သမိုင်းထဲက တန်ဆောင်မုန်း

သမိုင်းထဲက တန်ဆောင်မုန်း
Published 8 November 2017

(၉၆) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့အောင်ပွဲ အခမ်းအနားကို ၁၃၇၈ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ၂၀၁၆ ခုနှစ် နိုဝင်ဘာ၂၄ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဘုရားရှင်ခွင့်ပြုတော်မူသော ကထိန်ခင်းခွင့်ကြောင့်လည်း ထူးမြတ်သည့် လတစ်လဖြစ်ရသော တန်ဆောင်မုန်းလ။

မြိုင်မြိုင်ဆိုင်ဆိုင် ရှိကြသည်ကို တွေ့ရပါသည်။

အနည်းအကျဉ်းအားဖြင့်တော့ အလှူခံရင်း အန္တရာယ်ဖြစ်ရတာ၊ အလှူခံလှည့်ရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခိုက်ရန်ဖြစ်ကြတာ ကြားသိကြရသည်။ မိုက်မိကြလို့ပါပဲ။

အလှူခံမှာ အသံချဲ့စက်တို့ကလည်း ဆူဆူညံလှ၏ဟု မြည်တွန်သံများလည်း အစဉ်အလာအတိုင်း ထွက်ခဲ့သေးသည်။ အရမ်းကာရော အသံချဲ့စက်ဖွင့်ကြ၊ အော်ဟစ်ပြောဆိုကြလို့ နားထဲမခံသာရှိတော့ ကျောင်းဆရာ တစ်ယောက်ရေးဆွဲသည့် ကာတွန်းတစ်ပုံကို သတိရမိပါသည်။ သရော်ချက်က ထိထိမိမိ ရှိသည်။

ပုံတွင် ဆရာမက တပည့်နှစ်ယောက်ကို မေးသည်။

(စာသင်ကျောင်းဟူသည် ကလေးများကို စာချည်းပဲ သင်နေရန်မဟုတ်ဘဲ ရသခံစားမှု ရှိသွားကြစေရန်လည်း ဖန်တီးထိတွေ့ပေးကြရသည့် နေရာဖြစ်သည်။) ဤသဘောဖြင့် ဆရာမက တပည့်နှစ်ယောက်ကို မေးလိုက်သည်မှာ-

“တပည့်တို့ ဂီတသံဟာ သာယာသံလား၊ ဆူညံသံလား”

ကာတွန်းပုံတွင် ဆရာမနှင့် တပည့်တို့ မျက်နှာချင်းဆိုင်ရှိကြပြီး တပည့်တို့၏ နောက်ကျော မလှမ်းမကမ်းရှိ လမ်းမမှတိုင်ပေါ်တွင် လော်စပီကာကြီးရှိနေကာ အသံများထွက်ပေါ်နေပုံ ရေးထားပါသည်။

တပည့်တို့က ဆရာမမေးပြီးပြီးချင်း ဖြေလိုက်သည်။

“ဆူညံသံပါ ဆရာမ”

ဆရာမ ‘ဟိုက်ခနဲ’ ဖြစ်သွားဟန်။

ထိုကာတွန်းကို ရေးဆွဲသော ကျောင်းဆရာသည် ကလေးများအဖို့ ဂီတသံသည် တကယ်ပင် ဆူညံသံပဲဟု စိတ်ထဲဖြစ်သွားကြမည်ကို စိုးရိမ်ပုံရပါသည်။

သင့်တင့်မျှတသော ဂီတသံစဉ်၊ ညင်သာသိမ်မွေ့စွာ ပြောဆိုသော အလှူဆော်သြမှု အသံတို့သည် လေလှိုင်း၌ နီးရာမှ ဝေးရာသို့ ပျံ့လွင့်လျှင် သာယာနာပျော်ဖွယ်ဖြစ်ပါသည်။ သဒ္ဓါစိတ်ကိုလည်း ယိုဖိတ်စေပါသည်။

အခုတော့ အရိုးပေါ် အရွက်ဖုံးကြလေသည်။

ထူးမြတ်သည့် တန်ဆောင်မုန်းလပြည့်ကျော်သောအခါ ရာဇဝင်မှာ စာတင်ရသော ရက်တစ်ရက်ရှိသည်။ မြန်မာသက္ကရာဇ်မှာ ၁၂၄၇ ခုနှစ်ဖြစ်ပြီး တန်ဆောင်မုန်းလဆုတ် ၈ ရက်ဖြစ်ပါသည်။ လပြည့်ဝန်းကြီး ပြည့်ပြည့်၀၀ရှိပြီး တဖြည်းဖြည်းဆုတ်ကာ လခြမ်းက လေးသေးငယ်သွားသည်ကို လဆုတ်ရက်ဟု ခေါ်ကြသလို ‘ဆုတ်’ စကားအစား လပြည့်ကျော်ဟုလည်း မြန်မာတို့ သုံးနှုန်းကြပါသည်။ ထိုရက်သည် ခရစ်နှစ်အားဖြင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် တိုက်ဆိုင်ကျရောက်ခဲ့သည်။ ထိုရက်တွင် မြန်မာ့ကုန်းဘောင်ထီးနန်း၏ ဆယ့်တစ်ဆက်မြောက်မင်းသီပေါဘုရင်နှင့် မိဖုရားတို့ကို နယ်ချဲ့စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဤသို့ဖြင့် ထိုရက်ကို ‘ပါတော်မူနေ့’ ဟု ရာဇဝင်မှာ စာတင်ခဲ့ရတော့သည်။

ထိုရက်မှစ၍ မြန်မာ့ပဒေသရာဇ်ဘုရင် စနစ်သည် ပျက်သုဉ်းခဲ့ရသည်။ မြန်မာတို့ နယ်ချဲ့လက်အောက်သို့ ရောက်ရသည်။ သူတစ်ပါးကျွန်ဖြစ်ခဲ့ရသည်။ ကိုလိုနီဖြစ်ကြရသည်။ အင်္ဂလိပ်စကားလုံး အသံထွက်အတိုင်း သုံးနေကြသည့် ကိုလိုနီ၏ အဓိပ္ပာယ်မှာ တိုင်းတစ်ပါး လက်အောက်ခံနယ်မြေ၊ နိုင်ငံဟု ဆိုပါသည်။ အခြေအနေက သူတစ်ပါးလက်အောက် မရောက်ဘဲလည်း ခံနိုင်တော့မည်မဟုတ်။ မြန်မာတို့ကို နယ်ချဲ့က ပထမအကြိမ် စစ်ပြုပြီး နောက်နှစ်ဆယ့်ရှစ်နှစ်အကြာတွင် ဒုတိယအကြိမ် စစ်ပြုပြန်သည်။ နောက်ထပ် သုံးဆယ့်သုံးနှစ်ကြာသည်တွင် တတိယအကြိမ် စစ်ပြုခံရတော့ နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းအဆင့်မှ တစ်နိုင်ငံလုံးအဆင့် ‘ကိုလိုနီ’ ဖြစ်ခဲ့ရသည်။ ဤသို့ဖြင့် ‘ပါတော်မူနေ့’ ဟူသော ထီးဟန်နန်းဟန် အသုံးအနှုန်း ရာဇဝင်မှာ စတင်ခဲ့ရတော့သည်။

ထီးသုဉ်းနန်းသုဉ်း
မြို့သုဉ်းသုည
သုဉ်းသုံးဝဖြင့်
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်
ဖြစ်လာရလေ
တို့တတွေသည်
သေသော်မှတည့်၊ သြော်..ကောင်း၏။

ဆီးပန်းနီဆရာတော်က ဤကဲ့သို့ စိတ်ပျက်ခံစားမိခဲ့သည်။

အချုပ်တန်းဆရာဖေကတော့-

မြန်မာတွေစည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးကွန်းထောက်အသစ်မှီတယ်
ညစ်ပလီလူမျိုး

ဟူ၍ ဆန်ရင်းနာနာဖွပ်ချင်ပုံ စာဖွဲ့ခဲ့သည်။ မြန်မာတို့အဖို့ ဆုံးရှုံးနစ်နာရသည်များမှာ အဆမတန် များပြားခဲ့ရသည်။ နယ်ချဲ့အောက်ရောက်ရပြီဆိုတော့ နယ်ချဲ့ကို တိုင်းရင်းသားမျိုးချစ်အပေါင်းတို့က ဆန့်ကျင်တွန်းလှန်ခဲ့ကြပြန်ပါသည်။ ထိုအခါ ထပ်ပြီး ရင်းနှီးခဲ့ရသည်မှာ လူ့အသက်တွေဖြစ်သည်။ လယ်ယာအိုးအိမ် စည်းစိမ်ဥစ္စာတွေ ဖြစ်သည်။ ဘာသာယဉ်ကျေးမှုတွေ ထိခိုက်ပျက်ပြားရမှုတွေ ဖြစ်သည်။ စာမတတ်မှု၊ ပညာမရမှုတွေ ဖြစ်သည်။ ထို့ကြောင့် ပါတော်မူနေ့သည် အကျည်းတန်သောနေ့ဟု ခံစားမိလေသည်။

မြန်မာဘုရင်နှင့် မိဖုရားတို့ ပါတော်မူပုံကို ရုပ်ရှင်ထဲမှာ တွေ့မိကြမည်ဖြစ်သည်။ ‘ဘီရိုပေါ်မှာ မောင်နှံတင်လို့ ဆောင်ပျံရှင် ဇာတာနွမ်း’ ဟု ဖွဲ့သော သီချင်းထဲကလိုပင် ဝမ်းနည်းစရာဖြစ်သည်။ မဟာမုနိကိုပင် ဖူးမြော်ချင်လျက် ဦးတော်မတင်ရရှာတော့ ကြေကွဲစရာပင်ဖြစ်သည်။ မြန်မာတို့သည် ရေနည်းငါးဖြစ်ခဲ့ပြီဟု ဝမ်းပန်းနည်းခဲ့သည်။

ထိုကဲ့သို့ ပါတော်မူပုံကို မန္တလေးမြတောင်ကျောင်းတိုက်မှနေ၍ လှမ်းမြင်ခဲ့ရသော ၁၀ နှစ်သား အရွယ်ခန့်သာရှိသေးသည့် ပြည်ရွှေတောင် ဝါးလည်ရွာဇာတိသား မောင်လွမ်းမောင်သည် နောင်အခါ ‘သခင်ကိုယ်တော်မှိုင်း’ ဖြစ်လာခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၆- ၁၉၆၄) သည် နယ်ချဲ့ဆန့်ကျင်ရေး၊ မျိုးချစ်စာဆို၊ ငြိမ်းချမ်းရေးဖခင်ကြီးဟု ဘွဲ့အမည် တပ်ခံရသူဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် ဗဟန်း အမျိုးသားကောလိပ် တည်ထောင် ဖွင့်လှစ်ကြသောအခါ ဆရာကြီးက ရာဇဝင်နှင့် မြန်မာစာပါမောက္ခအဖြစ် ဆောင်ရွက်ပို့ချပေးခဲ့သည်။ ထိုစဉ်ကာလ ဆရာကြီး၏ ချို့ငဲ့သော အခြေအနေကြား၊ လစာငွေရရှိသော သူရိယ သတင်းစာတွင် အယ်ဒီတာလုပ်နေရာမှ နုတ်ထွက်ကာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ဗဟန်းရှိ ရွှေကျင်ကျောင်းတိုက်ဝင်းအတွင်း အမျိုးသားကောလိပ်ပေါ်ပေါက်လာရသည်မှာ ရန်ကုန်ကောလိပ်ကျောင်းသားကြီးများ၏ အစိုးရကိုဆန့်ကျင်သည့် သပိတ်၏ အကျိုးဆက်ဖြစ်သည်။ နယ်ချဲ့အစိုးရက ပြဋ္ဌာန်းမည့် ရန်ကုန်တက္ကသိုလ်ဥပဒေသည် ကိုလိုနီပညာရေးကိုသာဖြစ်စေပြီး နယ်ချဲ့အလုပ်အကျွေးပြုနိုင်မည့်သူများကိုသာ မွေးထုတ်ရန် ကြံရွယ်ရင်းဖြစ်ရာ လွှတ်တော်အတွင်းမှာရော အပြင်မှာပါ ကန့်ကွက်ခဲ့ကြသည်။ သတင်းစာများက ရေးသားကန့်ကွက်ခဲ့ကြသည်။ မြို့ကြီးများတွင် အစည်းအဝေးများ ကျင်းပကာ ဆန္ဒပြခဲ့ကြသည်။ ထိုကြားကပင် ၁၉၂၀ ဒီဇင်ဘာလ ၁ ရက်တွင် ဥပဒေကို အတည်ပြုခဲ့သဖြင့် ကောလိပ်ကျောင်းသားများက သပိတ်မှောက်ခဲ့ကြသည်။ သပိတ်သည် တစ်စတစ်စ အနယ်နယ် အရပ်ရပ် ပျံ့နှံ့ကာ နိုးကြားလာမှုဖြင့် အထွေထွေသပိတ်ကြီး ဖြစ်ခဲ့သည်။

ထိုကျောင်းသားသပိတ်၏ အရှိန်အဟုန်သည် နိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိနိုင်ရေးသို့တိုင်အောင် အရှိန်မြင့်မား နိုးကြားခဲ့ရသဖြင့် ထိုကျောင်းသားသပိတ်မှောက်သောနေ့ကို ‘အမျိုးသားနေ့’ ဟု သတ်မှတ်ခဲ့ကြရသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) ကို အမျိုးသားအောင်ပွဲနေ့ဟု သမိုင်းတင်ခဲ့ခြင်း ဖြစ်လေသည်။

ပါတော်မူနေ့မှ ၃၅ နှစ်အကြာတွင် အမျိုးသားနေ့ ဖြစ်ပေါ်လာခဲ့ရသည်။

တန်ဆောင်မုန်းလထဲမှာပင် ဖြစ်ခဲ့သော ပထမနေ့သည် အကျည်းတန်သည် ဆိုနိုင်သလောက် အမျိုးသားနေ့ ဖြစ်လာရသော ဒုတိယနေ့ကမူ ဂုဏ်ရောင်ပြောင်သောနေ့ဟု ဆိုရပေမည်။ ယခုနှစ် နိုဝင်ဘာလ ၁၃ ရက် တနင်္လာနေ့တွင် အမျိုးသားအောင်ပွဲနေ့ ကျရောက်သည်။ သက်တမ်းအားဖြင့် ၉၇ နှစ်ရှိလေပြီ။ ဤကဲ့သို့ တစ်စတစ်စ နှစ်ကာလများ ကြာရှည်လာသည့်တိုင်အောင် ထိုနေ့ကို မမေ့မပျောက် စကောင်းဟူ၍ သမိုင်းအသိ ဆင့်ကမ်းသင့်ကြပါသည်။

အရှင်နှစ်ပါး ပါတော်မူပုံကို မြင်တွေ့ခဲ့ ရသော မောင်လွမ်းမောင်ကလေးသည် ၃၅ နှစ်အကြာတွင် ‘သခင်ကိုယ်တော်မှိုင်း’ ဘွဲ့အမည်ဖြင့် အမျိုးသားကောလိပ် ပါမောက္ခအဖြစ်လည်း အမျိုးသားအရေး အကျိုးဆောင် ပေးခဲ့သည်။ လူသာမန်တို့ ပြုနိုင်ခဲသော ကိုယ်ကျိုးကိုစွန့်လျက်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးကပင် အမျိုးသားနေ့ကို ‘နေရှင်နယ်ဒေးဘွဲ့ လေးချိုးကြီး’ ဖြင့် ဂုဏ်တင်ဖွဲ့ဆိုခဲ့ပါသေးသည်။

လေးချိုးကြီး၏ စတုတ္ထအပိုဒ်
မဖြောင့်စွာ လေလေ့ မဖြောင့်စွာ
တမှောင့်တအာဏာနှင့်
ထောင့်နှစ်ရာရှစ်ဆယ့်နှစ်ဟာက
တခေတ်တခါထချိန်ထင့်
မြန်မာ့ဘောင်ပျော်ဘွယ်အချက်တွေနှင့်
လတန်ဆောင်ဆယ်ကျော်ရက်တွင်မှ
ပေါ်ထွက်ကာ တမူပြီတဲ့
ယူနီဗာစီတီအက်ကယ်လို့ (ရယ်လို့)
အဆက်နွံတွင်မကွာဖို့
တသက်ဝန်တင်စရာပ
ကျွန်ပညာနိဿျည်းကိုဖြင့်
ဟိတ်ကြီးတဟန် မထင်လို့မို့
မြန်ခွင်မှာ ကိုင်း-ယောက်ျားဟဲ့လို့
မခံချင်ရှာသူ ‘ဘွိုင်းကောက်တား’ တွေမဖြင့်
စွန့်စားကာ ရုံးညာတန်းခဲ့သမို့
စခန်း မြန်မာ့ပလ္လင်မလေ
‘မှန်နန်းရာဇဝင်’ ကလဲ သစ်ချိန်နှင့်
ပါရမီပြောင်ပြောင်အကဲရယ်နှင့်
မကြာမီအခေါင်စွဲရအောင်ဟာ
(အမယ်မင်း) အနှောင်မမြဲစရာ့
မှောင်ထဲကထရမယ့်
မြန်မာသဘင်အခါရွေးကြတဲ့
(အိုရှင်) ချောင်ထဲကဒကာမတွေတောင်မှ
နောင်အကဲလှစေမယ့် အောင်ပွဲအစ
ပထမ မင်္ဂလာဒေး။ ။

လတန်ဆောင်မုန်းထဲမှာ ‘ပါတော်မူနေ့’ လည်း ရှိခဲ့သည်။ ‘အမျိုးသားနေ့’ လည်း ရှိခဲ့သည်။ ပါတော်မမူခဲ့လျှင် အမျိုးသားနေ့လည်း ရှိလာမှာလားဟု ကျွန်တော်တွေးမိပြန်ပါသည်။

Most Read

Most Recent