လူအတု အာဟာရအတု ဆေးဝါးအတု

လူအတု အာဟာရအတု ဆေးဝါးအတု
Published 3 August 2017


ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် အခြေခံစားသောက်ကုန်များကို FDA မှ မေလအတွင်းက ဝင်ရောက်စစ်ဆေးစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁)

“လူဟာ ဘဝတစ်ခုရလာလို့ရှိရင် သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာလို့ဆိုတဲ့အတိုင်း အစာအဟာရမရှိဘူးဆိုရင် ဘဝမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဘဝရပ်တည်နေရတာ အဓိကဟာ အစာအာဟာရပဲဖြစ်တယ်။ အစာအာဟာရစားကြရမှ လူ့ခန္ဓာဆိုတာ တည်တံ့နိုင်တယ်ပေါ့”

“ဒါကြောင့်မို့ ဘဝတည်တံ့ရေးအတွက်ဖြစ်တဲ့ အာဟာရကိုရှာဖွေရင်း လူတွေဟာ မကောင်းမှု အကုသိုလ်တွေကို လုပ်မိရက်သား ဖြစ်သွားကြတယ်။ ဒုစရိုက်တွေလုပ်ကိုင်ပြီး မိမိတို့ဝမ်းရေးအတွက် ဖြည့်တင်းပေးကြတယ်။ ဒုစရိုက်တွေနဲ့ အသက်မွေးမိပြီဆိုရင်တော့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက်နဲ့ မိမိတို့ပဲ ဒုက္ခထဲနစ်မွန်းသွားကြမှာပါ” ဟု ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ၏ တရားတော်ကို နာကြားရင်းမှာ ဆရာတော်ဆိုလိုရင်းကို ကျွန်တော် ဆက်စပ်တွေးမိပါသည်။

ဘဝရပ်တည်နိုင်ရေးအတွက် အစာအာဟာရ ရှာဖွေရင်းမှ အချို့က ကောင်းမှုဖြင့် ရှာဖွေသော်လည်း အချို့က မကောင်းမှုဖြင့် အသက်မွေးဝမ်းကျောင်းကြလေသည်။ သို့အတွက် မြတ်စွာဘုရားကိုယ်တိုင်ကပင် “လောကမှာတဲ့ အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေဟာ အသက်မွေးဝမ်းကျောင်းဖို့အတွက် လွယ်ကူပြီး ဒုစရိုက်အမှုကိုရှောင်ရှားပြီး ကောင်းသောအလုပ်နှင့် အသက်မွေးခြင်းပြုသူအတွက် ခက်ခဲဆင်းရဲပင်ပန်းတယ်” လို့ ဟောကြားခဲ့ပါတယ်။

ဆရာတော်က ယနေ့ခေတ်တွင် စီးပွားရေး အဆင်ပြေတိုးတက်သူတွေ အများကြီး ရှိပါသည်။ အားလုံးကိုတော့ မဆိုလိုပါဟုလည်း ဆိုပါသည်။ ထိုအထဲတွင် အချို့လူတော်တော်များများသည် မရှက်တတ် မကြောက်တတ်ဘဲ မကောင်းမှုလုပ်ရာတွင် ပါဝင်နေကြသည်ဟုလည်း ဆိုပါသည်။

လူအများ အသက်ရှင်သန်မှုအတွက် အရေးကြီးသော အစာအာဟာရ၊ ဆေးဝါး၊ အသုံးအဆောင် စသည်တို့သည် လူတို့အတွက် အရေးပါသောအရာဖြစ်သည်။ သို့ရာတွင် အချို့လူတို့၏စိတ်သည် လောဘဖုံးလွှမ်းသဖြင့် မတရားအမြတ်များများရယူလိုသော စိတ်ဝင်လာကြ၏။ ထိုစိတ်ကြောင့်ပင် အစာအာဟာရအတု၊ ဆေးဝါးအတုတို့ကို ပြုလုပ်၍ ရောင်းချလေတော့သည်။

လူတို့၏ မရှိမဖြစ်လိုအပ်သော အစာအာဟာရ၊ ဆေးဝါးမှန်သမျှကို အတုအဖြစ် ဖန်တီးထုတ်လုပ်ရောင်းချကြသည်။ မိမိတို့ ဘဝကြီးပွားချမ်းသာဖို့ကိုသာတွေးပြီး အခြားလူတွေ ဘာဖြစ်ဖြစ်ဆိုသည့်စိတ်နှင့် စီးပွားရှာကြသည်။ အစားအစာတွေကို အတုလုပ်သည်။ အလှကုန်တွေ၊ ဆေးဝါးအတုတွေကိုပါ ဝိသမလောဘစိတ်နှင့် အတုလုပ်ကြတော့သည်။ လူအများကို ကောင်းကျိုးမဖြစ်စေဘဲ ဆိုးကျိုးကိုသာပေးတတ်တဲ့ ထိုပုဂ္ဂိုလ်တို့ကို မြတ်စွာဘုရားက ဒုစရိုက်နဲ့ အသက်မွေးပြီး အရှက်မဲ့တဲ့ပုဂ္ဂိုလ်တွေဟု ဆိုခဲ့လေသည်။

ဒီပစ္စည်းကို ငါတို့လုပ်လိုက်ရ ရောင်းရရင် သူများထက် အဆင်ပြေပြီး အစားရချောင်ပြီး ချမ်းသာခွင့်ရပြီဆိုတဲ့ မသမာတဲ့စိတ်နဲ့ အသက်မွေးသူတွေ ဒီကနေ့ ပိုများလာကြပါသည်။ ထိုသို့ လူသားမဆန်သောစိတ်နှင့် အသက်မွေးဝမ်းကျောင်းပြုသူများကို ကျွန်တော်ကတော့ လူအတုတွေဟု သတ်မှတ်ပါသည်။

(၂)

ဒီကနေ့ ကျွန်တော်တို့ လူမှုဝန်းကျင် ထဲမှာမြင်နေ၊ တွေ့နေ၊ ကြားနေရသည်များကလည်း စားသောက်ကုန်အတု၊ အချိုရည် အတု၊ အရက်အတု၊ မုန့်အတု၊ ဆေးဝါးအတု၊ လိုင်စင်အတု၊ ငွေအတု အစရှိသော လိမ်လည်လှည့်ဖြားမှုပြဿနာတွေသာ ဖြစ်သည်။

စားသောက်ကုန်အတု၊ အလှကုန်ပစ္စည်းအတု၊ ဆေးဝါးအတုများသည် လူတွေကို ရောဂါရပြီး သေစေနိုင်သည်အထိ အကျိုးပေးမည့်အရာဖြစ်သည်။ လူအများ နေ့စဉ်စားသုံးနေသော အစာအာဟာရများတွင် ရောဂါဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်နေသည်။

မနက်တိုင်း စားသုံးနေကြသော လက်ဖက်ရည်၊ ကော်ဖီ၊ ပလာတာ၊ အီကြာကွေး၊ မုန့်ဟင်းခါး၊ စမူဆာ၊ ကော်ပြန့်၊ ပေါက်စီအစရှိသော ဆီကြော်မုန့်မျိုးစုံတွေဟာ ပြန်ကြော်ဆီတွေကြောင့် ရောဂါရနိုင်သည်။ ဂျုံနဲ့လုပ်တဲ့အရာတွေမှာက ပွဆေးတွေ အလွန်အကျွံ သုံးစွဲသည်။

လက်ဖက်၊ မျှစ်၊ ငါးပိ၊ လက်ဖက်ခြောက်၊ ပဲကြီးလှော်၊ ငရုတ်သီးမှုန့်၊ ယိုစုံတွေမှာ ဆိုးဆေးတွေ သုံးကြသည်။ ယင်းဆိုးဆေးများက သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးရာမှာသုံးသော ဆိုးဆေးများသုံး ထားသည်ကို တွေ့ရသည်။ ထိုဆိုးဆေးများက လူတို့၏ အသည်း၊ ကျောက်ကပ်ကို ပျက်စီးစေ၍ ကင်ဆာရောဂါဖြစ်စေနိုင်ပါသည်။

ပဲပြား၊ ပဲသွေးလုပ်သည့် စက်ရုံများကို သက်ဆိုင်ရာမှ ရှောင်တခင်စစ်ဆေးရာ ခွင့်မပြုဆိုးဆေးများ၊ ဖော်မလင်ဆေးရည်များ အသုံးပြုထားကြောင်း တွေ့ရလို့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးအရေးယူတာတွေကိုလည်း ကြားသိရပေသည်။

ထို့ပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ထောက်ခံချက်မပါသည့် တရုတ်နိုင်ငံလုပ် စားသောက်ကုန်များဖြစ်သော အချိုရည်၊ ခေါက်ဆွဲခြောက်၊ ပေါင်မုန့်လုပ်ကုန်ကြမ်းပစ္စည်း၊ ဆီးသီးခြောက်၊ စပျစ်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ချိုချဉ်များ၊ ကျောက်ပွင့်များနှင့် ခြင်ဆေး၊ ဘီယာ၊ အေးခဲအသားများကိုလည်း သက်ဆိုင်ရာမှ မီးရှို့ဖျက်ဆီးခဲ့သည့် သတင်းတို့ကိုလည်း ကြားရပြန်ပါသည်။

အရေးအကြီးဆုံးကတော့ ကလေးသူငယ်တွေ စားသောက်တဲ့ အစားအစာတွေပါပဲ။ ကလေးတွေကတော့ ဘာမျှသိကြမှာမဟုတ်တော့ သူတို့ကတော့ တွေ့ရင်ဝယ်စားကြမှာပဲ။ အချို့ ပြည်ပကဝင်လာတဲ့မုန့်တွေထဲမှာ ဆိုးဆေးပါတဲ့အစားအစာတွေ၊ အစပ်ချောင်းလို မုန့်တွေ၊ ဈေးပေါတဲ့ ဂျယ်လီဘူးတွေ၊ အချိုရည်ဘူးတွေ၊ ဆီမသန့်တာနဲ့လုပ်ထားတဲ့ မုန့်မျိုးစုံတွေ ကျောင်းမုန့်ဈေးတန်းထဲမရောက်ဖို့ ဆရာ၊ ဆရာမတွေက တားမြစ်ရပါမယ်။

လမ်းဘေးက အကင်မျိုးစုံဆိုသည့် အထဲတွင် အဝါရောင်ကြက်ကြော်၊ ကြက်ကင်များ၊ အချဉ်ရည် ရဲလွန်းအားကြီးသော တုတ်ထိုးအစားအစာ၊ ကွမ်းယာ၊ ဆေးလိပ်၊ အရက်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံမှာ အတုတွေ အလွန်များလာပါလားဟု တွေးမိရင်းမှပင် ပါမောက္ခချုပ်ဆရာတော်၏ တရားစာသားတွေက ကျွန်တော့်နားထဲသို့ ရောက်ပြန်ပါသည်။

(၃)

“နည်းမျိုးစုံနဲ့ ညစ်ပတ်တဲ့စိတ်နဲ့ စီးပွားရှာကြသူတွေ မြန်မာပြည်မှာဆိုလို့ရှိရင် အခုမကြားချင်အဆုံးတွေ အများကြီးပဲ။ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဖြစ်သည့် အားလျော်စွာ ကောင်းရောင်းကောင်းဝယ်မှာ မှန်မှန်ကန်ကန် လုပ်သင့်တာပေါ့။ မှန်မှန်ကန်ကန်မလုပ်ဘဲ မိမိစားဝတ်နေရေးပြည့်စုံရင် ပြီးရော၊ စားသုံးတဲ့ပုဂ္ဂိုလ်တွေ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်မျိုးဟာ အတော်ကြောက်စရာကောင်းတဲ့ စိတ်မျိုးပဲ။ အဲဒီစိတ်ဓာတ်မျိုးနဲ့ လုပ်နေကြတာ များကုန်ပြီပေါ့။ ရိုးရိုးသားသားလုပ်စားလို့ ထမင်းမဝဘူး။ ဒီလိုလုပ်မှဆိုပြီး အတုနဲ့ အစစ်ရောလိုရော၊ ကြားရသမျှ ကြောက်စရာ လန့်စရာအနေအထားမျိုးတွေပါပဲ”

“ငါးပိထုတ်လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ဓာတ်မြေသြဇာတွေနဲ့ ရောတယ်ဆိုတော့ စားတဲ့သူတွေ ဘာဖြစ်မလဲ စဉ်းစားဖို့ကောင်းတယ်။ သူတစ်ပါးအကျိုး ပျက်ပြားနိုင်တဲ့ အလုပ်မျိုးနဲ့တော့ အသက်မမွေးသင့်ဘူး။ မိမိစီးပွားမဖြစ်ချင်နေပါစေ၊ သူများဒုက္ခရောက်အောင်တော့ မလုပ်သင့်ပါဘူး။ မွန်မြတ်တဲ့စိတ်နဲ့ စီးပွားရှာသင့်ပါတယ်”

“ဘုန်းကြီးတွေဝတ်တဲ့ သင်္ကန်းတောင်မှပဲ ဓာတုဗေဒဆေးတွေနဲ့ ကြာကြာဝတ်တဲ့ပုဂ္ဂိုလ် အရေပြားရောဂါဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုရင် သင်္ကန်းတွေကိုဆိုးတဲ့ ချည်ဆိုးတဲ့ဆေးတွေဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဆေးတွေ ပါလာလို့ပါ”

“ဆီကို မသင့်တာတွေနဲ့ ရောတယ်။ နောက်ဆုံး ငှက်ပျောသီး၊ ဖရဲသီးကအစ ဆေးထိုး၊ ဆေးစိမ်တဲ့ မြန်မာပြည်မှာ အစာအာဟာရတွေနဲ့ ပတ်သက်ပြီးတော့ စားဝံ့တဲ့အနေအထားမျိုးတောင် မရှိတော့ဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ စာရင်းဇယားပြုပြီးတော့ သေသေချာချာ ကြည့်မယ်ဆိုရင် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့ဟာ ပိုပိုပြီးတော့ များလာတယ်။ အဲဒါ အစားအသောက်တွေကြောင့်ပဲ ဖြစ်တာ”

“ပိုးသတ်ဆေးတွေ အလွန်အကံျွသုံး၊ ဓာတုဗေဒဆေးတွေ၊ ဓာတ်မြေသြဇာတွေ အလွန်အကျွံသုံးပြီး စိုက်ပျိုးထားတဲ့သီးနှံတွေကို စားကြတဲ့ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့မဆုံးနိုင်အောင် ရောဂါတွေဖြစ်လာကြမှာပဲ။ အဲဒါတွေဟာ အကုသိုလ်ကံကြောင့်ချည်း မဟုတ်ဘူး။ လူတွေကြောင့် ရောဂါဝေဒနာဖြစ်လာတာ” “တစ်နေ့ထက်တစ်နေ့ ဆိုးရွားလှတဲ့ ကျွန်တော်တို့ လူမှုဝန်းကျင်ထဲက အသံတိတ် လူသတ်သမားတွေကြောင့် ရောဂါရသူတွေ ပိုများလာတယ်ဆိုတာကို ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေပြုံနေတာကြည့်ရင် သိနိုင်ပါသည်။

အင်မတန်ကြောက်စရာ ကောင်းပါသည်။ လေထုထဲမှာ မသန့်ရှင်းတဲ့အနံ့မျိုးစုံကို နေ့စဉ်ရှူနေရသည်။ မသန့်ရှင်းတဲ့ရေတွေ သောက်နေရသည်။ ကျွန်တော်တို့ခန္ဓာကိုယ်ကို ရောဂါဖြစ်စေနိုင်သည့်အရာများ ကျွန်တော်တို့နားမှာ ဝန်းရံကြသည်ကိုတွေးရင်း ဆရာတော်စကားကြားရပြန်ပါသည်။

“သဘာဝပတ်ဝန်းကျင်ကို လူတွေဖျက်ဆီးခဲ့တယ်။ ခု ဒီသဘာဝပတ်ဝန်းကျင်တွေ ပျက်စီးတော့ ဘယ်သူ့ကို ပြန်ထိခိုက်လဲ။ လူတွေပဲ ပြန်ထိခိုက်တာလေ။ ဒီတော့ ခုချိန်ကစပြီး ဒီသဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းစောင့်ရှောက်သင့်သလို လူသားတွေရဲ့ ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ သင့်တယ်။ နာရေးကူညီမှုအသင်းတွေ ပေါ်လာတယ်ဆိုတာ မကျန်းမာတဲ့သူတွေ များလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်နေတယ်။ နာရေးကူညီမှုအသင်းထက် ကျန်းမာရေးကို ကူညီတဲ့အသင်းက ပိုပြီးအရေးကြီးတယ်။ သေသွားမှ ဘာမှမထူးဘူး။ မသေအောင် ကူညီဖို့လိုတယ်”

“မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ အစာအာဟာရထုတ်လုပ်မှုနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီးပွားရှာကြတဲ့ ပုဂ္ဂိုလ်တွေဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွားဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင် မလုပ်သင့်ဘူး။ ဘာဖြစ်လို့ မလုပ်သင့်လဲ။ တစ်ဖက်သား နစ်နာမယ့်အလုပ်ဖြစ်လို့ပဲ။ အဘယဒါန ဇီဝိတဒါနအလှူတော်ကြီးကို ပေးကြဖို့လိုပါတယ်။ မိမိတစ်ဦးတည်း စီးပွားရေးလမ်းဖြောင့်ဖို့အတွက် တစ်ဖက်သားဒုက္ခရောက်မယ့် အလုပ်မျိုးကို မလုပ်သင့်ပါဘူး” ဟု ဟောကြားခဲ့သော ပါမောက္ခချုပ် ဆရာတော်၏တရားကို နာယူရင်းမှ ကျွန်တော့်စိတ်ထဲတွင် ယနေ့နိုင်ငံတွင် ကျွန်တော်တို့ပြည်သူများ ကြုံတွေ့နေရသော ဘေးဒုက္ခ အမျိုးမျိုးဖြစ်သော လူအတုဘေး၊ မသန့်ရှင်းသော အာဟာရအတု၊ ရောဂါဖြစ်စေသော ဆေးဝါးအတုဘေးတို့အပြင် နိုင်ငံအတွင်း ကျရောက်နေသော H1 N1 တုပ်ကွေးရောဂါဘေး အမျိုးမျိုးတို့မှလည်း အားလုံးကင်းဝေး လွတ်မြောက်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတော့သည်။

စာကိုး

■ ပါမောက္ခချုပ် ဆရာတော် အရှင်နန္ဒမာလာဘိဝံသ၏ သမုဒ္ဒရာဝမ်းတစ်ထွာတရားကို မှီးပါသည်။

Writer - လင်းသက်ခိုင်

Most Read

Most Recent