အငယ်ကောင်၊ အလတ်ကောင်၊ အကြီးကောင်

အငယ်ကောင်၊ အလတ်ကောင်၊ အကြီးကောင်
Published 22 October 2017

ကနေဒါကာတွန်းဆရာ Ron Leishman ၏ Father Horse Playing with His Three Sons (Photo: Toonclips)

(၁)

ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ကို အဖေခေါ်နေကျ နာမည်တွေပေါ့။ အပြင်ပတ်ဝန်းကျင်မှာလည်း အဲဒီလို အကြီးကောင်၊ အလတ်ကောင်၊ အငယ်ကောင်ဆိုတဲ့ အခေါ်အဝေါ်မျိုးကြားလိုက်ရင် ကျွန်တော်စိတ်လှုပ်ရှား ပျော်ရွှင်သွားရတတ်တယ်။ မိသားစုတစ်စုမှာ အကြီးဆုံးရယ်၊ အလတ်ရယ်၊ အငယ်ရယ် ပြည့်စုံစွာရှိတာကို ကျွန်တော်ကတော့ သိပ်သဘောကျတတ်ပါတယ်။ အဲဒါမှ မိသားစုတစ်စုမှာ ပိုပြီးပြည့်စုံတယ်လို့လည်း ခံစားရတယ်။ ဒါပေမဲ့ အဲဒီလိုခေါ်ဖို့ဆိုတာကလည်း သားသမီးသုံးယောက် တိတိကျကျရှိမှပဲ ခေါ်လို့ရတာမျိုးဆိုတော့ သိပ်တော့မလွယ်ဘူးပေါ့။ ဆိုပေမယ့်လည်း ကျွန်တော်က အများအားဖြင့် သားသမီးသုံးယောက်ယူလေ့ရှိတဲ့ အချိန်တစ်ခု၊ အခြေအနေတစ်ခု ပတ်ဝန်းကျင်တစ်ခုကို ကံကောင်းစွာပဲ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ အဲဒီကာလတွေတုန်းကဆိုရင် ဆွေမျိုးမိတ်ဆွေကြားထဲမှာ သားသမီးသုံးယောက်ရှိတယ်ဆိုတာပဲ အတွေ့များတတ်တယ်။ အနီးအနားက သူငယ်ချင်းအပေါင်းအသင်းတွေဆိုလည်း သုံးယောက်မွေးထားတဲ့ မိသားစုထဲက တစ်ယောက်ယောက် ဖြစ်နေလေ့ရှိတယ်။ အိမ်မှာလည်း အဖေမွေးထားတဲ့ ကျွန်တော်တို့ ညီအစ်ကို သုံးယောက်တိတိရှိခဲ့ဖူးတယ် မဟုတ်လား။

တစ်စုံတစ်ရာရေစက် ဒါမှမဟုတ် ခေတ်အခြေအနေအရ တိုက်ဆိုင်မှုတွေပဲလားတော့ မသိဘူး။ ကျွန်တော်ငယ်ငယ်တုန်းကတည်းက ညီအစ်ကို သုံးယောက်၊ မောင်နှမ သုံးယောက်၊ ညီအစ်မ သုံးယောက်ဆိုတဲ့ စကားမျိုးဟာ ကျွန်တော်တို့ မိသားစုဝန်းကျင် ဆွေမျိုးတွေထဲမှာတော့ အထူးအဆန်းမဟုတ်ခဲ့ဘူး။ ကျွန်တော်တို့ခေတ်က ကျွန်တော်တို့မိဘတွေ ရွယ်တူအပေါင်းအသင်းတွေရဲ့ မိဘတွေဟာ သားသမီး သုံးယောက်တိတိယူဖို့ ပြိုင်တူဆုံးဖြတ်ခဲ့ကြသလားမသိဘဲ ထူးထူးခြားခြား တိုက်ဆိုင်နေခဲ့တာပေါ့။ အဖေတို့ မောင်နှမရှစ်ယောက်ထဲမှာဆိုလည်း မောင်နှမအကြီးသုံးယောက်ကလွဲရင် ကျန်တဲ့သူတွေအကုန်လုံးက သားသုံးယောက် သမီးသုံးယောက် ဆိုတဲ့ သူတွေချည်းပဲ။ အဲဒီလိုသားဆိုလည်း သားချည်းသုံးယောက်၊ သမီးဆိုလည်း သမီးချည်းပဲသုံးယောက် မွေးတာတွေချည်းဖြစ်နေတော့ ကျွန်တော်တို့ ဝမ်းကွဲညီအစ်ကိုမောင်နှမ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေကြားမှာတင် မိသားစုချင်း တိုက်ဆိုင်မှုတွေ တော်တော်များများ တူနေတတ်ကြပါတယ်။

(၂)

မိသားစုတိုင်းမှာ သားသမီးရှိလာပြီဆိုတာနဲ့ တစ်ဦးတည်းသော သားသမီး မဟုတ်လို့ကတော့ အကြီး၊ အလတ်၊ အငယ်ဆုံးဆိုပြီး ခေါ်ဝေါ်မှသာ ပြည့်စုံတယ်လို့ ကျွန်တော်ထင်မိတယ်။ မိသားစုမှာ၊ မွေးချင်းထဲမှာ အကြီးရှိပြီဆိုရင် အငယ်ရှိရမယ်။ အကြီးနဲ့ အငယ်ရှိပေမယ့် အလတ်မရှိဘူးဆိုတာ နစ်နာတယ်လို့ ကျွန်တော်ကတော့ ထင်တာပါပဲ။ ကျွန်တော်တို့ အဘိုး၊ အဘွားတွေတုန်းက သားသမီးရသလောက် ယူဖြစ်ကြတဲ့အချိန်တွေကို ခဏထားလိုက်ပါဦး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဘယ်မိသားစုမှာမဆို သားသမီးသုံးယောက် ယူလေ့ရှိကြတယ်ဆိုတာ မှတ်မှတ်ရရဖြစ်နေမိတယ်။ အားလုံးကို ဗိုလ်ကျအနိုင်လိုချင်တတ်တဲ့ အကြီးတွေ၊ အမြဲအလျှော့ပေး အားငယ်နေတတ်တဲ့ အလတ်တွေ၊ ကလေးစိတ် မကုန်တတ်သေးတဲ့ အငယ်ဆုံး သားသမီးတွေဆိုတာ ကျွန်တော်တို့ မိသားစုအတွင်းမှာရော အနီးပတ်ဝန်းကျင်မှာပါ အမြဲမြင်တွေ့ခဲ့ရဖူးတာပဲ။

“အလတ်တွေဆိုတာက ဒီလိုပါပဲ။ မေ့လျော့ခံနေရတယ်လေ” လို့သာ ကျွန်တော်တို့အမေတွေ၊ အဒေါ်တွေ ပတ်ဝန်းကျင်က မိဘတွေ အမြဲဆိုတတ်ကြတာ ငယ်ငယ်ကတည်းက မရိုးနိုင်စွာ ကြားခဲ့ရတာပဲ။ အဲဒီလိုပါပဲ။ အငယ်ဆိုတာကတော့ မိသားစုအားလုံးရဲ့ အလိုလိုက်ခံထား အချစ်ပိုထားကြလို့ ဘယ်နေရာဖြစ်ဖြစ် အနိုင်လိုချင်တတ်ကြ၊ မိဘတွေရဲ့ အသည်းနှလုံးကို နောက်ဆုံးဆွဲလှုပ်ရမ်းထားနိုင်တဲ့သူတွေမို့လည်း အမြဲအလျှော့ပေး ဆက်ဆံတာ ခံရတတ်တယ်။ အကြီးဆုံးတွေကတော့ အရာရာကို စောစီးစွာတွေ့ကြုံခံစားရတတ်၊ အသစ်အဆန်းဆို အရင်ဆုံးရတတ်ကြပြီး မိသားစုထဲမှာလည်း ခပ်စောစောကတည်းက လူရာသွင်းခံရတတ်တယ် မဟုတ်လား။ သားသမီးက သုံးယောက်ဖြစ်ပြီဆို ကြုံနေကျ စကားအတိုင်းကြားထဲက အလတ်တွေကတော့ အကြီးတွေအနိုင်ကျင့်တာလည်းခံရ၊ အငယ်ကောင် ဗိုလ်ကျတာလည်းခံရနဲ့ အကြီးကိုကြောက်ရ၊ အငယ်ကိုညှာရ၊ အခွင့်အရေးတစ်ခုခုဆို နောက်ချန်ခံထားရလေ့ ရှိပါတယ်။ ဒါကပုံမှန်အားဖြင့် ပတ်ဝန်းကျင်မှာ အမြဲပြောနေ ကြုံနေသုံးသပ်လေ့ရှိတဲ့ အမြင်မျိုးတွေပါပဲ။

(၃)

အဖေတို့ မောင်နှမ ရှစ်ယောက်ထဲမှာ အဖေအပါအဝင် နောက်ဆုံးသုံးယောက်စလုံးက ယောကျ်ားလေး သုံးယောက်လည်းဖြစ်ပြန် ယောကျ်ားလေးတွေချည်း သုံးယောက်စီ ပြန်မွေးထားကြတာဆိုတော့ နည်းနည်းထူးခြားတယ်လို့ ဆိုရမှာပါ။ အဖေတို့ သုံးယောက်စလုံးကလည်း အရွယ်မတိမ်းမယိမ်းတွေ ကျန်တဲ့မောင်နှမအကြီးတွေနဲ့သာ အမြဲမဆုံကြရင်ရှိမယ် သူတို့သုံးယောက်ကတော့ ညီအစ်ကိုတွေပေမယ့် သူငယ်ချင်းသုံးယောက်လိုပဲ အမြဲတတွဲတွဲ နစ္စဓူ၀ တွေ့နေဆုံနေတတ်ကြပါတယ်။ ပတ်ဝန်းကျင်ကလည်း မွေးချင်းတွေ အများကြီးရှိပေမယ့် သူတို့ညီအစ်ကိုသုံးယောက်ကိုပဲ အကြီး၊ အလတ်၊ အငယ်လိုသဘောထားပြီး သုံးယောက်တွဲမြင်သလို ဖြစ်နေတော့တာပေါ့။ မောင်နှမရှစ်ယောက်မှာလည်း အကြီးဆုံး ယောကျ်ားလေးသုံးယောက်၊ ပြီးတော့ မိန်းကလေးနှစ်ယောက် နောက်ဆုံးက အဖေတို့သုံးယောက်စလုံးကလည်း ယောကျ်ားလေးတွေချည်းပဲဆိုတော့ အသက်အရွယ်သိပ်မကွာကြတဲ့ အငယ်သုံးယောက် သွားစုမိနေတဲ့ သဘောပေါ့။ သုံးယောက်စလုံးမှာကလည်း သားသုံးယောက်စီ ပြန်မွေးထားတယ်ဆိုတဲ့ အဖြစ်ချင်းတူနေကြ၊ တစ်ခုခုဆို တိုက်ဆိုင်မှုလည်း ကျန်တဲ့သူတွေထက် ပိုများနေတတ်ကြတယ်။ သားချည်းပဲ သုံးယောက်စီရှိနေကြလို့လည်း ကလေးတွေအနေနဲ့ အဖေတို့ ညီအစ်ကိုသုံးယောက်စလုံးရဲ့ သတိတရဖြစ်မှု၊ တန်ဖိုးထားချစ်ခင်မှုပါ အတူတူခံရလေ့ရှိပါတယ်။ တစ်ယောက်က အဝတ်အစားကအစ ပစ္စည်းတစ်ခုခုဝယ်တယ်ဆိုတာနဲ့ ကျန်တဲ့နှစ်ယောက်ကလည်း သူတို့သားသုံးယောက်အတွက် ပါပါလာတတ်ကြသလို သားသုံးယောက် ရှေ့ရေးဆိုပြီး စဉ်းစားတဲ့အခါလည်း သူတို့သုံးယောက်က ကျန်တဲ့သူတွေထက် ပိုပြီးနီးနီးကပ်ကပ် တိုင်ပင်လို့ရကြတာပေါ့။

“ညီအစ်ကိုတွေဆိုတာ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနေကြရမယ်” ဆိုတာမျိုး မိဘတိုင်းက မှာခဲ့ဖူးကြပါလိမ့်မယ်။ အဲဒီစကားအတိုင်းဆို အဖေတို့သုံးယောက်က မိဘစကား အလေးထားခဲ့တယ်ဆိုလို့ရမှာပေါ့။ အဖေတို့ ညီအစ်ကိုသုံးယောက်က သံယောဇဉ် အတော်ကြီးကြ၊ ချစ်ကြတယ်။ မိသားစုမှာ အငယ်ဆုံးတွေဖြစ်နေလို့လည်း အစ်ကိုတွေ၊ အစ်မတွေရဲ့ တချို့ဗာဟီရကိစ္စ မှန်သမျှကိုလည်း သုံးယောက်အတူတူ မညည်းမညူ လုပ်ကိုင်ပေးရလေ့ရှိတတ်တယ်။ အငယ်ဆုံးတွေမို့ အကြီးတွေအပေါ် ချစ်ကြောက်ရိုသေ ရတာရော၊ သုံးယောက်တတွဲတွဲ ရှိနေတဲ့အပေါ်မှာရော ဆွေမျိုးတွေကြား အားကိုးစရာလို ဖြစ်ခဲ့ကြတာပါ။ ရန်ကုန်မှာရှိတာက မောင်နှမငါးယောက်၊ အဖေအပါအဝင် မောင်နှမသုံးယောက်က နယ်မှာပဲကျန်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အဖေက ရန်ကုန်ကို အိမ်ဦးနဲ့ကြမ်းပြင်လို အမြဲသွားနေတတ်တယ်။ ရန်ကုန်မှာဆုံချိန်ဆို တစ်ယောက်ကိစ္စနောက် တစ်ယောက်လိုက်ရင်း တစ်နေကုန် အတူရှိနေတတ်ကြတာပေါ့။ တစ်ခါတစ်ခါ သူတို့သုံးယောက်နဲ့တင်အားမရ ကျန်တဲ့အစ်ကိုတွေ၊ အစ်မတွေပါခေါ်ပြီး ဆုံနေတတ်ကြပြီး ကျန်တဲ့အချိန်တွေဆိုရင်တော့ သူတို့ညီအစ်ကို သုံးယောက်တည်း တရုန်းရုန်းနဲ့ပေါ့။ သူတို့အရွယ်တွေနဲ့ သောက်စားပျော်ပါးနေတာမျိုး မဟုတ်ပေမယ့် အလုပ်ကိစ္စကအစ လက်ဖက်ရည်ဆိုင်ထိုင်တာအဆုံး အတူတူရှိနေတွေ့ နေရတဲ့အခါ သူတို့ညီအစ်ကိုသုံးယောက်ရဲ့ ချစ်ခင်မှု သံယောဇဉ် အတိမ်အနက်ကိုပါ ဘေးလူက မြင်ရအားကျနေရတတ်တာပါ။

(၄)

ဒါပေမဲ့ ကံတရားအကြောင်းဆိုတာ ပြောင်းလဲလို့မရ၊ လွှဲဖယ်ပစ်လို့ရတာမျိုးမှ မဟုတ်တာ။ သိပ်ချစ်ပါတယ်ဆိုတဲ့ ညီအစ်ကို သုံးယောက်ဆိုပေမယ့်လည်း တစ်နေ့နေ့တော့ ခွဲခွာ၊ တစ်ယောက်မဟုတ်တစ်ယောက် မလွန်ဆန်နိုင်တဲ့ သင်္ခါရသဘောမှာ ပဲ့ပါသွားရမှာပါပဲ။ အရင်ကဆို ညီအစ်ကိုသုံးယောက် အမြဲတတွဲတွဲ ဘယ်နေရာမဆို တွေ့ရတတ်ပေမယ့် အခုဆို သူတို့သုံးယောက်ထဲက အဖေတို့ အကြီးနှစ်ယောက်စလုံး လူ့လောကထဲက စောစီးစွာထွက်ခွာသွားခဲ့ကြတယ်။ သုံးယောက် အမြဲတွဲလျက် တွေ့ခဲ့ရပြီးမှ အကြီးနှစ်ယောက်လုံး မရှိတော့တဲ့အဖြစ်မှာ အခုချိန်တွေဆို ကျွန်တော့်ဦးလေးငယ်လည်း စိတ်အားမငယ်ဘူးဆိုရင်တောင် အထီးကျန်နေမှာတော့ အမှန်ပါပဲ။ မရှိတော့တဲ့ ညီအစ်ကိုနှစ်ယောက်စလုံးကလည်း ရုပ်ချင်းစိတ်ချင်းသာ နီးစပ်ရုံ တူရုံမကဘူး။ ရှေ့ဆင့် နောက်ဆင့်ဆိုသလို လူ့လောကကနေ ဆွေမျိုးအသိုက်အဝန်းထဲကနေ ထွက်ခွာသွားတဲ့အချိန်လည်း သိပ်မကွာခဲ့ကြဘူး။ ကျွန်တော့် ဦးလေးအငယ် အထီးကျန်ဖြစ်သွားသလိုပဲ ကျွန်တော်တို့ ဆွေမျိုးတစ်အုပ်ကြားထဲမှာလည်း တစ်နှစ်ထက် တစ်နှစ် တစ်စထက်တစ်စ လူတွေလျော့ပါး အမြဲမဆုံဖြစ်ကြတော့တဲ့အပေါ် တအားလျော့သလိုဖြစ်ကြရ၊ ကျွန်တော်တို့တွေလည်း ဝမ်းနည်းကြရတာတော့ အမှန်ပါပဲ။

ကျွန်တော်တို့ အဖေ၊ အမေခေတ်မှာ ခေတ်အခြေအနေအရလားတော့ မသိဘူး၊ သားသမီးသုံးယောက် ဆိုတာတွေချည်းပဲ တွေ့ရတတ်ပါတယ်။ အခုလို တဖြည်းဖြည်းကျပ်တည်းလာတဲ့ စီးပွားရေးနဲ့အတူ နောက်တိုးတက်လာတဲ့ နည်းပညာ သတင်းအချက်အလက်နောက် အပြေးအလွှားလိုက်နေရတဲ့ ကျွန်တော်တို့ခေတ်မှာတော့ အဲဒီလိုသားသမီး သုံးယောက်ယူဖြစ်တဲ့ မိသားစုဆိုတာ ခပ်ရှားရှားဖြစ်လာပြန်တယ်။ စီးပွားရေးအဆင်ပြေတဲ့သူတချို့တော့ သားသမီးသုံးလေးယောက် ယူနိုင်ကြသေးတယ်ဆိုပေမယ့် ပုံမှန်အားဖြင့်တော့ ခေတ်မီဆေးဝါး အကူအညီနဲ့ တားဆီးထားကြတာမျိုးဖြစ်စေ၊ မလူးသာအလှုပ်ခေတ်ရဲ့ လျင်မြန်မှုနောက် မနည်းလိုက်နေရလို့ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်တာဖြစ်စေ တော်ရုံမိသားစုမှာ အလွန်ဆုံး သားသမီးနှစ်ယောက်အပြင် နောက်ထပ်ပိုမလိုချင်တတ်ကြတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိဖြတ်သန်းနေရတဲ့ ခေတ်ထဲကျပ်တည်းလာတဲ့ စားဝတ်နေရေးကြောင့်လို့ ပြောပြော မတတ်နိုင်စွာ ကလေးနှစ်ယောက်နဲ့ ရပ်ထားဖြစ်နေပေမယ့် အငယ်ကောင်၊ အလတ်ကောင်၊ အကြီးကောင်သုံးယောက်ဆိုတဲ့ စကားကိုပဲ ပိုရင်ခုန်ကိုယ်တိုင်ငယ်စဉ်က နေထိုင်ဖြတ်သန်းခဲ့ရတဲ့ ဘဝမျိုးကိုပဲ ပိုတမ်းတနေမိတတ်တယ်။

ဒါကြောင့်လည်း အငယ်ကောင်၊ အလတ်ကောင်၊ အကြီးကောင်ဆိုတဲ့ အသံမျိုးကြားရင် ကျွန်တော်ပျော်သွားတတ်တာပါ။ နောက်ဆိုရင် ပိုခက်ခဲပိုကျပ်တည်းလာမလား ပျော်ရွှင်စရာ ပိုကောင်းလာဦးမလား မသိနိုင်တဲ့ အနာဂတ်လူနေမှုဘဝမှာ မိသားစုတစ်စုအတွက် ခေတ်အခြေအနေဆိုတာကလည်း သားသမီးရတနာ အရေအတွက်ကို အနည်းနဲ့အများ ရိုက်ခတ်ထင်ဟပ်လိမ့်ဦးမယ်လို့ ထင်မိတာပါပဲ။ ကျွန်တော်ကတော့ သုံးယောက်မွေးတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူမို့လားတော့မသိဘူး၊ အကြီးကောင်၊ အလတ်ကောင်၊ အငယ်ကောင်ဆိုတဲ့ ပြည့်စုံတဲ့ အခေါ်အဝေါ်ကိုသာ ပိုရင်ခုန်မိတယ်။ ကျွန်တော့်မှာလည်း ညီအစ်ကိုသုံးယောက် ရှိခဲ့ဖူးတာပဲ။ အချိန်တွေ အကြာကြီး နေခဲ့ဖူးတာပါပဲ။ ဒါပေမဲ့ အလတ်ကောင်က လူပျိုပေါက်အရွယ်တည်းက မိသားစုထဲကထွက်ခွာခဲ့လို့ သုံးယောက်ဆိုတဲ့အဖြစ်ဟာ အတိတ်မှာသာ အတိတ်က ငယ်ရွယ်စဉ်ကာလတုန်းက ပုံရိပ်တွေအရပဲ ကျန်ရစ်ခဲ့တော့သလို အခုဆိုရင် ကျွန်တော်တို့မှာ အကြီးကောင်၊ အငယ်ကောင် ညီအစ်ကိုနှစ်ယောက်ပဲ ရှိပါတယ်လို့ သာဆိုရပါတော့တယ်။ ကျွန်တော့်ဦးလေးကရော ဘာထူးမှာလဲ။ သူ့အစ်ကိုနှစ်ယောက်စလုံး မရှိတော့တဲ့အဖြစ်မှာ အရင်က ညီအစ်ကိုသုံးယောက် အမြဲဆုံတွေ့ရ ပျော်ခဲ့ရဖူးတဲ့အဖြစ်တွေကို အကြီးကောင်၊ အလတ်ကောင်၊ အငယ်ကောင်ဆိုတဲ့ အရင်ကအတိတ်ပုံရိပ်တွေကို လွမ်းနေဖြစ်မှာအမှန်ပါပဲ။

Most Read

Most Recent