တစ်ကျော့ပြန် အမေရိကန်ဆန်ရှင်တွေက မြန်မာနိုင်ငံကို အဆိုးဆုံးနစ်နာစေသလား

တစ်ကျော့ပြန် အမေရိကန်ဆန်ရှင်တွေက မြန်မာနိုင်ငံကို အဆိုးဆုံးနစ်နာစေသလား
Published 6 November 2017

ARSA အကြမ်းဖက်ဘင်္ဂါလီများ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်များအတွက် ပူဆွေးဝမ်းနည်းနေသည့် ကျန်ရစ်သူဟိန္ဒိူမိသားစုဝင်များအား တွေ့ရစဉ်

အစွန်းရောက်ဘင်္ဂါလီ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေက ဘင်္ဂါလီတွေကို လူမျိုးရေး၊ ဘာသာရေးအရ ဖိနှိပ်နေပါတယ်ဆိုတဲ့ ပုံစံနဲ့ ဘင်္ဂါလီ ဘာသာရေးခေါင်းဆောင်တွေ ခိုင်းစေမှုအောက် အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးမှုနောက်ကွယ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို နိုင်ငံတကာက မျက်ကွယ်ပြုသွားပြီး ဒုက္ခသည်အရေးအဖြစ် အသွင်ပြောင်းမှုနောက်ကွယ်မှာ မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံက တစ်ကျော့ပြန် စီးပွားရေး ပိတ်ဆို့အရေးယူဖို့အထိ ဖြစ်လာခဲ့ပါပြီ။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုဖြေလျှော့အပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ အမေရိကန်က ကုန်သွယ်ရေးအထူးခံစားခွင့် GSP Scheme ကို တစ်ဖန် ပြန်လည်ပေးအပ်ခဲ့ပေမယ့် လက်ရှိ အချိန်အထိ အဆင့်မမီ မြန်မာပို့ကုန်တွေကြောင့် ကုန်သွယ်ရေးအထူးခံစားခွင့်ကို မြန်မာနိုင်ငံက မည်မည်ရရ ခံစားခွင့် မရှိသေးပါဘူး။ ဒီလိုရထားတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တောင် ခံစားခွင့်ရဖို့ မြန်မာနိုင်ငံဘက်က ကြိုးပမ်းနေဆဲအဆင့်မှာ အမေရိကန်စီးပွားရေးပိတ်ဆို့မှု တကျော့ပြန်ဝင်လာတာက မြန်မာနိုင်ငံအတွက်တော့ နစ်နာပါတယ်။

အမေရိကန်ဆန်ရှင်ဆိုတဲ့ အချိန်တိုင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုဖြစ်စေချင်တာက အမေရိကန်ကလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူ့ အခွင့်အရေး တက်ကြွသူတွေဖြစ်ပြီးတော့ မြန်မာနိုင်ငံကို စီးပွားရေးမပိတ်ဆို့စေချင်တာ၊ ပိတ်ဆို့ထားတာတွေ ဖယ်ရှားစေချင် တာက အမေရိကန်ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ။

အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ အိုဘားမားကြောင့် အမေရိကန်ဆန်ရှင်က မြန်မာနိုင်ငံစီးပွားရေးပိတ်ဆို့မှု လွတ်မြောက်လာခဲ့ပေမယ့် အဲဒီအချိန်မှာကို မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိဖို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြသလို အမေရိကန် ကုန်သည်ကြီးများအသင်းကလည်း မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့ ဝိရောဓိတွေကို မြင်ခဲ့ရပါတယ်။

ဒီနေရာမှာ တစ်ကျော့ပြန် အမေရိကန် စီးပွားရေးပိတ်ဆို့မှုက မြန်မာနိုင်ငံချည်းပဲနစ် နာစေမလားလို့မေးရင် မြန်မာနိုင်ငံချည်းပဲ နစ်နာမှာတော့မဟုတ်ဘဲ အမေရိကန်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာနိုင်ငံဆီကနေ ပိုမိုတင်သွင်းလာတဲ့သွင်းကုန်နဲ့ ပို့ကုန်အခြေအနေတွေ ဒါတွေအားလုံးကို ရပ်ဆိုင်းလိုက်ရမှာဖြစ်တာကြောင့် အမေရိကန်နိုင်ငံဘက်မှာလည်း နစ်နာမှုတွေ ရှိနေမှာပါ။ အမေရိကန်နိုင်ငံလည်း နစ်နာ၊ မြန်မာနိုင်ငံလည်း နစ်နာနေတဲ့ကြားမှာ ရွေးချယ်စရာမရှိတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်က အီရတ်ကို ကျုးကျော်ပြီး တိုက်ခိုက်သလိုမျိုးအထိ အခြေအနေဆိုးမသွားအောင် အစဉ်အလာ အားထားရာ တရုတ်နိုင်ငံနဲ့ပဲ ပိုနီးကပ်သွားပြီး တရုတ်နိုင်ငံကိုပဲ မဟာဗျုဟာမြောက် အကျိုးဖြစ်ထွန်းသွားစေမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) မှာ ဆိုရင် မြန်မာနိုင်ငံသား ဝန်ထမ်း ၆၀၀၀ ကျော် ခန့်ထားပြီး ကုမ္ပဏီပေါင်း ၁၆၀ လောက်နဲ့ ဖွဲ့စည်းထားပြီး AMCHAM Myanmar က ပြုလုပ်တဲ့ Asean Business Outlook Survery အရ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန်ကုမ္ပဏီ ၂၆ ရာခိုင်နှုန်းက ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မယ်ဆိုတဲ့ ပြင်ဆင်ထားမှုတွေလည်း ပျက်သုဉ်းရတော့မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေက တကယ့်ကို အကျပ်အတည်းပြန်ဆိုက်သွားတဲ့ အနေအထားမျိုးပါ။ ကျွန်တော်တို့က Normalization လို့ခေါ်တဲ့ ပုံမှန်အခြေအနေကို ပြန်ပြောင်းမယ်လုပ်တာမှာ ကျွန်တော်တို့က နောက်ပြန်ဆုတ်ရမယ့်ကာလ ဖြစ်နေတယ်။ ရှေ့မှာမြင်နေရတဲ့အနေအထားမျိုးတွေက ပိတ်ဆို့မှုတို့ ဒဏ်ခတ်မှုတို့ ပြန်လာတော့မယ့်အနေအထား အသံတွေ ထွက်နေတယ်။ ပြောရမယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချဖို့ မဲခွဲဖို့တော့ မရှိလောက်ဘူး။ ခွဲမယ်ဆိုလည်း တရုတ်တို့ ရုရှားတို့က ဗီတိုလုပ်ပြီးတော့ ကျွန်တော်တို့ကို ကာပေးနိုင်တော့ ခွဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အုပ်စုတစ်ခုချင်းဖြစ်တဲ့ အမေရိကန်တို့ အီးယူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ပြန်လာဖို့ ဖြစ်နေတယ်။ ဒီအခြေအနေတွေက မကောင်းဘူး။ နောက်တစ်ခုက နိုင်ငံတကာမှာ သူတို့ရဲ့ Argenda နဲ့ Narrative လို့ ခေါ်တဲ့ သူတို့ရဲ့ အမြင်တွေရှိတယ်။ သမ္မတအိုဘားမား လက်ထက်တုန်းက မြန်မာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲကို သူတို့ရဲ့ အောင်မြင်မှုအနေနဲ့ ထုတ်ထုတ်ပြီးတော့ ကြွားတယ်။ သမ္မတထရန့် တက်လာတယ်။ အဲဒီလို ထုတ်မကြွားတော့ဘူး။ အဲဒီလို Argenda မရှိတော့ဘူး။ ထရန့်လက်ထက်မှာ ဖြစ်နေတာက မြောက်ကိုရီးယားက ပိုပြီးတော့ အရေးပါနေတယ်။ မြန်မာနိုင်ငံကိစ္စက Democratization မဟုတ်တော့ဘဲ မြောက်ကိုရီးယားနဲ့ အဆက်အဆံဖြတ်ပါဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့အတွက် Narrative က ပြောင်းသွားပြီ။ အဲဒီလို ပြောင်းသွားတာတော့ ကျွန်တော်တို့အတွက် ကောင်းတဲ့အလားအလာလို့ မမြင်ဘူး။ ဒါတွေက ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ ရုန်းကန်ရမယ့် အနေအထားရှိတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ထပ်ပြောချင်တာက အရင်တစ်ချိန်တုန်းက ပြည်ပမှာ ကျွန်တော်တို့ လှုပ်ရှားမှုတွေရှိခဲ့ကြတယ်။ အထူးသဖြင့် ပြည်ပရောက်နေတဲ့  NCGUB ရှိတယ်။ ဦးပီတာလင်းပင်တို့ဆိုရင် နိုင်ငံခြားရေးဝန်ကြီး ပထမ တာဝန်ယူခဲ့တယ်။ ဒေါက်တာသောင်းထွန်းတို့ ရှိတယ်။ NCUB ကိုအောင်မိုးဇော်တို့လည်း လုပ်ကြတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ကုလသမဂ္ဂအထွေထွေညီလာခံဖြစ်တိုင်း ကျွန်တော်တို့ဆီက လော်ဘီကြီးငယ် လွှတ်ကြပါတယ်။ လွှတ်ကြရင် သွားတယ်။ အဲဒီအချိန်မှာ ရိုဟင်ဂျာအုပ်စုတွေလည်း လာတာပဲ။ လာပေမယ့် ကျွန်တော်တို့က အားကောင်းတော့ သူတို့ကို ဖယ်ထားလို့ရတယ်။ ဖယ်ထားတယ်ဆိုတာက ခင်ဗျားတို့ဟာ မတင်နဲ့ဦး အရေးသိပ်မပါသေးဘူး ဆိုတာမျိုးနဲ့။ အဲဒီလိုနဲ့ သူတို့နေခဲ့ရတယ်။ ဒီကိစ္စတော်တော်များများမှာ NCGUB, NCUB တို့က အရေးပါခဲ့တယ်။ အဲဒီလိုပါလာရာကနေ အပြောင်းအလဲဖြစ်လာချိန်မှာ အပြင်မှာလုပ်တဲ့ NCUB လည်း မရှိတော့ဘူး။ NCGUB လည်း မရှိတော့ဘဲ လေဟာနယ်ကြီးဖြစ်လာတယ်။ အဲဒီလိုဖြစ်သွားတော့ ရိုဟင်ဂျာ လော်ဘီအုပ်စုတွေ တက်လာတယ်။ ဒါကသဘာဝပဲ။ နောက်တစ်ခုက ကျွန်တော် ဒေါက်တာသောင်းထွန်းနဲ့ ပြောဖြစ်တော့ ဝမ်းနည်းစရာတွေ ပြောဖြစ်တယ်။ သူပြောတာက လက်ရှိဒေါ်အောင်ဆန်းစုကြည် အစိုးရက International Grass Suit Movements တွေကို နားမလည်ဘူးတဲ့။ ဒါလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်တာ လုပ်သင့်တာ ကျွန်တော်တို့ မြင်တာက နိုင်ငံတကာမှာ တစ်ချိန်က လုပ်ခဲ့ကြတဲ့ အောက်ခြေလှုပ်ရှားမှုကြီးက တော်တော်ကြီးပါတယ်။ ဥပမာအနေနဲ့ပြောရရင် ဘော်စတွန်မြို့တော်ကောင်စီကိုသွားပြီး ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရရှိတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံနဲ့သွားပြီးတော့ စီးပွားရေးမလုပ်ပါနဲ့ဆိုတော့ ဘော်စတွန်က သူတို့ စီးပွားရေးအချက်အလက်တွေ ပြန်ကြည့်တော့ မြန်မာပြည်နဲ့ ကုန်သွယ်တာ ဘာမှ မရှိသလောက်ပဲ။ အဲဒီတော့ မြန်မာပြည်နဲ့ ကုန်သွယ်မှုမလုပ်ပါဘူး ဆုံးဖြတ်ချက်ချပေးလိုက်တယ်။ တကယ်လည်း ကုန်သွယ်မှုက မရှိဘူးကိုး။ အဲဒီလိုလုပ်တော့ တစ်မြို့ပြီးတစ်မြို့တိုးလာတယ်။ နောက်ပိတ်ဆုံးကျ ကုမ္ပဏီကြီးတွေပါ လိုက်နာလာရတယ်။ ဒီလို နိုင်ငံတကာ ဖိအားကို ကျွန်တော်တို့ တိုင်းပြည်အပြောင်းအလဲဖြစ်ချိန်မှာ ဆွေးနွေးခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကိုပြန်ပြီးတော့ လှည့်ပြောင်းသင့်တယ်။ ဆိုလိုတာက နိုင်ငံတကာမှာအရင်တုန်းက Campaign လုပ်ခဲ့တဲ့အင်အားစုတွေ ပြန်ဖိတ်ခေါ်လိုက်။ ပြန်ဖိတ်ခေါ်ပြီးတော့ တို့တော့ ဒီမိုကရေစီ တည်ဆောက်နေပြီ ဝိုင်းကူညီကြဆိုပြီးတော့ သူတို့ Directions ကို ပြန်လှည့်ပေးဖို့ လိုတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခရီးစဉ်တွေမှာ Campaign လုပ်ခဲ့သူတွေနဲ့ ပြန်တွေ့ဖို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ မတွေ့ဖြစ်ခဲ့ဘူး။ မတွေ့ဖြစ်တော့ Social Capital လို့ခေါ်တဲ့ လူမှုအရင်းအ မြစ်တွေက အဟောသိကံဖြစ်သွားတယ်။ ဆုံးရှုံးသွားတယ်။ အဲဒီအပြင် ပိုပြီးဆိုးတာက အခု ရိုဟင်ဂျာအရေးလည်းဖြစ်လာတော့ ရန်သူတွေပါ ပြန်ဖြစ်ကုန်ကြတယ်” လို့ နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းက နိုင်ငံတကာနှင့် မြန်မာ့အရေးဆွေးနွေးပွဲမှာ သုံးသပ်ပြောကြားပါတယ်။

 

■ တစ်ကျော့ပြန် အမေရိကန်ဆန်ရှင်

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို တက်ရောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်  အာရှခရီးစဉ်ကိုထွက်ခွာသွားချိန်မှာ မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့ အရေးယူဖို့ တင်းမာတဲ့ အဆိုပြုချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်က ရီပက်ဘလီကင်နဲ့ ဒီမိုကရက်အမတ်တွေက မြန်မာတပ်မတော်ကို ကူညီမှုတွေ ဒါမှမဟုတ် မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖြတ်တောက်ဖို့နဲ့ အမေရိကန်ဗီဇာ  ပိတ်ပင်မယ့် ဒါမှမဟုတ် ပြန်လည်ပိတ်ပင်မယ့် အကြီးတန်းစစ်အရာရှိတွေကို အိမ်ဖြူတော်က သတ်မှတ်ဖို့ ဥပဒေကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့များ ကော်မတီဥက္ကဋ္ဌ ဂျွန်မက်ကိန်းအပါအဝင် အထက်လွှတ်တော်က ပါတီနှစ်ရပ်စလုံးပါဝင်တဲ့ အဖွဲ့ကလည်း နိုဝင်ဘာ ၄ ရက်မှာ  ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့ပြီး အဲဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို ပြန်လည် ပိတ်ပင်မှုအပါအဝင် မြန်မာနိုင်ငံအပေါ် တင်သွင်းမှုနဲ့ ကုန်သွယ်မှု ကန့်သတ်ထိန်းချုပ်မှုတွေကို  ပြန်လည်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

“ကျွန်တော်တို့ရဲ့ ဥပဒေကြမ်းက မြန်မာနိုင်ငံမှာ အပြစ်မဲ့တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်မှုနဲ့ နေရာရွှေ့ပြောင်းစေမှုအတွက် တာဝန်ရှိတဲ့ အကြီးတန်း စစ်အရာရှိတွေကို တာဝန်ခံစေမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ရပ်တည်ပေးမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်” လို့ မက်ကိန်းက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်က အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေက  မြန်မာနိုင်ငံကျူးကျော်ခံရတဲ့ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို အစေ့အငုံလေ့လာဖို့ ပျက်ကွက်ခဲ့ပါတယ်။ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုကြောင့် ခမီ၊ မြို၊ သက်၊ ဒိုင်းနက်နဲ့ ဟိန္ဒူ ဘာသာဝင်တိုင်းရင်းသားတွေအပြင် အစိုးရနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းလုပ်ဆောင်တဲ့ ဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ARSA အကြမ်းဖက်ဘင်္ဂါလီတွေက လည်လှီးသတ်ဖြတ်တာကိုလည်း လေ့လာဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီတေ ွအစုလိုက်အပြုံ လိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာနေတာက ဘင်္ဂါလီဘာသာရေးခေါင်းဆောင်တွေက သွေးထိုးပြီး မြန်မာနိုင်ငံက ဖိနှိပ်လို့ ထွက်ပြေးရတဲ့ပုံစံဖြစ်အောင် လုပ်နေတယ်ဆိုတာကိုလည်း သိရှိအောင်ကြိုးပမ်းဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးလုပ်နေတဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်နေတာတွေ၊ နိုင်ငံသားအဖြစ် ပြန်လည်လက်ခံဖို့ လုပ်ဆောင်နေတာတွေ၊ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ အစိုးရနဲ့ နှစ်နိုင်ငံသဘောတူညီချက် ရယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရောက်နေတဲ့ ဘင်္ဂါလီတွေကို စနစ်တကျပြန်လည်လက်ခံဖို့ လုပ်ဆောင်နေတာတွေနဲ့ ပဋိပက္ခဖြစ်ပွားတဲ့နေရာ မောင်တောဒေသမှာ ကညင်ချောင်း ကုန်သွယ်ရေးဇုန်တည်ထောင်ပြီး လူမှုစီးပွားဘ၀ တိုးတက်မှု လုပ်ဆောင်နေတာတွေကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ARSA အကြမ်း ဖက်ဘင်္ဂါလီတွေက လက်ရှိမှာ ဆက်လက် တိုက်ခိုက် သတ်ဖြတ်နေတာတွေကိုလည်း မသိကျိုးကျွန်ပြုခဲ့ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ဖို့နဲ့ အကြမ်းဖက်မှုတွေကို အားပေးဖို့ကြိုးပမ်းမှုပုံစံ တစ်ကျော့ပြန်စီးပွားရေး ပိတ်ဆို့မှု လုပ်ဆောင်ဖို့ကိုပဲ အားပြုနေတာ မြင်နေရပါတယ်။

 

၂၀၁၆  နိုဝင်ဘာ 13 GSP ရပြီး အမေရိကန်-မြန်မာ ကုန်သွယ်မှုအခြေအနေ

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ အမေရိကန်က ကုန်သွယ်ရေးအထူးခံစားခွင့်  GSP Scheme ကို တစ်ဖန်ပြန်လည်ပေးအပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အဆင့်မမီ မြန်မာပို့ကုန်တွေကြောင့် ကုန်သွယ်ရေးအထူးခံစားခွင့်ကို မြန်မာနိုင်ငံက မည်မည်ရရ ခံစားခွင့်မရှိသေးပါဘူး။ ဒီလို ကုန်သွယ်ရေး အထူးခံစားခွင့်ပြန်လည်ရရှိခဲ့ပေမယ့် အကျိုးမခံစားရဖြစ်နေတာတွေနဲ့ လက်ရှိအခြေအနေအထိ အမေရိကန်-မြန်မာကုန်သွယ်မှုတွေကိုကြည့်မယ်ဆိုရင် ၁၉၉၂ ခုနှစ်မှာ မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံက တင်ပို့မှုက ၄ ဒသမ ၃ သန်းရှိပြီး အမေရိကန်နိုင်ငံကို မြန်မာ့သွင်းကုန်က ၃၈ ဒသမ ၅ သန်း ရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာဆိုရင် အမေရိကန်ရဲ့ သွင်းကုန်တင်ပို့မှုက ၁၁ ဒသမ ၈ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၄၆ ဒသမ ၃ သန်း၊ ၁၉၉၄ ခုနှစ်မှာဆိုရင် သွင်းကုန် ၁၁ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၆၇ ဒသမ ၂ သန်း၊ ၁၉၉၅ ခုနှစ်မှာဆိုရင် သွင်းကုန် ၁၆ ဒသမ ၂ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၈၁  ဒသမ ၁ သန်း၊ ၁၉၉၆ ခုနှစ်မှာဆိုရင် သွင်းကုန် ၃၂ ဒသမ  ၁ သန်း ရှိပြီး မြန်မာ့ပို့ကုန်က ၁၀၈ ဒသမ ၁ သန်း၊ ၁၉၉၇ ခုနှစ်မှာဆိုရင် သွင်းကုန် ၁၉ ဒသမ ၈ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၁၁၄ ဒသမ ၉ သန်း၊ ၁၉၉၇ ခုနှစ်မှာဆိုရင် သွင်းကုန် ၁၉ ဒသမ ၈ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၁၁၄  ဒသမ ၉ သန်း၊ ၁၉၉၈ ခုနှစ်မှာဆိုရင် သွင်းကုန် ၃၂ ဒသမ ၁ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၁၆၃  ဒသမ ၈ သန်း၊ ၁၉၉၉ ခုနှစ်မှာဆိုရင် သွင်းကုန် ၈ ဒသမ ၆ သန်းရှိပြီး မြန်မာ့ပို့ကုန်က၂၃၂ ဒသမ  ၁ သန်း၊ ၂၀၀၀ ခုနှစ်မှာဆိုရင် သွင်းကုန် ၁၇ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၄၇၀  ဒသမ ၈ သန်း၊ ၂၀၀၁ ခုနှစ်မှာဆိုရင် သွင်းကုန် ၁၁ ဒသမ ၄ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၄၆၉ ဒသမ ၉ သန်း၊ ၂၀၀၂ ခုနှစ်မှာ ဆိုရင် သွင်းကုန် ၁၀ ဒသမ ၃ သန်းရှိပြီး မြန်မာ့ပို့ကုန်က ၃၅၆  ဒသမ ၄ သန်း၊ ၂၀၀၃ ခု နှစ်မှာဆိုရင် သွင်းကုန် ၆ ဒသမ ၉ မြန်မာ့ပို့ ကုန်က ၂၇၅ ဒသမ ၇ သန်းရှိခဲ့ပြီး ၂၀၀၄ ခု နှစ်ကနေ ၂၀၁၂ ခုနှစ် အထိ မြန်မာ့ပို့ကုန်ကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်မှု မရှိတော့ဘဲ အမေရိကန်က သွင်းကုန်တွေ မြန်မာနိုင်ငံ ဆီတင်သွင်းခဲ့ရာမှာလည်း ၂၀၁၀ ပြည့်နှစ် အထိ ဒေါ်လာ ၁၀ သန်းအောက်ပဲ ရှိနေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ၄၈ သန်းကျော်၊ ၂၀၁၂ ခုနှစ်မှာ ၆၅ သန်းကျော်နဲ့ ၂၀၁၃ ခု နှစ်မှာ ၁၄၅ သန်းကျော်ကိုပဲ အမေရိကန် နိုင်ငံက မြန်မာနိုင်ငံဆီ တင်သွင်းခဲ့ပြီး မြန်မာ့ပို့ကုန်ကတော့ သုညအခြေအနေဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာဆို မြန်မာ့ပို့ကုန်ကို အမေရိကန်နိုင်ငံဆီ သန်း ၃၀ ဖိုး တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ကတော့ ၁၄၅ သန်းကျော်ပါ။ ၂၀၁၄ ခုနှစ်မှာ မြန်မာ့ပို့ကုန်က ၉၂ ဒသမ ၉ သန်း ဖြစ်ပြီး သွင်းကုန်ကလည်း ၉၂ ဒသမ ၉ သန်းပါ။ ၂၀၁၅ ခုနှစ်မှာ မြန်မာ့ပို့ကုန်က ၁၄၃ ဒသမ ၈ သန်း ဖြစ်ပြီး သွင်းကုန် ၂၂၇ ဒသမ ၁ သန်းပါ။ ၂၀၁၆ ခုနှစ်မှာ မြန်မာ့ပို့ကုန်က ၂၄၄ ဒသမ ၇ သန်း ဖြစ်ပြီး သွင်းကုန် ၁၉၂ ဒသမ ၉ သန်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာအထိ မြန်မာ့ပို့ကုန်က ဒေါ်လာ ၂၆၀ ဒသမ ၁ သန်းနဲ့ အမေရိကန် သွင်းကုန်က ၁၆၁ ဒသမ ၃ သန်းရှိခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုအပြီး အမေရိကန် ကုန်သွယ်ရေး အထူးခံစားခွင့်ရရှိအပြီးမှာ မြန်မာ- အမေရိကန်ကုန်သွယ်မှု ပြန်လည်မြင့်တက်လာပေမယ့် မြန်မာနိုင်ငံက လက်ရှိအချိန်အထိ အမေရိကန် GSP Scheme က အကျိုးများစွာ ရနေတာ မရှိသေးပါဘူး။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက အမေရိကန်နိုင်ငံကို ပို့ကုန်အမယ် ၁၀၄ မျိုး ခန့်၊ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်တင်ပို့ခဲ့ရာမှာ GSP အကျုံးဝင်တဲ့  ကုန်စည်တန်ဖိုးက အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်းပဲရှိပြီး GSP အခွင့်အရေး ရရှိမယ်ဆို အကောက်ခွန်သက်သာခွင့်မှာ ၅ ဒသမ ၇ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ် ကုန်သွယ်မှုကဏ္ဍကို ပြန်လေ့လာမယ်ဆိုရင်လည်း စုစု ပေါင်း မြန်မာပို့ကုန်ထဲမှာ အမေရိကန် GSP ရရှိခံစားခွင့်ရတဲ့ ပို့ကုန်ဟာ ဒေါ်လာ ၁၇ သန်းကျော်သာရှိနေတာကလည်း မြန်မာ့ပို့ကုန် ရှားပါးမှုနဲ့ ပို့ကုန်သုံးဆမြှင့်တင်ရေး အိပ်မက်ကို ထိုးနှက်မှုတစ်ခု ဖြစ်နေပြန် တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီလို ဒေါ်လာ ၁၇ သန်းကျော် ရထားတဲ့ ကဏ္ဍကို ပြန်ကြည့်မယ်ဆိုရင်လည်း ခရီးဆောင်ပစ္စည်းတွေဖြစ်တဲ့ အိတ်၊ လက်ဆွဲ အိတ်လို အိတ်ဆောင်ပစ္စည်းငယ်တွေ၊ ပဲ အခြောက်၊ ပဲနီလေး၊ ပဲစိမ်း၊ ပျားရည်၊ တာ ရှည်ခံအောင်ပြုပြင်ထားတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ အလူမီနီယံပစ္စည်းတွေဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလို ဈေးကွက်ရှိပြီးသား ထုတ်ကုန်တွေ မြန်မာကနေ အမေရိကန်ကို စည်းမျဉ်းစည်းကမ်းနဲ့ အညီတိုးချဲ့တင်ပို့နိုင်ဖို့ အစိုးရအနေနဲ့ အထူးကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်နေချိန် မှာ အမေရိကန်စီးပွားရေးပိတ်ဆို့မှု တစ်ကျော့ပြန်ဝင်လာရင်လည်း မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ GSP Scheme ဟာ အလိုအလျောက် ရပ်ဆိုင်းသွားတော့မှာပဲ ဖြစ်ပါတယ်။

 

ရခိုင်အရေးမှာ အစိုးရလုပ်ဆောင်မှု နှေးကွေးသလား

တစ်ကမ္ဘာလုံးက မီဒီယာတွေက ရခိုင်အရေးနဲ့ပတ်သက်ပြီး ဖိအားပေးရေးသားနေချိန်မှာ အစိုးရဘက်က တုံ့ပြန်မှုတွေက နှေးကွေးခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံတကာက သတင်းမှားတွေကို ကန့်ကွက်နိုင်မှုမရှိသလို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းမှားတွေရေးသားနေတဲ့ နိုင်ငံတကာသတင်းဌာနတွေကို ဖြစ်စဉ်အမှန်နဲ့ ရှင်းလင်းကန့်ကွက်နိုင်စွမ်း မရှိတဲ့နောက်မှာ အမှားကြာ အမှန်ဖြစ်ခဲ့ပြီး အစိုးရနဲ့ တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတဲ့ အယူအဆအမှားများစွာ ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၂၅ ရက်က စတင်တဲ့ ARSA အစွန်းရောက်အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ တိုက်ခိုက်မှုကို စက်တင်ဘာ ၁၉ ရက်ကျမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ထွက်ပြီးတော့ ရှင်းလင်းပေမယ့် သတင်းအမှားတွေက ကမ္ဘာတစ်ပတ်ပတ်နေခဲ့ပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြောကြားမှု မိန့်ခွန်းကိုတောင် နားလည်လက်ခံကြမှုမရှိတော့ဘဲ အချိန်မစောင့်နိုင်တော့ဘဲ တပ်မတော်ကို ပိတ်ဆို့အရေးယူတာ၊ ချီးမြှင့်ထားတဲ့ ဘွဲ့တံဆိပ်တွေ ပြန်လည်ရုပ်သိမ်းတာအပြင် လက်ရှိမှာ စီးပွားရေးပိတ်ဆို့မှုအထိပါ အရှိန်မြှင့်လာခဲ့ပြီဖြစ်ပါတယ်။

“ရခိုင် အရေးပြဿနာနဲ့ပတ်သက်လို့ နိုင်ငံတကာမှာဖြစ်နေတာ ကျွန်တော်မြင်တာက တကယ့် Crisis ပါ။ ဘာဖြစ်လို့ အဲဒီလိုပြောရသလဲဆို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က နယူးယော့ခ်တိုင်းမ်သတင်းစာရဲ့ ရှေ့မျက်နှာဖုံးမှာ ဆောင်းပါးပါတယ်။ အဲဒီ ဆောင်းပါးမှာ ဘာပါသလဲဆိုတော့ ရိုဟင်ဂျာအမျိုးသမီးတစ်ယောက်က ပြောတယ်။ သူ့လက်ထဲက ကလေးကို ဆွဲယူပြီးတော့ မီးပုံထဲ ပစ်ထည့်လိုက်တယ်။ သူ့ကိုလည်း မုဒိမ်းကျင့်တယ်ဆိုတဲ့ သတင်းမျိုးကြီးက သတင်းစာ မျက်နှာဖုံးကြီးမှာပါလာတယ်။ ကျွန်တော်တို့ ပြည်ပမှာနေစဉ်တုန်းက သတင်းစာတွေမှာ ထူးခြားချက်ရှိတယ်။ ဝါရှင်တန်ပို့စ်သတင်းစာက ဝါရှင်တန်မှာ ထုတ်တယ်။ အမေရိကန်ဝါရှင်တန်မှာ အစိုးရရုံးစိုက်ပြီးတော့ ကွန်ဂရက်၊ ဆီးနိတ်၊ လွှတ်တော်ပေါင်းစုံက ဝါရှင်တန်ပို့စ်သတင်းစာ ဖတ်တယ်။ အဲ ဒီဝါရှင်တန်ပို့စ်မှာပါရင် လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အများကြီးသက်ရောက်တယ်။ နယူးယော့ခ်တိုင်းမ်သတင်းစာက နယူးယော့ခ်မှာ ထုတ်တယ်။ ကုလသမဂ္ဂအဖွဲ့အစည်းက အဲဒီမှာရှိတယ်။ နယူးယော့ခ်တိုင်းမ်သတင်းစာမှာ ပါတာတွေက အဲဒီလူတွေအပေါ် သက်ရောက်ပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ဟာတွေက ဒီမှာမိန့်ခွန်း ပြောလိုက်ရုံနဲ့ ဒီမှာ သတင်းထုတ်ပြန်ရေး ထုတ်လိုက်ရုံနဲ့ Paper ပေါ် တက်ရေးရုံနဲ့ မပြီးပါဘူး။ အရင်တစ်ချိန်တုန်းက လိုအပ်လို့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဦးစိုးသိန်းတို့ကိုယ်တိုင် နယူးယော့ခ်တိုင်းမ်၊ ဝါရှင်တန်ပို့စ် သတင်းစာတွေမှာ ဆောင်းပါးရေးရပါတယ်။ တစ်ခါတလေကျ လိုအပ်ရင် မှူးဇော်တို့လည်း ဆောင်းပါးရေးခဲ့ကြတယ်။ တစ်ခါတလေ လိုအပ်ရင် သူများရေးခိုင်းပြီးတော့ သူတို့နာမည်တင်တာပေါ့။ အဲဒီတော့ ကိုယ့်အာဘော်ကို တကယ်ပြောချင်ရင် အဲဒီသတင်းစာတွေမှာပါအောင် လုပ်ရပါတယ်။ အခုအချိန်မှာ အားမရတာက မြန်မာအစိုးရက ပေပြီးတော့ ခံသလိုဖြစ်နေတယ်။ အတိုင်ပင်ခံမိန့်ခွန်းမှာလည်း ပါတယ်။ ကျွန်မတို့က နှုတ်နဲ့မဖြေရှင်းဘဲ လက်တွေ့လုပ်ရပ်နဲ့ သက်သေပြသွားမယ်။ ကျွန်တော်မြင်တာက လက်တွေ့လုပ်ရပ်က ကြာလိမ့်မယ်။ ဒီလိုဖြေရှင်းတဲ့ဟာလည်း လိုလိမ့်မယ်။ အဲဒီအတွက်လည်း မဟာဗျုဟာလိုလိမ့်မယ်” လို့ ISP Myanmar ရဲ့ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

လက်ရှိ စတင်ဖို့ကြံလာတဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုတွေက မော်လ်ဒိုက်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်ပြီး စီးပွားရေး ဆက်ဆံမှုဖြတ်တောက်တာနဲ့ နောက်ဆက်တွဲ ဆင့်ကဲဖြစ်စဉ်တွေကို အလေးမထားခဲ့တဲ့ အကျိုးဆက်လို့ ပြောရမှာပါ။ အရင် စီးပွားရေး ပိတ်ဆို့မှုရှိနေစဉ်က ၂၀၁၆ ခုနှစ် မေ ၁၈  ရက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု သက်တမ်းတိုးတာက ကြီးမားတဲ့ပြဿနာမဟုတ်ဘဲ မြန်မာနိုင်ငံကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာမျိုးလို သာစည်မဲဆန္ဒနယ်က ဦးသန်းစိုးက အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံတော်အစိုးရက ကြိုးပမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို NLD ပါတီ ကိုယ်စားလှယ်တွေ များပြားတဲ့ ပြည်သူ့လွှတ်တော်ကို တင်သွင်းစဉ်မှာ ကန့်ကွက်မဲဆန္ဒပေါင်း ၂၁၉ မဲ အထိရှိခဲ့ပြီး အမေရိကန်ဆန်ရှင်က အရေးမပါဘူးလို့ တွေးဆလို့များ လက်ရှိ တစ်ကျော့ပြန် စီးပွားရေးပိတ်ဆို့မှုကို အလေးမထားသလား မသိရပေမယ့် ဒီတစ်ကြိမ် အမေရိကန် ဆန်ရှင်က ပထမအကြိမ်နဲ့ ပုံစံမတူတာကို သတိပြုမိဖို့ လိုပါတယ်။

ပထမအကြိမ် ဆန်ရှင်မှာ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေ မှီပြီးတော့ အကျိုးဖြစ်ထွန်းနေတဲ့ ခရိုနီတွေ၊ လက်နက်နဲ့ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်နေတဲ့သူတွေစတဲ့ ဆက်နွှယ်တဲ့လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်က မြန်မာ့အချုပ်အခြာအာဏာကို တည်ဆဲဥပဒေကနေ ကာကွယ်တဲ့ တပ်မတော်ကို ဦးတည်ပိတ်ဆို့တာပါ။

ပိတ်ဆို့ခံရတဲ့သူတွေရဲ့ အကျိုးခံစားခွင့် ကွာခြားပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ နစ်နာမှုကတော့ ထပ်တူပါပဲ။ တွင်းထွက်သယံဇာတတွေ ဈေးနှိမ်ခံရမယ်။ ဈေးနှိမ်ခံရခြင်း နောက်ဆက်တွဲအကျိုးဆက်မှာ မြန်မာလုပ်သားတွေ ထိုက်သင့်တဲ့လုပ်ခလစာ မရရှိမှုဖြစ်မယ်။ နိုင်ငံတကာနဲ့ ငွေကြေးစီးဆင်းမှု အခက်အခဲပြန်ဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေက ကုမ္ပဏီတွေကို  မြန်မာလုပ်ငန်းရှင်တွေက ကြားခံပြီးတော့ ကုန်သွယ်မှု ငွေအပေးအယူတွေ လုပ်ရမယ်ဆိုတဲ့ အခြေအနေဆိုးတွေကိုပဲ ပြန်ဖြစ်စေ နိုင်ပါတယ်။

“ဆန်ရှင်လုပ်တယ်ဆိုရင် အဓိက ထိခိုက်တာက ပြည်သူတွေပဲ။ အဓိကထိခိုက်တာက တိုင်းပြည်ပဲ။ သူတို့ဆန်ရှင်လုပ်တာကြောင့်တော့ တပ်မတော်အပေါ် ထိခိုက်မှု သိပ်မရှိနိုင်ဘူး” လို့ NLD ပါတီရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားပါတယ်။

■ အမေရိကန်စီးပွားရေးပိတ်ဆို့မှုက တရုတ်နိုင်ငံပဲ အကျိုးဖြစ်စေမလား

ဘင်္ဂါလီအရေးမှာ တကယ်ပဲ မြန်မာကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေသလားမေးမယ်ဆိုရင် မဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီအရေးကို နားမလည်တဲ့ အမေရိကန်၊ မြန်မာ နိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုသွားပြီး သူတို့အုပ်ချုပ်တဲ့ သမိုင်းမှာတောင် ရိုဟင်ဂျာဆိုတာ သုံးမသွားခဲ့ဘဲ လက်ရှိအချိန်ကျမှ လူ့အခွင့်အရေးကို နိုင်ငံရေးအသုံးချလိုစိတ်နဲ့ မြန်မာနိုင်ငံကို ထိုးချဖို့ ကြိုးပမ်းနေတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စလာမ္မစ်နိုင်ငံတွေဖြစ်ပြီးတော့ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ရုရှား စတဲ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခက်အခဲကို စာနာ နားလည်ပေးထားပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာ့အရေးမှာ ကမ္ဘာကချည်း မှားနေတယ်ဆိုတာထက် မြန်မာ့အရေးက အမှန်နဲ့အမှား ရောထွေးနေတာမို့ ဖြစ်စဉ်အမှန်တွေ အသေးစိတ်လေ့လာပြီးမှ စီးပွားရေးအရ ပိတ်ဆို့မှုတွေ ဆွေးနွေးသင့်တဲ့ အခြေအနေပါ။ လက်ရှိလုပ်ဆောင်မှုက တရုတ်နိုင်ငံကို အကျိုးဖြစ်ထွန်းစေတာ တစ်ခုကလွဲရင် မြန်မာ့ဒီမိုကရေစီရေးကို နောက်ပြန်လှည့်စေမယ့်ဆိုးကျိုးကလွဲရင် ဘယ်သူမှ အကျိုးမဖြစ်ထွန်းပါဘူး။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ မမှန်ကန်တဲ့ ချဉ်းကပ်မှုတွေကြောင့် ဒီနိုင်ငံတွေကို အားထားမျှော်လင့်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီအရေးဟာ စစ်အာဏာရှင်လက်ထက်ကလို တရုတ်၊ ရုရှားစတဲ့နိုင်ငံတွေနဲ့ပဲ ပြန်လည်နီးစပ်သွားပြီးတော့ တရုတ်နိုင်ငံရဲ့  OBOR အိပ်မက်၊ သမုဒ္ဒရာနှစ်စင်းအိပ်မက် စတဲ့ အိပ်မက်တွေအတွက် ဖြည့်ဆည်းပေးရမယ့်အခြေအနေ ပြန်ဖြစ်စေနိုင်ပါတယ်။

“ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံတွေနဲ့ မိတ်ဆွေဖြစ်လေလေ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်သွားလေပဲ။ အဲဒီလိုမဟုတ်ဘဲ ဒီမိုကရေမကျတဲ့ တရုတ်နဲ့ ပြန်ပေါင်းရမယ်။ ဒီမိုကရေစီ သိပ်မကျတဲ့ ရုရှားနဲ့ ပြန်ပေါင်းရမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ လမ်းကြောင်းက ဘယ်လိုပြန်ဖြစ်သွားမလဲ။ ဒါကိုလည်း ပြန်စဉ်းစားဖို့လိုတယ်။ အရင်စစ်အစိုးရတုန်းက ရုရှားတို့ တရုတ်တို့ မဟာမိတ်တွေရှိတယ်။ ဒေါ်အောင်ဆန်းစု ကြည်တက်လာချိန်ကျတော့ တပ်မတော်ကိုယ်တိုင်ကလည်း အားကိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေနဲ့ ပြန်ပြီးတော့ ချိတ်ဆက်ချင်လို့။ ဒီလိုဖြစ်လာချိန်ကျမှာ အရင်မဟာမိတ် ရုရှား၊ တရုတ်နဲ့ ပြန်သွားရမယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုဖြစ်လာမလဲ။ ဒီအခြေအနေတွေက ပြောမယ်ဆိုရင် ရင်လေးစရာကောင်းပါတယ်” လို့  ဦးအောင်သူငြိမ်းက ဆက်လက်သုံးသပ်ပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ အချက်ကျကျပြန်လည် ရှင်းလင်းပြနိုင်ဖို့ လိုအပ်သလို အမေရိကန်နိုင်ငံက အီရတ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက် စဉ်မှာ Weapons of Massive Destruction အစုလိုက်အပြုံလိုက်သေစေတဲ့ လက်နက်တွေ အမြောက်အမြားရှိတယ်ဆိုတဲ့ မမှန်တဲ့စွပ်စွဲချက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တကယ်လက်တွေ့မှာကျတော့ မရှိပေမယ့် အီရတ်နိုင်ငံဟာ စစ်တလင်းဖြစ်သွားခဲ့ပြီး လက်ရှိအချိန်အထိ ပျက်စီးနေတဲ့ နိုင်ငံဖြစ်သွားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကိုလည်း R2P ဝင်ဖို့ ဖိအားပေးနေတာနဲ့ လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အီရတ်နိုင်ငံလိုကြုံလာရင် ဘာတစ်ခုမှ တတ်နိုင်မှာ မဟုတ်တာကြောင့် မမှန်ကန်တဲ့ စွပ်စွဲချက်တွေကို မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဒေါက်တာအောင်ကို ကိုက သုံးသပ်ပါတယ်။

“မနေ့က အမေရိကန်က ဆိုမာလီယာမှာရှိတဲ့ IS စခန်းကို ဗုံးကြဲတယ်။ ဗုံးကြဲတော့ သူတို့ဘာလို့ကြဲရသလဲဆိုတော့ နယူးယော့ခ်မှာ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီးတော့ လက်တုံ့ပြန်တာလို့ ပြောတယ်။ အမေရိကန် သမ္မတဘာပြောလဲဆိုတော့ သူတို့ကို ထိခိုက်လာလေ ပိုပြီးခံရလေဆိုတာမျိုး သူတို့ ပိုတုံ့ပြန်မယ်ဆိုပြီး ပြောတယ်။ ဆိုလိုချင်တာက သူတို့ကျတော့ သူများနိုင်ငံထဲအထိတောင် ဝင်ပြီးတော့ ဗုံးကြဲတာ။ ကျွန်တော်တို့ နိုင်ငံကိုကျတော့ တစ်ဖက်သတ်ကြီး အင်အား အလွန်အကျွံသုံးတယ်၊ လူမျိုးသုဉ်းသတ်ဖြတ်တယ်လို့ သူတို့တစ်ဖက်သတ်ကြီးပြောနေတာမျိုး။ တစ်ဖက်စောင်းနင်းဆန်လွန်းတယ်။ ဟိုဘက်ကို ထွက်ပြေးသွားတဲ့သူတွေက သူ့နိုင်ငံသားမှန်း မသိ၊ ကိုယ့်နိုင်ငံသားမှန်းမသိ အားလုံးကို လက်ခံရမယ်ဆိုတာမျိုး ပြောတယ်။ အဲဒီလိုမှ လက်မခံရင် အရေးယူမယ်ဆိုတာမျိုး သိပ်ကို လွန်လွန်ကဲကဲပြောဆိုနေတာမျိုး တွေ့လာရတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ UNHCR တို့ကလည်း အဲဒီလိုပြောတယ်။ သူတို့မှာကျတော့ နယူးယော့ခ်တိုက်ခိုက်ခံရလို့ လူရှစ်ယောက်သေတာနဲ့ သူများနိုင်ငံထဲအထိသွားပြီး IS စခန်းကို တိုက်တယ်။ Standard တွေ လွဲနေတယ်။ သူကတော့ ပြောမှာပေါ့။ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ပိုင်ခွင့်အရ လုပ်တယ်ပြောမှာပေါ့။ ဒါဆိုရင် ဒီထဲမှာလည်း ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေက ခုခံကာကွယ်ပိုင်ခွင့်အရ လုပ်တာပဲလေ။ အဲဒါကိုကျတော့ ဘာလို့ လက်မခံနိုင်တာလဲ မေးစရာဖြစ်လာတယ်။ ကျွန်တော်တို့နိုင်ငံက တရုတ်နဲ့ အမေရိကန်ကြားမှာ နိုင်ငံရေးပြိုင်ပွဲလိုဖြစ်လာနေတယ်။ ဘာကြောင့်လဲဆိုတော့ OBOR ကအစ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးကျဆင်းမှု အဲဒါတွေကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့နိုင်ငံကို အသုံးချမယ်ဆို အသုံးမချသင့်ဘူး။ အီရတ်ကို အမေရိကန်က ဝင်တိုက်တော့ ဆက်ဒမ်ဟူစိန်ကိုဝင်တိုက်တော့ Weapons of Massive Destruction ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်တိုက် တယ်။ တကယ်တမ်းကျ လက်နက်တွေက မရှိဘူး။ ဒါပေမဲ့ အီရတ်နိုင်ငံကြီးကျ ပျက်စီးသွားတယ်။ အခုထိ နာလန်မထူတော့ဘဲ စစ်မြေပြင်ကြီးဖြစ်ပြီး ပျက်စီးသွားတယ်။ မတည်မငြိမ်နဲ့ ကျန်နေခဲ့တယ်။ အခု ကျွန်တော်တို့ကိုလည်း လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုပြီးတော့ R2P တွေဘာတွေ ဝင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံ မဟုတ်မတရား အပြောဆိုခံရပြီးတော့ အီရတ်နိုင်ငံလိုဖြစ်သွားမယ်။ အဲဒီဟာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူတို့ပြောချင်တာ ပြောပါစေဆိုပြီး ငြိမ်ခံမနေဘဲ ရှင်းလင်းသင့်တယ်။ အီရတ်လို ဖြစ်သွားပြီးမှ ကျွန်တော်တို့ ဘာမှတည်ဆောက်လို့ မရတော့ဘူး။ တချို့ဟာတွေကို သူတို့ ပြောရင် ကိုယ်ဘက်က ပြန်ပြောနိုင်ရမယ်။ အမေရိကန်က ဆိုမာလီယာကို ဝင်တိုက်တယ်။ ဒီဘက်မှာ ရဲကင်းစခန်း ၃၀ ဝင်တိုက်ခံရတာကျတော့ ရေငုံနှုတ်ပိတ်နေတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက ပါသွားတဲ့လက်နက်တွေ ပြန်မရသေးဘူး။ အဲဒါတွေကို မသိဟန်ဆောင်နေတယ်။ သူ့ဘာသာထွက်သွားတဲ့ ဘင်္ဂါလီတွေကိုလည်း ဒီဘက်က ဖိနှိပ်လို့ ထွက်သွားတယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတယ်။ နယ်စပ်ခြံစည်းရိုးဆိုတာ အမေရိကန်မှာလည်း မက္ကဆီကို နယ်စပ်ခြံစည်းရိုးဆိုပြီး ကာနေတာပဲ” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။

လက်ရှိ ရခိုင်အရေးကြောင့် မြန်မာ နိုင်ငံအနေနဲ့ ရွေးချယ်စရာအခွင့်အလမ်းမရှိတော့ဘဲ အိမ်နီးချင်းလည်းဖြစ်တဲ့၊ ကုန်သွယ်ဖက်လည်းဖြစ်တဲ့၊ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူလည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ပဲ ပိုမိုနီးကပ်သွားမယ်လို့ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြီးတော့ လက်ရှိ ဖိအားပေးမှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကို မြန်မာနိုင်ငံအနေနဲ့ တညီတညွတ်ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်လို့ NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားပါတယ်။

“လွတ်လပ်တဲ့အစိုးရတစ်ရပ်အနေနဲ့ ကိုယ့်မှာ နိုင်ငံရေးပေါ်လစီရှိတယ်။ အခု ရခိုင်ကိစ္စမှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက တိုက်ခိုက်တဲ့ကိစ္စမှာ အစိုးရက သူလုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တာ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့အခြေအနေမှာ မြန်မာပြည်သူတွေနဲ့ တပ်မတော်နဲ့က အခြားနိုင်ငံ တွေကိုသွားပြီးတော့ ကျူးကျော်တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံ အကျူးကျော်ခံရတာ၊ အတိုက်ခိုက်ခံရတာကို ကာကွယ်တာ။ တုံ့ပြန်တာ။ အဲဒီလို ကာကွယ်တာကို EU နဲ့ အနောက်နိုင်ငံတွေက ဖိအားပေးခဲ့မယ်၊ စီးပွားရေး ပိတ်ဆို့မယ်ဆိုရင်တော့ ဒါတွေကို ရင်ဆိုင်ရမှာပေါ့။ မကြာသေးခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ပြည်တွင်းမှာညီညွတ်ကြရင် ညီညွတ်ရေးရှိနေလို့ရှိရင် ဘယ်လိုဖိနှိပ်မှုမျိုးကိုမဆို ဘယ်လိုအ တားအဆီးတွေကိုမဆို ကာကွယ်တုံ့ပြန်နိုင်မယ်ပြောသွားတယ်။ အဲဒီလိုပါပဲ။ တပ်မတော်ရော၊ ပြည်သူတွေရော၊ နိုင်ငံရေးအဖွဲ့အစည်းတွေရော အားလုံးက တညီတညွတ်တည်း ရပ်တည်မယ်ဆိုရင် ဖိအားပေးမှု ဘယ်အရာ မဆို ကျော်လွှားနိုင်မှာပါ” လို့ ဦးရဲထွဋ်က ဆက်လက်ပြောကြားပါတယ်။

Most Read

Most Recent