စာပေမွေ့လျော်ခြင်း

စာပေမွေ့လျော်ခြင်း
Published 22 October 2017

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စာအုပ်အရောင်းဈေးပွဲတော်တွင် လာရောက်လေ့လာဝယ်ယူနေသူများအား ဇန်နဝါရီလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

‘စာအုပ်’ ဟူသောအရာပေါ်မလာခင်တုန်းက နှုတ်ဖြင့်သယ်ဆောင်လာခဲ့ရသော ‘နှုတ်စာ’ ကျောက်ဂူနံရံတွေပေါ်မှာ ရေးမှတ်ခဲ့ကြတဲ့ ‘ကျောက်ဂူစာ’ ကျောက်ပြားတွေပေါ်မှာ ရေးထွင်းခဲ့ကြတဲ့ ‘ကျောက်စာ’ ပေရွက်တွေပေါ်မှာ ရေးသားခဲ့ကြတဲ့ ‘ပေစာ’ စသည်ဖြင့် စာအမျိုးမျိုးရှိခဲ့ကြလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ဘာပဲပြောပြော အဲဒီခေတ် အဲဒီကာလက ပေါ်ပေါက်လာခဲ့ကြတဲ့ စာလုံးအက္ခရာတွေဟာ ဒီယနေ့ခေတ်ရဲ့ စာပေစီးဆင်းမြစ်ဖျားခံရာ ရေသောက်မြစ်သဖွယ် ဖြစ်ခဲ့ကြတဲ့အတွက် အရေးပါအရာရောက်ခဲ့တဲ့ စာပေသမိုင်းဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီခေတ်ရဲ့လူသားတွေက ကျောက်ဂူပေါ်က ကျောက်ပြားပေါ်က ပေရွက်တွေပေါ်က စာလုံးတွေ အက္ခရာတွေ ဗျည်းသရတွေကိုကြည့်ပြီး ကြည်နူးနှစ်သက်ပျော်ရွှင်ခဲ့ကြမှာ အသေအချာပါပဲ။ ဒါဟာ အတိတ်သမိုင်းကာလရဲ့ စာပေလေ့လာလိုက်စားမှု (ဝါ) စာပေမွေ့လျော်မှုပဲ မဟုတ်ပါလား။

ဒီကနေ့ ကျွန်တော်တို့ခေတ်မှာတော့ စက္ကူတွေကို စုစည်းချုပ်လုပ်ထားတဲ့ စာအုပ်ဆိုတဲ့အရာတွေ ဖောဖောသီသီ ပေါ်ထွက်လာခဲ့ပြီမို့လို့ ကျောက်ခေတ်သံခေတ်နဲ့ မတူတော့ဘဲ စာပေလေ့လာလိုက်စားမှု ထွန်းကားလာခဲ့ရပါပြီ။ ကျွန်တော်တို့ဟာ ‘စာအုပ်’ ဆိုတဲ့အရာကို လက်ဖြင့်ကိုင်တွယ်ကာ စာရွက်လေးတွေ တစ်ရွက်ပြီးတစ်ရွက်လှန်ကာ စာဖတ်ခြင်းအမှုကို ပြုလုပ်လာခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ စာပေမွေ့လျော်မှုပါပဲ။ ပိုပြီးတိတိကျကျ ထပ်ပြောရရင် လက်ရှိခေတ်ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအစွမ်းကြောင့် စာအုပ်ပုံသဏ္ဌာန်ဟာ စက္ကူသားအသွင်တောင် မဟုတ်တော့ဘဲ ကွန်ပျူတာစကရင်အသွင် လက်တော့ပ်အသွင် လက်ကိုင်ဖုန်းအသွင်နဲ့ စာဖတ်ခြင်းအမှုကို ပြုနေကြပြီဟု ဆိုရပါလိမ့်မယ်။ တစ်နည်းပြောရရင် e-book လို့ခေါ်တဲ့ ဖန်သားပြင်စာအုပ်တွေကို ကျွန်တော်တု့ိ အသုံးပြုကိုင်တွယ်ကာ စာပေလေ့လာလိုက်စားလာကြပါပြီ။

တကယ်တော့ ‘စာလုံးအက္ခရာ’ ဆိုတာ ဘယ်ပေါ်မှာရေးရေး ဘယ်လိုပုံသဏ္ဌာန်နဲ့ဖော်ဖော် ဘယ်လိုနည်းပညာနဲ့ပဲ မှတ်တမ်းတင်တင် စာလုံးတွေအက္ခရာတွေကပေးတဲ့ အနက်အဓိပ္ပာယ်အနှစ်သာရကတော့ အတူတူပါပဲ။ စာဖတ်ခြင်းကြောင့် ကျွန်တော်တို့ရရှိလိုက်တဲ့ ကြည်နူးမှု ဝမ်းနည်းမှု တွေးတော ဆင်ခြင်မှုအရသာကတော့ ပြောင်းလဲမသွားပါဘူး။ ဒါကြောင့် ဒီနေရာမှာ စာလုံးတွေ အက္ခရာတွေကို သယ်ဆောင်သိုမှီး သိမ်းဆည်းပေးထားကြတဲ့ ကိရိယာတန်ဆာပလာ အကြောင်းမပြောဘဲ စာဖတ်ခြင်း၊ စာပေမွေ့လျော်ခြင်းရဲ့ တကယ့်အနှစ်သာရကိုပဲ ပြောကြပါစို့ရဲ့လား။ ‘နှင်းဆီကို ဘယ်လိုနာမည်ပေးပေး မွှေးမြဲမွှေးမှာပဲ’ ဟု ရှိတ်စပီးယား ပြောခဲ့သလိုပေါ့။ ရသမြောက် စာတစ်ပုဒ်ဟာ ဘယ်လိုအက္ခရာဝတ္ထုပေါ်မှာ ရေးထားရေးထား ရသမြောက်နေမှာပါပဲ။ ကျွန်တော်တို့စာလုံးတွေကို သယ်လာတဲ့ယာဉ်တွေကိုမကြည့်ဘဲ စာလုံးတွေကိုချည်း ကြည့်ကြရအောင်ဗျာ။ ဘယ်နှယ့်လဲ။

လူဆိုတဲ့သတ္တဝါတစ်မျိုးဟာ ဒီအတိုင်း ဘလိုင်းချည်းဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်နေတတ်တဲ့ သူမျိုးမဟုတ်ပါဘူး။ လူဟာ အမြဲတစေ တစ်ခုခုကိုတော့ လုပ်နေလေ့ရှိပါတယ်။ ကာယကံ ဝစီကံ မနောကံထဲက တစ်ခုမဟုတ်တစ်ခု လုပ်နေတတ်သူမျိုးပါ။ အဲဒီလို တစ်ခုမဟုတ် တစ်ခုလုပ်ကြတဲ့အခါ လူတွေဟာ ကိုယ်သန်ရာ ကိုယ်ဝါသနာပါရာ ကိုယ်နှစ်သက်ရာ တစ်ခုခုပြုလုပ်နေရခြင်းမှာ မွေ့လျော်တတ်ကြစဲမဲပါပဲ။ လူအချို့က ရုပ်ရှင်ဇာတ်ကား ကြည့်ချင်ကြည့်နေလိမ့်မယ်။ အချို့က ဂိမ်းဆော့ချင်ဆော့နေပေလိမ့်မယ်။ အချို့ကလည်း စစ်တုရင် ကစားချင် ကစားနေကြပေလိမ့်မယ်။ အချို့က ရေသွားကူးချင် သွားကူးနေကြမယ်။ အချို့က ဘောလုံးကန်ချင် ကန်ကြလိမ့်မယ် စသည်ဖြင့်ပေါ့လေ။ ဒါဟာ အချို့သောလူတွေရဲ့ မွေ့လျော်ခြင်းတွေပါပဲ။ ဒီလိုမွေ့လျော်ခြင်းတွေဟာ မရှိလို့မဖြစ်ပါဘူး။ ရှိရပါတယ်။ ဒီမွေ့လျော်ခြင်းတွေကို ပြုလုပ်ရမှ လူ့ဘဝဟာ အပျင်းပြေ အငြီးပြေ အညောင်းအညာလည်း ပြေပါတယ်။ နေ့စဉ်နဲ့အမျှ လူမှုဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ လူသားတွေအဖို့ စောစောကပြောတဲ့ မွေ့လျော်ခြင်းတွေသာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ဘဝတွေဟာ ဘယ်မှာပျော်စရာကောင်းပါတော့မလဲ။ ဘယ်မှာနှစ်သိမ့် ကျေနပ်စရာကောင်းပါတော့မလဲ။ တကယ်တော့ မိမိဝါသနာပါရာမှာ မွေ့လျော်နေရခြင်းဟာ ဘဝရဲ့ပီတိပါပဲ။ အဲဒီပီတိရှိမှ ဘဝဟာ နေပျော်စရာ ကျေနပ်စရာကောင်းတာပါ။ ကျွန်တော်တို့အားလုံးဟာ ဘဝရဲ့ပီတိကို ရှာဖွေချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါဆို ကျွန်တော်တို့ဘဝရဲ့ ပီတိကဘာလဲ။

ရိုးရိုးလေးပဲ ပြောပါရစေ။ ကျွန်တော့်ဘဝရဲ့ပီတိက စာဖတ်ခြင်းပါပဲ။ နောက်တစ်နည်းထပ်ပြောရရင် ‘စာပေမွေ့လျော်ခြင်း’ ပါပဲ။ ကျွန်တော်ဟာ နှစ်ပေါင်း ၄၀ ကျော် စာပေမွေ့လျော်ခြင်းအမှုကို ပြုလုပ်ခဲ့ပါတယ်။ စာအုပ်စာပေဟာ ကျွန်တော်အမြဲရှူရှိုက်နေရတဲ့ လေတစ်မျိုးပါပဲ။ တစ်ခါ တစ်ခါ စဉ်းစားကြည့်တယ်။ ဟောဒီကမ္ဘာကြီးပေါ်မှာ စာအုပ်စာပေတွေသာ မရှိတော့ဘူးဆိုရင် ကျွန်တော်သေတော့ သေမသွားပါဘူ။ ဒါပေမဲ့ ကျွန်တော်နေလို့တော့ ကောင်းမှာမဟုတ်ဘူး။ ခဏခဏ ဖျားလိုက် နာလိုက် ကိုက်လိုက် ခဲလိုက် ထုံကျဉ်လိုက် ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဘဝမှာ ပျော်ရွှင်စရာတွေ အများကြီးပါပဲ။ ရုပ်ရှင်ကြည့်ပြီး၊ ဘိလိယက်ထိုးပြီး၊ ကံစမ်းမဲနှိုက်ပြီး ကမ်းခြေကို အပန်းဖြေထွက်ပြီး၊ ဘီယာတစ်ကျိုက် ကြက်ပေါင်တစ်ကိုက်ကိုက်ပြီး၊ KTV မှာသီချင်းသွားဆိုပြီး၊ ကောင်မလေးတစ်ယောက်နဲ့ ချက်တင်ဝင်ပြီး ပျော်စရာတွေကို ရှာဖွေလို့ရပါတယ်။ သို့သော် အဲဒီအရာတွေအားလုံးဟာ ‘စာဖတ်ခြင်း’ လောက် ကျွန်တော့်ကို ပျော်ရွှင်မှုမပေးနိုင်ပါဘူး။ ‘စာဖတ်ခြင်း’ လောက် ကြည်နူးနှစ်သိမ့်မှု မဖြစ်စေပါဘူး။ ‘စာဖတ်ခြင်း’ လောက် ရောင့်ရဲတင်းတိမ် ကျေနပ်မှုမပေါ်စေပါဘူး။ ‘စာဖတ်ခြင်း’ လောက် ပီတိတသိမ့်သိမ့် ပေါ်မလာစေပါဘူး။

‘ကျွန်တော့်အဖု့ိတော့ စာရေးတာ၊ စာဖတ်တာက ကသိုဏ်းတစ်မျိုးပါပဲ’ လို့ ဆရာဇော်ဇော်အောင် ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့်အဖို့လည်း စာဖတ်ခြင်းဟာ ကသိုဏ်းတစ်မျိုးပါပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် စာဖတ်ခြင်းဟာ ကျွန်တော့်အဖို့ သမာဓိတည်နေခြင်းလည်းမည်ပါတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ စာဖတ်ခြင်းဟာ အစမှာတော့ စကားလုံးတွေဝါကျတွေ စာပိုဒ်တွေကို မြင်နေမှာဖြစ်ပေမယ့် တဖြည်းဖြည်းကြာလာတဲ့အခါ စကားလုံးတွေ ဝါကျတွေ စာပိုဒ်တွေနေရာမှာ အဓိပ္ပာယ်တွေဆို လိုရင်းအနက်တွေ ရောက်လာပါတယ်။ နောက်ဆုံးမှာတော့ အဓိပ္ပာယ်တွေဆိုလိုရင်း အနက်တွေပါပျောက်ပြီး လူတွေ၊ ပုံရိပ်တွေ၊ ရှုခင်းတွေ၊ မြင်ကွင်းတွေ ရောက်လာပါတော့တယ်။ တကယ်တော့ စာဖတ်ခြင်းဟာ သီးခြားနယ်ပယ်တစ်ခုထဲ ရောက်ရှိသွားတာနဲ့ တူပါတယ်။ တစ်နည်း စာရေးဆရာဖန်ဆင်းထားတဲ့ နယ်ပယ်တစ်ခုထဲ ရောက်သွားတာပါ။ ယခင်က ကျွန်တော်တို့မရောက်ဖူးသေးတဲ့ နယ်ပယ်ပေါ့။ အကယ်၍ ရောက်ဖူးကောင်း ရောက်ဖူးတယ်ဆိုရင်တောင် ယခင်က ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သတိလက်လွတ်ကျန်ရစ်ခဲ့တဲ့အရာတွေ၊ လူတွေ၊ အပြောအဆိုတွေ၊ အပြုအမူတွေ၊ ရှုခင်းမြင်ကွင်းတွေကို ထပ်ပြီးသတိပြုကြည့်ရှုနိုင်အောင် နောက်တစ်ခေါက် ပြန်ရောက်လာတဲ့ နယ်ပယ်တစ်ခုပေါ့။ အဲဒီနယ်ပယ်ဟာ စာရေးဆရာရဲ့ အစွမ်းကြောင့် စာပေအသွင်ပုံပေါ်လာရတဲ့ နယ်ပယ်တစ်ခုပါပဲ။ အဲဒီနယ်ပယ်ထဲမှာ ပျော်ပါးချင်လို့ ပျော်မွေ့ချင်လို့ ကျွန်တော်တို့ စာဖတ်ကြတာပါ။ (ဒီနေရာမှာ နည်းနည်းရှင်းစရာရှိတာက စာဖတ်ခြင်းအကြောင်း ပြောနေတာဖြစ်သော်လည်း ‘အမြန်ဆုံး သူဌေးဖြစ်နည်း’ ‘မန်နေဂျာ လက်စွဲ’ စတဲ့စာအုပ်များကို ဖတ်ရှုခြင်းဟာ ‘စာပေမွေ့လျော်ခြင်း’ ထဲမပါဘူးဆိုတာကိုတော့ စာဖတ်သူ သိပြီးသားဟု ယူဆထားပါတယ်။) စောစောကပြောတဲ့ နယ်ပယ်က စာရေးဆရာရဲ့ စိတ်ကူးနဲ့ဖန်တီးလိုက်တဲ့ စိတ်ကူးနယ်ပယ်ပါပဲ။ အဲဒီစိတ်ကူးနယ်ပယ်ဟာ စာရေးဆရာရဲ့ စိတ်ကူးဆန်းကြယ်ရင် ဆန်းကြယ်သလောက် ကျွန်တော်တို့မှာ ရပ်သပ်ရှုမော အံ့သြဘနန်းအဆန်းတကြယ် ဖြစ်ရပါတယ်။ စိတ်ကူးနယ်ပယ်ဆိုရာမှာလည်း နတ်သမီးပုံပြင်သဖွယ် ယုံတမ်းသက်သက် စိတ်ကူးယဉ်နယ်ပယ်ရှိသလို ဘဝကို ခံစားသိမြင် ဆင်ခြင်သုံးသပ်လက်တွေ့နဲ့ ဆက်စပ်ပြီး ဖန်တီးလိုက်တဲ့ စိတ်ကူးနယ်ပယ်ဆိုပြီး နှစ်မျိုးကွဲနိုင်ပါသေးတယ်။ စာရေးဆရာက သူဖြစ်စေချင်နေတာတွေ ဖန်တီးပြလိုက်တဲ့အခါ ကျွန်တော်တို့ခမျာ သူခေါ်ရာလိုက် သူပြရာမှာငေးပြီး လွမ်းဆွေးတသ ကျန်ရစ်ခဲ့ရပါတယ်။ အချို့စာရေးဆရာတွေကတော့ ဖြစ်နေရှိနေကြတာတွေကို သူ့စိတ်ကူးအစွမ်းနဲ့ ဖန်တီးပြလိုက်တဲ့အခါ ကျွန်တော်တု့ိခံစားမှုအသိနဲ့အတူ ရသအတွေ့အကြုံတွေ ရရှိလိုက်ကြပါတယ်။ ဒါသည်ပင်လျှင် စာပေမွေ့လျော်ခြင်းကပေးလိုက်တဲ့ ဘဝပီတိရှာဖွေနည်းပါပဲ။ ဘဝရဲ့ရသပါပဲ။ တစ်နည်းပြောရရင် စာပေမွေ့လျော်ခြင်းဟာ ဉာဏ်နှင့်ယှဉ်သော ပျော်ရွှင်နည်းတစ်မျိုးပါပဲ။ ဘယ်လိုဉာဏ်နှင့်ယှဉ်တဲ့ ပျော်ရွှင်မှုလဲ။ စာအုပ်စာပေကပေးလိုက်တဲ့ ခံစားမှုဟာ နှလုံသားကနေတစ်ဆင့် ဦးနှောက်ဆီကိုစီးဆင်းသွားတဲ့ ခံစားမှုအသိအဖြင့် ဉာဏ်ပညာကို မွေးဖွားပေးလိုက်လို့ပါပဲ။ ဒီလိုဉာဏ်ပညာမျိုး ရရှိလိုက်တာဟာ ပျော်စရာမကောင်းပေဘူးလား။ ဒါကြောင့် ‘ဉာဏ်နှင့်ယှဉ်သော ပျော်ရွှင်နည်း’ လို့ နာမည်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

မိတ်ဆွေ သင့်အနေနဲ့ ဘဝကိုသက်သောင့်သက်သာ ဖြတ်သန်းချင်တယ်ဆိုရင် ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကာမဂုဏ်အာရုံတွေနောက် တကောက်ကောက် မလိုက်ချင်တော့ဘူးဆိုရင် အပြစ်မကင်းတဲ့ ပျော်ရွှင်ခြင်းတွေကြားထဲမှာ အပြစ်ကင်းတဲ့ ပျော်ရွှင်ခြင်းကို ရှာဖွေချင်သပဆိုရင် အကုသိုလ်မကင်းတဲ့ နေထိုင်ခြင်းတွေကြားထဲမှာ ကုသိုလ်ရနံ့သင်းတဲ့ နေထိုင်ခြင်းကို လိုလားတောင့်တပါတယ်ဆိုရင် တခြားသောပီတိတွေထက် ဘဝရဲ့ပီတိကို ချိုမြိန်စွာသောက်သုံးချင်ပါတယ်ဆိုရင် စိတ်ကူးမလွဲပါနဲ့။ အခုပဲ ကျွန်တော်နဲ့အတူ စာအုပ်စာပေ ပင်လယ်ပြင်ကြီးထဲ ဒိုင်ဗင်ထိုးချရင်း မွေ့လျော်ပျော်ပါးလိုက်ကြရအောင်လား။

Most Read

Most Recent