အခြေခံပြည်သူတွေ ကြုံတွေ့နေရတဲ့ ငွေအကြွေရှားပါးမှု ပြဿနာ

အခြေခံပြည်သူတွေ ကြုံတွေ့နေရတဲ့ ငွေအကြွေရှားပါးမှု ပြဿနာ
Published 22 October 2017

YUPT အများပိုင် ယာဉ်လိုင်းကုမ္ပဏီတွင် ဝန်ထမ်းများ ငွေအကြွေ ရေတွက်နေသည်ကို တွေ့ရစဉ်

“တစ်ခုခု ဝယ်မယ်ဆိုရင်တောင် ဈေးသည်တွေက အကြွေပါလား အရင်မေးတာ”

ဒီစကားကို ပြောကြားသူကတော့ လမ်းမတော်မြို့နယ်မှာ နေထိုင်ပြီး နေ့စဉ် ဈေးသွားဈေးဝယ်လုပ်နေတဲ့ အသက် ၅၀ အရွယ် အိမ်ရှင်မ အမျိုးသမီးကြီးတစ်ဦးပဲ ဖြစ်ပါတယ်။

“အခုနောက်ပိုင်း အကြွေက ရှားလာတော့ တစ်ရာဖိုး၊ နှစ်ရာဖိုးလောက်ကို ဝယ်နေကျဖောက်သည် မဟုတ်ရင်ဈေးသည်က မရောင်းတော့ဘူး” လို့ အဲဒီအမျိုးသမီးကြီးက သူနေ့စဉ်ကြုံတွေ့နေရတဲ့ အကြွေ ရှားပါးလာမှုပြဿနာကို ပြောပြပါတယ်။

လက်ရှိအချိန်မှာ အခြေခံ လူတန်းစားတွေအနေနဲ့ နေ့စဉ်ကြုံတွေ့နေရတာကတော့ ငွေအကြွေရှားပါးမှု ပြဿနာပဲ ဖြစ်ပါတယ်။ ဒီလို ငွေအကြွေရှားပါးမှုကို ရန်ကုန်မြို့နေ အခြေခံလူတန်းစားအားလုံး ကြုံတွေ့နေရတာပါ။

ဒီလို ငွေအကြွေရှားပါးလာတဲ့အတွက် ဈေးဆိုင်တချို့က ငွေအကြွေအစား တစ်သျှူးထုပ်၊ ကော်ဖီမစ်ထုပ်နဲ့ သကြားလုံးတွေကို ပြန်အမ်းတာတွေ ရှိလာပါတယ်။

“ဈေးဝယ်တဲ့ အခါကျတော့လည်း ဆိုင်ရှင်က အကြွေအမ်းစရာမရှိတဲ့အခါ တစ်သျှူးတို့၊ ကော်ဖီမစ်တို့၊ သကြားလုံးတို့ ပြန်အမ်းတာတွေ ရှိတယ်။ တစ်သျှူးတစ်ထုပ်မှ ၅၀ တန်တာကို ၁၀၀ တန်ဆိုပြီး ပြန်အမ်းတယ်။ တစ်ခါတလေ မုန့်တွေ၊ ကော်ဖီမစ်တွေ ပြန်အမ်းတာကို မယူချင်ပေမဲ့လည်း ယူလာရတာ ရှိတယ်။ အကြွေမရှိတဲ့အတွက် အဲလိုမျိုး ပြန်အမ်းတာတွေ ဖြစ်လာတယ်။ အခြေခံ စားသောက်ကုန်ဈေးနှုန်းကတော့ မတက်ဘူး။ ဒါပေမဲ့ အဲလိုပစ္စည်းတွေ ပြန်အမ်းတဲ့အတွက် ပိုက်ဆံက ပိုကုန်သွားတာတော့ အမှန်ပဲ” လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

ဒဂုံမြို့နယ်မှ ကုန်မျိုးစုံရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက “ဆိုင်မှာ လာဝယ်လို့ အကြွေရှိရင်တော့ အကြွေအမ်းလိုက်တာပေါ့။ မရှိတဲ့အချိန်ကျရင်တော့ တစ်သျှူးတို့ ဘာတို့ကို အမ်းတဲ့သဘောနဲ့ ယူခိုင်းရတယ်။ နေ့စဉ် ရောင်းနေရတော့လည်း လာဝယ်သမျှလူအားလုံးကို အကြွေအကုန်ပြန်အမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်နေ့ထက် တစ်နေ့အကြွေတွေက ရှားလာတယ်” လို့ ဆိုပါတယ်။

ငွေအကြွေရှားပါးမှုကို နောက်ထပ် ကြုံတွေ့နေရသူတွေကတော့ နေ့စဉ်လိုင်းကားစီးနေရတဲ့ လူတန်းစားပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်တုန်းက ရန်ကုန်မြို့က YBS ယာဉ်အားလုံးမှာ ယာဉ်စီးခထည့်ဖို့ ပိုက်ဆံပုံးတွေကို နောက်ဆုံးထား တပ်ဆင်ဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ ညွှန်ကြားခဲ့ပါတယ်။

ဒီလို ညွှန်ကြားချက်ကို မလိုက်နာဘဲ ပိုက်ဆံပုံးမထားတဲ့ ယာဉ်တွေကို ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူမယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့က YBS ယာဉ်တွေ အားလုံးမှာ ပိုက်ဆံပုံးတွေ တပ်ဆင်ပြီး ပြေးဆွဲခဲ့တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ နေ့စဉ် မရှိမဖြစ်ကိုယ်နဲ့ ဆောင်ထားရမယ့်အရာက ငွေအကြွေ ၂၀၀ ဖြစ်လာပါတယ်။

YBS ယာဉ်တွေမှာ ပိုက်ဆံပုံးတွေ တပ်ပြီး သုံးလကျော် ကြာမြင့်လာချိန်မှာတော့ နေ့စဉ်သွားလာနေရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ငွေအကြွေအခက်အခဲကို ကြုံတွေ့လာရပါတယ်။

“ညီမတို့က ဝန်ထမ်းဆိုတော့ အလုပ်ပိတ်ရက်ကလွဲပြီး နေ့စဉ်သွား လာနေရတာ။ ကားကလည်း တစ်ဆင့်တည်း မရောက်ဘူး။ နှစ်ဆင့်စီးရတဲ့အတွက် အသွား ၄၀၀၊ အပြန် ၄၀၀ ဆိုတော့ တစ်နေ့ကို ၈၀၀ ကုန်တယ်။ တစ်နေ့ ၈၀၀ ဆိုတဲ့ အကြွေကို ကြုံသလို ဖျက်ထားရတယ်။ ဒါပေမဲ့ နေ့စဉ်ဆိုတော့ မခံနိုင်ဘူး။ အိမ်ကလူတွေကိုလည်း ဈေးသွားလို့ ပြန်လာရင် အကြွေလေးတွေ သိမ်းပေးထားဖို့ မှာထားရတယ်။ အိမ်ကလည်း နောက်ဆုံးထွက်လာတဲ့အသံက ဈေးသည်တွေမှာလည်း အကြွေရှားတဲ့ ပြဿနာကြုံနေရတယ် မရှိဘူးဆိုတော့ အခက်အခဲတော့ ရှိတာပေါ့” လို့ မြောက်ဒဂုံမြို့နယ်ကနေ မြို့ထဲမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ မလဲ့လဲ့အောင်က ပြောပါတယ်။

တချို့ ခရီးသည်တွေကတော့ အကြွေမပါပေမဲ့လည်း ဘတ်စ်ကားပေါ်ရောက်တဲ့အခါ ပိုက်ဆံပုံးနားမှာစောင့်ပြီး နောက်ထပ်တက်လာတဲ့ ခရီးသည်တွေထည့်မယ့် ပိုက်ဆံကို လိုက်လံတောင်းယူရတဲ့ အဖြစ်မျိုးတွေကလည်း ရှိလာပါတယ်။

“ကိုယ်တိုင်လည်း ဖြစ်ဖူးတယ်။ ၁၀၀၀ တန်ပဲ ပါတဲ့အခါကျတော့ ဘတ်စ်ကားစီးရတာ အဆင်မပြေဘူး။ တချို့ကားတွေက စပယ်ယာပါရင်တော့ အကြွေပြန်အမ်းပေးတာပေါ့။ စပယ်ယာမပါတဲ့ ကားဆိုရင်တော့ ကိုယ်က နောက်တက်လာတဲ့ လူတွေကို Request လုပ်ရတာပေါ့” လို့  မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ စိမ်းမိုးစက်က ဆိုပါတယ်။

ဒါ့အပြင် YBS ယာဉ်စီးတဲ့ ခရီးသည်တွေအနေနဲ့ နောက်ထပ်ကြုံတွေ့ရတဲ့ အခက်အခဲက အကြွေမရှိတဲ့အတွက် တစ်ခုခုဝယ်ပြီး အကြွေဖြတ်ရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

“ကျွန်တော်ကျောင်းသွားရင် အသွားအပြန်ကားခက တစ်နေ့ကို ၆၀၀ နဲ့ ၈၀၀ ရှိတယ်။ ကျောင်းသွားဖို့ ဘတ်စ်ကားစီးမယ်ဆိုရင် ကိုယ့်လက်ထဲ အကြွေမရှိတဲ့အခါ နီးစပ်ရာ မုန့်ဆိုင်မှာ အအေးဝယ်တာပဲဖြစ်ဖြစ် တခြားမုန့်ဝယ်တာာပဲဖြစ်ဖြစ် လုပ်လိုက်ရင် အကြွေလေးတွေ ရလာတယ်။ အဲဒီတော့ ပြောရရင် ၄၀၀ တန်တဲ့ခရီးက အကြွေရဖို့ အစီအစဉ် မရှိဘဲနဲ့ မုန့်ဝယ်လိုက်ရတဲ့အတွက် အပိုထွက်သွားတာပေါ့။ အကြွေမရှိ လို့ဆိုပြီး အဲလိုမျိုးလုပ်လိုက်ရတဲ့အခါတွေလည်း ရှိတယ်။ ပြောရရင်တော့ ကိုယ့်အတွက် မလိုအပ်ဘဲနဲ့ အဲလိုကိစ္စလေးတွေ ခဏခဏလုပ်ရတာ ရှိတယ်” လို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တက်ရောက်နေတဲ့ ကိုရဲရဲဦးက ပြောပြပါတယ်။

ဒီလို အခြေခံပြည်သူတွေကြားမှာ ကြုံတွေ့နေရတဲ့ ငွေအကြွေ အခက်အခဲကို ကိုရဲရဲဦးတစ်ယောက် ကိုယ်တိုင်ကြုံတွေ့ရ ဖန်များလာတဲ့ အခါမှာတော့ သူတို့ဖွဲ့ထားတဲ့ Care Teen အဖွဲ့အနေနဲ့ ပြည်သူတွေကြားမှာ ငွေအကြွေလဲလှယ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ဒီလ (အောက်တိုဘာ) မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။

“ငွေအကြွေလဲဖို့က ကျွန်တော်တို့အဖွဲ့မှာ ကျောင်းသားတွေလည်း များတယ်။ အများစုကတော့ ဘတ်စ်ကားနဲ့ပဲ သွားကြတာများတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘတ်စ်ကားနဲ့ပဲ သွားတာဆိုတော့ သွားလာတဲ့နေရာမှာ အခက်အခဲလေးတွေ ရှိတယ်။ အကြွေမရှိဘူး။ အရင်တုန်းက စပယ်ယာတွေရှိတော့ ပြန်အမ်းနိုင်တယ်။ အခုကျတော့ ပိုက်ဆံပုံးတွေ လုပ်လိုက်တဲ့အခါကျတော့ လဲဖို့က အဆင်မပြေတော့ဘူး။ အဲဒီတော့ ဘတ်စ်ကားစီးခါနီးရင် အကြွေကြိုရှာရတယ်။ အကြွေမရှိရင် ကားခ ၂၀၀ ဆိုပေမဲ့ ၅၀၀ ထည့်လိုက်ရတာလည်း ရှိတယ်။ အဲဒီလို အခြေအနေလေးတွေ ရှိလာတော့ ကျွန်တော်တို့က ကျောင်းလည်း ပိတ်တုန်းမှာ ဒီပြဿနာလေးကို တတ်နိုင်သမျှ ကူညီပေးကြမယ်ဆိုပြီး လုပ်လိုက်တာ” လို့ ကိုရဲရဲဦးက ဆိုပါတယ်။

Care Teen ဆိုတာက တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ စုပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့အနေနဲ့အဖွဲ့ရဲ့ ရန်ပုံငွေ ၂၀ သိန်းလောက်နဲ့ အခုလို ပြုလုပ်တာဖြစ်ပြီး ငွေအကြွေတွေကိုတော့ YUPT ကုမ္ပဏီကနေ လဲထားတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့အဖွဲ့အနေနဲ့ ဆူးလေ၊ မော်တင်၊ လမ်း၅၀၊ လှည်းတန်း၊ တာမွေဈေးဗလီ၊ သမိုင်းလမ်းဆုံ၊ မြေနီကုန်းနဲ့ ကြည့်မြင်တိုင်ညဈေးကား ဂိတ်ရှစ်ဂိတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း နံနက် ၇ နာရီခွဲကနေ အကြွေတွေကုန်တဲ့အထိ လဲပေးတယ်လို့ ကိုရဲရဲဦးက ပြောပါတယ်။

“အဓိက,က ရုံးသွားကျောင်းသွားရက်တွေကို ရွေးထားတာ။ ငွေလဲပေးတာကတော့ လူတစ်ယောက်ကို နှစ်ထောင်နှုန်း လဲပေးတယ်” လို့ သူက ဆိုပါတယ်။

Care Teen အဖွဲ့အနေနဲ့ ငွေအကြွေလဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကို အောက်တိုဘာကနေ ဒီဇင်ဘာလအထိ သုံးလပရောဂျက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ရောက်ရင်တော့ ငွေအကြွေလဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကို ဆက်လုပ်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ဒီလို ငွေအကြွေလဲလှယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို Care Teen အဖွဲ့ထက်စောပြီး လုပ်ဆောင်နေတဲ့ အဖွဲ့ကတော့ YBS ခရီးသွားများ၏ အသံ FB Group & Page (Admin Team) က ဖြစ်ပါတယ်။

ခရီးသွားများ၏အသံ FB Group & Page (Admin Team) အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်အထိ ငွေအကြွေစုစုပေါင်း သိန်း ၃၀၀ ကို လဲလှယ်ပေးနိုင်ခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အောက်တိုဘာ ၁၉ ရက်က ရေးသားထားပါတယ်။

အောင်မြင်တဲ့ YBS စနစ်ဖြစ်ပေါ်စေဖို့အတွက် သူတို့အဖွဲ့အနေနဲ့ကလည်း ကိုယ်ပိုင်ငွေကြေးကို အိတ်စိုက်ကျခံသုံးစွဲပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြည်သူတွေ ကြုံတွေ့နေရတဲ့ အကြွေရှားပါးမှုပြဿနာကို တခြား လူမှုရေးအသင်းအဖွဲ့တွေကလည်း ဝန်ဆောင်မှုပေးနေတာတွေ ရှိတဲ့အပြင် YBS အများပိုင်ယာဉ်လိုင်း ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့  YUPT ကုမ္ပဏီကလည်း နေ့စဉ်ရရှိလာတဲ့ ငွေအကြွေတွေကို လဲလှယ်ပေးမှုတွေ လုပ်ဆောင်နေပါတယ်။

ငွေအကြွေတွေကို YUPT ရုံးမှာ ပြန်လဲလှယ်ပေးနေတာနဲ့ ပတ်သက်လို့ YUPT ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုနိုင်က အခုလို ရှင်းပြပါတယ်။

֧ကျွန်တော်တို့ရုံးမှာ လျှောက်လွှာတင်ပြီး လာလဲနေတဲ့ အုပ်စုတွေကို တစ်နေ့ သိန်း ၄၀၀ ဖိုးလောက် လဲပေးပါတယ်။ ကျွန်တော်တို့ရုံးမှာ ငွေအကြွေလာလဲတဲ့အခါ အရင်ဆုံး ဘယ်လောက်ဖိုး လဲချင်တယ်ဆို တာကို လျှောက်တင်ရပါတယ်။ လျှောက်လွှာတွေကို မနက် ၆ နာရီကနေ နံနက် ၉ နာရီခွဲအထိ ကျွန်တော်တို့ လက်ခံပါတယ်။ လက်ခံပြီးချိန်မှာတော့ ကျွန်တော်တို့က ငွေပမာဏ ဘယ်လောက်လဲမလဲ ဆိုတာကို စစ်ဆေးပါတယ်။ လျှောက်လွှာအရေ အတွက်က ၁၀၀ ဆိုရင် ဘယ်လောက် ဖိုးလျှောက်လျှောက်လျှောက်လွှာ တစ်စောင်ကို လေးသိန်းနှုန်းပဲ ပေးလိုက်ပါတယ်။ လျှောက်လွှာအရေ အတွက်နည်းနေရင်တော့ လျှောက်ထားသူ လိုချင်တဲ့ Amount ကို ပေးလိုက်ပါတယ်။ ငွေဘယ်လောက်လို့တော့ မသတ်မှတ်ထားပါဘူး။ အဓိက,က ကျွန်တော်တို့ ငွေပမာဏနဲ့ လျှောက်လွှာပမာဏကို ချိန်ပြီးတော့ လျှောက်ထားသူအကုန်လုံးရအောင် မျှဝေလဲလှယ်ပေးနေပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စံပြဈေး၊ တာမွေ၊ ဘေလီ၊ တောင်ဥက္ကလာဘုရားနဲ့ အဝိုင်းကြီးနေရာတွေမှာ ညနေတိုင်း ငွေအကြွေတွေကို လိုက်လံလဲလှယ်ပေးနေတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူ့ဝန်ဆောင်မှုဖြစ်တဲ့ ငွေအကြွေလဲလှယ်ပေးခြင်းကို လုပ်ဆောင်ရာမှာ ဆုံးရှုံးမှုတွေသာရှိတယ်လို့ ဦးကိုကိုနိုင်က ဆိုပါတယ်။

“ဒီငွေအကြွေလဲပေးတာက  ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတွေပဲ ရှိတယ်။ ပထမဆုံး ဆုံးရှုံးတာက လျှောက်လွှာစာရွက်ဖိုး ဆုံးရှုံးတယ်။ ဒုတိယ ဆုံးရှုံးတာက လာလဲတဲ့အခါမှာ ငွေအတုတွေ ပါလာတယ်။ တတိယ ဆုံးရှုံးတာကတော့ အပြောခံရတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က “ရန်ကုန်မြို့ နေပြည်သူလူထု နိစ္စဓူ၀ အသုံးစရိတ်များတွင် တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်များ ရှားပါးနေသောကြောင့် ဝန်ထမ်းများအား လစာငွေထုတ်ပေးရာတွင် ၎င်း ကျပ်တန်များကိုပါ ထည့်သွင်းပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းကို မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားရာမှာ “သြဂုတ်လနဲ့ စက်တင်ဘာလ လစာတွေမှာ ဝန်ထမ်းတွေကို ၅၀၀ တန်၊ ၂၀၀ တန်၊ ၁၀၀ တန် တစ်အုပ်စီ ထုတ်ပေးတဲ့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဗဟိုဘဏ်ကနေ တစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်နဲ့ ကျန်တဲ့ဘဏ်များကို ဆက်သွယ်ပြီးတော့ ငွေစက္ကူအကြွေများကို ဆက်လက် ဆောင်ရွက်ပေးပါမယ်” လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ငွေစက္ကူအသစ်များကို ၂၀၁၇ သြဂုတ်လ လစာထဲတွင် ဝန်ထမ်းတစ်ဦး လျှင် ၅၀၀ တန် တစ်အုပ်၊ ၁၀၀ တန် တစ်အုပ်၊ စက်တင်ဘာလတွင် ပင်စင်စားများအတွက် ပင်စင်လစာ ၅၀၀၀၀ အောက်ရရှိသည့် ပင်စင်စားတစ်ဦးလျှင် ၅၀ တန်နှင့် ၁၀၀ တန် နှစ်သက်ရာ တစ်အုပ်စီနှင့် ၅၀၀၀၀ အထက်ရရှိတဲ့ ပင်စင်စားတစ်ဦးလျှင် ၂၀၀ တန် သို့မဟုတ် ၅၀၀ တန် နှစ်သက်ရာ တစ်အုပ်စီကို ထုတ်ပေးခဲ့ပါကြောင်း၊ ယင်းအစီအစဉ်ဖြင့် သြဂုတ်လနှင့် စက်တင်ဘာလမှာ ဝန်ထမ်းများကို ထုတ်ပေးတဲ့ အစီအစဉ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာစိမ်းမိုးစက်က “သြဂုတ်လအတွက် လစာထုတ်တုန်းကတော့ ၂၀၀ တန်နဲ့ ၅၀၀ တန်ပါတယ်။ သူငယ်ချင်းတွေကတော့ ၁၀၀ တန်နဲ့ ၅၀ တန်တွေ ရကြတယ်။  စက်တင်ဘာလကျတော့ မရတော့ဘူး” လို့ ပြောပါတယ်။

ဒါပေမဲ့ သြဂုတ်လ လခထုတ်တဲ့အခါမှာ တချို့ အစိုးရဝန်ထမ်းတွေ အနေနဲ့ ငွေအကြွေတွေ မရခဲ့ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

“သြဂုတ်လတုန်းက လစာထဲမှာ အကြွေထည့်ပေးတယ်ဆိုပေမဲ့ ဆရာမတို့တော့ မရဘူး။ တချို့ ဝန်ထမ်းတွေတော့ရတယ်လို့ ပြောတာပဲ” လို့ ဒဂုံမြို့နယ် အစိုးရကျောင်း တစ်ကျောင်းမှ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။

အစိုးရကနေ ဝန်ထမ်းလစာတွေမှာ ၂၀၀ န်၊ ၁၀၀ တန်၊ ၅၀ တန်တွေကို ထည့်ပေးခဲ့ပေမယ့် ငွေအကြွေ ရှားပါးမှုပြဿနာကိုတော့ အခြေခံပြည်သူတွေက ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်သူတွေကြားမှာ ငွေအကြွေရှားတာကို အခွင့်ကောင်းယူပြီး လူတချို့က ငွေရောင်းဝယ်တာတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

“တစ်သောင်းကို ၅၀၀ လျော့ တို့ ၁၀၀၀ လျော့တို့ပေါ့။ ၁၀၀၀ လျော့ကတော့ ရှားပါတယ်။ ၅၀၀ လျော့ကတော့ ရှိတယ်။ လူထုထဲမှာတော့ ဒီလိုပဲ လှည့်ပြီးလဲနေကြတာ။ ဈေးထဲမှာ လာလဲပေးတာပေါ့။ ဘယ်ကလာတဲ့ လူတွေလည်းတော့ မသိဘူး” လို့ ဈေးသည်တစ်ဦးက ဆိုပါတယ်။

YUPT ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်က “ကျွန်တော်တို့ သတင်းတစ်ခု ကြားရတာက ငွေရောင်းစားတဲ့အဖွဲ့ရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ဘက်ကတော့ ငွေရောင်းစားမှုတွေ မဖြစ်အောင် အဲဒီအဖွဲ့ကိုတော့ စိစစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စိစစ်နေပေမဲ့ ရှိနေတယ်လို့တော့ သိနေရတယ်။ အဲဒီငွေရောင်းစားတဲ့အဖွဲ့က ကျွန်တော်တို့ဆီမှာ လာလဲပြီး အပြင်မှာ တစ်သောင်းကို ၁၀၀၀ လျော့လဲပေးတာတို့ လုပ်တယ်ဆိုတာ ကြားနေရတယ်” လို့ ပြောပါတယ်။

ဒီလို ငွေရောင်းစားသူတွေ ရှိနေတယ်လို့သိပေမဲ့ ငွေအကြွေတွေ ပြည်သူတွေလက်ထဲကို ပြန်ရောက်ဖို့အတွက် လဲလှယ်ပေးနေရတယ်လို့ ဦးကိုကိုနိုင်က ဆက်ပြောပါတယ်။

ငွေအကြွေပြဿနာက လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက ကြုံတွေ့နေရတာဖြစ်ပေမဲ့ YBS ယာဉ်တွေမှာ ပိုက်ဆံပုံးစနစ်ကို ကျင့်သုံးလိုက်ချိန်မှာတော့ ငွေအကြွေပြဿနာက ပိုပေါ်လွင်လာတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိလာပါတယ်။

“ငွေအကြွေရှားခြင်းက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဖြစ်ပေါ်နေတဲ့ကိစ္စ။ အဲဒီတုန်းကတည်းက ကျွန်တော်တို့ ငွေ ၁၀ သိန်းလဲမယ်ဆိုရင် ကိုးသိန်းခွဲပဲရတယ်။ ဒါကလွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက စနေတာ။ အဲဒီတုန်းကတော့ သိပ်မသိတာဘူး။ ဒီနေ့ YBS စတဲ့ အချိန်မှာ Cash Box စနစ်တွေ ကျင့်သုံးတဲ့ အခါမှာ ငွေအကြွေပြဿနာက ပေါ်လွင်လာတယ်။ ပေါ်လွင်လာတယ်ဆိုတာက ကျွန်တော်တို့ ဆိုရှယ်မီဒီယာမှာ လူပြောများလာတယ်။ အမှန်တကယ်က ခုမှရှားတာ မဟုတ်ဘူး။ ငါးနှစ်လောက်ရှိပြီ။ အဲဒီတုန်းကတော့ စပယ်ယာရှိတဲ့အတွက် ငွေအကြွေလဲပေးတော့ ဒီအခက်အခဲက မပေါ်ဘူး” လို့ Power Eleven အများပိုင်ယာဉ်လိုင်း ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတရုတ်လေးက ဆိုပါတယ်။

YBS ယာဉ်လိုင်းတွေမှာ Cash Box စနစ်ကို စတင်ကျင့်သုံးပြီး သုံးလကျော်အကြာမှာ ငွေအကြွေပြဿနာအသံတွေက အခြေခံ ပြည်သူတွေကြားမှာ ညံပွက်လာပါတယ်။

လက်ရှိအချိန်မှာ အများပိုင်ယာဉ်လိုင်း ၁၇ ခုရှိပေမဲ့ ပြည်သူတွေကို ငွေအကြွေပြန်လဲပေးတဲ့ ကုမ္ပဏီတွေက လက်တစ်ဖက် မပြည့်ပါဘူး။

“အဓိက,က နေ့စဉ် အကြွေတွေရနေတဲ့ ယာဉ်လိုင်း အားလုံးကနေ တက်ညီလက်ညီ ပြည်သူတွေကို ပြန်လဲပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ဘာလို့လဲဆိုတော့ ရသမျှ အကြွေတွေကို အကုန်ပြန်လဲပေးလိုက်ရင် ပြည်သူတွေကြားထဲမှာ အဲဒီအကြွေတွေက လည်နေမှာပဲ။  အခုဟာက ကုမ္ပဏီတွေကနေ အဲဒီလို မလုပ်ပေးတဲ့အခါကျတော့ အကြွေရှားပါးမှုတွေ ဖြစ်လာတာပေါ့။ အစိုးရကလည်း ဘဏ်တွေကို အကြွေတွေ လဲပေးပါလို့ပဲ ညွှန်ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို သူတို့ ဝန်ဆောင်မှု မပေးနိုင်ဘူး။ လဲချင်ရင် ဘဏ်ကိုသွားပြီးလဲမှရမယ်။ လူတော်တော်များများကလည်း အစိုးရဘဏ်ဆို မသွားချင်ကြဘူး။ နောက်ပြီး ဘဏ်မှာသွားလဲရင်လည်း အကန့်အသတ်နဲ့ပဲ လဲပေးတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ NGO အဖွဲ့တွေကို စည်းရုံးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကတော့ ဝင်လာသမျှ အကြွေတွေကို ပြန်လဲပေးတဲ့အတွက် ဘာမှမဖြစ်ပေမဲ့ တခြားကုမ္ပဏီတွေဘက်က မလုပ်တဲ့အခါကျတော့ သိပ်မပြန့်ဘူး ဖြစ်နေတယ်။ အားလုံး ဝိုင်းလုပ်ရင်တော့ ဒီအကြွေပြဿနာက ပြေလည်လာပါလိမ့်မယ်” လို့ YUPT ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ  ဦးကိုကိုနိုင်က သူ့အမြင်ကို ပြောပါတယ်။

အရင် မထသ လက်ထက်တုန်းက ငွေအကြွေပြဿနာကို ပြေလည်စေဖို့အတွက် ဘုရားက အကြွေတွေကို လဲလှယ်ပြီး ပြည်သူတွေကြားမှာ လိုက်လံလဲလှယ်ပေးတာတွေ ရှိခဲ့ပေမဲ့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YUPT) လက်ထက်မှာတော့ ဒီလိုမျိုးလုပ်ဆောင်ပေးမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

“YUPT အနေနဲ့ကတော့ လုပ်ပေးတာ မရှိသေးဘူး။ ဝန်ထမ်းတွေ လစာထုတ်တဲ့အခါမှာတော့ ၁၀၀ တန်၊ ၂၀၀ တန်တွေကို ထည့်ပေးတယ်လို့တော့ သိတယ်” လို့ Power Eleven အများပိုင်ယာဉ်လိုင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတရုတ်လေးက ဆိုပါတယ်။

YUPT ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်က “အစိုးရအနေနဲ့ သူတို့ကိုယ်တိုင်လည်း လုပ်တဲ့အပြင် သက်ဆိုင်ရာ ယာဉ်လိုင်းအသီးသီးကိုလည်း ညွှန်ကြားချက်ထုတ်ပြီး စီမံချက်တစ်ရပ်အနေနဲ့ လုပ်ရမှာ။ အခုဟာက ကျွန်တော်တို့ကပဲ လုပ်ပြီး သူတို့က ထိုင်နေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါကိုပဲ အားမလိုအားမရ ဖြစ်နေတာ။ ငွေအကြွေ လဲပေးတဲ့သူတွေ များများပေါ်လာရင် ဒီပြဿနာက ပြေလည်သွားမှာပဲ။ ဒါက ဘယ်သူ့ကြောင့် ဖြစ်တာလဲ။ YRTA ကြောင့်ဖြစ်တာ။YRTA ကြောင့် ဖြစ်တာလဲဆိုရင် ဒီအမိန့်ထုတ်လို့ ဖြစ်တာ။ ဒီအမိန့်ဘာကြောင့် ထုတ်ရတာလဲ ပြည်သူက မလိုလားတော့လို့ တောင်းဆိုလို့ ထုတ်တာ။ ဒါဆိုရင် ပြည်သူတွေကို ဘယ်လိုအဆင်ပြေအောင် ပြန်လုပ်ပေးမလဲဆိုရင် အစိုးရအနေနဲ့ စဉ်းစားရမှာလေ” လို့ သူ့အမြင်ကို ပြောပါတယ်။

ဒီငွေအကြွေရှားပါးလာမှုနဲ့ ပတ်သက်လို့ YBS ယာဉ်လိုင်းတွေကို ဘယ်လိုစနစ်မျိုးနဲ့ သွားသင့်သလဲဆိုတဲ့ မေးခွန်းကို Eleven  Media ကနေ ခရီးသည်အယောက် ၂၀ လောက်ကို မေးမြန်းရာမှာ အားလုံးက ကတ်စနစ်ကို အမြန်ဆုံးအကောင်အထည် ဖော်စေချင်ကြပါတယ်။

“လိုင်းကားနဲ့ ပတ်သက်လို့ ပြောရရင် ကတ်စနစ်က အဆင်ပြေမယ်ထင်တယ်။ ကတ်စနစ်ကိုတော့ အမြန်ဆုံးပြောင်းဖို့ လိုတယ်ထင်တာပဲ။ အဲဒါဆိုရင်တော့ ဒီအခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်” လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာစိမ်းမိုးစက်က ပြောပါတယ်။

YBS ယာဉ်တွေမှာ လက်‌ရှိတွေ့‌ကြုံ‌နေ‌ရတဲ့ ငွေအကြွေပြဿနာအတွက် Yangon Payment Services (YPS) စနစ် အကောင်အထည်‌ဖော်‌နိုင်‌ဖို့ နိုင်ငံခြားဖက်စပ် လုပ်ငန်းတွေကိုပါ တင်ဒါလျှောက်ထားခွင့် ပေးထား‌တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။

ကတ်စနစ်နဲ့ ငွေပေးချေရေး လုပ်ငန်းအတွက် Cards Issuing လုပ်ငန်း၊ Cards Acquiring လုပ်ငန်းနဲ့ Cards Top Up Agent လုပ်ငန်းသုံးခုကို ဆောင်ရွက်ဖို့ နိုင်ငံသားပိုင် ပြည်တွင်းလုပ်ငန်းအပြင် ပြည်တွင်းနဲ့ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီတွေကိုလည်း တင်ဒါလျှောက်ထားခွင့် ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေရဲ့ တင်ဒါအဆိုပြုလွှာတွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းတုန်းက‌ လက်ခံခဲ့ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကို ရွေးချယ်ကာ အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်မယ်လို့ သိရပါတယ်။

“အနာဂတ်မှာတော့ YRTA အနေနဲ့ ကတ်စနစ်ကိုလုပ်ဖို့ ဆောင်ရွက်နေတာကို ကျွန်တော်တို့ သိရတယ်။ လက်ရှိအချိန်မှာ ကတ်စနစ်တွေ ဖော်ဆောင်ဖို့အတွက် တင်ဒါတွေ ခေါ်နေတယ်” လို့ ကိုတရုတ်လေးက ပြောပါတယ်။

ဒီလို YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ပြီဆိုရင်တော့ ငွေအကြွေပြဿနာကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်မယ်လို့ ခရီးသွားပြည်သူတွေကတော့ တထစ်ချ ယုံကြည်နေကြပါတယ်။

“ကတ်စနစ်နဲ့ လုပ်ရင်တော့ အဲဒါတွေ အားလုံးက အဆင်ပြေသွားမှာလေ။ အဲဒါကြောင့် ကျွန်တော်ကတော့ ကတ်စနစ်ကိုပဲ စောင့်မယ်လို့ ပြောချင်တယ်။ ကတ်စနစ်လေး ပေါ်လာပြီဆိုရင် ဒီအကြွေ ပြဿနာက လုံးဝကို ရှင်းသွားမှာပဲ။ ကျွန်တော်တို့ ဘတ်စ်ကားစီးရင် အကြွေမလိုဘူး။ ကတ်ပဲလိုတယ်။ ကတ်ထဲမှာ ပိုက်ဆံပြတ်နေရင်တော့ အကြွေလိုတာပေါ့။ ကျွန်တော်တို့ဘက်က ကိုယ့်ကတ်ကိုယ် ပိုက်ဆံဖြည့်ထားရင် တခြားဘယ်နေရာကို စီးစီး အကြွေဆိုတာ စကားထဲကို ထည့်ပြောစရာမလိုဘူး။ အဲဒီတော့ အကြွေပြသနာကို ရှင်းချင်တယ်ဆိုရင်တော့ ကတ်စနစ်လေး ဖြစ်သွားရင် အကောင်းဆုံးလို့ ထင်ပါတယ်” လို့ ပြည်သူတွေကြားမှာ ငွေအကြွေလဲလှယ် ဝန်ဆောင်မှုပေးနေတဲ့  Care Teen အဖွဲ့မှ ကိုရဲရဲဦးက သူ့အမြင်ကို ပြောပါတယ်။

ဒါပေမဲ့ YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ရုံနဲ့ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ငွေအကြွေပြဿနာဟာ တကယ်ပြေလည်သွားနိုင်ပါ့မလား ဆိုတာကလည်း မေးစရာ ရှိလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  YUPT ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုနိုင်ကတော့ “ကတ်စနစ်ကို အသုံးပြုမယ်ဆိုရင် ရာနှုန်းပြည့်အောင်မြင်မယ်လို့ အားလုံးက ထင်ထားကြတယ်။ ကတ်စနစ်နဲ့ ပတ်သက်လို့ ကျွန်တော်တရုတ်မှာ လေ့လာခဲ့တယ်။ ဂျပန်မှာ လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ Cash Box ကနေ ကဒ်စနစ်ကို စလုပ်တဲ့အခါမှာ ၁၀ ရာခိုင်နှုန်းပဲ အသုံးပြုတယ်။ ပြောင်းပြီး ငါးနှစ်ပြည့်တဲ့အခါမှာ ၅၀ ရာခိုင်နှုန်းပဲ အသုံးပြုကြတယ်။ ဒါကြောင့် ဒီအကြွေပြဿနာက ကတ်စနစ်ရှိလည်း ပြဿနာတက် နေဦးမှာပဲ။ အဲဒီအတွက် ငွေအကြွေ ရှားပါးမှုကို ဘယ်လိုလုပ်မလဲဆိုတာကတော့ ဆက်ရှိနေဦးမှာပဲ” လို့ ဆိုပါတယ်။

Most Read

Most Recent