ရင်လှိုင်းပဲ့တင်

ရင်လှိုင်းပဲ့တင်
Published 7 November 2017

ဓာတ်ပုံ-ကြည်နိုင်

လက်ရှိအနေအထားအရ အောက်ခြေ လူတန်းစားအများစုတို့ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်ရာဒဏ်ချက်များဖြင့် နေ့စဉ်နှင့်အမျှ အသက်ကိုပင် ၀၀လင်လင်ရှုနိုင်ဖို့ အလူးအလဲ ရုန်းကန်နေကြရပုံများက ကျွန်တော်တို့ မြင်ကွင်းများထဲမှ မရိုးနိုင်သည့် ရုပ်ပုံကားချပ်များသာ ဖြစ်နေပါသည်။ တစ်နေ့ထက်တစ်နေ့ လူစည်ကားရာလမ်းမများတစ်လျှောက် မီးပွိုင့်မိနေစဉ် မော်တော်ယာဉ်ကြီးငယ်တို့ကြားမှ သတင်းစာ၊ ဂျာနယ် လက်ပွေ့ရောင်းချသူတို့၏ မြင်ကွင်းများနှင့်အတူ ငွေစကြေးစကလေးများ လိုက်လံတောင်းခံနေကြသည့် အသက်အရွယ်စုံ လူသားအပေါင်းတို့၏ လှုပ်ရှားနေပုံ ပန်းချီကားချပ်များကလည်း ကျွန်တော်တို့အားလုံး၏ လူနေမှုဘဝများထဲမှ မရိုးနိုင်သည့် တိုးတိုက်မှုများသာ ဖြစ်ပါသည်။

ညနေချိန်ရောက်ပြန်တော့ လမ်းမနံဘေးနားက စားသောက်ဆိုင်တန်းများ၌ တိုးဝှေ့ စောင့်ဆိုင်းလျက်ရှိကြသည့် ဝင်ငွေနည်းလူတန်းစားတို့၏ မြင်ကွင်းများက မလှပနိုင်ကြပြန်ပါပေ။ အိတ်ကြွပ်ကလေးများဖြင့် ထုပ်ပိုးထားသည့် ထမင်းထုပ်ကလေးများနှင့်အတူ ချဉ်ပေါင်ကြော်လိုမျိုး၊ ငါးပိကြော်လိုမျိုး ဟင်းထုပ်ကလေးများ ကိုယ်စီသယ်ဆောင်ကြကာ မိမိတို့နေထိုင်ရာ အသိုက်အမြုံကလေးများဆီသို့ ခြေလှမ်းနေပုံမြင်ကွင်းများက အောက်ခြေလူတန်းစားတို့ နေထိုင်ရာဝန်းကျင်ဆီမှ နေ့စဉ်နှင့်အမျှ ရှုှုမြင်ထိတွေ့နေကြရသည့် နေညိုချိန် ပန်းချီကားချပ်များသာ ဖြစ်ပါသည်။

ဒီကနေ့ကာလ မီးဖိုချောင်ရှုခင်းရှုကွက်တို့က ယခင်ကာလများဆီကနှယ် ချက်ပြုတ်ကြသည့် အိုးခွက်ပန်းကန်သံ၊ ဇွန်းသံ၊ ယောက်မသံများ ကျယ်ကျယ်လောင်လောင် မကြားရလှတော့ပေ။ အဖိုးနည်းဝန်ပါနည်းမျှဖြင့်ပင် သူတို့တွေ၏ တစ်နေ့စာ စားသောက်ခြင်း ကိစ္စကို ပြီးမြောက်ခဲ့ကြရပေသည်။ ယခင် ကာလများဆီကလို အစားအသောက်ကိစ္စအတွက် ကိန်းကြီးခန်းကြီး မပြုနိုင်ခဲ့ကြသည်မှာ ရှည်ကြာလှပေပြီ။ အစစအရာရာ ကုန်ဈေးနှုန်းတွေ မိုးကောင်ကင်တက်သွားပြီးလျှင် ပြန်လည်၍ ကျဆင်းလာခြင်းမရှိသည့် ဒဏ်ရာဒဏ်ချက်များက သူတို့တွေလို အောက်ခြေမှ လူတန်းစားတို့အတွက် ပိုမို၍ထိရှခံစားကြရတတ်သည်မှာလည်း သဘာဝပင်ဖြစ်ပေရာ သူတို့ သူတို့များ၏ မီးဖိုချောင် ဂီတသံစဉ်များ ဆိတ်သုဉ်းသွားခဲ့ရခြင်းအပေါ် စာနာနားလည်ပေးမည် ဆိုပါက ထိခိုက်ဖွယ်ရာများ လှပေသည်။

နိုင်ငံတော်၏ သဘောသဘာဝအရ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကုန်ပစ္စည်းအချို့အပေါ် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံမည့်နှုန်းထားများကို ကြေညာခဲ့ပေသည်။ ဘိလပ်မြေကို တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်း၊ အိမ်သုံးဆားကို ၁၀ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀၊ အသင့်သောက်သုံးနိုင်သည့် ကော်ဖီမစ်ကို ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀၊ ပြည်တွင်းထွက် စိုက်ပျိုးသီးနှံများအပေါ် ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအပေါ် ၀ ဒသမ ၅၁ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း၊ ပန်းမျိုးစုံကို အရင် ငါးရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ ပရိဘောဂများအပေါ် ယခင် ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ပေရာ နောက်ဆုံးခံစားကြရမည့်သူများကတော့ စားသုံးသူ ပြည်သူများသာ ဖြစ်ပေသည်။

အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းနှင့် အထူးထိုအခွန်နှုန်းထားများအပေါ် ပေးဆောင်ရန် တာဝန်ရှိသူအားလုံးက တာဝန်ကျေပွန်စွာ ပေးဆောင်ကြပါရဲ့လားဆိုသည်ကိုလည်း ဆန်းစစ်ကြဖို့ လိုအပ်ပေသည်။ မကြာမီကာလဆီက ရုပ်ရှင်အနုပညာရှင်များ၏ အခွန်ပေးဆောင်သူ စာရင်းတစ်ခုကို ဖော်ပြခဲ့ပေရာ နာမည်ကြီး သရုပ်ဆောင် အနုပညာသည်တို့၏ အမည်နာမများ ရှာဖွေမတွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနအပေါ် ပြည်သူတို့က မေးခွန်းများ ထုတ်ခဲ့ကြပေသည်။ အများပြည်သူတို့အပေါ်မှာတော့ တာဝန်ကျေပွန်စွာ ဝန်ဆောင်မှုပေးခဲ့သည့် ပုံပမာအဖြစ် တယ်လီဖုန်းခွန် ငါးရာခိုင်နှုန်းအား ကြိုတင်ဖြတ်တောက်ခြင်းဖြင့် တာဝန်ကျေပွန်စွာ ဝန်ဆောင်မှုပေးခဲ့သည့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနအပေါ် အများပြည်သူအပေါင်းတို့က ‘ဗရာဗို’ လုပ်ကြရတော့မည်လား မစဉ်းစားတတ်အောင်ပါပေ။

ထိုနည်းအတူပင် နာမည်ကြီးကုမ္ပဏီများ၊ ဘဏ်များ၏ အခွန်ထမ်းစာရင်းများ ထုတ်ပြန်ရာတွင်လည်း အထက်ပါနည်းလမ်း အတိုင်းသာပင်။ နာမည်ကျော်ကုမ္ပဏီအချို့၏ အမည်နာမများ အခွန်ထမ်းစာရင်း၌ ကွက်လပ်အဖြစ် ကျန်ရှိနေခဲ့ခြင်းတို့က တယ်လီဖုန်းခွန် ငါးရာခိုင်နှုန်းကို ရှောင်တိမ်းနိုင်ခွင့်မရှိဘဲ လည်မျိုညှစ်ခံကြရသူ အောက်ခြေလူတန်းစားတို့အပေါ် သရော်လှောင်ပြောင်နေသည့်နှယ် ရှိလှပေသည်။ တကယ်တမ်း ဖြစ်သင့်သည်မှာ နာမည်ကြီးစီးပွားရေးသမား နာမည်ရကုမ္ပဏီကြီးများ၏ အခွန်တိမ်းရှောင်နေမှုများအပေါ် ထိရောက်စွာ ဖော်ထုတ် ကိုင်တွယ်သင့်ခြင်းနှင့်အတူ ဆင်းရဲသားထုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် အခွန်နှုန်းများ တိုးမြှင့်ကောက်ခံခြင်းများအပေါ် စဉ်းစား ဆောင်ရွက်သင့်လှပေသည်။

ဒီကနေ့ လေထုထဲ လွင့်ပျံလျက်ရှိသည်မှာ မကြာမီကာလအတွင်း လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံဦးမည်ဆိုသည့် သတင်းများပါပေ။ ဆရာဗန်းမော်၏ စကားတစ်ခွန်းကို သတိတရ ရှိရပေသည်။ ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း။ ဟုတ်ပါသည်။ ကျွန်တော်တို့လည်း ဘာမျှတတ်နိုင်မည် မဟုတ်ပါ။ ပြည်သူတို့ကတော့ ဘာမျှတတ်နိုင်ကြသည် မဟုတ်ပါ။ မော်တော်ယာဉ် စီးခများ တက်တော့လည်း ပြည်သူတို့က ဘာမျှစောဒက မတက်ခဲ့ကြပါ။ ကားနှစ်ဆင့် ပြောင်းလဲစီးနင်းကြရသဖြင့် ကားခပိုမိုကုန်ကြရတော့လည်း ပြောပြခွင့် မသာခဲ့ကြပါ။ ဒီကြားထဲ ကားစီးသူအများ သက်သာချောင်ချိစေရေး ဦးတည်ပြီး မော်တော်ယာဉ်အသစ်များဖြင့် ဝန်ဆောင်မှုပေးပါသည်။ Aircon ကားများဖြင့် အသုံးပြုထားပါသည်ဆိုပြီး ကားပေါ်မှာ တပ်ဆင်ထားသည့် ထိုင်ခုံအရေအတွက် လျှော့ချဖြုတ်ထားပြီး ဝန်ဆောင်မှုပြုပေးသည်။ YBS ယာဉ်များ၏ သရုပ်မှန် ဝန်ဆောင်မှုများအပေါ် တာဝန်ရှိသူများ အနေဖြင့် စစ်ဆေးမှုပြုကာ ခရီးသွားပြည်သူတို့၏ အခက်အခဲများအား စိတ်ဝင်စားမှုပြသဖို့လည်း လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်ပေသည်။ ဒါမှသာလျှင် ပြည်သူအများ ခံစားနေကြရသည့် သရုပ်မှန်ခံစားမှုများအပေါ် တိကျစွာ ရှုမြင်နိုင်မည်လည်း ဖြစ်ပေသည်။

နိုင်ငံတော်အစိုးရကတော့ အောက်တိုဘာ ၁ ရက်မှ စတင်ကာ အခွန်နှုန်းထားသစ်များဖြင့် ပြောင်းလဲကောက်ခံသွားမည့် ကုန်ပစ္စည်းအမည်များကိုလည်း ထုတ်ပြန်ကြေညာပြီးခဲ့ပေပြီ။ ဒီအချိန်မှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေး အကြံပေး Prof.Sean Turnell က မြန်မာနိုင်ငံတွင် ထိရောက်သည့် အခွန်ကောက်မှုစနစ် မရှိသေးဟု ဆိုခဲ့ပေသည်။ တစ်ဆက်တည်းမှာပင် “ကုမ္ပဏီဂရုအုပ်စုတွေ၊ ကုမ္ပဏီအနည်းငယ်ထဲကို ငွေတွေအများကြီး လိုက်နေတာကို ပြောချင်ပါတယ်။ ငွေတွေက ကုန်စည်တွေထက် ကျယ်ပြန့်မှုပိုများနေတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အခွန်ကောက်မှုစနစ်တွေ မရှိသေးပါဘူး။ အစိုးရ သုံးစွဲဖို့ဆိုတာက အခွန်က နေရမှဖြစ်မှာ” လို့ ထောက်ပြ ပြောဆိုခဲ့ပေသည်။

မြန်မာနိုင်ငံ၏ လိုငွေဘတ်ဂျက်များ ဖြည့်စွက်ရာ၌ ငွေစက္ကူများ ရိုက်နှက်၍ ဖြေရှင်းပုံနည်းလမ်းအပေါ်လည်း ထောက်ပြသုံးသပ်ထားပေသည်။ အခွန်ငွေမရသည့်အခါ အခွန်စနစ် မကောင်းသည့်အခါ အစိုးရက ဗဟိုဘဏ်မှ ငွေစက္ကူများ ရိုက်ထုတ်နေကြောင်း၊ ငွေစက္ကူရိုက်ထုတ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ငွေတွေပိုမိုများလာကြောင်း၊ အကယ်၍ အခွန်ကောက်ခံမှုကနေ အစိုးရက ငွေဝင်နေမည်ဆိုလျှင် သက်သာလာမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပေသည်။

နိုင်ငံတစ်နိုင်ငံအတွက် အခွန်အကောက် ကောက်ခံရရှိမှုအပေါ် အာရုံပြုရမည်မှာလည်း ရှောင်လွှဲ၍ မရနိုင်သည့်ကိစ္စသာ ဖြစ်ပေသည်။ ဒီအခါ ရသင့်ရထိုက်သည့် အခွန်ငွေများ လေလွင့်မှု၊ ပြုန်းတီးမှုမရှိဖို့အတွက် အားစိုက်ကြရမည်လည်း ဖြစ်ပါသည်။ စောစောက အကြံပေးပုဂ္ဂိုလ် ပြောကြားခဲ့သလို ထိရောက်သည့် အခွန်ကောက်ခံမှုစနစ်ရှိဖို့ ကြိုးစားကြရမည်မှာ အမှန်တရားပင် ဖြစ်ပါသည်။ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများ မည်၍မည်မျှ လေလွင့်ဆုံးရှုံးလျက် ရှိနေသည်ကို တိုင်းသူပြည်သားများထက် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပိုမို၍ သိရှိကြသည်မှာလည်း နောက်ထပ်အမှန်တရားတစ်ခုသာ ဖြစ်ပါသည်။ ပြောနေကျစကားအတိုင်းသာပင် “ငါးတကာယိုတဲ့ ချေး၊ ပုစွန်ဆိတ်ခေါင်းမှာ စု” ဆိုသလို နောက်ဆုံးကျတော့ စားသုံးသူဆင်းရဲသားအပေါင်းတို့ ခေါင်းပေါ်မှာသာ စုပြုံကျရောက်စေမည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ရာဒဏ်ချက်များမှ သက်သာရာရနိုင်သမျှ ရရှိစေရေးအတွက် ကောင်းမွန် မှန်ကန်သည့် အခွန်ငွေကောက်ခံမှုစနစ်နှင့်အတူ အခွန်ရှောင်တိမ်းနေကြသူ လူချမ်းသာကြီးများထံမှ အမှန်အကန် အခွန်ငွေများကိုလည်း ရရှိနိုင်ရေး ဝိုင်းကြဝန်းကြပါမည့်အကြောင်း ခေါင်းလောင်းတီးလိုက်ရပေသည်။

Most Read

Most Recent