိပ်စက်ပါပြီလော။
သင်စိုက်ခဲ့သည့်
ပင်နွဲ့ညို ပြာ၊ ပန်းမာလာကား၊
ငုံအာလန်းပွင့်၊ ငွါးငွါးစွင့်လျက်၊
ရွှန်းတင့်ဝေဆာ ရှိလေပြီ။
လေပြည်လာ၍
ကြည်သာရှင်းသန့်၊ ပန်းရနံ့လျှင်၊
သင်းပျံ့ဝေ့လည်၊ ကြိုင်လှိုင်စည်သော်၊
ရော်ရည်မျှော်မှန်း၊ သည်အလွမ်းနှင့်၊
စိတ်ဝမ်းညံ့နု၊ သင့်ကောင်းမှုကို၊
သာဓုသံသာ၊ ခေါ်မိတကား။

ယနေ့ခေတ်တွင် ဆရာနှင့်တပည့် ဆက်ဆံရေး ၊ဆရာနှင့်မိဘ ဆက်ဆံရေးများတွင် မပြေလည်မှုပေါင်းများစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ပင် တွေ့မြင်နေရပေသည်။ ဆရာ၊ တပည့်၊ မိဘ ဆက်ဆံရေးတွင် အပြန်အလှန် လေးစားဖွယ် ကောင်းမွန်သော သမိုင်းရှိသည့် ငါ့တရော်ရွာ ဆရာ့အထိမ်းအမှတ် ကျောက်တိုင်လေးကို သွားရောက်လေ့လာပြီး အတုယူသင့်ပေသည်။

Most Read

Most Recent