အနောက်တံခါးနှင့် ကြောက်စရာကောင်းတဲ့ လွှမ်းမိုးမှု

အနောက်တံခါးနှင့် ကြောက်စရာကောင်းတဲ့ လွှမ်းမိုးမှု
Published 19 October 2017

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တောင်ပြိုနယ်စပ်ခြံစည်းရိုးကို ကြည့်ရှုစစ်ဆေးစဉ်

အင်အားကြီးတဲ့သူတွေဟာ အင်အားငယ်တဲ့သူတွေကို လွှမ်းမိုးမှုတွေပြုကြတယ်။ ငွေကြေး၊ ဓနပညာ စတဲ့ကြောက်စရာကောင်းတဲ့ လွှမ်းမိုးမှု (Danger of Influence) တွေကို အမြဲကြုံတွေ့နေကြရတယ်။ ကြောက်စရာကောင်းတဲ့ လွှမ်းမိုးမှုဟာ နိုင်ငံအတွင်းမှာဖြစ်ပေါ်သလို နိုင်ငံပြင်ပကလာတာတွေလည်း ရှိတယ်။ ဒါတွေကို ကျွန်တော်တို့က ဖိအားလို့ဆိုကြပါတယ်။

ပုဂံခေတ်က အနော်ရထာဘုရင်ဟာ မင်းလောင်းလေးမွေးလာပြီဆိုတာကို ပုဏ္ဏားတော်များ ဟောကြားတဲ့အတွက် နို့စို့ကလေးကိုသတ်တယ်။ မသေသေးဘူးပြောတော့ လေးဖက်တွားကလေးတွေကို သတ်တယ်။ မသေသေးတော့ နွားကျောင်းသားအရွယ် ကလေးတွေကို သတ်တယ်။ နောက်ဆုံး ဒီမင်းလောင်းဟာ အရှင်မင်းကြီးကံကုန်မှ ဘုရင်ဖြစ်မယ်ဆိုတော့မှ ကလေးတွေကိုသတ်တာ ရပ်တယ်တဲ့။ ဒါဟာ ပုံပြင်ပဲဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမဲ့ တစ်စုံတစ်ခု အင်အားရှိနေသူတွေဟာ ဗိုလ်ကျစိုးမိုးမှုတွေ လုပ်တတ်တယ်ဆိုတာကို ပြောတာပဲဖြစ်တယ်။

အမှန်တော့ လူတွေရဲ့ လူမှုရေးအဝန်းအဝိုင်းဟာ အရေးအင်မတန်ကြီးတယ်။ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုနေကြတာပါပဲ။ မနက်က ကျွန်တော်စားနေတဲ့ ထမင်းပန်းကန်ကို ကြည့်နေမိတယ်။ ဒီထမင်းတစ်ပန်းကန်ဖြစ်လာဖို့ ငါကဘာတွေလုပ်ထားပေးထားလဲ။ ငါ စပါးလည်းမစိုက်တတ်ဘူး။ မျိုးမကြဲဖူးဘူး။ ပျိုးလည်းမနုတ်ဘူး။ ကောက်လည်းမစိုက်ဘူး။ ရိတ်သိမ်းတာလည်း မလုပ်ဘူး။ ခြွေလှေ့တာလည်း မလုပ်ဘူး။ ပြီးတော့ စက်ကိုပို့ပြီး စပါးကြိတ်တာလည်းမလုပ်ဘူး။ ဆန်ဖြစ်လာတော့ ဆိုင်ကိုလည်းမပို့ဘူး။ ငါဝယ်တယ်။ ချက်တယ်။ ချက်ဖို့ထမင်းအိုး ငါမလုပ်တတ်ဘူး။ မီးလိုသေးတယ်။ ငါ မီးခလုတ်ဖွင့်ကာ ထမင်းချက်ရတယ်။ ကျက်ရင် ပန်းကန်ပြားထဲထည့်တယ်။ ဒီပန်းကန်ပြားကိုလည်း ငါမလုပ်တတ်ဘူး။
ထမင်းတစ်ပန်းကန်ဖြစ်လာဖို့ ငါ့လုပ်အား ဘာမှပါမလာဘူး။ ဒါပေမဲ့ ငါနေ့စဉ်ထမင်းစားတယ်။ တစ်ခါတလေ တစ်ကြိမ်စားတယ်။ တစ်ခါတစ်ခါ သုံးကြိမ်စားတယ်။ ပုံမှန်ကတော့ နှစ်ကြိမ်စားတာပါပဲ။ ဒီအတွက် ဘယ်သူကမှမငြိုငြင်ပါဘူး။ ပိုက်ဆံရှိရင် ဝယ်စားလို့ရတာပဲ မဟုတ်လား။ ဒါပေမဲ့ ရောင်းတဲ့လူမရှိရင် ဘယ်လိုလုပ်ဝယ်စားမလဲ။ ရောင်းတဲ့လူကရော စိုက်ပျိုးထုတ်လုပ်သူမရှိရင် ဘယ်လိုဝယ်စားမလဲ။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ဟာ ဆန်ပြတ်လပ်သွားတယ်။ စစ်တိုက်နေရတော့ စိုက်ပျိုးတဲ့သူတွေ မရှိတော့ဘူး။ ဒီတော့ စပါးမထွက်ဘူး။ သူတို့ကို မြန်မာပြည်ကထောက်ပံ့ပြီး ဆန်ပို့ပေးခဲ့ရတယ်။ ဒီအတိုင်းပဲ တရုတ်ပြည်မှာ လူသန်းပေါင်း ၉၀ ကျော် အငတ်ဘေးကြောင့် သေကျေပျက်စီးကြရတယ်။ ဒီအဖြစ်မျိုးတွေဟာ တကယ်ရှိခဲ့တယ်။ ဒါဟာ စစ်တွေဖြစ်လို့ဖြစ်တယ်လို့ ဆိုနိုင်တယ်။ စစ်တွေဘယ်လိုဖြစ်တာလဲ။

စစ်တွေဖြစ်တယ်ဆိုတာ အမုန်းတရားကနေ စတာပဲ။ အမုန်းတရားတွေ များလာရင် စစ်ဖြစ်တယ်။ တစ်စုံတစ်ယောက်ကို လွှမ်းမိုးချင်ရင် စစ်တွေဖြစ်တာပါပဲ။ လောဘတွေနဲ့နေတဲ့လူတွေဟာ အမှားအမှန် မဆင်ခြင်နိုင်ကြဘူး။ သူတို့စစ်ဖြစ်တာပဲ တို့နဲ့မဆိုင်ဘူးဆိုပြီး နေကြတယ်။ ပိုဆိုးတာက စစ်မီးကို ပိုတောက်အောင် ထိုးဆွတယ်။ ဒီအခါ လက်နက်တွေ ရောင်းရတယ်။ အဲဒီစစ်ဖြစ်နေတဲ့ဒေသတွေ ဆင်းရဲချို့တဲ့သွားတဲ့အခါ သူတို့ရဲ့ သြဇာအာဏာသက်ရောက်မှု ပိုများတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ရတာဟာ အမုန်းတရားတွေကြောင့်ပါပဲ။ ဂျာမနီက ဥရောပ၊ ရုရှားနဲ့ အင်္ဂလန်ကိုတိုက်တာပဲ၊ ဂျူးတွေကို သတ်တယ်။ ဂျပန်က အမေရိကန်ကို စတိုက်တယ်။ ပြီးတော့ အာရှတစ်ခွင်ကို တိုက်တော့တာပဲ။ နောက်ဆုံးဂျပန်ရော ဂျာမနီရော စစ်ရှုံးသွားတဲ့အခါ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့တာပဲ။ အမှန်တော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပေမဲ့ ကိုရီးယားစစ်ပွဲတွေ ဖြစ်နေသေးတယ်။ ဗီယက်နမ်စစ်ပွဲတွေ ဖြစ်လာတယ်။ အဲဒီစစ်ပွဲတွေပြီးသွားတဲ့အခါ ကမ္ဘာကြီး ငြိမ်းချမ်းသွားတယ်မထင်ပါနဲ့။ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေရှိတယ်။ ဖောက်ကလန်စစ်ပွဲဆိုတာဖြစ်တယ်။ သီရိလင်္ကာမှာ ပြည်တွင်းစစ်တွေဖြစ်တယ်။ လစ်ဗျားစစ်ပွဲတွေဖြစ်တယ်။ ဆီးရီးယားစစ်ပွဲတွေဖြစ်တယ်။ ယီမင်မှာ စစ်ကြောင့် အငတ်ဘေးတွေ ကြုံတွေ့နေရတယ်။

ယနေ့ဆို အရှေ့တောင်အာရှမှာ စစ်ရိပ်တွေရှိနေဆဲပါပဲ။ ဖိလစ်ပိုင်တို့၊ ထိုင်းတို့၊ မလေးတို့မှာ ဘာသာရေးအစွန်းရောက်အဖွဲ့များရဲ့ အန္တရာယ်တွေရှိနေတယ်။ မြန်မာနိုင်ငံမှာတော့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဝါဒစွဲအဖွဲ့အစည်းများဟာ အနှစ် ၇၀ နီးပါး တိုက်ပွဲဝင်နေကြတယ်။ ဒါကို အိမ်နီးနားချင်းနိုင်ငံတွေကလည်း မြှောက်ထိုးပင့်ကော် မလုပ်ရင်တောင် ပြည်တွင်းကိုထိုးနှက်ဖို့ လက်နက်သဖွယ် အသုံးချကြတယ်။

မြန်မာပြည်က ၂၀၁၅ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်ခွင့်ရစပြုလာတဲ့အခါမှာ ၂၁ ရာစုပင်လုံညီလာခံဆိုပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းအဖြေရှာခဲ့တယ်။ ဒီရက်တွေမှာ ဒီလိုညှိနှိုင်းအဖြေရှာတာ နှစ်နှစ်ရှိလာတယ်ဆိုပြီး နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာပဲ အနောက်ဘက်တံခါးမှာ ပြဿနာတွေပေါ်ခဲ့ပါတယ်။ ဒီမိုကရေစီ ရောင်ခြည်ထွန်းလာတဲ့အချိန်မှာ မြန်မာနိုင်ငံကို အားပေးကူညီရမယ့်အစား မမှန်ကန်တဲ့လုပ်ရပ်တွေကို ပြုလုပ်ခဲ့တယ်။ ဖြစ်စဉ်က ဘင်္ဂါလီမွတ်စလင်အချို့ဟာလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တာကစတာပဲ။

အမှန်တော့ ARSA လို့ခေါ်တဲ့ ဘင်္ဂါလီနွယ်ဖွား မွတ်စလင်အကြမ်းဖက်သမားတွေဟာ ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ရဲစခန်း ၃၀ ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်တယ်။ အလစ်ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်များ ဆုံးရှုံးမှုရှိတယ်။ လက်နက်ခဲယမ်းတွေကိုလည်း သယ်ယူသွားကြတယ်။ ဒီအတွက် တပ်မတော်က ပါဝင်လာရတယ်။ တိုက်ပွဲတွေဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်တော့ အချို့ဒေသခံပြည်သူတွေဟာ ထိခိုက်မှုရှိတာ အသေအချာပဲပေါ့။

တိုင်းရင်းသားအချို့ဟာ စစ်တွေဘက်ပြေးခဲ့သလို ဘင်္ဂါလီမွတ်စလင်အချို့ဟာလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါဟာ စစ်ဖြစ်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ်ပါ။ သို့သော် ဘင်္ဂလားဒေ့ရှ်ရောက် စစ်ပြေးဒုက္ခသည်များကို တတိယနိုင်ငံတွေက လက်ခံမယ်ဆိုတဲ့ သတင်းတွေလွှင့်လိုက်တယ်။ တစ်ဖက်ကလည်း ARSA လို့ခေါ်တဲ့ ဘင်္ဂါလီနွယ်ဖွား မွတ်စလင်အကြမ်းဖက်သမားတွေဟာ ဘင်္ဂါလီမျိုးနွယ်စုတွေကို ခြိမ်းခြောက်ကာ နယ်စပ်ရှိဒုက္ခသည်စခန်းကို ထွက်ပြေးဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဒီတော့ ဒုက္ခသည်စခန်းမှာ စစ်ပြေးဒုက္ခသည်လေးသိန်းက ငါးသိန်းအထိ ဖြစ်လာပါတယ်။

အမှန်တော့ ထိုင်းနဲ့ မလေးရှားတို့မှာလည်း မြန်မာပြည်ကထွက်ပြေးတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေ ရှိပါတယ်။ ဒီစခန်းတွေကို NGO တွေနဲ့ အနောက်တိုင်းအစိုးရတွေက ထိုင်းနဲ့ မလေးရှားအစိုးရ စသည်တို့နဲ့ ညှိနှိုင်းထားရှိတာပါပဲ။ အိမ်ရှင်နိုင်ငံတွေက ဖွင့်လှစ်တဲ့စခန်း မဟုတ်ပါဘူး။ ပြည်ပအကူအညီတွေနဲ့ ဒီလိုစခန်းတွေကို ဖွင့်တာပါပဲ။

ဒီလို ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံကိုသွားနိုင်ဖို့ အခွင့်အလမ်းများစွာရှိတယ်။ ဒါကြောင့် ဒုက္ခသည်စစ်စစ် မဟုတ်သော်လည်း အခွင့်အရေးရလိုရငြား စခန်းတွေမှာ ဒုက္ခသည်အဖြစ် ခံယူကြတယ်။ ဒီအတွက် ငွေကြေးတစ်စုံတစ်ရာ ပေးရတာရှိတယ်။ (Refugee ဖြစ်ဖို့ ပိုက်ဆံပေးရတာပါ)

ဒါပေမဲ့ အမေရိကန်၊ နော်ဝေ၊ သြစတြေးလျ စတဲ့နိုင်ငံတွေကို ရောက်သွားရတာကို ကျေနပ်ကြတယ်။ ဆိုလိုတာက တကယ့်စစ်ပြေးဒုက္ခသည်တွေရှိသလို အခွင့်အရေးအတွက်ရောက်လာတဲ့ ဒုက္ခသည်တွေရှိတယ်။ အထူးသဖြင့် အခွင့်အရေးအတွက် ရောက်လာသူတွေဟာ မိမိတို့ရဲ့ဒုက္ခတွေကို ပုံကြီးချဲ့ပြောတယ်။ တစ်ဖက်က သနားကရုဏာသက်အောင် လီဆယ်ပြောကြပါတယ်။ ဒါကိုသိကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတဲ့ ဘင်္ဂါလီတွေမှာလည်း ဒီသဘောထားမျိုးရှိမှာ သေချာတယ်။ ဒါကို အနောက်တိုင်းသတင်းဌာနတွေရဲ့ ဖန်သားပြင်တွေမှာ ဒုက္ခသည်စခန်းတွေက

■ ကလေးတွေကိုပြတယ်။ (ငတ်ပြတ်နေတဲ့ ကလေးတွေကိုပေါ့)

■ သက်ကြီးရွယ်အိုတွေကိုပြတယ်။

■ ငိုပြတဲ့သူတွေ မသန်စွမ်းသူတွေကိုပြတယ်။

■ ကလေးမီးဖွားနေသူတွေကို ပြတယ်။

ဒါတွေဟာ ကရုဏာသက်စရာ ပြကွက်တွေပါပဲ။ လူတွေဟာ ခံစားတတ်တယ်။ ဒီလိုဒုက္ခရောက်တာကိုမြင်ရင် ရင်ထဲကမချိဘူး။ ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ စွပ်စွဲပြန်တယ်။ အားလုံးသိပါတယ်။ ရိုဟင်ဂျာလို့ခေါ်နေတဲ့ လူမျိုးဆိုတာမရှိပါဘူး။ သူတို့ဟာ ဘင်္ဂါလီစကားကိုပဲ ပြောပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်က ကူးလာတာပါ။ ကျွန်တော်တို့က ဧည့်နိုင်ငံသားအဖြစ် လက်ခံထားတာပါ။ သူတို့ တိုင်းရင်းသားတွေမဟုတ်ပါ။ သူတို့ကိုအကြောင်းပြပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိမ့်ကျအောင်လုပ်ဖို့ ကြိုးစားကြတာပါ။

မြန်မာနိုင်ငံဟာ ခေါင်းဆောင်ကောင်းရထားတယ်။ အခြေအနေပေးတာနဲ့ ရှေ့လျှောက် ထိပ်တန်းနိုင်ငံဖြစ်လာမှာမလွဲဘူး။ နည်းနည်းသာစောင့်ရမယ်။ ပြောင်းလဲမှုအစ (Tipping Point) ကိုရောက်လုဆဲဆဲမှာ ထိုးနှက်တာပဲ။ ဒါကိုမလိုလားကြဘူး။

ကျွန်တော်တို့ကို သခင်အဖြစ်မမြင်လိုဘူး။ ကျွန်အဖြစ်ပဲ လိုချင်ကြတယ်။ ဘာ့ကြောင့်လဲ။ သူတို့မလွှမ်းမိုးနိုင်လို့ပါပဲ။

ကျွန်တော်တို့သိပါတယ်။ နိုင်ငံတစ်ခုဟာ အိမ်နီးနားချင်း နိုင်ငံများအားလုံးနဲ့ အဆင်ပြေရပါမယ်။ ကမ္ဘာနဲ့လည်း အဆင်ပြေရသလို ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေရပါတယ်။ ဒါပေမဲ့ အင်အားသုံးပြီး လွှမ်းမိုးဖို့မကြိုးစားပါနဲ့။

“တို့ပြောသလိုလုပ်၊ မလုပ်ရင် ပြဿနာတက်မယ်” ဆိုတာမျိုးကိုတော့ လက်မခံနိုင်ဘူး။

အနောက်တံခါးကိစ္စ နိုင်ငံရေးပါတယ်။ လွှမ်းမိုးမှုတွေပြုလုပ်ချင်တဲ့ သဘောသဘာဝတွေ အများကြီးပါတယ်။ ကြောက်စရာကောင်းပါတယ်။ မြန်မာပြည်သားများ ကိုယ်ခံအင်အားကောင်းအောင် ကြိုးစားကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

Most Read

Most Recent