အန္တရာယ်ပေါင်းစုံ ရန်ကုန်၊ တရုတ်ဆီက ရာခိုင်နှုန်း ၃၀ ရလာမယ်ဆိုတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း

အန္တရာယ်ပေါင်းစုံ ရန်ကုန်၊ တရုတ်ဆီက ရာခိုင်နှုန်း ၃၀ ရလာမယ်ဆိုတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း
Published 23 October 2017

ကျောက်ဖြူ မဒေးကျွန်း ရေနက်ဆိပ်ကမ်း တစ်နေရာကို တွေ့ရစဉ်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုပေးမယ့် ချေးငွေဒေါ်လာ သန်း ၂၀၀ ကို ဘင်္ဂါလီအရေးကြောင့် ဆိုင်းငံ့လိုက်တဲ့ ဒီရက်သတ္တပတ်မှာဆိုရင် နိုင်ငံပိုင်မြေကွက်တွေနဲ့ အဆောက်အအုံတွေကို နည်းအမျိုးမျိုးနဲ့ ရယူထားပြီး လုပ်ငန်းအကောင်အထည် ဖော်မှုမရှိတဲ့၊ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ မြေကွက်တွေကို နိုင်ငံပိုင်အဖြစ် ပြန်သိမ်းဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပြီး အောက်တိုဘာ ၁၁ ရက်မှာ ဆွေးနွေးမယ်ဆိုခြင်းကို ရက်ရွှေ့ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်မှာ ဆွေးနွေးခဲ့သလို ပြန်လည်ဆွေးနွေးမှုကို အောက်တိုဘာ ၂၆ ရက်မှာ ပြန်လုပ်မှာပါ။ ဒီအဆိုကို လွှတ်တော်မှာ အတည်ပြုခဲ့ရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှု မရှိတဲ့၊ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ မြေကွက်တွေကို နိုင်ငံပိုင်အဖြစ် ပြန်သိမ်းဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပေမယ့် တခြားအဆိုတွေလို ဆိုပြီးပျောက်မဖြစ်ဖို့တော့ လိုအပ်မှာပါ။

ဒီတစ်ပတ်မှာဆို ဘတ်ဂျက်တောင်းခံမှုရှိတယ်။ အစိုးရအဆက်ဆက် မတည်ငြိမ်ခဲ့တဲ့ အငြင်းပွားဖွယ် ဘယ်မောင်းယာဉ်တွေကိုပဲ ခွင့်ပြုတဲ့ မော်တော်ယာဉ်မူဝါဒ ထုတ်ပြန်တယ်။ ဘဏ္ဍာနှစ် ပြောင်းလဲတော့မှာဖြစ်လို့ ဒီအပြောင်းအလဲမှာ ဘယ်သူတွေ ထိခိုက်မလဲဆိုတာ ဆွေးနွေးစရာရှိတယ်။ ရခိုင်ပြည်နယ် အရေးအတွက် ခရိုနီကြီးတွေ၊ တိုင်ကွန်းတွေက လှူလာတဲ့ ကျပ်သိန်းပေါင်း ၁၇၇၀၀၀ အလှူငွေရရှိတာ ရှိတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ်တော့ ရန်ကုန်မြို့ဟာ ကမ္ဘာ့မြို့ ၆၀ မှာ ဒုတိယ အန္တရာယ်အများဆုံးမြို့လို့ Economist အစီရင်ခံစာမှာ ဖော်ပြခဲ့တာနဲ့ မြန်မာ့ပိုင်နက်မှာ တည်ဆောက်မယ့် ကျောက်ဖြူအထူး စီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အစရှယ်ယာ ရာခိုင်နှုန်း ၇၀ ပဲ တရုတ်က ရယူတော့မယ်လို့ သဘောတူခဲ့ပြီး မြန်မာဘက်က ရာခိုင်နှုန်း ၃၀ ထည့်ဝင်ပါလို့ ကမ်းလှမ်းခဲ့တာကို ဖော်ပြလိုပါတယ်။

 

ကမ္ဘာ့ဒုတိယ အန္တရာယ်အများဆုံး ရန်ကုန်

ဗြိတိန်မီဒီယာလုပ်ငန်းကြီး The Economist Group က ထုတ်ပြန်တဲ့၂၀၁၇ ခုနှစ်အတွက် ဘေးကင်းသောမြို့များ အညွှန်းကိန်းမှာ ရန်ကုန်မြို့က မြို့ပေါင်း ၆၀ အနက် ဘေးကင်းလုံခြုံမှု ဒုတိယမြောက် အနိမ့်ဆုံးမြို့အဖြစ် သတ်မှတ်ခံ လိုက်ရပါတယ်။ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ အဆင့်ခွဲခြားသတ်မှတ်မှု အားလုံးမှာ ရန်ကုန်မြို့က နောက်ဆုံးအကျဆုံးနေရာတွေမှာ ရှိနေခဲ့ပြီး စုစုပေါင်းရမှတ် ၄၆ ဒသမ ၄၇ ပဲ ရရှိခဲ့တာကြောင့် အန္တရာယ်အများဆုံး အဆင့် ၅၉ ရရှိခဲ့တာပါ။

Economist ရဲ့ သုတေသန လုပ်ငန်း Economist Intelligence Unit (EIU) က ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာဟာ ဒုတိယမြောက် အစီရင်ခံစာဖြစ်ပြီး ဒီဂျစ်တယ်လုံခြုံရေး၊ ကျန်းမာရေးလုံခြုံရေး၊ အခြေခံ အဆောက်အအုံလုံခြုံရေး၊ ပုဂ္ဂိုလ်ရေး လုံခြုံရေး စတဲ့အညွှန်း ၄၉ မျိုးနဲ့ မြို့ ၆၀ ကို အဆင့်ခွဲခြားသတ်မှတ် ရာမှာ ရန်ကုန်မြို့က ဒီဂျစ်တယ် လုံခြုံမှုမှာ ၃၉ ဒသမ ၀၇ မှတ်နဲ့ အဆင့် (၅၇)၊ ကျန်းမာရေးလုံခြုံမှု မှာ ၄၅ ဒသမ ၇၉ မှတ်နဲ့ အဆင့် (၅၈)၊ အခြေခံအဆောက်အအုံ လုံခြုံစိတ်ချရမှုမှာလည်း ရန်ကုန်ဟာ ၄၈ ဒသမ ၅၈ မှတ်နဲ့ အဆင့် (၅၈) နေ ရာရရှိခဲ့ပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှုမှာ ရန်ကုန်က ၅၂ ဒသမ ၄၃ မှတ်နဲ့ အဆင့် ၅၇ အခြားအညွှန်းကိန်းတွေမှာ ရလဒ်ဆိုးရွားမှု ရရှိခဲ့တာကြောင့် ရန်ကုန်မြို့ဟာ Safe City Index 2017 မှာ ဘေးကင်းလုံခြုံမှုအနည်း ဆုံးမြို့စာရင်းဝင်ခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာ ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ရခိုင်အရေး ဖြစ်လာချိန်နဲ့ အချိန်ကိုက်ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာဟာ မြန်မာ့ခရီးသွား လုပ်ငန်းအတွက်တော့ နာမည်ကောင်းရအောင် ပြန်တည်ဆောက်ယူဖို့ အချက်ပြသံပါ။ ခရိုနီတွေ အုပ်စီးထားတဲ့ ဟိုတယ်တွေကို မထိန်းချုပ်ဘဲ တည်းခိုစရိတ်ကြီးမြင့်တဲ့ မြန်မာနိုင်ငံ၊ လေယာဉ်ဆီ ဈေးကြီးမြင့်မှုကြောင့် လေယာဉ်ခဈေးကြီးတဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ရာသီဥတု ရှိနေပေမယ့် ထိုင်းနိုင်ငံခြေဖျားတောင် မမီတဲ့ ခရီးသွားဝင်ရောက်မှုနှုန်း၊ သမိုင်းလည်းရှိ၊ ယဉ်ကျေးမှုလည်းရှိ၊ ဘာသာစကားလည်း ရှိပေမယ့် ခရီးသွားတစ်သန်းလောက်မှာ ၁၀၀ လောက်ကပဲ ပိုက်ဆံပိုသုံးနိုင်တာကို ငွေအမြောက်အမြားသုံးမယ့် ခရီးသွားဈေးကွက်ကို မျှော်နေတဲ့ နိုင်ငံ၊ ကမ္ဘာလှည့်ခရီးသွားဆီက မရမနေ ပိုက်ဆံကောက်ဖို့ ဇုန်ဝင်ကြေးတွေအပြင် နေထိုင်မှုအလိုက် ပိုက်ဆံထပ်ကောက်ချင်တဲ့ နိုင်ငံ၊ ခရိုနီဟိုတယ်ကြီးတွေကို မျက်နှာလိုအားရ လုပ်ချင်လို့ Home Stay ကိုလည်း ခွင့်မပြု၊ တည်းခိုခဈေးနှုန်းကိုလည်း မကြပ်မတ်နိုင်တဲ့ နိုင်ငံတစ်ခုဟာ လုံခြုံရေးအတွက်ပါ စိတ်မချရတော့ ဘူးဆိုတဲ့ စစ်တမ်းဟာ နိုင်ငံ့ပုံရိပ်အပြင် စီးပွားရေးကိုပါ ထိခိုက်စေပါတယ်။ လက်ရှိအစိုးရအနေနဲ့ မီးခိုးမထွက်တဲ့ စက်ရုံလို့ တင်စားကြတဲ့ ခရီးသွားလုပ်ငန်းအတွက် ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ဖို့ အချိန်တန်နေပါပြီ။

 

တရုတ်သနားမှ မြန်မာချမ်းသာမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းလား

ဦးသိန်းစိန် အစိုးရလက်ထက်က တရုတ် ၈၅ ရာခိုင်နှုန်း မြန်မာ ၁၅ ရာခိုင်နှုန်းနဲ့ သဘောတူခဲ့တာကို လက်ရှိအစိုးရလက်ထက် နိုင်ငံ့အကျိုးစီးပွားအတွက် ပြန်လည်ဆွေးနွေးရာမှာ ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အစုရှယ်ယာ ရာခိုင်နှုန်း ၇၀ ပဲရယူတော့မယ်လို့ တရုတ်က သဘောတူခဲ့ပြီး မြန်မာဘက်မှ အစုရှယ်ယာ ရာခိုင်နှုန်း ၃၀ ထည့်ဝင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့တောင် ဘက်မျှော်မူဝါဒ (Look South Policy) ၊ အမျိုးသား စွမ်းအင်လုံခြုံရေးမူဝါဒ (National Energy Strategy) နဲ့ အိန္ဒိယ သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို စီးနင်းနိုင်ရေး အိပ်မက်၊ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative) နဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစြင်္ကံ စတဲ့အခြေအနေပေါင်းစုံအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ကျောက်ဖြူ-ကူမင်းရထားလမ်းအတွက် လက်ဦးမှုရယူလိုတာကို ကြိုတင်မမြင်နိုင်ခဲ့တဲ့ အရင်အစိုးရရဲ့ ပေါ့ဆမှုကြောင့် မြန်မာ့မြေ ရခိုင်ပြည်နယ်မှာ အကြီးအကျယ် လာရောက်တည်ဆောက်မယ့် စီမံကိန်းဟာ တရုတ်သနားမှ မြန်မာချမ်းသာမယ့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ကျောက်ဖြူ-ကူမင်းရထားလမ်းဟာ OBOR မဟာဗျူဟာအတွက် အသက်တစ်မျှအရေးကြီးတဲ့ လမ်းပိုင်းဖြစ်သလို ရေလမ်းနဲ့ ကုန်းတွင်းကို ချိတ်ဆက်ပေးမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ မြန်မာက ခြေတစ်လှမ်း ညံ့ဖျင်းခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းကို ကြံဖန်တွေးရင်တော့ သီရိလင်္ကာရဲ့ ဟန်ဘန်တိုတာ ဆိပ်ကမ်းလောက် မဆိုးရွားဘူးလို့ ကောက်ချက်ယူရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းအတွက် ပြင်ဆင်စရာ အများအပြား ရှိနေပါတယ်။

 

ရခိုင်ကို ဗဟိုပြုပါ

ကုန်ထုတ်စက်မှုနိုင်ငံ၊ နည်းပညာနိုင်ငံအဖြစ် ကြီးကျယ်မလာနိုင်တော့တဲ့ မြန်မာနိုင်ငံဟာ သယံဇာတတွေကလည်း ကုန်လုချိန်ဖြစ်နေတဲ့အပြင် စိုက်ပျိုးရေးနဲ့ ကြီးကျယ်ဖို့ အတွက်လည်း မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်အများစုဟာ ပိုးသတ်ဆေး ဓာတ်ကြွင်းပြဿနာကြောင့် ကမ္ဘာမှာ ဈေးကွက်အကျပ်အတည်း ဖြစ်နေပါတယ်။ အဲဒါကြောင့် မဟာဗျူဟာ လေ့လာသူတွေက ရခိုင်ပြည်နယ်ကို ဗဟိုပြုပြီး ကုန်သွယ်ရေးလမ်းကြောင်း နိုင်ငံအဖြစ် တည်ဆောက်နိုင်ဖို့ ညွှန်းဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့ မဟာဗျုဟာ မြောက်နယ်မြေတစ်ခုဖြစ်သလို တရုတ်အတွက်အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့အတွက် အကျိုးစီးပွား မြောက်မြားစွာ ရှိတဲ့နေရာပါ။

ရခိုင်ဒေသက စီမံကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုပဲ ရှိတယ်ဆိုပေမယ့် ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားနဲ့ စစ်တွေမြို့ကို ချိတ်ဆက်ပေးမယ့်အပြင် ဘင်္ဂါလီအရေးဖြေရှင်းနေတဲ့ တပ်မတော်ကို AA က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ် ပလက်ဝ၊ ကလေး၀ ဘက်တွေကနေပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ဖြတ်သန်းသွားမယ့် ကုန်းလမ်းရေလမ်း လမ်းနှစ်သွယ် စီမံကိန်းပါ။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းကို Power Balance လုပ်ဖို့အတွက် ချိန်ညှိနိုင်တဲ့ လိုအပ်ချက်လည်း အိန္ဒိယနိုင်ငံမှာ ရှိနေပါတယ်။

သေးကွေးတဲ့နယ်မြေနဲ့ လူဦးရေ ပေါက်ကွဲမှုကို ကြုံနေရလို့ Great Bengal အိပ်မက်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကုန်သွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံကို မှီခိုနေရသလို တရုတ်ပြည်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေမှာ မြှုပ်နှံလာသလို နည်းပညာ အကူအညီတွေလည်း ထောက်ပံ့ပေးလာခဲ့ပါတယ်။ အိန္ဒိယကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်တဲ့ ဒီစီမံကိန်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ကူးသန်းရောင်း ဝယ်မှုအတွက် ဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ဖို့ လိုအပ်လာပါတယ်။ ဒီလိုလိုအပ်နေတဲ့ လမ်းတွေက မြန်မာနိုင်ငံကို ဖြတ်သန်းပြီးတော့မှ ဖောက်လုပ်ရမှာပါ။ ဒီအတွက်တော့ BCIM စြင်္ကံကတော့ ရှိနေပြီးသားပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ IS စစ်သွေးကြွတွေ ထောက်ပံ့ပေးထားတဲ့ ARSA အဖွဲ့သာ နယ်စပ်မျဉ်းမှာ ခြေကုပ်ရသွားပြီး IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ်လွတ် မြောက်နယ်မြေသာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းမှာ ဖြစ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်နဲ့ ချောမွေ့စွာ ကုန်သွယ်ရေးအိပ်မက်ဟာ လန့်နိုးရပါလိမ့်မယ်။

တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေက တရုတ်စီမံကိန်းတွေကို မုန်းတီးနေတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ဘဲ အရင်အစိုးရတွေနဲ့ပေါင်းပြီး ကုပ်သွေးစုပ် အမြတ်ထုတ်ခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေကသာ နိုင်ငံတကာ စံနှုန်းအတိုင်း လေးစားလိုက်နာလာမယ်။ မြန်မာ့တည်ဆဲ ဥပဒေတွေရဲ့ အားနည်းချက်တွေကို လူလည်ကျအခွင့်အရေးမယူဘဲ နိုင်ငံကြီးသားပီသမယ်။ အရင်အကျင့်ဟောင်းတွေပြင်ပြီး မြန်မာနိုင်ငံကို တကယ့်ဆွေမျိုးပေါက်ဖော်နိုင်ငံလို သဘောထားလာရင် မြန်မာနိုင်ငံသားတွေက ပြန်လည်လက်ခံလာ ကြမှာဖြစ်ပြီး လက်ရှိအစိုးရအနေနဲ့လည်း အရင်အချိန်တွေတုန်းကလို မြန်မာနိုင်ငံကချည်း တစ်ဖက်သတ် ခံနေရတဲ့ စီမံကိန်းတွေဆိုတဲ့ အခြေအနေမဖြစ်ဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ ပထဝီ အနေအထား အားသာချက်တွေကို အသုံးချပြီး နိုင်ငံကြီးပွားတိုးတက်အောင် မူဝါဒတွေ၊ မဟာဗျုဟာတွေ၊ ဥပဒေတွေ ကြိုတင်ချမှတ်ပါတော့လို့ပဲ တိုက်တွန်းရတော့မှာ ဖြစ်ပါတယ်။

Most Read

Most Recent