ဖွဲမီး

ဖွဲမီး
Published 7 November 2017

ယမန်နှစ်က ရန်ကုန်မြို့ရှိ သီတင်းကျွတ်ပွဲတော်ကာလကို ငေးကြည့်နေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကြည့်လိုက်ရင် ကျွန်တော်ဟာ ပျော်ရွှင်နေတယ်ပေါ့။ ပျော်ရွှင်နေပါတယ်လို့ ထင်ရအောင်လည်း ကျွန်တော် နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တစ်ယောက်တည်း အရသာပျက်နေတာ ကြာပါပြီ။ မြင်ရတဲ့ ရှုခင်း၊ ကြားရတဲ့ အသံတွေမှာ ကျွန်တော် အကုန်လုံး ပြန်ထွေးထုတ်နေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေက အများကြီးပါပဲ။ ကောင်းကင်ကြီး ပြာလွင်နေတာလည်း ကျွန်တော့်မှာ ဒေါသတွေဖြစ်လို့။ ပန်းတွေ အပြိုင်းအရိုင်းပွင့်ပြီး လှပနေတာလည်း ကျွန်တော့်မှာ မနာလိုစိတ်တွေနဲ့ ပူလောင်လို့။ ဒါနဲ့ပဲ ကျွန်တော့်မှာ အိပ်မပျော်တဲ့ညတွေ များများလာတာပါပဲ။ ကျွန်တော်ဟာ အေးစက်တိတ်ဆိတ် မှောင်မိုက်နေရင်း ပူပြင်း လောင်မြိုက်နေပါတယ်။

ကျွန်တော် သူ့ကို အော်ဟစ်ပြောချင်နေတဲ့ စကားတွေနဲ့ တစ်ယောက်တည်း မကျေနပ်ချက်တွေနဲ့ ရန်ဖြစ်နေရင်း ကဗျာဆရာ မောင်ပြည့်မင်းရဲ့ “တကယ်ဆိုဖြစ်ခဲ့တဲ့ သီချင်း” ကို နားထောင်ကြည့်လိုက်မှ နည်းနည်း စိတ်သက်သာရာရသွားတယ်။

ကိုယ် အိပ်လို့မရတဲ့ ည
မင်းလည်း အိပ်လို့မရတဲ့ ည
နှစ်ယောက်လုံး အိပ်မရတဲ့
ညကြီးရဲ့ အလယ်တည့်တည့်။

ကျွန်တော်က မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ မီးရောင်နဲ့ နံဘေးက သူမကို ကြည့်လိုက်မိတယ်။ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ သူမဟာ ကျွန်တော်နဲ့ပတ်သက်ပြီး ဘာအပူအပင် ဘာကြောင့်ကြမှုမှမရှိတဲ့ ပုံစံမျိုးနဲ့ အိပ်စက်နေတဲ့ ပုံပါပဲ။ ကျွန်တော့်မှာ တစ်ယောက်တည်း ချွေးတွေပြန်နေတယ်။ ဘာကိုမှန်းမသိ မကျေမနပ် ဖြစ်နေတယ်။ ညဟာ တဖြည်းဖြည်း အေးစက်တိတ်ဆိတ် လာနေတယ်။ အခန်းအပြင်ဘက်က သောက်ရေအိုးစင်က အောက်ကခံထားတဲ့ ခွက်ထဲကို ရေတစ်စက်စက်ကျနေတဲ့ အသံကို ကြားနေရတယ်။ အဲဒီ ရေတစ်စက်စက်ဟာ ကျွန်တော့်ရဲ့ ဦးခေါင်းပေါ်တည့်တည့်ကို တစ်စက်ချင်း ကျနေသလိုပဲ ခံရခက်လှတယ်။ ကျွန်တော် စူးစူးဝါးဝါး အော်ဟစ်ပေါက်ကွဲလိုက်ချင်တယ်။ စိတ်ကိုထိန်းပြီး သီချင်းကိုဆက် နားထောင်ကြည့်မိတယ်။

စတီးလ်လက်ဆေးကန်ထဲ
ရေတစ်ပေါက်ပေါက်ယိုကျ
“တိတ်စမ်း
ပါးစပ်ပိတ်ထားစမ်း၊
ငါ လည်ပင်းကို လိမ်ချိုးမိတော့မယ်၊
ဘာဖြစ်လဲ၊ အောက်တန်းကျတယ်
အောက်တန်းကျတယ်ကွာ
ကဲ ဘာဖြစ်ချင်သလဲ”
ပြတင်းပေါက်က
ပါးစပ်အဟောင်းသား ငေးလို့
မျက်တောင်တစ်ခတ်ခတ် မီးချောင်းထဲ
လျှပ်စစ်ဓာတ်တွေ ဆူပွက်လို့။

ကျွန်တော့်ရဲ့ သွေးကြောတွေထဲ လျှပ်စစ်ဓာတ်တွေ ပြေးလွှားနေသလို ထင်ရတယ်။ ကျွန်တော် ပြောချင်လှတဲ့ စကားတွေဟာ အဲဒီလျှပ်စစ်ဓာတ်တွေထဲ စီးဝင်နေတယ်။ တစ်ခါတစ်ခါမှာ ကျွန်တော်ဟာ ဆင်ခြင်တုံတရားကင်းတဲ့ သူတစ်ယောက် ဖြစ်လိုက်ချင်တယ်။ ဘာကိုမှ မစဉ်းစားပဲ အသိဉာဏ်ကင်းမဲ့တဲ့ လူမိုက်တစ်ယောက်လို လုပ်ချင်ရာ လုပ်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဦးခေါင်းရှိတဲ့သူတစ်ယောက်၊ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့သူဆိုတော့ မရက်စက်နိုင်ဘူး။ မပြတ်သားနိုင်ဘူး။ ဝေလည်း မဝေခွဲနိုင်ပြန်ဘူး။ ကျွန်တော်ဟာ စိတ်ရှုပ်ထွေးစွာနဲ့ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်လိုက်တော့ လကိုလည်း မမြင်ရဘူး။ တိမ်တွေလည်း ဘယ်ရောက်ကုန်မှန်း မသိဘူး။ ဘာတစ်ခုမှ မမြင်ရဘူး။

လက ငြိမ်၊
တိမ်တွေကတော့ ပြေးလို့
“အေး နောက်မှ
မိုက်ရိုင်းတယ် လာမပြောနဲ့”

ဘယ်အချိန်ရှိပြီးလဲ မသိဘူး။ မြန်မြန် မိုးလင်းပါစေလို့ပဲ ဆုတောင်းမိတယ်။ နားစွင့်ကြည့်လိုက်တော့ ဟိုဘက်လမ်းက ဈေးကိုလာတဲ့ ကားတစ်စီးစီးရဲ့ အသံကို ကြားရတယ်။ ဒါဆိုရင် မကြာခင် မိုးလင်းတော့မယ်ထင်တယ်။ သူမကတော့ အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေဆဲပဲ။ ကျွန်တော်ဟာ သူ့မိသားစု အသိုင်းအဝိုင်းထဲမှာ ဘာကိုမှ ပြောရေးဆိုခွင့်မရှိတဲ့ သူစိမ်းတစ်ယောက်ပေါ့။ ကျွန်တော်ဟာ ဒီမြို့မှာ ဘာအစွမ်းအစမှမရှိတဲ့ သူတစ်ယောက်။ ဘာစီးပွားရေးမှ ဦးစီးဦးဆောင် မလုပ်နိုင်တဲ့ ငပိန်းတစ်ယောက်ပေါ့။ ကျွန်တော် ဘာပြောပြော ဘာကိုမှ အလေးမထား၊ အရာမထင်ဘူးပေါ့။ ကျွန်တော် ဒီမြို့ကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြံစည်နေဖူးတယ်။

အဝေးဆီ ကားဖြတ်သွားသံသဲ့သဲ့
အသက်ရှူသံမှန်မှန်ထဲ မှိန်ဖျော့လို့။
ညလေအေးအေး အေးလို့
“တစ်နေ့ ပစ်ထားခဲ့မယ်၊
ပစ်ကိုထားခဲ့ဦးမယ်၊ မှတ်ထား”။

ဒီလိုနဲ့ ကျွန်တော်ဟာ တေမိတစ်ယောက်လို အေးစက်တိတ်ဆိတ်သူတစ်ယောက် ဖြစ်လာတယ်။ ဘာကိုမှ ပြောချင်စိတ်၊ ဆိုချင်စိတ်လည်း မရှိတော့ဘူး။ အိမ်ကနေ ရသလောက် ထွက်ပြေးတယ်။ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ကျောက်ချတယ်။ လမ်းသွားလမ်းလာတွေကို ငေးကြည့်တယ်။ စကားလုံးတွေကို အတင်းမျိုချတယ်။ တကယ်တော့ ကျွန်တော်ဟာ သပွတ်အူလို ရှုပ်ထွေးနေတဲ့ အသိုက်အဝန်းထဲ ဝင်တိုးခဲ့မိသူတစ်ယောက် ဖြစ်တယ်။ ဖြုတ်ရခက်တဲ့ ဒီအရှုပ်အထွေးထဲ ကျွန်တော်ဟာ ငြိနေတဲ့သူပါပဲ။ ကျွန်တော်ဟာ စုပ်လည်းစူး၊ စားလည်းရူး ရှေ့မတိုးနောက်မဆုတ်သာ ကျဉ်းထဲကျပ်ထဲ ရောက်နေသူ တစ်ယောက်လိုပါပဲ။

တစ်ညလုံး
စကားလုံးတွေ အတင်းထထခုန်နေခဲ့။
ဒါပေမဲ့ ကိုယ့်ထွက်သက်
လေနွေးနွေးလေးသာ
မင့်မျက်ခွံမို့မို့ပေါ် ကျလို့။

အဲဒီလို ကျွန်တော့်မှာ တစ်ယောက်တည်း ပြောချင်တဲ့စကားတွေနဲ့ စစ်ဖြစ်နေတာ ကြာပါပြီ။ တစ်ယောက်တည်း အကျအရှုံးများနေတာလည်း ကြာပါပြီ။ ကျွန်တော်ဟာ ညကြီးထဲ မှိုင်းဝနေလို့ အုံကြွနေတဲ့ မီးပုံးပျံတစ်လုံးလို စကားလုံးတွေနဲ့ ပူလောင်အုံကြွပြီး လွတ်မြောက်သွားနိုင်တဲ့ လမ်းကို ရှာဖွေနေမိတယ်။ အဲဒီအချိန်မှာပဲ နံဘေးက သူမ နိုးလာပြီး “ကို အိပ်မပျော်ဘူးလား ဟင်။ ဘာတွေစဉ်းစားနေတာလဲ ဟင်” တဲ့ မောလျတဲ့ အသံလေးနဲ့ မေးတယ်။ “ဒီလိုပါပဲကွာ ဟိုတွေးဒီတွေးပေါ့” လို့ ပြောရင်း သူမရဲ့ ပါးကိုနမ်းရှိုက်လိုက်မိတယ်။ ။

Most Recent