စိန်ခေါ်ချက်များ၊ အခွင့်အလမ်းများကြားက ထိပ်သီးအစည်းအဝေးနိုင်ငံရေး

စိန်ခေါ်ချက်များ၊ အခွင့်အလမ်းများကြားက ထိပ်သီးအစည်းအဝေးနိုင်ငံရေး
Published 9 November 2017

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ပြုလုပ်မည့် အေးပက်ထိပ်သီးအစည်းအဝေး မကျင်းပမီ မီဒီယာစင်တာကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (Photo: AFP)

လတ်တလော မြန်မာ့ဒီမိုကရေစီ စပ်ကူးမပ်ကူးကာလသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပင်ဖြစ်သည်။ ကြိုးတန်းပေါ် လမ်းလျှောက်နေသည်နှင့် ဆင်ဆင်တူသည်ဟုလည်း ဆိုကြသည်။ နှစ်ပေါင်းငါးဆယ်ကျော် စုပုံနေခဲ့သော စိန်ခေါ်ချက်များ၊ အကျပ်အတည်းများ၊ ပြဿနာများက ဒုနှင့်ဒေးဖြစ်သည်။ အစိုးရနှင့် လွှတ်တော်ကနုနု၊ နိုင်ငံရေးမုန်တိုင်းကထန်ထန် ဟုဆိုနိုင်သည့် အခင်းအကျင်းတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှု၊ ယုံကြည်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့သည် သော့ချက်ကျသည့်နည်းတူ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝန်းရံကျားကန်မှုကိုရယူနိုင်ရေး ဗျူဟာမြောက်ချဉ်းကပ် အားထုတ်သင့်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့တောင်ဘက် ပဆေးမြို့၌ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လည်းကောင်း၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒါနန်းမြို့တွင်ကျင်းပမည့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲကိုလည်းကောင်း တက်ရောက်မည်ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ မစ္စတာရီုဒရီဂိုဒူတာတေးနှင့် ဗီယက်နမ်သမ္မတ မစ္စတာထရမ်ဒိုင်ကွမ်တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလွဲ၍ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသည် အေးပက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။

(၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များအစည်းအဝေးကို နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ တီမောလက်စ် ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့သည် အာဆီယံအဖွဲ့သို့ဝင်ရောက်ရန် စောင့်ဆိုင်းဆဲဖြစ်သည်။ တီမောလက်စ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မာရီအယ်ကာတီရီသည် လေ့လာသူအဖြစ် တက်ရောက်မည်ဟု ကြားသိရသည်။ ပထမဆုံးအကြိမ် အာဆီယံထိပ်သီးအစည်းအဝေးကို ၁၉၇၆ ခုနှစ်ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၃၁) ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် အချိန်ကိုက်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၌ ကျင်းပမည့် (၁၂) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်သည်။ အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ (၁၆) နိုင်ငံခေါင်းဆောင်များအကြား နှစ်စဉ်ကျင်းပသည့် ဆွေးနွေးပွဲဖြစ်ပြီး၊ ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ၂၀၁၁ ခုနှစ် (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားဖက်ဒရေးရှင်းတို့ပါဝင်လာခဲ့ပြီး၊ အဖွဲ့ဝင် (၁၈) နိုင်ငံသို့ရောက်ရှိခဲ့သည်။ အမေရိကန်သမ္မတသည် ၂၀၁၃ ခုနှစ် (၈) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲမှလွဲ၍ မပျက်မကွက်တက်ရောက်ခဲ့ပြီး ရုရှားဝန်ကြီးချုပ်သည် ၂၀၁၄ ခုနှစ် (၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှစ၍ ပုံမှန်တက်ရောက်ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတို့သည် ဒေသတွင်းနိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး စသည့်ရည်မှန်းချက်များအပေါ် ယေဘုယျအခြေတည်လျက်ရှိသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးများသည် သမားရိုးကျပုံစံဖြစ်သော်လည်း ပွင့်ပွင့်လင်းလင်း၊ အကြိတ်အနယ် ဆွေးနွေးအမြင်ဖလှယ်လေ့ရှိသည်။ ဆက်စပ်အစည်းအဝေးများတွင် ပိုမိုအသေးစိတ်ကျကျ၊ အသေးစိတ်ဆွေးနွေးလေ့ရှိသဖြင့် စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။ အာဆီယံ-အမေရိကန်၊ အာဆီယံ-ရုရှား၊ အာဆီယံ-တရုတ်၊ အာဆီယံ-ဂျပန် ဆက်စပ်အစည်းအဝေးများသည် အထူးသဖြင့် ဒေသတွင်းအကျပ်အတည်းများ၊ စိန်ခေါ်ချက်များ၊ ပြဿနာများကို ခရေစေ့တွင်းကျ ထင်ဟပ်လေ့ရှိသည်။ တစ်ဖက်တွင်လည်း ထိပ်သီးအစည်းအဝေးများသည် အင်အားကြီးနိုင်ငံများ၏ ဒေသတွင်းခြေချင်းလိမ်မှုများ၊ အားပြိုင်မှုများ၊ ထိပ်တိုက်တွေ့မှုများကို သိသိသာသာ ထင်ဟပ်လေ့ရှိသည်ဟု သုံးသပ်ကြသည်။

၂၀၁၇ ခုနှစ်သည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ နှစ်ငါးဆယ်ပြည့် မှတ်တိုင်ဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပထမဆုံးအာရှခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။ ၁၉၉၁ ခုနှစ်နောက်ပိုင်း အမေရိကန်သမ္မတ၏ အရှည်ကြာဆုံး အာရှခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဒေါ်နယ်ထရန့်၏ အာရှခရီးစဉ်သည် တိုကျို၊ ဆိုးလ်၊ ပေကျင်း၊ ဒါနန်း၊ ဟနွိုင်းမှသည် မနီလာတွင် လက်စသတ်မည်ဖြစ်ပြီး၊ နိုဝင်ဘာ ၁၃ ရက်နေ့နှောင်းပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်း အစောပိုင်းက သတင်းထုတ်ပြန်ခဲ့သော်လည်း၊ အာရှခရီးစဉ်အစတွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ဝါရှင်တန်အနေဖြင့် မော်စကို၊ ပေကျင်း၊ နယူးဒေလီ၊ တိုကျို၊ ဆိုးလ်၊ ကမ်ဘာရာ၊ ဝယ်လင်တန်နှင့် အာဆီယံတို့အကြား သံခင်းတမန်ခင်းတွင် ပိုမိုထိထိရောက်ရောက်ပါဝင်နိုင်ဖို့ ရည်ရွယ်ပုံရပြီး၊ ဒေါ်နယ်ထရန့်အနေဖြင့်လည်း ကမ္ဘာ့အခင်းအကျင်းတွင် အာရှနိုင်ငံရေး၏ ဗျူဟာမြောက်အရေးပါမှုကို ပိုမိုအလေးထားလာပုံရသည်ဟု သုံးသပ်နိုင်သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ်သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အရှေ့အာရှ ထိပ်သီးအစည်းအဝေးများကို ဦးဆောင်တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အစည်းအဝေးများကို ဦးဆောင်တက်ရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးကို ဦးဆောင်တက်ရောက်ခဲ့သည်။ လာမည့် (၁၂) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အာရှဒေသတွင်း လုပ်ဖော်ကိုင်ဖက်နိုင်ငံများသာမက အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်းတို့နှင့် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်မည့်အပြင် မြန်မာနိုင်ငံ၏ လတ်တလောအကျပ်အတည်းများ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာခေါင်းဆောင်များအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းအသိပေးနိုင်မည့် အခွင့်အလမ်းရှိနေသည်။ နိုင်ငံတကာ ခေါင်းဆောင်များ၏မေးမြန်း၊ ဆွေးနွေးမှုများသည်လည်း စိန်ခေါ်မှုများဖြစ်လာနိုင်လင့်ကစား၊ ပိုင်ပိုင်နိုင်နိုင် ချက်ကျလက်ကျ ဆွေးနွေးအမြင်ဖလှယ်ခြင်းဖြင့် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲပြီး၊ ယုံကြည်မှု၊ နားလည်မှုတည်ဆောက်နိုင်ရေး အားကောင်းမောင်းသန် ပြင်ဆင်ထားနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သီးသန့်တွေ့ဆုံဆွေးနွေးနိုင်မည့် အလားအလာဖြစ်သည်။ ဒေါ်နယ်ထရန့်အစိုးရလက်ထက်တွင် ဝါရှင်တန်နှင့် နေပြည်တော်ဆက်ဆံရေးသည် အိုဘားမားအစိုးရနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလွန်အမင်းအေးစက်လျက်ရှိသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလာဆန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တယ်လီဖုန်း ဆက်သွယ်စကားပြောခဲ့ခြင်းသည် အမြင့်မားဆုံးနှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုပင်ဖြစ်သည်။ တီလာဆန်သည် ထရန့်၏အာရှခရီးစဉ်တွင် အတူလိုက်ပါလာပြီး နိုဝင်ဘာ ၁၄ ရက်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလုပ်သဘော အလည်အပတ် လာရောက်မည်ဖြစ်သည်။ အမေရိကန်အစိုးရသစ်တက်ပြီး ရက်ပေါင်းသုံးရာအကြာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်သည်။ ဝါရှင်တန်နှင့် နေပြည်တော်ဆက်ဆံရေးခေတ်ပြိုင် သမိုင်းစာမျက်နှာများအရ ကြည့်မည်ဆိုလျှင် လတ်တလော နှစ်နိုင်ငံဆက်ဆံရေးသည် အားရကျေနပ်ဖွယ်ရာမရှိဟု ကောက်ချက်ပြုရမည်ဖြစ်သည်။

(၂၁) နိုင်ငံက နိုင်ငံခေါင်းဆောင်များအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်သည်လည်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ဆိုက်ရောက်လာမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုင်တွယ်ဖြေရှင်းနေဆဲ အခြေအနေတစ်ရပ်နှင့် ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ထုတ်ပြန်ခဲ့ခြင်းအပေါ် လက်ခံကျေနပ်ခြင်းမရှိပါကြောင်း ပူပူနွေးနွေးတုံ့ပြန်ထားသောကာလနှင့်လည်း တိုက်ဆိုင်နေသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးပွဲသည်လည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။

နေပြည်တော်သည် သံခင်းတမန်ခင်းတွင် ဝါရှင်တန်၊ မော်စကို၊ ပေကျင်း၊ နယူးဒေလီ၊ တိုကျိုတို့နှင့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံနိုင်ရန် လိုအပ်နေဆဲဖြစ်ပြီး၊ အရှေ့တောင်အာရှ၊ အရှေ့အာရှ နှင့် တောင်အာရှဒေသတို့နှင့် သံခင်းတမန်ခင်းကိုလည်း ထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တင်နိုင်ရန် လစ်ဟာနေဆဲဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် အေးပက်အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၊ အထူးသဖြင့် အမေရိကန်သမ္မတ၊ ရုရှားသမ္မတ၊ တရုတ်သမ္မတ၊ ချီလီသမ္မတ၊ မက္ကဆီကိုသမ္မတ၊ ပီရူးသမ္မတ၊ ကနေဒါဝန်ကြီးချုပ်တို့နှင့်အတူ သီးသန့်တွေ့ဆုံပွဲကို တက်ရောက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးကို ဦးတည်ပြီး၊ အေးပက်အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်အချို့နှင့် သီးခြားတွေ့ဆုံ၊ ဆွေးနွေးနိုင်ရေး စိုင်းပြင်းလာနိုင်ဖွယ်ရှိသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့်ဒေသတွင်း ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းနှင့်ဆက်စပ်သည့် အားသာချက်များ၊ အားနည်းချက်များ၊ စိန်ခေါ်ချက်များ၊ အခွင့်အလမ်းများ၊ အကျပ်အတည်းများကို ထင်သာမြင်သာ ဆွေးနွေးတင်ပြနိုင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားတို့ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာနှင့် ဟန်ချက်ညီညီ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် အခွင့်အလမ်းများကို အိတ်သွန်ဖာမှောက် ဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ ထိပ်သီးအစည်းအဝေးပွဲနိုင်ငံရေးတွင် မြန်မာနိုင်ငံအနေဖြင့် အကျပ်အတည်းများ၊ ပြဿနာများ၊ စိန်ခေါ်ချက်များကို အခွင့်အလမ်းများအဖြစ် ဗျူဟာမြောက် စနစ်တကျပြောင်းလဲနိုင်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပိုမိုထိထိရောက်ရောက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ပူးပေါင်းဆောင်ရွက်လာနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

Most Read

Most Recent