တစ်ကျွန်းအပို့ခံရတဲ့ တက္ကသိုလ်ဆရာတစ်ဦး

တစ်ကျွန်းအပို့ခံရတဲ့ တက္ကသိုလ်ဆရာတစ်ဦး
Published 8 November 2017

ရန်ကုန်တက္ကသိုလ် ကထိကဟောင်း ဆရာဦးလှဖေအား နေအိမ်၌ တွေ့ရစဉ်

ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့တော်ရန်ကုန်နဲ့ ကီလိုမီတာ ၄၂၀ လောက်ဝေးတဲ့ ကိုကိုးကျွန်းကို ပို့ခြင်းခံခဲ့ရတယ်။ ပြစ်ဒဏ်ကတော့ တစ်သက်တစ်ကျွန်း။ ဒီအထဲမှာ အများစုကတော့ လက်ဝဲနိုင်ငံရေးသမားတွေနဲ့ လက်ဝဲယိမ်းတွေ ဖြစ်ကြတယ်။ ပြီးတော့ တပ်ထဲမှာ ပွင့်ပွင်းလင်းလင်း ဝေဖန်လို့ အဖမ်းခံလာရတဲ့ စစ်သားတွေနဲ့ စစ်တွေဆန်ပြဿနာ အရေးအခင်းက လူတွေလည်းပါတယ်။

ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကေတီ ဦးကျော်တင့်တို့လို နာမည်ကြီး စာရေးဆရာတွေ။ လေထီး ဦးအုန်းမောင်၊ ဦးကျော်မြ၊ ဗိုလ်သန်းမြင့်၊ မန်းအောင်ကြည်၊ စောမောင်မောင်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်မြင့်၊ ဗိုလ်တင့်တယ်တို့လို ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ အစိုးရအမှုထမ်းတွေ ကျောင်းသားလူငယ်တွေ ပါကြတယ်။ ဒီအထဲမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက ကထိကဆရာတစ်ဦးလည်းပါတယ်။ သူ့နာမည်ကတော့ ဦးလှဖေ။

သူ့ရဲ့ တက္ကသိုလ်ဆရာဘ၀ သက်တမ်းတစ်လျှောက်မှာ တည်ဆဲဥပဒေထဲက ဘာတစ်ခုကိုမှ ဖောက်ဖျက်ကျူးလွန်ခြင်း မရှိခဲ့ပါဘဲလျက် တစ်ကျွန်းပို့ခဲ့ရတာကတော့ အာဏာရှင်ခေတ်ရဲ့ ဆိုးရွားလှတဲ့ ပြယုဂ်တစ်ခုပါပဲ။ သူရေးခဲ့တဲ့ ‘ကျွန်းအတိတ် အရိပ်ပမာ’ ကိုယ်တွေ့မှတ်တမ်းမှာ …

…၁၉၆၀ ပြည့်နှစ်၌ ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်တစ်ခု၌ ဌာနမှူး၊ အဆောင်မှူးအဖြစ်ရော ထောက်ပံ့ကြေးကော်မတီ အတွင်းရေးမှူး အဖြစ်နှင့်ပါ ပူးတွဲတာဝန်ယူရစဉ်က ကျောင်းအုပ်တစ်ဦးနှင့် ပြဿနာပေါ်ခဲ့သည်။ သူက တက္ကသိုလ်ထောက်ပံ့ကြေးများကို စာတော်သူများသို့ပေးရန် အဆိုပြုသည်။ ကျွန်တော်ကမူ တက္ကသိုလ်အက်ဥပဒေပါအတိုင်း ဆင်းရဲသော ကျောင်းသားများကိုသာရွေးရန် အဆိုပြုသည်။ သူက ကျောင်းအုပ်ကြီး အရှိန်အဝါ သြဇာကိုသုံး၍ အဖွဲ့ဝင်ဌာနမှူးများအား သူ့အဆိုကို ထောက်ခံရန် အကျပ်ကိုင်သည်။ …

…ရန်ငြိုးကြီးလှသော ကိုယ်ကျိုးရှာသမား ကျောင်းအုပ်ကြီးသည် သူကြည်ညို ထောက်ခံပါသည်ဆိုသော ဦးနုကို ဖြုတ်ချ၍ တက်လာသော ဦးနေဝင်းကို ပြေးကပ်သည်။ တစ်စုံတစ်ရာ ဆက်သွယ်မိသည်နှင့် ထောက်လှမ်းရေးကို လက်တို့ကာ ကျွန်တော့်အား ထောင်ထဲသို့ ပို့လိုက်တော့သည်။ ယင်းကျောင်းအုပ်ကြီးသည် မဆလခေတ်လယ်လောက်တွင် ဝန်ကြီးတစ်ပါးဖြစ်သွားသည်။ ၁၉၆၃ ခုနှစ်တွင် ကျွန်တော် အဖမ်းခံရသည်။ ဘာအမှုမှမရှိဘဲ ဖမ်းခြင်းဖြစ်သည်။…

..လို့ ဖော်ပြထားပါတယ်။ အကျဉ်းထောင်ထဲမှာ အာဏာပိုင်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအရ နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းတာဟာ အာဏာရှင်တို့ရဲ့ ပုံသေနည်းတစ်ခုပါပဲ။ အလားတူ ဆရာဦးလှဖေလည်း ကြုံတွေ့ခဲ့ရတာပါပဲ။ အာဏာပိုင်တွေရဲ့ အပျော့ဆွဲ နည်းတစ်ခုကတော့ အသနားခံစာ တင်ခိုင်းတဲ့နည်းပါ။ ယုံကြည်ချက် မခိုင်မာသူတွေကတော့ အာဏာပိုင်တွေဆီကို အသနားခံစာ တင်ခဲ့ကြပါတယ်။

…ကျွန်တော့်မှာ အမှုတွဲမရှိ၊ အဖွဲ့စည်းမရှိ၊ တစ်ကိုယ်တော်မို့ အသနားခံစာတင်မည်ဟု ထောင်မှူး၊ ထောင်ပိုင်တို့က ယူဆထားကြသည်။ ကျွန်တော်က မတင်နိုင်ကြောင်း ပြောသောအခါ သူတို့ အံ့အားသင့်ကုန်ကြသည်။ အသနားခံစာတင်ရေး မတင်ရေးနှင့် ပတ်သက်၍ ကျွန်တော့်စဉ်းစားချက်မှာ လူ့အခွင့်အရေး အခြေခံဖြင့် စဉ်းစားခြင်းဖြစ်သည်။…

…သူတို့ဖမ်းခြင်းမှာ မတရားသက်သက် ဖမ်းခြင်းဖြစ်သည်။ ထို့ကြောင့် မတရားဖိနှိပ် အနိုင်ကျင့်သူကို အပြစ်မဲ့သူ တစ်ယောက်အနေဖြင့် တောင်းပန်ရန်အကြောင်း လုံးဝမရှိ၊ တရားမဲ့သူကို တရားစောင့်စည်းသူက အသနားခံဖို့ မလို။…

…လို့ ရေးသားခဲ့တယ်။ ဒီလို ထောင်အာဏာပိုင်တွေရဲ့ အလိုကျ အသနားခံစာမတင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ထောင်တွင်း သမိုင်းဇာတ်လမ်းတိုင်းမှာပါတဲ့ မရိုးနိုင်သော ငရဲခန်းများကို ဖြတ်သန်းရတော့တာပါပဲ။ သူ့ရဲ့မှတ်တမ်းမှာ…

…လက်ပြန်ကြိုးချည်ပြီးသည်နှင့် နောက်ကျောမှ ဝါဒါတစ်ယောက်က ကျွန်တော့် တင်ပါးကို တအားဆောင့်ကန်လိုက်သည်။ ကျွန်တော်သည် ဘိုင်းခနဲ မှောက်လျက်လဲကျသွား၏။ လက်များ နောက်ပြန်ချည်ထားသဖြင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်။ မျက်နှာဖြင့် မြေကြီး ဒိုင်းခနဲ ရိုက်မိသွား၏ မျက်လုံးထဲမှ ကြယ်ပွင့်များ ဖြာထွက်ကုန်သည်။ ကျွန်တော့်ကို ဆွဲထူလိုက်ကြပြန်သည်။ ကျွန်တော်သည် သူတို့ ဆွဲထူရာသို့ အလိုက်သင့်ပါလာသည်။ ဝါဒါနှစ်ယောက်သည် ကျွန်တော်အား တစ်ဖက်တစ်ချက်ဆီမှ ဆွဲကာ လေးငါးလှမ်းမျှ ဆွဲခေါ်သွားကြ၏။ ထိုအချိန်တွင် နောက်ကျောဘက်မှတစ်ယောက်က စစ်ဖိနပ်ဖြင့် တင်ပါးကို ဆောင့်ကန်လိုက်ပြန်သည်။ ဆောင့်ကန်သည်နှင့် ချိန်ကိုက်ကာ ဘေးမှနှစ်ယောက်က လွှတ်ပေးလိုက်သဖြင့် ကျွန်တော့်မှာ ရှေ့သို့ အထိန်းအကွပ်မရှိ မှောက်လျက် လဲကျသွားပြန်သည်။ ကျွန်တော့်မျက်နှာမှာ မြေပြင်နှင့် ဒိုင်းခနဲ ရိုက်မိပြန်သည်။ ကျွန်တော့်ကို ဆွဲမကြပြန်၏။ ဤတွင် ကျွန်တော့်ပါးစပ်ထဲမှ ငန်ကျိကျိ အရည်များ ပြည့်နေသည်ကို သတိထားလိုက်မိသည်။ ကျွန်တော်သည် ထိုအရည်များကို ထွေးမထုတ်ဘဲ မျိုချလိုက်မိသည်။ ဤကဲ့သို့ ဆောင့်ကန်လိုက်၊ ဆွဲယူလိုက် လေး၊ ငါးကြိမ်မျှ လုပ်ပြီးသောအခါ နောက်ထပ် ဆောင့်မကန်တော့ဘဲ တွဲခေါ်လာကြသည်။

…လို့ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု မြင်ကွင်း ကိုယ်တွေ့ကို ရေးသားခဲ့တယ်။ သူဟာ တခြားနိုင်ငံရေးအကျဉ်းသား ခြောက်ယောက်ဟာ အင်းစိန်ထောင်ထဲက ၁၀ ပေ ရှစ်ပေသာကျယ်တဲ့ အခန်းကျဉ်းတစ်ခုထဲ ပူအိုက်လှတဲ့ နွေရာသီမှာ အတူတူ နေခဲ့ရတယ်။ လေဝင်ပေါက်ဆိုလို့ သံတိုင်တံခါးတပ်ထားတဲ့ အပေါက်သာရှိတယ်။ ရှေ့တည့်တည့်မှာ ဝါဒါတွေနေတဲ့ ရုံးခန်းက ပိတ်နေပြန်တော့ ဝင်လာမယ့်လေက မဝင်ရတော့ဘဲ တစ်နေကုန် ငရဲခံနေရသလို ပူလောင်နေတော့တယ်။

ဒီမျှသာလားဆိုတော့ မကသေးဘူး။ ဒီ့ထက်ဆိုးသည့်အဖြစ်က ရှိသေးတယ်။ အဲဒါကတော့ ဂန်ဖလားကိစ္စ။ ဂန်ဖလားဆိုတာ နောက်ဖေးသွားဖို့ ပေးထားတဲ့ အင်တုံကို ပြောတာ။ လူ ခုနစ်ယောက် ဆီးဝမ်းသွားဖို့ ပေးထားတာက အင်တုံ သေးသေးလေးတစ်လုံး။ ဒီအင်တုံသေးသေးလေးနဲ့ ဒီလူအုပ်နဲ့ ဘယ်လိုမှ မလုံလောက်။ တာဝန်ကျ ဝန်ထမ်းကို တင်ပြရင်လည်း မင်းတို့ နိုင်ငံရေးသမားတွေ ချီးပေါက်လွန်းတယ်ဆိုပြီး ထပ်အပြစ်ပေးခံရဖို့ပဲရှိတယ်။

၁၉၆၈ ခုနှစ် မေလဆန်းမှာ ထောင်အာဏာပိုင်တွေ ကျောင်းသားတွေကို ဝန်ခံကတိတွေရေးကြဖို့ ထောင်ဘူးကို ခေါ်ထုတ်တယ်။ ထောင်ပုံစံတွေကို မဝတ်ခိုင်းတော့ဘဲ အရပ်ဝတ်တွေကို ဝတ်ခိုင်းတယ်။ ဒီ့နောက် ဝန်ခံချက် စာရွက်တွေပေးပြီး လက်မှတ်ထိုးခိုင်းတယ်။ ပြောနေသူကတော့ ဗိုလ်တင်ကွန့်။

“မင်းတို့အားလုံး လွှတ်စာရင်းပါတယ်။ ဒါကြောင့် ဒီခံဝန်ချုပ်ကို လက်မှတ်ထိုးကြပါ။ ပြီးရင် အိမ်တိုင်ရာရောက် လိုက်ပို့ပေးမယ်။ မင်းတို့ရှေ့မှာ တက်လမ်းတွေ အများကြီးရှိတယ်။ နိုင်ငံတော်အစိုးရကို အန်တုလို့တော့ ဘယ်ရမလဲ၊ အပြင်ရောက်ရင် လိမ်လိမ်မာမာ နေကြရင် မင်းတို့လည်း ဒုက္ခမရောက်ဘူး၊ ငါတို့လည်း အလုပ်မရှုပ်ဘူး”

လို့ ပြောတယ်။ ဒါပေမဲ့ ကျောင်းသားတွေက လက်မှတ်မထိုးဘဲ စာရွက်တွေကို ချက်ချင်း ပြန်ပေးလိုက်ကြတယ်။ ပြီးတော့ ကျောင်းသားတွေက

“လက်မှတ် မထိုးနိုင်ဘူး၊ ကျွန်တော်တို့ ဒီမိုကရေစီ အခွင့်အရေးတွေ လိုချင်တယ်၊ ထောင်ကတော့ လွတ်လာပြီး ဒီမိုကရေစီ အခွင့်အရေးမှမရရင် ထောင်ထဲနေရတာနဲ့ ဘာထူးမလဲ၊ ဒါကြောင့် ကျွန်တော်တို့ လက်မှတ် မထိုးနိုင်ဘူး”

ကျောင်းသားတွေ လက်မှတ်မထိုးတာက… “ကျွန်တော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိရန် ဝန်ခံကတိပေးပါသည်။ ကျွန်တော်သည် နိုင်ငံတော်အစိုးရအား ဆန့်ကျင်ဝေဖန်ခြင်း လုံးဝမလုပ်တော့ပါဟု ဝန်ခံကတိပြုပါသည်” လို့ ဝန်ခံကတိစာရွက်ထဲမှာ ပါနေလို့ပါပဲ။

ထောင်အာဏာပိုင်တွေဟာ သူတို့ ထင်သလိုဖြစ်မလာတဲ့ နောက်မှာတော့ ကျောင်းသားတွေအပေါ်မှာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှုပြုပြီး တိုက်ပိတ်ထားလိုက်ကြတယ်။ ဒါကို မကျေနပ်လို့ ကျောင်းသားတွေဟာ အစာငတ်ခံဆန္ဒပြခြင်းနဲ့ ထပ်မံ အာခံကြပြန်တယ်။ အစာငတ်ခံဆန္ဒပြတဲ့ ကျောင်းသားတွေကို ထောင်အာဏာပိုင်တွေဘက်က တုံ့ပြန်တာက သောက်ရေကိုပါ မပေးတော့ဘဲ ဖြတ်ပစ်လိုက်တယ်။ ဒါကြောင့်မို့လို့ တချို့တွေဟာ မူးမေ့လဲကုန်တယ်။

ဒီလိုမျိုး အခြေအနေက တင်းမာဆိုးရွားလာလို့ အချင်းချင်း ပြန်လည်ညှိနှိုင်း တိုင်ပင်ပြီးတော့ အစာငတ်ခံခြင်းကို ရပ်တန့်လိုက်ကြတယ်။ ကျောင်းသား ကိုကျော်ဌေးက အစာငတ်ခံတာကို ရပ်ပစ်ဖို့ ဆုံးဖြတ်တာကို မကျေနပ်လို့ တစ်ယောက်တည်းဆက်ပြီး အစာငတ်ခံ ဆန္ဒပြနေခဲ့တယ်။ ဒါကြောင့် သူဟာ အာဏာပိုင်တွေရဲ့ နှိပ်စက်ခြင်းကို ရက်ရက်စက်စက်ခံခဲ့ရတယ်။ နောက်ဆုံး သူငယ်ချင်းတွေက အမျိုးမျိုး တောင်းပန်ကြလို့ ရပ်တန့်ပေးခဲ့ပေမဲ့ အဲဒီ ဒဏ်ရာဒဏ်ချက်တွေကြောင့် သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့ဘဝကို စောစီးစွာ နှုတ်ဆက် ထွက်ခွာသွားခဲ့ရတယ်။

ဆရာဦးလှဖေဟာ အကျဉ်းထောင်ထဲမှာ ကျောင်းသားလူငယ်တွေရဲ့ ချစ်ခင်လေးစားမှုကို အထူးခံခဲ့ရတဲ့အတွက် ထောင်အာဏာပိုင်တွေက ပိုပြီးမျက်မုန်းကျိုးခြင်းကို ခံရပြန်တယ်။ ကျောင်းသားလူငယ်တွေကို ကြိုးကိုင်ဦးဆောင်ပြီး အာခံခိုင်းနေတယ်လို့လည်း အထင်ရောက်ပုံရပါရဲ့။ ဆရာ့ရဲ့ ကျွန်းအတိတ် အရိပ်ပမာ ကိုယ်တွေ့မှတ်တမ်းထဲမှာ

…ဤကဲ့သို့ လုပ်ဆောင်မှုများကို မှားသည်ဟု ကျွန်တော် လုံးဝမယူဆ။ ကျောင်းသားခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဘာအခွင့်အရေး ဘာရာထူးမှ ကျွန်တော်တို့မယူခဲ့၊ မှန်းလည်း မမှန်းခဲ့။ စွန့်လွှတ်မှု အများအပြားသာ ရှိခဲ့သည်။ ဤအတွက် ကျွန်တော် ဝမ်းမနည်း။ ဂုဏ်ယူစရာအဖြစ်သာ မြင်သည်။ ယခု ဤစာရေးချိန်ထိလည်း ဂုဏ်ယူနေဆဲပင်ဖြစ်သည်။ ကျောင်းသားထုသည် မည်သည့်အစိုးရ၏ အလိုတော်ရိမှ မဖြစ်သင့်၊ ကျောင်းသားခေါင်းဆောင်တို့သည် ဘာရာထူးမှ မမျှော်လင့်သင့်။ သို့မှသာ အစိုးရတစ်ရပ်က အမှားကျူးလွန်လျှင် ပြတ်ပြတ်သားသား ဝေဖန်ရဲကြမည်။ ထောက်ပြရဲကြမည်။ လိုအပ်သည့်အခါ ဆန့်ကျင်ဆန္ဒပြကြမည်။ ဤနည်းဖြင့်သာ ကျောင်းသားအဖွဲ့အစည်းတို့ သည် ပြည်သူ့အကျိုး၊ ဒီမိုကရေစီအကျိုးကို တာဝန်ကျေစွာ ဆောင်ရွက်သူများ ဖြစ်နိုင်မည်။ ထို့ကြောင့် ကျွန်တော်မှာ တောင်းပန်ခယ အသနားခံစရာအကြောင်း ဘာမှမရှိ။ သို့သော် ဗိုလ်ကျမင်းမူနေသော စစ်အာဏာရှင်တို့သည် ရန်ငြိုးကြီးစွာ ဖွဲ့ကြတော့သည်။ စိတ်ဓာတ်ရေးရာအရ ညှဉ်းဆဲကြသည်။ ကိုယ်ထိလက်ရောက် ညှဉ်းဆဲကြသည်။ မဆလကို ထောက်ခံပါသည် ဆိုတာလေးလောက်တော့ ရေးပေးဖို့ တောင်းဆိုကြသည်။ ကျွန်တော်က ခေါင်းမာမြဲမာသောအခါ ကိုကိုးကျွန်း အကျဉ်းစခန်းသို့ ပို့လိုက်တော့သည်။ …

သူကား ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားပြီးနောက် ကျောင်းသားတွေနဲ့အတူ တောခိုပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့တယ်။ တောတွင်းတော်လှန်ရေးသမိုင်းမှာလည်း သူ့ရဲ့အခန်းကဏ္ဍက အရေးပါလှပါတယ်။ မြန်မာပြည်က တက္ကသိုလ်ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် ဗိုလ်ကျစိုးမိုး နှိပ်စက်ညှဉ်းပန်းခဲ့ကြတဲ့ အာဏာရှင်စနစ်ဆိုးကို ခေါင်းငုံ့မခံဘဲ ဆန့်ကျင်အာခံ တော်လှန်ခဲ့ကြသလို ဦးလှဖေဟာလည်း မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာထဲမှာ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းက ဆရာတစ်ဦးပင် မဟုတ်ပါလော။

Most Read

Most Recent