စာအုပ်ဆိုတာ မသေမျိုး

စာအုပ်ဆိုတာ မသေမျိုး
Published 20 October 2017

ဆရာမောင်ပေါ်ထွန်း အိမ်တွင် ဆရာဖိုးကျော့၊ ဆရာမောင်ပေါ်ထွန်း တို့နှင့်အတူ စာရေးသူတို့ ပြောဆိုဆွေးနွေးနေစဉ်

တချို့သူငယ်ချင်းတွေက ကျွန်တော့်ကို ဘန်ကောက်မြို့မှာနေလို့ ဗဟုသုတ အင်မတန် များမယ်။ ပညာတွေ ဆည်းပူးခွင့် များစွာရမယ်လို့ ထင်ကြတယ်။ တကယ့်အဖြစ်က သူတို့ ထင်တာနဲ့ ပြောင်းပြန်ပါ။
ဒီနေရာမှာ အရင်ကကြားဖူးတဲ့ စကားတစ်ခွန်းကို သွားသတိရတယ်။ “တောကြီးမျက်မည်းထဲ မျက်စိသူငယ် နားသူငယ် ယောင်လည်လည်” ဆို လားပဲ။ ဒီစကားကို ထပ်တူယူပြီး ပြောရရင် ကျွန်တော့်အဖြစ်က “မြို့ကြီးမျက်မည်းထဲ မျက်စိသူငယ် နားသူငယ် ယောင်ချာချာရယ်” လို့ပေါ့။

ထိုင်းနိုင်ငံမှာ ကျွန်တော် ကျင်လည်နေရတဲ့ ဘဝက တက္ကသီလာ ပညာပရိဝုဏ်ထဲမှာလည်း မဟုတ်သလို ကိုယ့်ထက် ပညာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယှဉ်တွဲပြီး နေခဲ့ရတာမှ မဟုတ်တာ။ ကျွန်တော် ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ ဝန်းကျင်က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလယ်မှာပါ။ ဒါကြောင့် အရင်က သင်ယူလေ့လာခဲ့တဲ့ ပညာဗဟုသုတလေးတွေနဲ့ ကိုယ့်ဝန်းကျင်မှာ အတတ်နိုင်ဆုံး အဆင်ပြေအောင်တော့ ကြိုးစားနေထိုင်ခဲ့ရတဲ့ ဘဝပါ။

ဒါပေမဲ့ ပညာ၊ ဗဟုသုတကို ရရင်ရသလို သိုမှီး လေ့လာလိုတဲ့ စိတ်ကတော့ အခုထက်ထိ မပြတ်တောက်သွားပါဘူး။ ဒါကြောင့် ရန်ကုန်မြို့ရောက်ခိုက် ကိုယ့်အပေါ်မှာ ဆွေမျိုးသားချင်းအလား ချစ်ခင်တဲ့ စာရေးဆရာကြီး မောင်ပေါ်ထွန်းနဲ့ စာရေးဆရာကြီး ဖိုးကျော့တို့နဲ့ မရမက အချိန်လုပြီး သွားတွေ့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်နဲ့ ခဏတာ စကားပြောဖြစ်တုန်း ကျွန်တော်ရလာတဲ့ ဗဟုသုတကတော့ တစ်သက်တာအတွက် အနှစ်အသားတွေပါပဲ။ သူတို့ ပြောပြခဲ့တဲ့ စကားတွေက စာရေးဆရာဖြစ်လိုသူ လူငယ်လူရွယ်တွေအတွက် အလွန်မှတ်သားစရာ ကောင်းလှပါပေတယ်။ မှတ်သားဖို့ ကောင်းဆို သူတို့ နှစ်ယောက်ရဲ့ စာရေးဆရာ သက်တမ်းကိုက နှစ်ပေါင်း ၅၀ ကျော် ၆၀ ရှိရော့မယ်လေ။

ဆရာ ဖိုးကျော့က “ဌေးဝင်း မင်းတို့ ဒီနေ့ခေတ်မှာတော့ ကလောင်သစ် တစ်ယောက် ဘယ်လိုကြိုးစားနေရတယ် ဆိုတာ ငါသေချာမသိဘူးကွ။ ငါတို့ခေတ်ကတော့ ကိုယ့်စာမူလေး ပုံနှိပ်စာလုံးနဲ့ မြင်ရဖို့ဆိုတာ တော်တော့ မလွယ်ဘူးကွ။ ငါ့ရဲ့ ပထမဆုံး စာမူကို ၁၉၆၅ ခုနှစ်က မြဝတီမှာ ဖော်ပြခံရတယ်။ ဒီမတိုင်ခင် စာမူပေါင်း အပုဒ် ၃၀ ကျော်လောက် အပယ်ခံခဲ့ရပြီးမှ ပါလာတာ”

“အင်း၊ အစ်ကိုက အတော်ဇွဲကြီးတာနော်။ ကျွန်တော်တို့ခေတ်က လူတွေက တစ်ပုဒ်ပို့လို့ တစ်ပုဒ် အပယ်ခံရရင်တောင် စိတ်ဓာတ်ကျကုန်ကြပြီ”လို့ ကျွန်တော်ကဆိုတော့ ဆရာမောင်ပေါ်ထွန်းက “ဒီလိုနဲ့တော့ ဘယ်ဖြစ်ပါ့မလဲ။ စာရေးဆရာ ဖြစ်ချင်တဲ့သူဆိုတာ အင်မတန် ဇွဲလုံ့လကြီးဖို့ လိုတယ်။ ဘယ်လောက် အပယ်ခံရခံရ ရေးနေရမယ်။ ခင်ဗျား သိတယ် မဟုတ်လား။ နာနာဖတ် နာနာမှတ် နာနာရေး ဆိုတာလေ”

“သိတယ်ဆရာ။ ဒီခေါင်းစဉ်နဲ့ တက္ကသိုလ်မှာ ဆောင်းပါးတစ်ပုဒ်ကို သင်ခဲ့ရဖူးတယ်။ ဆရာဇေယျ ရေးတာလို့ မှတ်မိနေတယ်။ သိပ်တော့ မသေချာတော့ဘူး။ ဒါပေမဲ့ ဒီစကားကတော့ စာရေးဆရာ ဖြစ်ချင်သူအတွက် လက်ကိုင်ထားရမယ့် အဆိုအမိန့်တစ်ရပ်ပါ”

ကျွန်တော်တို့ သုံးယောက်ဟာ ဆရာ မောင်ပေါ်ထွန်း အိမ်အောက်ထပ်က ဧည့်ခန်းမှာ ပြောနေကြတာာပါ။ အချိန်ကတော့ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက် မနက်ပိုင်းပေါ့။ ဆရာဖိုးကျော့က ဆက်ပြီး “နောက်တစ်ခု မင်းကိုပြောဦးမယ်။ စာရေးတဲ့သူမှာ အရေးကြီးတာက ဘာလဲဆိုရင် စာကျန်ခဲ့ဖို့ပဲ။ အချည်းနှီး မဖြစ်ဖို့ပဲ။ ဥပမာကွာ ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှားတို့၊ ဂျာနယ်ကျော် မမလေးတို့ ပြန်ထုတ်နေကြတယ်။ သူတို့စာတွေက နောင် ငါတို့ကိုလွန်လို့ မင်းတို့ မြေးမြစ်လက်ထက် ကျရင်လည်း ဂန္ထဝင်စာပေအနေနဲ့ ရှိနေဦးမှာပဲ။ ဒါပေမဲ့ ခေတ်တစ်ခေတ်မှာ စူပါစတား ဘက်ဆဲလား ဖြစ်ခဲ့ပြီး နောက်ပိုင်း ဘယ်သူမှ သတိမရကြတော့တဲ့ အပျော်ဖတ် စာရေးဆရာတွေ အများကြီးရှိတာ မင်းသိမှာပါ။ စာကောင်းပေမွန်ဆိုတာ ခေတ်အဆက်ဆက် ခရီးဆက်နေတဲ့ ယာဉ်တစ်မျိုးပေါ”လို့
ပြောလိုက်တဲ့အခါ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် ပြောနေတာကို ဂရုတစိုက် နားထောင်နေတဲ့ ဆရာမောင်ပေါ်ထွန်းက “ကျွန်တော် ကိုဌေးဝင်းကို နည်းနည်းပြောပြမယ်။ စာရေးဆရာဟာ လူသား။ လူသား ဆိုတာဟာ သေမျိုးပဲ။ ဒါကြောင့် စာရေးဆရာကတော့ သေရမှာဘဲ။ ဒါပေမဲ့ သူ့စာအုပ်က မသေမျိုး။ စာရေးဆရာဟာ မတ၊ စာအုပ်က အမတ၊ Writer is human being is mortal but his book is immortal. ဒါကြောင့်မို့လို့ ရှိတ်စပီးယား မသေဘူး။ သူရှိတယ်။ ဒီလိုပဲ ကျီးသဲလေးထပ် ဆရာတော်ကြီး ရှိတယ်။ ရွှေဥဒေါင်း ရှိတယ်။ ဦးပုည၊ ရှင်မဟာရဋ္ဌသာရ ရှိနေတယ်။ ဘယ်တော့မှ ပျောက်မသွားတဲ့ စာပေပညာရှင်အဖြစ် ကျန်နေတယ်။ အပျော်ဖတ် စာရေးဆရာ ဘက်ဆဲလားတွေ ရှိသေးလား မရှိတော့ဘူး။ ဒါပေမဲ့ ဇိနတ္ထပကာသနီကျမ်း ရှိသေးတယ်။ မဃဒေဝအလင်္ကာ ရှိတုန်းပဲ။ အခုထက်ထိ ထပ်ကာထပ်ကာ ထုတ်ဝေနေကြတုန်း။ ကမ္ဘာ့စာပေမှာလည်း အလားတူပါပဲ။ ရှိတ်စပီးယား၊ အဂ္ဂါအယ်လင်ပိုး၊ လီယိုတော်စတွိုင်း စတဲ့ မြောက်မြားစွာသော စာရေးဆရာကြီးတွေရဲ့ လက်ရာတွေက မသေသွားဘူး။ ခေတ်အဆက်ဆက် စာပေပလ္လင်မှာ ဘုရင်တွေ၊ ဘုရင်မတွေလို စာပေသြဇာကြီးသူတွေအဖြစ် ရှင်သန်နေကြဆဲလေ”

ဆရာမောင်ပေါ်ထွန်းရဲ့ စကားအဆုံးမှာ ကျွန်တော့်ခေါင်းထဲ လင်းခနဲ တစ်ချက် လက်သွားတာက ကျွန်တော်တို့ဟာ အနှစ်ထက် အကာကို ပိုထုတ်လုပ်မိနေကြပါလား ဆိုတဲ့အသိပါ။ အရေအတွက် များများထွက်ရေးအတွက်သာ ဇောင်းပေးနေမိကြတဲ့ ကိုယ်တွေရဲ့ဝန်းကျင်မှာ ကိုယ် ကိုယ်တိုင်လည်း အုတ်အရောရော ကျောက်အရောရော။ အခုထက်ထိ လောက်လောက်လားလား ကိုယ်ရေးတဲ့ စာရယ်လို့ လူတွေက တလေးတစား အသိအမှတ်ပြုခံရတဲ့ဟာလေး တစ်ထွာတစ်ညိုတောင် မရှိသေးပါလား လို့တွေးမိပြီး ကြက်သီးမွေးညင်းထကာ လန့်သွားမိတယ်။ လောကအမြင်ပါတဲ့ သုတရသ ပေးနိုင်တဲ့ စာတစ်ပုဒ်တော့ ရေးဖြစ်အောင် ကြိုးစားရေးဦးမယ်လို့လည်း စိတ်ထဲမှာ အဓိဋ္ဌာန်ပြုမိတယ်။

ကျွန်တော် အဲဒီလို အတွေးစိတ်နဲ့ ဖြစ်နေစဉ် ဆရာဖိုးကျော့က “နောက် အရေးအကြီးဆုံး တစ်ချက်က စာရေးဆရာဖြစ်မယ့်ကောင်ဆိုတာ သူ့မှာ ဗီဇပါလာတယ် ထင်တယ်ကွ” “ဟုတ်တာပေါ့ အစ်ကို။ လူတွေမှာ သူ့ဗီဇနဲ့သူ ပါလာကြတာချည်းလေ”

“အေး အဲဒါ ပြောချင်လို့။ ငါ ငယ်ငယ်က ဘုန်းကြီးကျောင်းသား ဘဝပေါ့ကွာ။ ငါ့ အဖေက စာဖတ်တတ်ပေါ့။ စာဖတ်တတ် ဆိုတာ ဇာတ်နိပါတ်တော်တွေကို သံနေသံထားနဲ့ ဥပုသ်ဇရပ်တွေမှာ ဖတ်ပြကြတယ်။ အဖေက အချိန်ရရင် အိမ်မှာနေရင်းလည်း စာအုပ်ကိုလှန်ပြီး သံနေသံထားနဲ့ ဖတ်နေတာပဲ။ နားထောင်နေတဲ့ သူတွေ ခံစားရအောင်ကို ဖတ်ပြတာမျိုး။ မဟာဇနက္ကတို့ မဟော်သဓာတို့ ဘူရိဒတ်တို့လို လင်္ကာကြီးတွေပေါ့။ ငါနဲ့ ရွယ်တူတွေက အဖေ စာဖတ်နေရင် လာပြီး နားထောင်လေ့ သိပ်မရှိကြဘူး။ ဒါပေမဲ့ ငါကတော့ အဖေစာဖတ်ရင် အသေအချာ နားထောင်တယ်။ ဇာတ်တော်ထဲက ဝမ်းနည်းစရာ လွမ်းဆွေးစရာပါတဲ့ အခန်းတွေဆို ငါ့မှာ မျက်ရည်တွေ တသွင်သွင် စီးဆင်းပြီး ခံစားရတယ်”လို့ သူ့ငယ်ဘဝကတည်းက ပါလာတဲ့ စာပေအနုပညာ ဗီဇနှလုံးသား ဓာတ်ခံရှိကြောင်းကို ပြန်ပြောပြတယ်။

ဒီနေရာမှာလည်း ဆရာမောင်ပေါ်ထွန်းက ဝင်ပြီး “အဲဒီနေရာမှာ စကားတစ်ခွန်း ရှိတယ် ကိုဌေးဝင်း။ “သင့်ဘ၀ ခဏ အကျွန်ယူလို့”တဲ့။ ဆိုပါစို့ဗျာ၊ ကိုဌေးဝင်းဘဝကို တခြား လူဖတ်ဖို့ ကိုဌေးဝင်းအကြောင်းကို ပြောပြရမယ်။ ကျွန်တော် ဝင်ခံစားပြီး ဋီကာဖတ်ဖို့ မျှဝေခံစားတတ်ဖို့ လိုတယ်။ အခု ခင်ဗျားရေးနေတဲ့ လူတွေရဲ့အကြောင်းတွေလိုပေါ့။ သူတစ်ပါး ဘဝထဲကို ခင်ဗျားဝင်ပြီး သူ့ကိုယ်စား ရေးပြနေတယ်။ ကဲ ဆရာကိုဖိုးကျော့ ဆက်ပြောပါ”

“မင်း သဘောပေါက်တယ် မဟုတ်လား။ ဆရာပေါ် ဆိုလိုတာကို။ သူများရဲ့ဘ၀ တစ်ခုကို ကိုယ်က ယူပြီး ခံစားတတ်ရတယ်။ အဲဒါ အရေးအကြီးဆုံးပဲ။ ငါတို့ အခုရေးနေတာတွေဟာလည်း ကိုယ်အကုန်လုံး တွေ့ကြုံခံစားရတဲ့ အတွေ့အကြုံမှ မဟုတ်ဘဲ။ အားလုံး ကိုယ်တွေ့မှ မဟုတ်ဘဲ။ ဒါပေမဲ့ သူများတွေရဲ့ဘဝကို မြင်တာရယ် ကြားတာရယ် သိတာရယ်ကို ရေးနေကြတာပဲ”

“မှန်တာပေါ့ အစ်ကိုရာ။ အစ်ကိုတို့ ပြောတာ နားထောင်ရင်း ဆရာကြီး မင်းသုဝဏ်ရဲ့ဆုံးမစကား စာသားလေးကို သွားသတိရတယ်။ “စု၊ တု၊ ပြု” ဆိုတာလေး”

“သိပ်သေချာတဲ့ စကားပေါ့ကွာ။ ပထမ စုရတာပေါ့။ သူများတွေ ဘယ်လိုရေးကြသလဲ ဆိုတာကို လေ့လာ စုဆောင်းရမယ်။ အဲဒါတွေကို ကြည့်ပြီး ကိုယ်က တုပြီးရေးသား လေ့ကျင့်ရမယ်။ ဒီလိုလုပ်လာပြီးတဲ့အခါ ကိုယ်ရေးချင်တာကို ကိုယ့်ဘာသာ ရေးနိုင်လာမယ်။ ကိုယ်ပိုင်ဟန်နဲ့ ရေးလာနိုင်မယ်။ ဒါကို ပြုတယ် ခေါ်တာပေါ့။ နောင်ကြုံရင် မင်းကို ငါပြမယ်။ ငါ စုဆောင်းထားတဲ့ ဟာတွေ။ သူများတွေ ရေးထားတဲ့ ဝါကျတွေ။ စာပိုဒ်တွေ စသဖြင့်ပေါ့”

ဆရာမောင်ပေါ်ထွန်းရဲ့ ဧည့်ခန်းဟာ ခေတ္တယာယီအနေနဲ့ စာေပေရေးသားနည်း နိဿရည်းကို ဝါရင့်စာရေးဆရာကြီး နှစ်ယောက်က အခမဲ့ လက်ချာပေးနေတဲ့ စာသင်ခန်းအဖြစ် ပြောင်းလဲသွားသလား အောက်မေ့မိတယ်။ ဆရာကြီးတို့ ပတ်ဝန်းကျင်ကလည်း သိပ်ပြီး ဆူဆူညံညံ ရှုပ်ရှုပ်ထွေးထွေး မရှိလှတဲ့ လူရည်သန့် ရပ်ကွက်ဖြစ်တာကြောင့်လည်း ကျွန်တော့်အတွက်တော့ သိပ်ကံကောင်းခဲ့တဲ့ ကာလလေး တစ်ခုပေါ့။

ဆရာဖိုးကျော့က “နယ်တွေ စာပေဟောပြောပွဲ သွားရင် ငါ့ကို မေးကြတယ်ကွ။ စာရေးနည်းကို ဘယ်သူ့ထံ နည်းခံခဲ့သလဲပေါ့။ အစကတော့ ငါက ဘယ်သူထံမှ နည်းမခံခဲ့ပါဘူး။ စာတွေ တအား ဖတ်တယ်။ ဖတ်ပြီး ဒီလောက်တော့ ငါ ရေးလည်း ဖြစ်တာပဲ ဆိုပြီး ရေးတယ်။ စာရေးဖို့အတွက် သက်သက်တော့ ဘယ်သူ့ဆီမှာ သင်ယူခဲ့တာ မရှိဘူးလို့ ဖြေခဲ့တယ်။ ဒါကိုလည်း ခဏခဏ အမေးခံရတော့ ငါလည်း ပြန်စဉ်းစားတယ်။ ငါ ဖြေနေတာ ဟုတ်ရော ဟုတ်ရဲ့လားပေါ့”

“အင်း၊ ဟုတ်တာပေါ့။ စဉ်းစားစရာ ကောင်းတာပေါ့ အစ်ကိုရာ။ ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ”ဆိုတဲ့ စကားပုံလည်း အရှိသား မဟုတ်လား”

“အေး၊ အဲဒါကြောင့် ငါ စဉ်းစားကြည့်မှ ငါ့ဆရာအရင်းဟာ ငါ့အဖေပဲဆိုတာ သိလာတယ်။ အဖေ ဖတ်တဲ့ လင်္ကာတွေ၊ ဇာတ်နိပါတ်တော်တွေကို ငါ သေသေချာချာ နာယူနားထောင်ခဲ့တဲ့ စိတ်အခံက စာရေးဆရာဖြစ်ဖို့ ဗီဇစိတ်မှန်း သိလာတယ်။ ဒါကြောင့် နောက်ဆို ငါ့ကို စာရေးဆရာဖြစ်အောင် သင်ပေးလိုက်တာ အဖေပဲလို့ ပြောဖြစ်လာတယ်”

“မိဘဆိုတာဆိုတာ လက်ဦးဆရာလည်း မည်တယ် မဟုတ်လား အစ်ကို”

“နောက် ဆရာတွေကတော့ ငါ့ကို သင်လို့ သင်ပေးမှန်း မသိလိုက်တဲ့ ဆရာတွေ ရှိသေးတယ်ကွ။ ငါတို့ခေတ်က စာမူပို့ရင် စာတိုက်က ပို့ရတယ်။ မဂ္ဂဇင်းတိုက်တွေ ဘာတွေ ရောက်ဖူးတာ မဟုတ်ဘူး။ အဲဒီစာအိတ်ထဲမှာ အပိုတံဆိပ်ခေါင်းတွေ ထည့်ပေးလိုက်ရတယ်။ စာမူပယ်ခံရရင် ပြန်ပို့ပေးတယ်။ စာမူအောက်ခြေမှာ အယ်ဒီတာက သေသေချာချာ မှတ်ချက်တွေ ရေးပေးလိုက်တယ်။ ဆက်ကြိုးစားဖို့လည်း အားပေးတဲ့ စကားတွေ ထည့်ရေးပေးတတ်ကြတယ်”

“ကောင်းလိုက်တာနော်။ အခုခေတ်နဲ့ မတူတော့ဘူးပေါ့ အစ်ကို”

“ဘာပဲဖြစ်ဖြစ်ပေါ့ ဌေးဝင်းရေ။ မင်းဟာ ငါတို့နဲ့က သွေးရင်းသားရင်းတွေပဲ မဟုတ် လား။ ငါတို့ လျှောက်ခဲ့တဲ့လမ်းကို မင်းက ဆက်လျှောက်ကြဖို့ ရွေးချယ်ထားသူဖြစ်တာမို့လို့ ဆရာပေါ်နဲ့ ငါနဲ့က မင်းကို အောင်မြင်စေချင်ပါတယ်။ တကယ်က မင်းဟာ ငါတို့ထက် အတန်းပညာတွေ ပိုသင်ဖူးတယ်။ ဘဝအတွေ့အကြုံတွေ ပိုများတယ် ဆိုရင်တောင် မမှားပါဘူး။ ဒါပေမဲ့ မင်းဟာ ကိုယ့်ထက်ကြီးသူကို ရိုသေပြီး ပညာဗဟုသုတ ရယူလိုတဲ့ ဆန္ဒရှိသူမို့ အောင်မြင်တဲ့ ကလောင်တစ်ချောင်း ဖြစ်လာပါစေကွာ”

ဆရာ မောင်ပေါ်ထွန်းကလည်း “ခင်ဗျား စာရေးဆရာဖြစ်နေပြီ ကိုဌေးဝင်း။ ကျွန်တော် အားပေးတယ်။ ကျွန်တော်နဲ့ ကိုဖိုးကျော့က ခင်ဗျားအတွက် အတတ်နိုင်ဆုံး ဝန်းရံပေးမယ်။ ကူညီပေးမယ်။ စိတ်ချ။ ကိုယ့်လူ ခင်ဗျားအောင်မြင်တဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ကိုဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျာ”

ဆရာကြီး နှစ်ယောက်ရဲ့နှုတ်က ကိုယ့်ကို ကောင်းချီးသြဘာ အားပေးစကား ပြောနေကြတာကို နားထောင်ရင်း စိတ်ထဲမှာ “စာရေးဆရာဟာ လူသား။ လူသား ဆိုတာဟာ သေမျိုး။ ဒါကြောင့် စာရေးဆရာကတော့ သေရမှာပဲ။ ဒါပေမဲ့ သူ့စာအုပ်က မသေမျိုး။ စာရေးဆရာဟာ မတ၊ စာအုပ်က အမတ” ဆိုတဲ့ အက်ကိုး Echo သံ လိုဏ်ခေါင်းသံကြီးတစ်ခုဟာ တဖြည်းဖြည်းချင်း ကျယ်သထက် ကျယ်လောင်ကာ မြည်ဟည်းလို့ နေပါတော့တယ်။

Most Read

Most Recent