ကျွန်တော့်နာမည်နှင့် လူဖြစ်လာရခြင်းများ

ကျွန်တော့်နာမည်နှင့် လူဖြစ်လာရခြင်းများ
Published 18 October 2017

၁။ အင်ဂျင်အိုကြီးတစ်လုံးလို ပင်ပန်းမောလျလို့။ နှင်းဆီရနံ့တွေရလိုက်တော့ ခဏအမောပြေသွားတာပဲ။ အမောဒဏ် မခံနိုင်တော့လောက်အောင် ရင်ကတုန်နေတယ်။ ဝန်စည်စလယ်တွေ ထမ်းခဲ့ရတဲ့ နေ့တွေကများခဲ့ပြီ။ အမြင့်ကို လွန်ဆန်တက်လာခဲ့ရတယ်။ နောက်ပြန်မလှည့်ချင်တော့ပါဘူး။ အမောတွေဖောက်သွားအောင်လည်း မမျှော်ချင်တော့ဘူး။ ယူဆခဲ့ရတဲ့ ယုံကြည်ချက်ဟာ ပြိုလဲလုနေပြီ။ ခေါင်းမာမာနဲ့ ယူဆခဲ့တာပါ။ ကြာလာတော့ စကားပြောဖော်မရှိတော့ဘူး။ ပြောချင်စိတ်လည်းမရှိတော့ နှုတ်ဆိတ်နေလိုက်တယ်။ ငါရဲ့ တိုးတိုးဖော်ဟာ စကားလုံးတွေ ဖြစ်လာတယ်။

ရေဒီယိုက အင်္ဂလိပ်သီချင်းတွေတောင် လာနေပြီ။ နားမလည်ပေမဲ့ နှလုံးက ဂီတအတိုင်း ခုန်နေတယ်။ လွမ်းဆွတ်မှုထက်ပိုတဲ့ နာကျင်မှုပဲ။ နာကျင်ရမှုကိုပဲ တိုင်းတာရမယ့် ခံစားမှုကမဲ့နေပြီ။ ညကိုဒီအတိုင်းထားပြီး အိပ်ပျော်သွားအောင် လုပ်မရပြန်ဘူး။ ဘာမှဖြစ်ခဲ့တာလည်း မဟုတ်ဘူး။ ဘယ်သူနဲ့မှ ဘာမှဖြစ်တာလည်းမဟုတ်ဘူး။ အလိုလို နွမ်းနေတယ်။ ဒါကစာသားမရှိဘူး။ အလျော်ယူလို့မရတဲ့ ကျူးလွန်မှုတွေပဲဖြစ်မယ်။ တစ်ခါတလေ ပင့်သက်ကို ဒီအတိုင်းကြည့်နေလိုက်ရတယ်။ စကားတွေကလည်း မပြတ်သားတော့ဘူး။ ရုပ်သေးရုပ် မဟုတ်ဘူးဆိုတာ ပြောဖို့ကိုပဲ ငါကအင်အားမရှိတော့။ စိတ်ကအလိုလို အညံ့ခံချင်လာတယ်။ ပျော့ညံ့သူပါပဲ။

၂။ မှန်လည်းမကြည့်ဖြစ်ဘူး။ ပြတင်းမှန်မှာ ကိုယ့်ကိုပြန်မြင်နေရရင် ကိုယ့်ကိုယ်ကိုယ် မနှစ်မြို့တော့ဘူး။ အမာရွတ်က အလိုလိုပေါ်တယ်။ ဒဏ်ရာက အကျည်းတန်နေတာ မဟုတ်ဘူး။ စိတ်ကြည်နေတဲ့နေ့ဆို အမာရွတ်ကို မမြင်ရဘူး။ ထိုင်းမှိုင်းသွားတဲ့အခါတိုင်း ဒဏ်ရာက ရောင်ကိုင်းလာပြီ။ ငါ့ကိုယ်ငါလည်း အတန်တန် ဆုံးမပါတယ်။ ပျော်ရွှင်မှုကြောင့် ရခဲ့ဒဏ်ရာနဲ့ပဲ ဘဝကိုဖြေသိမ့်နေရတာပဲ။ စိတ်ထဲ ဘယ်တော့မှ ရိုးသွားလေ့မရှိဘူး။

ငါတို့ဖြစ်ပေါ်ဖို့ ငါတိုက်တွန်းခဲ့ရတာပဲ။ တက်ကျမ်းတွေဖတ်တာ များလွန်းတော့ ရသွားတဲ့ဒဏ်ရာပဲ။ ဥပမာပေးဖို့ လူတွေကို ထောက်ခံခိုင်းရဦးမယ်။ ပြီးတော့ ငါပိုင်နိုင်ဖို့လိုတယ်။ ရှိနေခြင်းကို ဘုရားသခင် ကန့်သတ်တာတွေကလည်းများပါ့။ ကိုယ်ကလျှောက်လဲ ဝန်ခံရဦးမယ်။ ကိုယ့်စကားတွေဆို တမင်ပယ်ချတတ်တဲ့ နတ်နေကိုင်းတွေလည်း ရှိနေသေးတော့ စကားလုံးရွေးချယ်မှုကို စဉ်းစားနေရတယ်။ တစ်ခုရှိတာက အနိုင်ထက်ရပ်တည်ရာ ပျောက်မသွားဖို့ပါပဲ။ ဇာတ်ခုံပေါ်ကပဲ ဘဝတွေမဟုတ်ဘူး။ ဇာတ်ခုံအောက်မှာလည်း ဘဝတွေ အသုံးတော်ခံနေကြတာပဲ။ ညတွေတော့ နည်းနည်းပိုးများသွားမှာပေါ့။ ကိုယ့်မှာစာသားမရှိဘူး။

၃။ ဇာတ်ဝင်ခန်းတွေ ရောက်လာခဲ့ပါပြီ။ အပြိုင်သရုပ်ဆောင်ဖို့ ဇာတ်ဆောင်တွေက မပီပြင်ဘူး။ ငါကိုယ်တိုင် ဝင်သရုပ်ဆောင်မယ်ဆိုတော့လည်း ဇာတ်လမ်းတွေက ပီပြင်လှတယ်မရှိ။ ဘာဖြစ်လို့လဲဆိုတော့ ငါရေးထားတဲ့ ဇာတ်လမ်းဖြစ်လို့ပါပဲ။ ဇာတ်ကောင် မသေခင်အထိ ဒီအတိုင်းမျောနေမယ်။ မသေမချင်း လိုက်နာရမယ့် ဓလေ့ထုံးစံတွေကို အလွတ်ကျက်နေမယ်။ အလွတ်မကျက်ရင်လည်း ရေးဖို့တောင် ရှိတာမဟုတ်လို့ အားထည့်ပြီး ဇာတ်လမ်းကိုဖတ်နေရတာပဲ။ ဇာတ်လမ်းတွေကလည်း ဇာတိပြတာပဲ။ ဇာတ်နာနေတယ်အထင်နဲ့ တမင်ငိုကြွေးပြီး ဟန်ဆောင်တယ်။ ဇာတ်လမ်းက မရယ်ရပေမဲ့ ရယ်ရတယ်။

အစကတည်းက ဇာတ်လမ်းဆင်ပြီးသား။ လူတွေပြတ်တာနဲ့ လူဆိုးတွေ ရောက်လာမယ်။ လူဆိုးတွေက မုတ်ဆိတ်မွေးတွေ တမင်ရိတ်မထားကြဘူး။ တမင် လူဆိုးဂိုက်ဖမ်းလာတာ သိသာတယ်။ စကားပြောမယ့် ဗိုလ်လုပ်သူက ထစ်နေတယ်။ အားလုံးထဲမှာလည်း သူ့ကိုမီတဲ့လူ ရှိတာမဟုတ်ဘူး။ အားလုံးထက် လက်ရဲဇက်ရဲရှိတယ်။ အဲဒါနဲ့ သူ့ကို ဗိုလ်ခန့်လိုက်ရတယ်။ သူဗိုလ်လုပ်တော့တာပါပဲ။ ဆရာကြီးဂိုက်နဲ့ပေါ့။ ကျွန်တော်က ဇာတ်ကြောင်းပြောနေရသူထက် ဇာတ်ဆောင်ကို ကြောက်ရသူဖြစ်လာတယ်။ ဒီစာသားတွေဟာလည်း ဖတ်ဖူးပြီးသားထဲက ခိုးချခဲ့တာပဲ။ ကျွန်တော်က အဲဒီလိုတရားဝင်မှုဖြစ်အောင် နေနေခဲ့တာပါ။ ပီပြင်တယ်မဟုတ်လား။

၄။ တိတ်ဆိတ်လိုက်ပါ။ အသံတွေ သဘာဝကပေးထားခဲ့တာ သိပ်ကိုဆူညံလွန်းနေပြီ။ ညကကြယ်တွေ ရယ်နေတာတောင် မကြားရတော့ဘူး။ တိတ်တဆိတ် ငိုနေတာလားလည်း မသဲကွဲဘူး။ လရောင်လေး ညွှတ်ကိုင်းသွားမလားပဲ။ တိတ်ဆိတ်ခြင်းကို စောင့်ကြည့်နေခဲ့တာ။ ခြေဖျားတွေတောင် အေးနေပြီ။ ဒါအပေါ်ယံ ယုံကြည်သက်ဝင်မှုမျိုး မဟုတ်ဘူး။ မပြတ်သားတော့တဲ့ သေရာပါတွေလည်း ရှိတော့ရှိတာပေါ့။ မလွန်ဆန်ဝံ့ဘူးလေ။

သူ့ကိုယ်သူလည်း မာရ်နတ်ဝင်စားခဲ့သူလိုလို။ ဟစ်တလာပဲ အမျိုးတော်ခဲ့သူလိုလို။ ကိုယ့်ဘာသာ တင်မြှောက်ထားတဲ့ ဘုရားသခင်လိုလို။ အလိုမပြည့်လို့ သောင်းကျန်းနေကြသူတွေထဲမှာ သိသိနဲ့မိုက်မဲနေတဲ့ ကျွန်တော့်ရဲ့ ကျပ်မပြည့်မှုတွေလည်း တစ်ခါတလေ ရိုးသားမှုနဲ့ ကျုံးသွင်းရမှာပဲ။ လောကဓံဆိုပြီးလည်း ချော့မြှူရမှာပဲ။ အလင်းရောင်မရှိတုန်း သိုဝှက်ရမှာပဲ။ အဆင်းမှာဘရိတ်က အဆင်သင့်ပေါက်ထားလိုက်တယ်။ လိုလေသေးမရှိတဲ့ ဖော်လိုဝါများကလည်း အဆင်သင့်ပေါ့။ ဝိုင်းဝန်းမြှောက်ပေးလိုက်ကြတာ။ ကျွန်တော့်ကိုတော့ သနားမယ့်ပုံမပေါ်ကြဘူး။ ဇာတ်လမ်းပျက်သွားမှာစိုးလို့လေ။

၅။ လက်ရှိအခြေအနေအရတော့ ရွာသိမ် ရွာငယ်လေးအဖြစ်ပဲ ရှိတော့တယ်။ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ မင်းနေပြည်တော်ကြီးဟာ ရွာလေးအနားမှာ မြို့ဟောင်းအဖြစ် လူသူမနေတဲ့အရပ် ဖြစ်သွားပြီ။ ယာခင်းကုန်းတွေဖြစ်သွားတဲ့ မြို့ဟောင်းရှိရာအရပ်မှာ ရွာကလူတွေကတော့ သူတို့စိုက်ပျိုးတဲ့ သီးနှံတွေကိုပဲ မျှော်လင့်နေကြတော့တယ်။ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ခမ်းနားမှုတွေကို သူတို့ဉာဏ်မီကြတာ မဟုတ်ဘူး။ ဘုရင်တွေ နေထိုင်ခဲ့ပေမဲ့ ပျက်ယွင်းသွားတဲ့အခါ တိမ်ကောသွားတာပဲ။ ရွာသားတွေက အနေအထိုင် သိပ်ဆင်ခြင်ကြတာမဟုတ်ဘူး။ သူတို့ကရော တိမ်ကောပြီးသားတွေ မဟုတ်ဘူးလား။

တစ်နေ့တော့ ဆံပင်တွေဖြူဖွေးနေတဲ့ အဘိုးကြီးရောက်လာခဲ့တယ်။ မြို့ဟောင်းမှာ တွေ့ရတတ်တဲ့ ပုတီးစေ့လေးတွေကို မြတ်မြတ်နိုးနိုး သိမ်းဆည်းဖို့ပေါ့။ ခရောင်းလမ်းလို ဖုန်းဆိုးဖြစ်နေတဲ့ မြို့ဟောင်းအနှံ့ သူတစ်ယောက်တည်း လျှောက်သွားတယ်။ အုတ်ခဲပုံတွေတွေ့ရင် တစ်ဦးတည်း ရေရွတ်လို့။ သူ့စိတ်တွေကတော့ ခမ်းနားတဲ့သမိုင်းကို ပြန်သွားစေချင်တဲ့ပုံပါပဲ။ ခမ်းခမ်းနားနားသမိုင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ ရွာသားတွေမသိဘူးပေါ့။ သူတို့ဆေးဖော်ကြောဖက်မလုပ်တဲ့ မြို့ဟောင်းဟာ အဘိုးကြီးအတွက်တော့ သမိုင်းတန်ဖိုးသိပ်ရှိတာပါ။ ပညာရပ်အပေါ် လှောင်ပြောင်တတ်တဲ့ အကျင့်ဟာ ဒီနိုင်ငံငယ်လေးမှာ အရိုးစွဲနေပြီ။ ဖွံ့ဖြိုးမှာ မဟုတ်တော့ဘူး။

၆။ ကမ္ဘာလှည့်ခရီးသည်တွေ ရောက်လာကြတယ်။ ရှေးဘုရင့်မြို့တော်ဟောင်းကို လေ့လာဖို့ပေါ့။ ဘုရင်တွေနဲ့ အာဏာရှိသူတွေရဲ့ သချုႋင်းအဟောင်းတွေကို သွားလေ့လာကြတယ်။ သမိုင်းကို စိတ်ဝင်စားလို့မဟုတ်ဘဲ ကွယ်လွန်သူတွေရဲ့ ကြီးကျယ်ခမ်းနားမှုကို သွားရည်ကျဖို့ပေါ့။ ဘုန်းတန်ခိုးတော်အောက် ဇီဝိန်ချုပ်သွားရတဲ့ ပြည်သူတွေရဲ့ အဖိုးတန်အသက်တွေကို အမှတ်မရကြဘူး။ ရယ်လိုက်မောလိုက်နဲ့ ဓာတ်ပုံရိုက်ဖို့ ရှေးဟောင်းမြို့တော်သို့ လာကြတဲ့ပုံပဲ။ ဝိညာဉ်တွေ ငိုကြွေးနေကြတာဟာ မြို့တော်ကြီးခမ်းနားဖို့ စတေးလိုက်ရတဲ့ အသံတွေပဲ။ ခေတ်တိုင်းမှာရှိမယ်။

ဝင်ငွေတွေ မြိုးမြိုးမြက်မြက်ရလာတော့ ဘုရင့်သချုႋင်းတွေဟာ အသက်ဝင်လာပြီး အတိတ်တစ္ဆေတွေ ခြောက်လာပြီ။ စစ်ပွဲတွေကရလာတဲ့ သုံ့ပန်းတွေနဲ့ သူတို့သချုႋင်းတွေကို ကြီးကြီးကျယ်ကျယ် ဆောက်ကြတော့တယ်။ စစ်ပွဲဟာ သူတို့လိုအင်လောဘဖြစ်ပြီး သူတို့ကရုဏာဟာ ဒီလိုသချုႋင်းကြီးတွေ ဆောက်ကြတာပဲ။ သူတို့ခမ်းနားမှုဟာ အောင်ပွဲတွေဖြစ်ပြီး အဲဒီအောင်ပွဲတွေအတွက် လက်အောက်ငယ်သားတွေက သေပေးရတာပဲ။ ဓာတ်ပုံမရိုက်ခင် သင်နားလည်သင့်တာပေါ့။ တကယ်ဖြစ်ခဲ့တာ။

၇။ အတွေးတွေက ယိုင်နဲ့လာပြီ။ အောင်မြင်မှုဆိုတာ တချို့အရာတွေနဲ့ လဲယူပစ်ရမလားပဲ။ ငါ့ကိုယ်ငါ ပြန်သုံးသပ်တယ်။ ကျပ်မပြည့်ချင်ဘူး။ လူတွေနဲ့ စကားပြောတာတွေ နည်းလာတယ်။ အခင်မင်ဆုံးသူတွေရဲ့ မေတ္တာမှာ အရိပ်ခိုနေရတယ်။ သူတို့အားပေးတဲ့ ဝါကျမှာ ငါမပျောက်ဆုံးသေးဘူးပဲ။ ကိုယ့်ဘဝကို အားနည်းမှန်းသိသိနဲ့ မချိတင်ကဲ ချီတက်လာရတဲ့ ဝန်တင်ကားကြီးလိုပဲ။ ဘဝကို လက်ဆုပ်လက်ကိုင်ပြစရာ မယ်မယ်ရရမရှိဘူးပဲ။ ထစ်ခနဲရှိရင် ရူးရူးသွားချင်တယ်။ ပြိုကျသွားချင်တယ်။ မနိုင့်တနိုင် ထမ်းထားခဲ့ရတယ် မဟုတ်လား။ ဆွေးပြီ။

သာမန်ပါပဲ။ အနုပညာက သူရဲလိုပူးတယ်။ လက်ရှိနေထိုင်ခြင်းကို အနုပညာက အဆင်မပြေချင်တော့ဘူး။ ခေါင်းမာလာတယ်။ အရွဲ့တိုက်ချင်လာတယ်။ မနာခံချင်တော့ဘူး။ ဒါကြောင့် တစ်ခါတလေ အဆင်မပြေချင်တော့ဘူး။ ခန္ဓာတစ်ခုပဲ ရလာခဲ့တာ။ ဝေဒနာတွေကို အရွဲ့တိုက်ချင်လာတာ။ ငါ့ခေါင်းထဲကအတွေးက ပြန်ညှဉ်းဆဲလို့ပေါ့။ ဒါပေမဲ့ ပျံသန်းဖို့စွမ်းအားတွေ ဖြစ်လာရတာပဲ။ လူက ဝိညာဉ်နှစ်မျိုးနဲ့ အသက်ရှင်နေပါတယ်။ ရှင်းပြဖို့ကျခက်တယ်။

၈။ အနေတော် လျှော့ချပြီးသွားပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ပြီးသွားပြီ။ အဆိပ်ရှိနေတာက ခုခံကာကွယ်ခွင့်ပါပဲ။ ချေးပြီးလည်း ပြန်မပေးဖြစ်ဘူး။ တို့တစ်တွေက ညီအစ်ကိုအရင်းလို ချစ်ကြတာ။ ရေဆင်းကတော့ ရှိနေမှာပဲ။ စကားက ဘယ်ရောက်သွားပြီလဲမသိ။ ဝင်ငွေဟာ မိမိဘဝယုံကြည်မှုပဲ။ သူရှိမှ ဆိုင်ထဲ ရဲရဲဝင်ထိုင်ရဲတော့တယ်။ ငတ်လာရင် ခိုးကြတာကိုတော့ ကိုယ်ချင်းစာလာတယ်။

၉။ ယူနီဖောင်းကြီးဝတ်ထားပေမဲ့ အဲဒီအထဲ ကျွန်တော့်စိတ်ရှိမနေဘူး။ အလိုလို အိုစာသွားတဲ့ စာသားတွေ ထပ်ဖြည့်လိုက်ပါဦး။ အနုပညာသမားစစ်စစ် မဟုတ်ပေမယ့် အနုပညာစိတ်ဝင်လာရင် ပတ်ဝန်းကျင်နဲ့ အဝေမတည့်ချင်တော့ဘူး။ ညနေလေးတွေ ကစော်ဖောက်ထားတဲ့ သိရခက်မှုတွေ ရှိလာတယ်။ အားလုံးနဲ့ အဆင်ပြေအောင်တော့ ဟန်ဆောင်ထားရတာပဲ။

၁၀။ စာတွေက မူးနောက်နေတာပဲ။ ငါပျော်တဲ့ ဝန်းကျင်လေးပြန်ရဖို့ပေါ့။ ဘဏ်ထဲလည်း စာရင်းမရှိပါဘူး။ အရွယ်ကလည်း အချိန်မရွေး ကျဆုံးသွားနိုင်တယ်။ ကိုယ်ပိုင်အိမ်မရှိဘူး။ တိတိပပဆိုရရင်တော့ ဘဝကို ပြတ်ပြတ်သားသား မငြင်းရက်ခဲ့ဘူးရယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ လက်သီးလိုဆုပ်ထားတဲ့ ထုထောင်းမှုတွေက မာလာပြီ။ အတွေးထဲ ဆန့်ထုတ်ထားရတာပါ။ ကျုပ်မှာ အရေးမပါတာတွေ များတယ်ဗျ။

အသက်ရှည်ချင်တယ်။ ပြိုင်ဆိုင်မှုပဲ။ ကျွန်တော် ထွက်ပစ်တော့မယ်။ တချို့အရာတွေ သိပ်လွယ်ပေမဲ့ ကျွန်တော် ခက်ခဲနေခဲ့တယ်။ စာလုံးပေါင်းမှန်တာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့သိကြတဲ့ ပါဝင်ပတ်သက်မှုဟာ ဘုရားသခင်တွေက စိမ်းပါတယ်။ ခင်ဗျားတို့ မေတ္တာနဲ့နေထိုင်တာပါ။ ယုံပါတယ်။ သိမ်မွေ့တာတွေကလည်း မေတ္တာကြောင့် ပေါက်ဖွားလာတာပဲမဟုတ်လား။ အခန်းက တစ်ယောက်တည်းပဲ တွေးစေတယ်။

၁၁။ ထိုင်ခုံလေးတစ်ခု နေရာလွတ်နေတယ်။ အနားယူလိုက်မယ့် စိတ်ကူးတွေ နံရံမှာ နေသားတကျဖြစ်နေပြီ။ လိုက်လျောလာရတာ များလွန်းတော့ အကျင့်ဖြစ်နေပြီးသား။ ကိုယ်ခံအားနည်းတဲ့ဇုန်က ခံစစ်ပြင်နေရတာနဲ့ပဲ အင်အားတွေ ကုန်ခန်းလှပါပြီ။ ကိုယ်က ပြုတ်ကျသွားချင်တဲ့အခါမှာ လွယ်ကူနေတော့တာပါပဲ။ အသက်ကို မျှဉ်းမျှဉ်းရှူရတယ်။ ဒါပေမဲ့ အသက်ရှူရတာမဝဘူးပဲ။

ရူးချင်တာကိုပဲ ဝယ်ယူရမယ့်ပုံ။ ကိုယ့်ဆီမှာ အနည်းငယ်သာ အနည်ထိုင်တဲ့ ရင့်ကျက်မှုက ဆောက်တည်ရာမဲ့ပဲ။ ပုလင်းတစ်လုံးအပြည့် ဝယ်လာလိုက်တယ်။ အရောင်တွေတော့ ဆိုးထားတာပေါ့။ သွေးကို တမင်ဆာလောင်စေသူပါ။ ငတ်မွတ်မှုက တွဲလဲခိုလို့ပေါ့။ ရေချိန်မကိုက်သေးဘူးပဲ။ စစ်မျက်နှာမဖွင့်ဘဲ သင်ယူမှုကိုစရမှာပဲ။ လစ်မစ်မပြည့်ခင်မှာ ဘာမှမကြေညာတာ အကောင်းဆုံးပါပဲလေ။ နှလုံးခုန်တာတွေမငြိမ်ဘဲ ကြိမ်နှုန်းတွေထပ်နေတာ။ ရူးသွပ်မှုကို ပုလင်းတစ်လုံးစာ မှာထားလိုက်ပါတယ်။

၁၂။ မျိုးချစ်စိတ်ဆိုတာ ကိုယ်မဟုတ်တဲ့သူတွေကို ရှေ့တန်းပို့ပစ်ဖို့ ကြိုးစားလိုက်တာပဲ။ ဆုတောင်းက ငါပြောချင်တဲ့စကားတွေ ပြောစေချင်တာပဲ။ ထင်သလောက်ဖြစ်မလာရင် နောက်ဆုတ်ဖို့အချိန်က ရမှာမဟုတ်ဘူး။ ရှောင်ချိန် တိမ်းချိန် မရှိဘူးပေါ့။

၁၃။ အယူသီးတယ်ဆိုကြပါစို့။ ၁၃ ဂဏန်းကို ပယ်ကြတယ်တဲ့။ ဖတ်လို့ကောင်းအောင် ဝါကျတစ်ကြောင်းတော့ စာထဲထည့်ရေးမှပါ။ သာမန်ပဲလွန်ကဲပါမယ်။

၁၄။ လောဘတွေနဲ့ လမ်းမကြီးမှာ ထိုင်နေလိုက်တယ်။ သူတောင်းစားတစ်ယောက်ရဲ့ လောဘက အကန့်အသတ်တွေ ရှိနေရပါတယ်။ ဇိမ်ခံကားပေါ်က ကျလာတဲ့ ပေါင်မုန့်တစ်ဖဲ့ဟာ ဆာလောင်သူအတွက် ဖြစ်ချင်မှဖြစ်မယ်။ သူတောင်းစားမှာလည်း အချစ်ကရှိနေသေးတယ်။ လမ်းပေါ်မှာ မျက်လုံးတွေသွားတယ်လို့ယူဆပြီး ဒီလမ်းပေါ်ကို တက်လာခဲ့တယ်။ ဆေးဝါးတချို့ လိုအပ်နေလို့ စိတ်ကမတည်ငြိမ်သေး။ ဆုတွေတော့ဝအောင် တောင်းခဲ့ပါတယ်။ ရသမျှကို ရေတွက်ကြည့်နေတယ်။ နေ့တွက်မကိုက်သေး။ နေ့ထူးနေ့မြတ်တွေတောင်မှ သူ့အတွက် တွက်ချေကိုက်မှု နည်းပါးနေပါတယ်။

ကောင်မလေးတစ်ယောက်။ အဖြူအစိမ်းလေး ဝတ်ထားတယ်။ ပြန်မတွေ့တော့လို့ ယတိပြတ်ပဲ ဆုံးဖြတ်ပြီးပြီ။ အိမ်က သမီးငယ်ကရော ကျောင်းသွားပါရဲ့လား။ ဂိမ်းပဲဆော့နေမလား။ တရားစာအုပ်တွေ အကျယ်ကြီးဖတ်နေမလား။ သမီးလေး ကျောင်းသွားတာမြင်တော့ စိတ်ကြည်နူးရတယ်။

ချမ်းမြေ့စရာပါ။ တင့်တောင့်တင့်တယ် တောင်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကတော့ ဂရုဏာသက်မယ့် မျက်လုံးတွေကို ရှာဖွေနေရတယ်။ ပင်ပန်းပါပြီ။

၁၅။ မပြီးသေးဘူးဗျ။

၁၆။ အပေါစားပြက်လုံးတွေပါပဲ။ ရယ်ရဖို့ ချီတက်လာကြတာ။ ရုံထဲခေတ်ထဲ မကောင်းမြင်စိတ်က ရယ်မရဘူး။ ရယ်စရာတွေ ခန်းသွားအောင် ရယ်ပစ်လိုက်တာ မှားသွားပြီလား။ ထစ်ခနဲရှိရင် စကားလုံးလုပ်ပစ်ချင်တာ ငါ့အားနည်းချက်ပါပဲ။

၁၇။ နိုင်ငံတော်အလံကြီးတော့ လွှင့်တင်ထားတာပဲ။ ရုံးကြီးထဲမှာ ငါ့လူငယ်ဘဝတော့ ပြန်ရစရာမရှိတော့ဘူး။ လက်ရေးနဲ့ရေးထားတဲ့ မှတ်တမ်းစာအုပ်တွေထဲမှာ ငါရှိခဲ့ဖူးတာပေါ့။ ဗီရိုကြီးနှစ်လုံးစာ သော့ခတ်ရဦးမယ်။ တချို့တလေကိုတော့ မီးရှို့ပစ်ရဦးမယ်။ သံပရာသီး အနုပိန်ခြောက်လေး လျက်ဆားနဲ့ တို့စားနေရသလိုပါပဲ။ ချဉ်တယ်။ ငန်တယ်။ ဒါကပဲဘဝကို အရသာရှိစေပြန်တယ်။ နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ခင်ဗျားလည်းပြောပြစရာတွေ ရှိလာမှာပါပဲ။

ဝေဒနာများနေပေမယ့်လည်း ရယ်မောခွင့်တော့ ရချင်သားပဲ။ အင်အားဖြစ်စေတဲ့အရာတွေ စုပ်ယူသွားပြီးမှ ဘဝကိုမှားမှန်းသိလိုက်ရတာ။ နံရံကြီးတစ်ခုလုံးရှိလျက်နဲ့ ပန်းချီကားလေးတစ်ချပ်နဲ့ ဖုန်းကွယ်ရနိုင်မလား။ ပြုစုသူကရော ဘက်လိုက်မှုကင်းရဲ့လား။ အမှန်တရားက အချင်းများစေတတ်လား။ အကြောင်းတစ်ခုခုကြောင့် ဖုံးဖိလာခဲ့ရတဲ့ ဘဝတွေရှိခဲ့တာ။ ကိုယ်တို့တစ်တွေ ကြုံခဲ့ဖူးတာ။ မညာတမ်း တွေးကြည့်ရရင်တော့ လုပ်ပိုင်ခွင့်ဘောင်ထဲက ပညာရှိတွေ မိုက်မဲကြတာပဲ။

၁၈။ တချို့လိပ်စာတွေဆို မမှတ်မိတော့ဘူး။ ဆက်သွယ်စရာလည်း မလိုဘူးပေါ့။ သူတို့လည်း ရှိကြမှာတော့မဟုတ်ဘူး။ စပ်စုနေတယ်လည်း မဟုတ်ပါဘူးလေ။ ဇာတ်လမ်းဖြစ်အောင် ရေးရတာပဲ။ လမ်းခရီးတွေက ကြောက်စရာတွေ များလာတယ်။ ငါ့ကိုယ်ငါဖဲ့ပေးလို့ မသင့်ပါဘူးလေ။ ငါပြောချင်တာတွေ လူတွေကိုတော့ ပြောပြဖြစ်မှာ မဟုတ်တော့ဘူး။ သေချာပြီ။

၁၉။ ဒါပါပဲ။ ကျွန်တော့်နာမည်နဲ့ လူဖြစ်လာရတယ်ဆိုတာ။

၂၀။ ပြီးပါပြီ။

Most Read

Most Recent