မိသားမစု

မိသားမစု
Published 19 October 2017

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင်သွားသော်လည်း တရားမဝင်ဖြစ်ကာ အလုပ်ဖြုတ်ခံရသည့်အတွက် အောက်တိုဘာ ၁၂ ရက်က မြဝတီမြို့သို့ ပြန်လည်ရောက်ရှိစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

အဖေ၊ အမေ၊ သားတွေသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စိမ်းလန်းသော မိသားစုများကိုမြင်ရရင် အဖေ့ကို သတိရစရာအကြောင်းအရာ အဖြစ်အပျက်တွေ သိပ်မရှိလှပေမဲ့ သတိရသွားမိတာပါပဲ။ ပြန်စဉ်းစားကြည့်တော့ ငါးနှစ်လောက်ပဲ အဖေနဲ့အတူ နေခဲ့ရတဲ့ကာလမှာ ကိုယ့်မှာ အဖေနဲ့ပတ်သက်ပြီး ပြောပြစရာ သိပ်များများစားစားမရှိပါဘူး။ ဒီအချိန် အဖေရှိနေသေးရင် ငါဘယ်လိုများဖြစ်မှာပါလိမ့်ဆိုတာမျိုးလောက်ပဲ မကြာခဏ အတွေးဝင်မိတတ်တာပါပဲ။ အခုချိန်မှာ အဖေရှိရင်ဆိုတဲ့အတွေးက ကျွန်တော့်ကို အတော်ကြေကွဲမှုကို ဖြစ်စေပါတယ်။ အဖေနဲ့ပတ်သက်ရင် ပြန်စဉ်းစားကြည့်တဲ့အခါ မှတ်မိတဲ့အဖြစ်အပျက်က နည်းနည်းလေးပါပဲ။ တောမှာနေတုန်းက အဖေရေစည်လှည်းတိုက်တုန်းမှာ မတော်တဆ လှည်းပေါ်ကလိမ့်ကျပြီး ခြေထောက်ပေါ် လှည်းဘီးတက်ကြိတ်ခံရလို့ အမေက အဖေ့ကိုဖက်တွဲပြီး ခေါ်လာတဲ့ပုံရိပ်ကတော့ အတော်ကလေး ထင်ထင်ရှားရှား သတိရနေမိတဲ့ပုံရိပ်ပါပဲ။ အဖေနဲ့အမေ အဲဒီလိုနီးနီးကပ်ကပ် ဖက်တွယ်ထားမှုဟာ အဲဒီတစ်ကြိမ်ပဲ မြင်ဖူးခဲ့ပါတယ်။ အဲဒီတုန်းက ဒါဟာ ထူးခြားမှုပုံရိပ်တစ်ခုအနေနဲ့ အမှတ်တရ ကျန်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်မှတ်မိသလောက် အဖေဟာ ကျွန်တော့်ကိုတစ်ခါမှမရိုက်ဖူးပါဘူး။ အဖေဟာ အမြဲတမ်းလိုလို ပြုံးပြုံးရွှင်ရွှင်ပဲနေတတ်တယ်။ အဖေ ဆိုးဆိုးဝါးဝါးဒေါသဖြစ်တာ တစ်ခါမှမတွေ့ဖူးခဲ့ဘူး။ အခုနေအဖေရှိရင် သိပ်ပျော်စရာကောင်းမှာပဲလို့ မကြာခဏ တွေးတွေးနေမိတယ်။

အဖေဟာ ပုံကောင်းကောင်းဆွဲတတ်တယ်လို့ ထင်မိသေးတယ်။ ကျွန်တော့်ရဲ့ ကျောက်သင်ပုန်းပေါ်မှာ ကျောက်တံနဲ့ အဖေက လူပုံလေးတွေဆွဲပြတာ အရမ်းလှတယ်လို့ထင်တယ်။ အဝတ်အစားမပါတဲ့ ကိုယ့်ပုံကိုဆွဲပြတော့ အဖေဟာ ရယ်မောတော့တာပဲ။ ကျွန်တော်လည်း အဖေဆွဲထားတဲ့ ကျွန်တော့်ပုံကိုကြည့်ပြီး ပျော်နေတာပဲ။ ရွာမှာအလှူရှိရင် လူတွေကြားထဲ ပထမတော့ အဖေ့ကိုရှာရတာမတွေ့ဘူး။ နောက်တော့ ထမင်းကျွေးရုံဘေးက ပန်းကန်တွေဆေးတဲ့နေရာမှာ ပန်းကန်တွေ ဒိုင်ခံဆေးနေတာတွေ့ပြီးကတည်းက အလှူရှိတိုင်း အဲဒီနေရာကို သွားကြည့်မိတိုင်း တွေ့တာပါပဲ။

တကယ်တော့ အဖေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေသင့်ဘဲ သေရတယ်လို့ပဲ ပြောရမှာပဲ။ အဖေ့မှာ ကြီးကြီးမားမားသေလောက်တဲ့ ဘာရောဂါမှမရှိပါဘူး။ လူကောင်းကြီးကနေ ရေချိုးမှားပြီး အပူသွေးပျက်ဖျားတာမှာ ဆေးထိုးမှားပြီး သေရတာပါ။ အဲဒီတုန်းက ရွာမှာက ဒေါက်တာရမ်းကုပဲရှိတာ။ အခုလိုရွာအနီးအနားမှာလည်း ဘာတိုက်နယ်ဆေးရုံမှ မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ် ဒီဒေါက်တာရမ်းကုတွေကိုပဲ အားကိုးနေရတာ။ အဖေသေတော့ အဖေ့ရဲ့အမေအဘွားက အဖေ့အလောင်းဘေးမှာ အကြာကြီးလှဲအိပ်နေတာ၊ သူ့သားမသေသေးဘူးဆိုပြီး ငြင်းနေသေးတာကို သတိရမိသေးတယ်။ အဖေသေတော့ တကယ့်ကို ငိုရကောင်းမှန်းကို မသိသေးတာပါ။ ဒါပေမဲ့ အမေကတော့ ညတိုင်းအမှောင်ရိပ်ထဲမှာ တစ်ယောက်တည်း ကျိတ်ကျိတ်ငိုနေခဲ့တာတော့ သိပါတယ်။ အဲဒီတုန်းက အမေ့ကို အတော်လေးသနားမိတာပဲသိတယ်။ မငိုမိဘူး။ ဝမ်းနည်းစရာပဲလို့တော့ ထင်မိတယ်။

အဖေဆုံးပြီးလို့ သုံးနှစ်လောက်အကြာမှာ ကျွန်တော် မြို့ကိုသွားရပါတယ်။ မြို့မှာစာသင်ဖို့ပေါ့။ ကျွန်တော် အိမ်ကထွက်လာတော့ ကျွန်တော့်အသက်ရှစ်နှစ်ပဲ ရှိပါသေးတယ်။ အမေပေးလိုက်တဲ့ ပိုက်ဆံကျပ် ၇၅၀ ကို ကျစ်ကျစ်ဆုပ်လို့။ မန္တလေးကနေ ရွာမှာလာနေတဲ့ ဦးဇင်းကြီး ဦးသိန်းတန်နဲ့အတူ လိုက်ခဲ့တာပေါ့။ နံနက် ၃ နာရီခွဲလောက်ထပြီး ရွာကနေ နှစ်မိုင်လောက်ဝေးတဲ့ရွာကို ပထမဆုံးလှည်းစီးပြီး သွားရပါတယ်။ အဲဒီရွာကနေမှ မုံရွာကိုသွားတဲ့ ကုန်ကားကြီးတစ်စီးနဲ့ ဖြစ်သလိုလိုက်ခဲ့ရတယ်။ တဖြည်းဖြည်း ကားထွက်လာတော့ အမေဟာ ကားနောက်ကို တကောက်ကောက်နဲ့ လိုက်လာနေခဲ့သေးတယ်။ မှောင်ရိပ်ထဲ တဖြည်းဖြည်းဝေးကျန်နေခဲ့တဲ့ အမေ့ကို ငေးကြည့်ရင်း အမေဘယ်အထိလိုက်လာနေသလဲ သိချင်စိတ်ဖြစ်မိတယ်။

မန္တလေးကို ညနေပိုင်းလောက်မှာ ရောက်ပါတယ်။ ညနေမှာဗိုက်ဆာတော့ ဦးဇင်းကြီးက ပေါက်စီတစ်လုံး ဝယ်ကျွေးပါတယ်။ ဘဝမှာ ပထမဆုံးစားဖူးတဲ့ ပေါက်စီပေါ့။ အရမ်းကောင်းပါတယ်။ ည ၈ နာရီလောက်မှာ ကိုင်းတန်းဈေးပွဲရုံမှာ အလုပ်လုပ်နေတဲ့ဦးလေးက ကျွန်တော့်ရဲ့ ဘကြီးဘုန်းကြီးကျောင်းရှိတဲ့ စစ်ကိုင်းတောင်ရိုးကို လိုက်ပို့ပါတယ်။ မနက်ရောက်တော့ ဦးလေးက ကျွန်တော်တစ်ယောက်တည်းထားခဲ့ပြီး မန္တလေးကိုပြန်သွားတော့ စိတ်ထဲမှာဝမ်းနည်းပြီး ကျန်ခဲ့ရတယ်။ တစ်ကျောင်းလုံးမှ လူကဘကြီးဘုန်းကြီးနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း။ ညနေစောင်းတိုင်း ညနေစောင်းတိုင်း ကျောင်းအဝင်က ကမူလေးပေါ်မှာထိုင်ပြီး ရွာကိုလွမ်းတယ်၊ အမေ့ကိုလွမ်းတယ်။ အမေလို့တပြီး သည်းသည်းထန်ထန် ငိုကြွေးမိပါတယ်။ ဘယ်သူမှ ကျွန်တော့်ကို ချော့မော့ဖြေသိမ့်ပေးမယ့်သူမရှိတော့ ကိုယ့်ဟာကိုယ်ပဲ မောတဲ့အခါနားလိုက်ရတာပါပဲ။ ရောက်ခါစ တစ်လနီးပါးလောက်မှာ တစ်စိမ်းတစ်ရံတွေကြားမှာ လွမ်းဆွတ်လိုက် ငိုကြွေးလိုက်နဲ့ တဖြည်းဖြည်းတော့ အသားကျသွားတာပါပဲ။

အဲဒီလိုနဲ့ စစ်ကိုင်းမှာနေလာလိုက်တာ ရွာကလည်း ကျွန်တော့်ကိုလာမခေါ်၊ ဘုန်းကြီးကလည်း ရွာကိုလိုက်မပို့တော့ ငါးနှစ်အထိ အမေနဲ့ရွာနဲ့ ပြတ်တောက်ခဲ့တယ်။ ငါးနှစ်ကြာမှ ပထမဆုံး ရွာကိုပြန်ရောက်တော့ မိသားစုဟာ တစိမ်းပြင်ပြင်လိုပါပဲ။ နွေးနွေးထွေးထွေးရှိတယ်လို့ မခံစားရပါဘူး။ အဲဒီတစ်ခေါက်မလဲ ရွာမှာကြာကြာမနေခဲ့ရပါဘူး။ နောက်တော့ သုံးနှစ်တစ်ခါ၊ လေးနှစ်တစ်ခါ စသည် ရွာကိုခပ်ကျဲကျဲပြန်ရောက်ပါတယ်။

အဲဒီလိုနဲ့ ရောက်ရာအရပ်မှာ ပြတ်ပြတ်တောင်းတောင်း နေတတ်လာတယ်။ ဘာသတင်းစကားကိုမှ မပါးဖြစ်၊ မမေးဖြစ် မေ့မေ့လျော့လျော့ သွေးအေးသူတစ်ယောက်ပေါ့လေ။ အဲဒီလိုနဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ရောက်လာတယ်။ ရွာကိုလည်း အရောက်ကျဲသွားတယ်။

နွေရာသီကျောင်းပိတ်ရက်တွေမှာဆို အဆောင်မှာ အမြဲတမ်းတစ်ယောက်တည်း ငေးငေးငိုင်ငိုင်နေရတဲ့အခါမျိုးမှာ စိတ်ထဲမှာ ဝမ်းနည်းသလိုဖြစ်မိတာပဲ။ လွမ်းသလိုဖြစ်ပေမဲ့ ဘာကိုလွမ်းဆွတ်ရမှန်းလည်း မသိဘူး။ အဆောင်တစ်ခုလုံး ဟာလာဟင်းလင်းရှင်းလို့၊ ကျွန်တော့်ရင်ထဲမှာလည်း ဟာလာဟင်းလင်းဖြစ်လို့။ ဒီနှစ်လည်း ရွာကို ပြန်ဖြစ်တော့မယ်မထင်ဘူးလို့တွေးမိပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မကျေနပ်သလို ဖြစ်သွားတယ်။ ရွာဆိုလိုက်တာနဲ့ အမေ့ကိုဖျတ်ခနဲ သတိရလိုက်ရုံထက်မပိုပါဘူး။ တကယ်တော့ ကျွန်တော်နဲ့အမေနဲ့ ဆက်ဆံရေးက ထုံးစံအတိုင်း သွေ့ခြောက်ခြောက်ပါပဲ။ တစ်နှစ်နေလို့မှ ဖုန်းတစ်ခါ နှစ်ခါလောက်ဆက်ဖြစ်ရုံထက် မပိုခဲ့တဲ့အဖြစ်ပါပဲ။ ကျွန်တော်ဟာ ပြတ်စဲလွန်းသူ၊ ခေါင်းမာလွန်းသူ၊ နေနိုင်လွန်းသူ၊ သံယောဇဉ်မဲ့လွန်းသူတစ်ယောက်တော့ မဟုတ်လှပေမဲ့ ကျွန်တော့်ပုံစံက အေးအေးဆေးဆေး ဘာသိဘာသာ နေတတ်လွန်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဝန်ခံမိပါတယ်။ ဒါဟာငယ်ငယ်လေးကတည်းက အိမ်နဲ့ငါးနှစ်ဆက်တိုက် ပြတ်ပြတ်စဲစဲနေခဲ့မိတဲ့ အကျင့်ရဲ့အကျိုးဆက်ပဲလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်အတွက်နဲ့ အမေ့ကို အခုအချိန်အထိ ဘာတစ်ခုမှစိတ်ဒုက္ခမဖြစ်စေခဲ့ဖူးတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ။ အမေ့ရဲ့ကျန်းမာရေးသတင်းကိုတော့ ကျွန်တော့်ဆီကို မကြာခဏရောက်ရောက်လာတတ်တဲ့ ကျွန်တော့်ညီကတစ်ဆင့် သိနေရတာပါပဲ။ ကျွန်တော့်ဘဝရဲ့ စားဝတ်နေရေးပင်လယ်ပြင်မှာ ကူးခပ်မျောပါရင်း၊ ရောက်တဲ့သောင်ကမ်းမှာ ဆိုက်ကပ်ရင်းနဲ့ပဲ ကိုယ်တတ်နိုင်တဲ့ ငွေကြေးအနည်းငယ်ကိုလည်း ညီကနေတစ်ဆင့် ထောက်ပံ့နေပေမဲ့ အမေနဲ့က လူချင်းမတွေ့ဖြစ်တာ များပါတယ်။ အများအမြင်တော့ ကျွန်တော်ဟာ စိမ်းကားသူကြီး၊ နားလည်ရန်ခက်ခဲသူကြီးလို့ ထင်ပါလိမ့်မယ်။ မိသားစုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင်ဖြစ်နေမိတာပါပဲ။

ကျွန်တော်တို့ မိသားစုလိုပါပဲ။ ရွာမှာ တခြားမိသားစုတွေလည်း သားနဲ့သမီးနဲ့ စုံစုံလင်လင်နေရတယ်လို့ မရှိပါဘူး။ အားလုံးလိုလိုက မိတကွဲဖတကွဲနဲ့ မိသားစုတွေချည်းပါပဲ။ အရွယ်ရောက်တဲ့ သားတွေသမီးတွေက ရေကြည်ရာမြက်နုရာရှာ သွားအလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။ ရွာက လူငယ်အတော်များများဆို မြို့မှာသွားပြီး အလုပ်လုပ်ကြ၊ မလေးရှားသွားပြီး အလုပ်လုပ်ရ၊ ထိုင်းမှာသွားပြီးလုပ်ရနဲ့ မိသားစုဘဝတွေဟာ စုံစုံလင်လင်နဲ့ နေရတယ်လို့မရှိပါဘူး။

ဒီအထဲကမှ ကံဆိုးလှတဲ့ တချို့သားသမီးတွေကတော့ ကိုယ့်မိသားစုနဲ့ ပြန်မဆုံနိုင်တဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့သွားကြရပြီး သူတို့အဖို့မှာတော့ ထာဝရမိသားမစုဘဝအဖြစ် ရောက်သွားကြတဲ့အဖြစ်ပါပဲ။ ရေခြားမြေခြားမှာ စုံးစုံးမြုပ်သွားတဲ့ဘဝတွေ ဘယ်လောက်များရှိနေမလဲ မစဉ်းစားချင်တော့ပါဘူး။ စုစည်းမနေရတဲ့ မိသားစုတွေအကြောင်း အများကြီးပါပဲ။ တချို့လည်း မိဘနှစ်ပါးကကွဲလို့ သားသမီးတွေက ကစဉ့်ကလျားဖြစ်လို့။ ထားပါတော့ တခြားမိသားစုအကြောင်းတွေ။

ကျွန်တော့်မိသားစုအကြောင်းကို ပြန်ဆက်ရရင် ကျွန်တော် ကဗျာလေးစာလေးဖတ်မိပြီး စာပေမှာ စိမ့်ဝင်မိတော့ ပျော်ရွှင်နေကြတဲ့ မိသားစုလေးတွေတွေ့မြင်ပြီး ကိုယ့်မိသားစုအကြောင်းကို ပြန်စဉ်းစားမိပါတယ်။ ပြန်စဉ်းစားကြည့်တော့ ကျွန်တော်တို့အိမ်မှာ ဧည့်ခန်းမရှိတော့ ဘယ်နေရာမှ ဘာဓာတ်ပုံမှ ချိတ်ထားတာလည်း မတွေ့ရဘူး။ အိမ်ကတဲအိမ်ဆိုတော့ ဓာတ်ပုံချိတ်စရာနေရာမရှိတာလည်း ပါမှာပေါ့။ သူများတွေအိမ်ကို ရောက်တဲ့အခါ ဧည့်ခန်းမှာ မိသားစုဓာတ်ပုံတွေ ချိတ်ထားတာတွေ့တော့ ကျွန်တော်လည်း ကိုယ့်မိသားစုဓာတ်ပုံလေးကို မြင်ဖူးချင်တာပေါ့။ ပြန်စဉ်းစားကြည့်တော့ မိသားစုစုံစုံညီညီနဲ့ ဓာတ်ပုံလေးတစ်ပုံမှ မရိုက်ခဲ့မိဖူးတဲ့ အဖြစ်ပါလား။ အဖေနဲ့အမေ သီးသန့်နှစ်ယောက်တည်း ရိုက်ထားတဲ့ပုံလည်းမမြင်ဖူးဘူး။ အခု အဖေ့ပုံစံကို ဘယ်လိုမှပုံဖော်ကြည့်လို့ မရတော့ဘူး။ စုပေါင်းဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် အခုချိန်မှာ အဖေ့ကိုဓာတ်ပုံထဲမှာ မွတ်မွတ်သိပ်သိပ် မြင်ဖူးချင်စိတ်ဖြစ်မိတယ်။ တစ်ဆက်တည်း ဘယ်လိုပုံပန်းသဏ္ဌာန်လဲလို့ ဘယ်လိုပုံဖော်ကြည့်လို့မရတဲ့ အစ်မပုံကိုလည်း မြင်ဖူးချင်စိတ် တောင့်တောင့်တတဖြစ်မိတယ်။

အဲဒီအချိန်တွေတုန်းက ရွာမှာ ဓာတ်ပုံလေးတစ်ပုံ ရိုက်ဖို့ဆိုတာကလည်း အတော်ခက်ခဲနေခဲ့တဲ့ သဘောပါပဲ။ တစ်နှစ်တစ်ခါ ရွာဘုရားပွဲဖြစ်တဲ့အခါမှာ မြို့ကလာရိုက်တတ်တဲ့ ဓာတ်ပုံဆရာ ရောက်လာမှပဲ အမှတ်တရရိုက်ဖြစ်ကြတာပါ။ အဲဒီအချိန်လေးမှာ ကိုယ့်မိသားစုကလည်း လူစုံတက်စုံကြုံဦးပါမှ အများအားဖြင့်တော့ မကြုံတာများပါတယ်။ အစ်ကိုကပြန်မလာလို့ လိုနေလိုက်၊ ညီကမပါလိုက်နဲ့ စုံညီတဲ့မိသားစုဓာတ်ပုံက ဖြစ်မလာတော့ပါဘူး။

ဒါနဲ့ ကျွန်တော့်မင်္ဂလာဆောင်မှာတော့ မိသားစုစုံစုံညီညီနဲ့ ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်နိုင်ကောင်းပါရဲ့လို့ မျှော်မှန်းခဲ့ပေမဲ့ ဖြစ်မလာနိုင်ခဲ့ပြန်ပါဘူး။ အမေနဲ့ အစ်ကိုကြီး၊ ညီအလတ်၊ ညီမတို့ရောက်လာကြပေမဲ့ အငယ်ဆုံးဖြစ်တဲ့ ညီလေးကတော့ ခရီးလွန်နေလို့ ရောက်မလာတော့ ကျွန်တော့်ရဲ့ မိသားစုဓာတ်ပုံဟာ တစ်ယောက်လိုနေပြန်ပါတယ်။

ဒီတစ်ခေါက် ရွာပြန်လို့ အိမ်ကိုရောက်တော့ အမေ့ကိုမေးကြည့်မိတယ်။ အဖေ့ဓာတ်ပုံ တစ်ပုံတလေမှမရှိဘူးလားလို့။ အမေက ပြန်ပြောတယ် တစ်ပုံမှကိုမရှိဘူးတဲ့။ ယုတ်စွအဆုံး အဖေ့မှတ်ပုံတင်ပျောက်သွားလို့ မှတ်ပုံတင်ထဲက အဖေ့ပုံကို ကြည့်လို့မရတော့ဘူးတဲ့။ အစ်မပုံရောရှိလားဆိုတော့လည်း မရှိဘူးတဲ့။ ဘာဆိုဘာသဲလွန်စမှ ရှာကြည့်လို့မရနိုင်တော့ဘူးပေါ့။ တကယ်ပါပဲ ကျွန်တော့်မိသားစုဟာ ဓာတ်ပုံလေးတစ်ပုံထဲမှာကိုပဲ စုပြီးမရိုက်နိုင်ခဲ့တဲ့အဖြစ်ပါလား။ ဒါနဲ့တောင် ကျွန်တော်ဟာ အခုကျန်ရှိနေသေးတဲ့ အမေ၊ အစ်ကို၊ ညီ၊ ညီမလေးတွေနဲ့ စုစည်းပြီး ဓာတ်ပုံလေးတစ်ပုံဖြစ်အောင်ရိုက်ဖို့ မကြိုးစားခဲ့နိုင်သေးဘူး။ ကျွန်တော့်မိသားစုတွေ စုံစုံညီညီနဲ့ တစ်ခါလောက်တွေ့ဆုံပြီး မိသားစုဓာတ်ပုံလေးတစ်ပုံတော့ ရိုက်ဖြစ်အောင် ကြိုးစားရပါဦးမယ်။

Most Read

Most Recent