ထောင်ချောက်ထဲ ခြေတစ်ဖက်မိနေတဲ့ ဝက်ဝံ

ထောင်ချောက်ထဲ ခြေတစ်ဖက်မိနေတဲ့ ဝက်ဝံ
Published 8 November 2017

ညကြီးသန်းခေါင်ကျော်လောက်မှ ကျွန်တော် လန့်နိုးလာတယ်။ ဘာဖြစ်လို့ လန့်နိုးမှန်းတော့ ကျွန်တော်လည်း မသိဘူး။ မမှတ်မိတော့ဘူး။ တစ်ခါတလေ အဲဒီလိုပဲ။ ဘာဖြစ်လို့မှန်း မသိဘဲ တစ်ခုခုဖြစ်လာတာတွေ ဖြစ်လာတတ်တယ်။ အဲဒီတော့ ဘာဖြစ်လို့မှန်းမသိ ဆိုတာကြီးကို သိအောင် မကြိုးစားတော့ဘူး။ ဖြစ်လာမှတော့ ဖြစ်တဲ့အတိုင်း နေရုံပဲ ဘာမှ မတတ်နိုင်ဘူး။ ဒီလူ့ဘဝထဲ ရောက်လာတယ်ဆိုတာတောင်မှ ကိုယ့်သဘောပါ တာမှမဟုတ်ဘဲ။ အခုလည်း ကိုယ့်သဘောမပါဘဲ ညကြီးမင်းကြီး နိုးလာတယ်ပေါ့။ ခက်တာက ဒီအချိန်ကြီးကျမှ ဘာလုပ်ရမယ်မှန်း မသိဘူး။ ပြန်အိပ်လို့လည်း မရတော့ဘူး။ ညကြီး သန်းခေါင်ကျော်ဆိုတာက ဘာလုပ်ဖို့မှ ကောင်းတဲ့အချိန် မဟုတ်ဘူးထင်တာပဲ။ သူခိုးဓားပြ ဆိုရင်တော့ တစ်မျိုးပေါ့။

အိပ်ပျော်နေတဲ့ သမီးလေးလက်ကို လက်ထဲ ကိုင်ထားရင်းနဲ့ အိပ်ရာက မထသေးဘဲ ကျွန်တော် စဉ်းစားနေမိတယ်။ ဘာလုပ်ရ ကောင်းမလဲပေါ့။ ပြန်အိပ်လို့ မရတာတော့ သေချာတယ်။ တီဗွီထကြည့်ရမလားဆိုတော့လည်း ဒီနေ့တွေမှာ ဘောလုံးပွဲတွေလည်း မရှိဘူး။ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်မယ်ဆိုတော့ သူကလည်း အသံကလေးပါမှ အရသာ ပြည့်တယ်။ အသံတိတ်ကြည့်ရတာများ ချာလီချက်ပလင်ကလွဲရင် တခြားမကြည့်ချင်ဘူး။ စာဖတ်လို့တော့ ရသေးတာပဲလို့ စဉ်းစားမိတယ်။ ဒါနဲ့ အိပ်ရာကထ ရေသောက် သေးပေါက်။ ကွမ်းရွက်ဈေးတွေကြီးလွန်းလို့ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ကွမ်းအစ်လုပ်ထားတဲ့ ဗန်းကလေးယူ။ ဗမာဆေး နှပ်ဆေးရည်ကလေးနဲ့ ကွမ်းတစ်ယာယာပြီး ပါးစောင်ထဲ ထည့်။ စာအုပ်စင်ဆီထ ဘာစာအုပ် ဖတ်မလဲပေါ့။

ဆရာသော်တာဆွေ ကျွန်တော့်ဘဝဇာတ်ကြောင်းတွေ ပြန်ဖတ်ရင်ကောင်းမလား။ ဆရာမြသန်းတင့် ဘာသာပြန် အာရင်ဘတ်ရဲ့လူများ သက္ကရာဇ်များ ဘ၀ ဖတ်မလား။ ဆရာမကြည်အေး ဝတ္ထုတိုပေါင်းချုပ်ထဲ မဖတ်ရသေးတဲ့ အပုဒ်တွေရှိသေးတယ်။ အဲဒါဖတ်မလား။ ဒါမှမဟုတ် အခြားပေါင်းချုပ်စာအုပ်တွေ ဆရာဝင်းဖေ၊ ဆရာသဲအိမ်မောင်နေဝါ၊ ဆရာနေမျိုး။ စာအုပ်ဖတ်ရင်ရတာပဲလို့ စာအုပ်စင်ရှေ့ လာ စာအုပ်နာမည်တွေ ကြည့်နေမိတာ။ တကယ်က စာဖတ်ချင်စိတ်ကလည်း မရှိဘူး။ အခုတစ်လော စာအုပ်တစ်အုပ်က ပြီးအောင် ဖတ်မရတာတွေ နည်းနည်းတော့ များနေပါပြီ။ စာဖတ်ချင်စိတ် ပျောက်နေတယ် ပြောရမလားမသိဘူး။ စာအုပ်တစ်အုပ်ကိုင် ဖတ် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ဆို အလိုလို ငြီးငွေ့လာတယ်။

တစ်ဝက်တစ်ပျက် တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်ထိ မဖတ်နိုင်တဲ့ စာအုပ်အရေအတွက်က တဖြည်းဖြည်း များလာတယ်။ ဖတ်ဖူးတဲ့အထဲက စွဲစွဲလမ်းလမ်း နှစ်နှစ်ခြိုက် ခြိုက်ရှိလှတဲ့ စာအုပ်ကလေး လေး၊ ငါးအုပ်ကိုပဲ ဟိုနေရာက ဖောက်ဖတ်လိုက် ဒီနေရာက ဖောက်ဖတ်လိုက် ပြန်ပြန်လုပ်နေမိတယ်။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ကူမာအောင်က လူစားကျားစာအုပ်ကို ဆိုရင် ဘယ်နှကြိမ်ရှိပြီမှန်း မသိနိုင်ဘူး။ အဲဒီလိုပဲ ဆရာသော်တာဆွေ့ဝတ္ထုတွေ၊ အာရင်ဘတ် လူများ သက္ကရာဇ်များ ဘဝ၊ ပါရီကျဆုံးခန်း။ ဒီလို ဖတ်ပြီးသားတွေအပေါ်မှာပဲ စိတ်က ကောင်းကောင်း ကျက်စားလို့ ရတယ်။ ဒါလည်း သိပ် အကြာကြီးမျိုးတော့ မဟုတ်ပါဘူး။ အလွန်ဆုံး နာရီဝက်ပေါ့။

စာဖတ်တယ်ဆိုတာကလည်း သိတဲ့အတိုင်းပဲ စိတ်ပါဝင်စားမှု မရှိရင် စာကြောင်း ကလေး တစ်ကြောင်းတောင် ပြီးအောင်ဖတ်ဖို့ လွယ်တာမဟုတ်ဘူး။ ဖတ်ချင်စိတ် သိပ်ပြင်းပြလာပြီဆိုရင်လည်း မြန်မာပြည်မြောက် ပိုင်းတောင် တစ်ရက်ခွဲ နှစ်ရက်လောက်နဲ့ ပြီးအောင်ဖတ်ပစ်လိုက်နိုင်တာမျိုး မဟုတ်လား။ စာဖတ်ချင်စိတ် ပါးလျလာတာ လပိုင်းလောက် ကလေးပဲ ရှိဦးမယ်ဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ် စာစဖတ်တဲ့ အရွယ်ကလိုမျိုးကတော့ မဖတ်နိုင်တာကြာပါပြီ။ ဟိုတုန်းကဆိုရင် (အထူးသဖြင့် အလုပ်လက်မဲ့ အချိန်တွေမှာ ပေါ့) စာကြည့်တိုက်သွား တစ်နေကုန် တစ်နေခန်းဖတ်၊ ညနေအိမ်ပြန်တော့လည်း ညဖတ်ဖို့ စာအုပ်ငှားလာ ညသန်းခေါင်လောက်အထိ ထိုင်ဖတ်။ ကြံရည်ကြိတ်စက်ထဲ ကြံချောင်းတွေ ထိုးထည့်လိုက်တာနဲ့တောင် တူနေတယ်။ အခုတော့ တော်ရုံတန်ရုံ စာအုပ်မျိုးအနှောင့်နဲ့တင် တော်ပြီ။ လှန်မကြည့်ချင်တော့။ စာဖတ်ချင်စိတ် လုံး၀ ပျောက်နေတာမျိုး မဟုတ်ပေမယ့် ကိုယ့်မှာရှိတဲ့ စာအုပ်အသစ်တွေကိုလည်း လေး၊ ငါး၊ ၁၀ ရွက်ဖတ်ပြီး အကြောင်းအရာကို စိတ်မဝင်စား၊ ပြင်းပြင်းပြပြ ဖတ်ချင်နေတဲ့ စာအုပ်တွေကိုလည်း မဝယ်နိုင် သေးတာကြာတော့ ငြီးငွေ့မှုက အရည်တည်လာတော့တာပဲ။

စာအုပ်ဖတ်တာ ငြီးငွေ့လို့ ဖုန်းကိုင်ပြီး ဂိမ်းဆော့မလား။ ဖုန်းနဲ့ ဂိမ်းဆော့တာမျိုး ကျတော့လည်း ဝါသနာက သိပ်မပါလှဘူး။ နောက်ပြီး ဒီအရွယ်ကြီးကျကာမှ အိပ်မပျော်လို့ ကန်ဒီခရက်ရှ်ဂိမ်း ထိုင်ဆော့နေရတယ် ဆိုတဲ့အဖြစ်ကလည်း တော်တော်အဆီအငေါ် မတည့်တဲ့ကိစ္စလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် ထင်နေတာက ဘေးက ပြောဆိုနေတာထက် ပိုဂရုစိုက်ဖို့ ကောင်းတာကိုး။ ဒီလိုဆို ဖေ့စ်ဘွတ်ကြည့်မလား။ ညကြီးမင်းကြီးမကလို့ ၂၄ နာရီရဲ့ အပြင်က အချိန်ဖြစ်နေဦး။ မီးစိမ်းကလေးတွေ လင်းနေတဲ့ လူတွေကတော့ သူ့ဘဝနဲ့သူ ရှိနေတာပဲ။ ကိုယ့်လိုပဲ အိပ်မရတဲ့လူတွေ၊ ပြင်းပြင်းထန် ထန်သမားဆိုရင် ညဘက် အိပ်မပျော်တဲ့ ရောဂါရနေတဲ့သူတွေ၊ ရှိသမျှ အရည်အကုန် အညှစ်ချခံထားရတဲ့ အသီးတစ်လုံးလို တွန့်လိမ်ရှုံ့တွဖြစ်နေပြီး ညညဆို လိုင်းပေါ်တက်လာ ကြေကွဲဝမ်းနည်းပြနေတဲ့ လူတွေ၊ သူ့အ ကျိုး သူ့အကြောင်းနဲ့သူ တစ်ချိန်ချိန် တစ်နေရာရာမှာ တစ်ယောက်ယောက်ကတော့ ငြီးငွေ့စွာ ရှိနေမှာပဲ။ ကိုယ်တော့ သိချင်မှသိမယ်ပေါ့။

ဒါပေမဲ့ ဖေ့စ်ဘွတ်သုံးတယ်ဆိုတာကလည်း ခဏကလေး တက် တောင်ကြည့် တောကြည့် ဟိုလိုက်ခ်ပေး ဒီလိုက်ခ်ပေး ဟဟတန် ဟဟ၊ ဝိုးတန်ဝိုး၊ အန်ဂရီးသင့်တယ်ထင်လည်း အန်ဂရီးပေါ့။ ပြီးတော့ ပြန်ဆင်း ဒီလောက်ပဲ။ မဟုတ်ရင် ပျင်းစရာ။ လူပေါင်းသောင်းခြောက်ထောင်ဟာ တစ်နေ့နေ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ပတ်သက်လို့ ရှင်း လင်းချက်တွေ၊ သူတို့အမြင်တွေ၊ သူတို့ရဲ့လူနေမှုဘဝတွေ၊ စားပါဦးလား၊ စမီးလှလား၊ ကျွန်တော် ချောလား စတာတွေကို အာရုံ နောက်နေပြီ။ ဖေ့စ်ဘွတ်နဲ့ပတ်သက်ရင် ကျွန်တော့်မှာ အကောင်းမြင်စိတ် သိပ်မရှိဘူး။ နောက် စမတ်ဖုန်းဆိုတဲ့ ထိတွေ့မျက်နှာပြင် နဲ့ဖုန်းတွေ။ ဒါတွေဟာ စိတ်ပျက်စရာပဲ။လူတွေဟာ တကယ့်ဘဝမှာ မနေတော့ဘူး။ မနေတတ်တော့ဘူးထင်တယ်။ ထင်ယောင်ထင်မှား ကမ္ဘာထဲမှာပဲ နေ့စဉ်ပြုမှု ဘဝအလုပ်တွေကို သွားလုပ်ဖို့ ကြိုးစားနေတယ်။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ခေတ်ဟောင်းသမားလို့ ထင်တယ်။ ခေတ်နောက်ပြန်ဆွဲသမားရယ်တော့ မခေါ်စေချင်ဘူး။ ခေတ်နောက်ပြန်ဆွဲတယ်ဆိုတဲ့ စကားလုံးကို မကြိုက်တာ။ ခေတ်ဟောင်းကို တမ်းတသူ၊ ခေတ်ဟောင်းမှာ ပျော်မွေ့သူ၊ လက်ရှိဘဝကို လက်မခံနိုင်၊ အရှိတရားကို ရင်မဆိုင်ရဲတဲ့ သဘောတော့ မဟုတ်ပါဘူး။ နျူကလီးယားဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးတွေ မရှိတဲ့ ကမ္ဘာ၊ ရေနွေးသောက်ချင်ရင် ရေနွေးအိုးတည်ရပြီး အိပ်မက်မက်ချင်ရင် အိပ်ဖို့လိုတဲ့ ကမ္ဘာပေါ့။ ရုပ်ရှင်သမားတွေဆိုရင် ကြည့်ဖူးမယ့် Midnight  in Paris ဆိုတဲ့ ဇာတ်ကားထဲကလိုပေါ့။

ကျွန်တော်လည်း တစ်ခါတလေ အဲဒီ ဇာတ်ကားထဲကလို ၂၀ ရာစုအစပိုင်းကာလတွေက ပါရီကို ရောက်သွားချင်တယ်။ မွန်ပါ နာဆေရပ်ကွက်တွေ၊ ရိုတွန်ကဖေးတွေ။ ကျွန်တော်အကြိုက်ဆုံး နိုင်ငံခြားစာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတွေနဲ့ တွေ့ချင်တယ်။ စစ်အတွင်းက ဟဲမင်းဝေး၊ ကျွန်တော်ကတော့ ဘယ်သူဘယ်ဝါပါ မိတ်ဆက်နေတဲ့ တီအက်အဲလိယော့၊ တော်စတွိုင်းကြီးဟာ သူ့အဖေ ထက် အရပ်ပုနေလို့ အားနာနေမိတယ်ဆိုတဲ့ အာရင်ဘတ်၊ ဒန်တီရဲ့ ကဗျာတွေ ရွတ်နေတဲ့ မိုဒီလျာနီ၊ အရည်ပျော်နာရီတွေရဲ့ ဒါလီ စသူတွေနဲ့ တစ်စားပွဲတည်းထိုင်တဲ့ပြီး ဝိုင်သောက်ချင်တယ်။ သူတို့ ပြောသမျှ စကားကို ထိုင်နားထောင်ချင်တယ်။

အမေရိကန်ကဆိုရင် ဂျက်လန်ဒန်ပေါ့။သူ့ငယ်ဘ၀ ကြမ်းတမ်းမှုကို မူးမူးနဲ့ပြောပြနေတဲ့ ဂျက်လန်ဒန်ကြီးကို မြင်ယောင်ကြည့်စမ်းပါ။ အဲ နောက်ပြီး ဖြစ်တည်မှုပဓာနဝါဒဆရာလေး ယန်းပေါဆတ်နဲ့ ဒီဗူးဗွားတို့စုံတွဲ။ ဖြစ်နိုင် ရင် ရဲဘော် ချေဂွေဗားရားနဲ့အတူ ကျူးဘား ဆေးပြင်းလိပ်ကြီးဖွာရင်း နီရူဒါ့ကဗျာတွေ ရွတ်လိုက်ချင်စမ်းပါဘိ။ နောက်ဆုံးမြန်မာပြည်ရဲ့ ၁၉၃၀၊ ၄၀၊ ၅၀၊ ၆၀ ကာလများပေါ့။ ဗားဂရာချောက်နားက ဗမာပြည်ကွန်မြူနစ် ပါတီရုံးချုပ်ကို သွားလည်မယ်။ ထိုခေတ်များက ဘိုကပြားမကလေး တစ်ပွေလောက်နဲ့ ပလေဒီယံရုံမှာ အင်္ဂလိပ်ဟာသကားကလေး ဘာလေးကြည့်ပေါ့။ ဒီထက်ပျော်စရာကောင်းတာတွေလည်း ရှိပါတယ်။ ဆရာဒဂုန်တာရာရဲ့ စန္ဒရားလက်သံကို နားထောင်မယ်၊ ငယ်ငယ်ချောချော ဆရာမကြည်အေးကို ငမ်းမယ်။ တိုက်ပုံအင်္ကျီကလေး လက်မှာချိတ်တဲ့ ပြီး လမ်းလျှောက်လာတဲ့ ဆရာဗန်းမော်တင်အောင့်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်ကနေ ထိုင်ကြည့်ချင်တယ်။ ဆရာသော်တာဆွေနဲ့အတူ စစ်အတွင်းမှာ မြင်းလှည်းမောင်းမယ်။ မြစ်ကြီးနားဘက် ဆန်ကုန်ကူးလိုက်သွားမယ်။ ကချင်မလေးတစ်ယောက်ယောက်ကို လူဆိုး လူကြမ်းတွေလက်က ကယ်တင်လိုက်နိုင်တဲ့ ဇာတ်လိုက်ကျော် တစ်ယောက်လည်း ဖြစ် လိုက်ချင်သေး။ စသဖြင့်ပေါ့ဗျာ။ ကျွန်တော့်အတွက်ကတော့ လောကနိဗ္ဗာန်ဆိုတာ အဲဒါတွေအပြင် တခြားမရှိနိုင်ဘူးပဲ။

အခုတော့ဖြင့်များဗျာ။ ကျွန်တော့်အဖြစ်က ဂရိစာရေးဆရာတစ်ယောက် ရေးဖူးတဲ့ မြစ်တစ်စင်း လူနှစ်ယောက်ဆိုတဲ့ ဝတ္ထုတို ကလေးထဲက စစ်သားတွေလို ဖြစ်နေတယ်။ ကိုယ့်ရဲ့ နွမ်းနယ်မှုတွေ၊ စိတ်ပျက်မှုတွေ၊ သိမ်ငယ်မှုတွေကို သုတ်သင်သန့်စင်ပေးမယ့် မြစ်ကြီးက ကိုယ်ရှေ့မှာ။ ဒါပေမဲ့ တစ်ဖက်ရန်သူ စနိုက်ပါတွေရှိနေတော့ မြစ်ထဲ ဆင်းခွင့်မရဘူး။ မြစ်ကြီးရဲ့ ရေစီးသံကို နားထောင်ရင်း သည်းမခံနိုင်အောင် ငြီးငွေ့ရမှုတွေပဲ ဖြစ်လာသလို။ လူ့ဘဝဟာ တစ်ခါတစ်ခါ သိပ်ငြီးငွေ့ဖို့ ကောင်းတယ်ဆိုတာ ဒီလိုအချိန်မျိုးကို ရည်ညွှန်းတာပဲဖြစ်မှာပေါ့။ အိပ်ရမယ့်အချိန်မှာ မအိပ်နိုင်ဘဲ တစ်ကိုယ်တည်း ဘာကိုမှ အာရုံ စိုက်လုပ်မရဘဲ အစစအရာရာကို ငြီးငွေ့နေရတဲ့ အဖြစ်မျိုးက သွားကိုက်လို့ တညည်းညည်း တညူညူလုပ်နေရတဲ့ အချိန်နဲ့ သိပ်မခြားဘူးပဲ။ နာကျင်မှုကို အာရုံစိုက်နေမိတာမျိုးပေါ့။

ဒီတော့ စာအုပ်စင်ရှေ့  ကုန်းကုန်းကွကွ မတ်တတ်ရပ်ရင်း ကျွန်တော့်မယ် ဘာလုပ်ရ မယ် မသိဘူးဖြစ်နေတယ်။ အိမ်ရှေ့တံခါးကိုဖွင့် ဝရန်တာထွက်ရပ်တော့လည်း မှောင်တိ မှောင်ကန်း ခြောက်ကပ်ကပ်နဲ့။ ကြည့်စရာ ကောင်းကင်မယ် ကြယ်လည်း မရှိ။ လခြမ်း ကွေးကွေးကလေးခမျာမလည်း သူ့ကြည့်ရတာကိုက သိမ်ငယ်စရာ ကောင်းနေသေးတယ်။ တစ်ချက်တစ်ချက် အဝေးက ဂိခနဲ ဂိခနဲ အော်အော်နေတဲ့ ဆိုးရွားလှတဲ့ ငှက်အော်သံကလည်း ကြားနေရ။

ကျွန်တော်မှတ်ဉာဏ်ရဲ့ အဆက်အစပ် အလုပ်လုပ်ပုံကလည်း တစ်ခါတလေ အံ့သြဖို့ကောင်းပြီး တစ်ခါတလေလည်း ရယ်ဖို့ ကောင်းလှတယ်။ ကြည့်ဖူးတဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတစ်ကားထဲက အဘိုးကြီးတစ်ယောက် အဘိုးကြီးဖြစ်ခါမှ မိန်းမရလို့ ပြောတဲ့စကားကို သွားသတိရနေတယ်။ ‘ငါတော့ ကွာ ထောက်ချောက်ထဲ ခြေထောက်တစ်ဖက် မိနေတဲ့ ဝက်ဝံလို ခံစားနေရတယ်’ တဲ့။ကိုယ့် အဖြစ်နဲ့မဆိုင်လှပေမယ့် ထောင်ချောက်ထဲ ခြေထောက်တစ်ဖက်မိနေတဲ့ ဝက်ဝံလို ခံစား နေရတာကတော့ဖြင့် ဘဝမှာ အကြိမ်ကြိမ်ပဲ။ ဒီခေတ်ကြီးထဲမှာပေါ့ဗျာ နာကျင်မှုကလည်း အပြည့်၊ ဘယ်ကိုမှ ထွက်သွားလို့ကလည်း မရ။

Most Read

Most Recent