ဒါ ယဉ်ကျေးသတဲ့လားကွယ်

ဒါ ယဉ်ကျေးသတဲ့လားကွယ်
Published 18 October 2017

လူမှာ ယဉ်ကျေးမှုရှိတယ်ဗျ။ ဒါကို လူတွေကပဲဆိုခဲ့ကြတာ။ အဲဒီလို ပြောဆို သမိုင်းတင်လာခဲ့တာကို လူတွေကပဲ သိမှတ်လက်ခံခဲ့ကြတယ်လေ။

လူတွေ၊ ကမ္ဘာကြီးထဲက လူတွေယဉ်ကျေးမှုရှိတယ်လို့ဆိုပြီး ဂုဏ်လုပ်ဂုဏ်တင် ဂုဏ်ယူနေကြတယ်ဗျာ။ ရှေးဟောင်းအရာဝတ္ထု အဆောက်အအုံဆိုလည်း အလွန်တန်ဖိုးထားကြတာကလား။ ယဉ်ကျေးမှုအမွေအနှစ်ပေါ့။ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်သမိုင်းနဲ့ဆိုပြီး လူတွေဟာ ယဉ်ကျေးမှုရှိသတဲ့။

အဲဒီ ‘ယဉ်ကျေးမှု’ ဆိုတဲ့ဝေါဟာရကို လူတိုင်းပဲ ကြားဖူးကြသိကြပါတယ်။ စကားတွေထဲ ထည့်ပြောကြပါတယ်။ မြန်မာအဘိဓာန်မှာ အဲဒီဝေါဟာရကို အဓိပ္ပာယ်သုံးခုပေးပါတယ်။

ပထမတစ်ခုက ‘သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု’ ဖြစ်ပါတယ်။

ဒုတိယတစ်ခုက ‘တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း’ ဖြစ်ပါတယ်။

တတိယတစ်ခုကတော့ ‘အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း စသည်’ ဆိုပြီး အဓိပ္ပာယ်ပေးပါတယ်။

ဒုတိယအဓိပ္ပာယ်အရ လူမှုအဆင့်အတန်းတိုးတက်တာမရှိရင် ယဉ်ကျေးမှုမရှိဘူးလို့ဆိုလိုရာများ ရောက်နေမလားဗျာ။ ဒီလိုပဲ လူမှုအဆင့်အတန်းကနိမ့်ရင် ယဉ်ကျေးမှုနိမ့်တယ်လို့ဆိုမှာလား။ လူနေမှုဆိုတဲ့ဟာကြီး မမြင့်မားဆင်းရဲရှာတဲ့သူတွေမှာ ယဉ်ကျေးမှုက မမြင့်မားဘူးဆိုတဲ့ သဘောလည်းသက်ရောက်နိုင်ပါတယ် ဒါဆိုရင်တော့ ကျွန်တော်တို့လို ဆင်းရဲတဲ့သူတွေကတော့ ခံချင်မှာမဟုတ်ဘူး။ ခံနိုင်မှာမဟုတ်ဘူးဗျ။ ဘာလို့လဲဆိုတော့ ရာထူးရာခံကြီးလို့ ချမ်းသာလှချည့်ဆိုတဲ့လူတွေ၊ စီးပွားဥစ္စာကြွယ်ဝတဲ့ လူတွေမိုက်ရိုင်းထွားကျိုင်း မောက်မာရိုင်းစိုင်းတတ်ကြတာက အများသားကလားဗျာ။ ကမ္ဘာနဲ့ချီရင် အနမတဂ္ဂများရှိမှာပါပဲ။ ဆိုနိုင်မှာပါပဲ။ ဆင်းရဲနေသေးတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကရော ယဉ်ကျေးမှုနိမ့်သလားဗျာ။

‘မြေနိမ့်ရာလံှစိုက်’ တဲ့။ ကျွန်တော်တို့ မြန်မာမှာ ရှေးရှေးကတည်းက စကားပုံနဲ့ လူ့သဘောမနောကို ညွှန်ပြထားခဲ့ပါတယ်။ အင်းကျွန်တော်လည်း တောင်တောင်အီအီ လျှောက်တွေးပြီး ခံစားချက်ဖြစ်မိတာပါ။

တကယ်တော့လည်းဗျာ၊ လူ့ယဉ်ကျေးမှုဆိုတာ လူကပြုခဲ့တာပါ။ ဒီတော့ဖျက်ရင်လည်း လူကပဲဖျက်တာပါပဲ။ စဉ်းစားကြည့်ကြပါ။

မြန်မာအဘိဓာန်ထဲမှာ ‘ယဉ်ကျေး’ ဆိုတဲ့ နာမဝိသေသနကို ‘သိမ်မွေ့သော အမူအရာရှိသော’၊ ‘နှစ်သက်စဖွယ်ဖြစ်သော’ ‘တိုးတက်သော လူမှုအဆင့်အတန်းရောက်သော’ လို့ပဲ အနက်သုံးခုပေးပြန်ပါတယ်။ စကားပြောကြရမှာတော့ ယဉ်ကျေးတယ်၊ မယဉ်ကျေးဘူးလို့ သုံးကြလေ့ရှိပါတယ်။

“ဒီကောင်ကွာ ယဉ်ကျေးမှုကိုမရှိဘူး”

ဒီစကားက ငယ်သူတစ်ယောက်ယောက်ကို ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို တစ်စုံတစ်ရာ မသိမ်မမွေ့မပြေမပြစ်ဖြစ်တဲ့ အပြုအမူတစ်ခုခုကြောင့် ပြောတာမျိုးဖြစ်ပါတယ်။ မဖြစ်သင့်လို့ စိတ်မကောင်းဟန်ရှိပါတယ်။ ဒီကောင်မယဉ်ကျေးဘူး၊ ရိုင်းတယ်လို့ မာမာပြတ်ပြတ်မပြောဘူး။ ဒါကြောင့် ယဉ်ကျေးတယ်၊ မယဉ်ကျေးဘူးဆိုတာ ကာလ၊ ဒေသ၊ ပယောဂအခြေအနေကို လိုက်စားပြီး အစားစားရှိမယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။

မြန်မာစကားမှာ ‘ရိုင်း’ ဆိုတဲ့စကားက ‘မယဉ်ကျေးသော၊ မသိမ်မွေ့သော’ လို့အဓိပ္ပာယ်ပေးပါတယ်။ ‘ရိုင်းပျ’ ကျတော့ ‘မယဉ်ကျေးမိုက်မဲသော’ လို့ဆိုပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုရဲ့ ဆန့်ကျင်ဘက်ဟာ ရိုင်းပျတာ ရိုင်းစိုင်းတာပါပဲ။

ဆင်းရဲလို့ လူမှုအဆင့်အတန်းနိမ့်နေတဲ့လူတွေမှာ သူတို့ဘဝကို သူတို့ ရိုးသားဖြူစင်၊ သိမ်မွေ့ယဉ်ကျေးစွာ ရှင်သန်နိုင်အောင် ကြိုးစားရုန်းကန်နေထိုင်ကြပြီး အသက်ရှင်နေသူ အများအပြားပါ။ ဆင်းရဲနွမ်းပါးပေမယ့် မရိုင်းပျကြဘူး။
အဆောင်ဆောင် အခန်းခန်း တိုက်နန်းတော်ကြီးလို နေရာတွေမှာ အသက်ရှင်ခံစားနေကြပေမယ့် စိတ်သဘောမနော အကြံအစည်တွေဟာဖြင့် မယဉ်ကျေးဘဲ လူမဆန်ရိုင်းပျနေကြတာလည်း အများအပြားပါပဲလို့ ဆိုနိုင်ပါတယ်။

လူသားသမိုင်းကို ကျောက်ခေတ်၊ သံခေတ်၊ ကြေးနီခေတ်က စလာခဲ့ရင်ပဲ အခုဆို ဒစ်ဂျစ်တယ်ခေတ်လို့ ဆိုနေကြပါပြီ။ ‘ပညာခေတ်’ လို့ဆိုကြရတာလည်း အမောပါပဲ။ တကယ်တမ်းသာ ပညာဦးစီးကြရင် မရိုင်းစိုင်း၊ မရက်စက်၊ မခက်ထန်၊ မကြမ်းကြုတ်ပါဘူး။ အခုတော့ နုနုနယ်နယ် ကလေးသူငယ်တွေ ကျောင်းသားကျောင်းသူပညာရှာ စာသင်ကလေးတွေအဖို့ သိမ်မွေ့ပြေပြစ်တတ် သိလိမ္မာစေဖို့ ဝန်းကျင်တွေဖြစ်တဲ့ မိသားစုအိမ်တွေမှာ၊ ရပ်ရွာမှာ၊ ကျောင်းမှာ (ကျောင်းဆိုရာမှာ တက္ကသိုလ်အထိ ပါပါလိမ့်မယ်) နဲ့ အသင်းအပင်းအဖွဲ့အစည်းတွေမှာ ပညာဉာဏ်နဲ့ အသိအဆင်ခြင် မဦးစီးကြတာတွေလည်းရှိနေတာ များတောင်မှ များသလားပါပဲ။ ရိုင်းစိုင်းရက်စက် ခက်ထန်ကြမ်းကြုတ်တာတွေ ကြားသိနေရတတ်ပါတယ်။
ကမ္ဘာကိုလှမ်းမျှော်ပြီး ကြည့်ရင်လည်း ချမ်းသာကြွယ်ဝလှလို့ ရုပ်ဝတ္ထုတွေ အလွန်တရာပြည့်စုံကြပြီး လူအဆင့်အတန်းမြင့်လှတဲ့ နိုင်ငံကြီးတွေမှာဆိုလည်း မယဉ်ကျေးဘဲ ရိုင်းပျယုတ်မာတာတွေ အပုံကြီးဖြစ်နေကြလို့ပါ။ ကမ္ဘာ့သတင်းကို ကမ္ဘာအရပ်ရပ်မှာ ဖြစ်နေတာတွေကိုကြည့်ရင် နိုင်ငံခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကအစ အပြောအဆို အသုံးအနှုန်းနဲ့ အမူအရာတွေ ရိုင်းနေတာတွေ တွေ့နေကြရပါတယ်။

ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းတည်ဆောက်ခဲ့ကြပါတယ်ဆိုတဲ့ သမဂ္ဂကြီးအတွင်းမှာရောတဲ့။ မငြိမ်းချမ်းအောင် ဘက်လိုက်ပြုမူပြောဆိုနေတာမျိုး၊ ဘေးဘယာကို ကြောက်လို့သော်လည်းကောင်း၊ ရာထူးစည်းစိမ်ခံစားမှု၊ ငွေကြေးနဲ့ အဝယ်ခံပြီး ကိုယ့်အတွက် ကိုယ်ဘက်လိုက်ရမယ့် တစ်ဖွဲ့တစ်ခု တစ်နိုင်ငံအတွက် ပြောဆိုဂုဏ်လုပ်နေကြတာတွေကတော့ တကယ်တော့ မယဉ်ကျေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အမှန်တရားအတွက် မရပ်တည်နိုင်ကြလို့ပါ။

အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်သူတွေကပဲ မှန်ကန်သလိုလို သနားစရာလိုလိုဖြစ်အောင် ခန်းမကြီးထဲ စားပွဲကြီးခုံကြီးပေါ်ကနေ ထုတ်ဖော်ပြောနေတာတွေဟာ တကယ်တော့ ဘယ်မှာ ကျွန်တော်တို့ရဲ့ ဗုဒ္ဓယဉ်ကျေးမှုထဲက နာယကဟုတ်လို့လဲဗျာ။

ကမ္ဘာမှာ နျူကလီးယားဗုံးကြောင့် လူသိန်းနဲ့ သန်းနဲ့ချီပြီး အသက်ဆုံးရှုံးရ ရောဂါဝေဒနာခံစားခဲ့ကြရတဲ့ အဖြစ်ဆိုးကြီးရှိခဲ့တဲ့တိုင် ဒီလက်နက်နဲ့ပဲ အရှေ့ကနေ အနောက်ကတိုင်းပြည်ကို ပြာဖြစ်အောင်တိုက်ခိုက်ပစ်လိုက်မယ်၊ အနောက်ကလည်း အရှေ့က နိုင်ငံတိုက်ခွင့်မရအောင်ကို လုပ်မယ်ဆိုတဲ့ အသံတွေကလည်း တခြိမ်းခြိမ်းနဲ့ပါပဲ။ အကြမ်းဖက် ဗုံးခွဲသတ်ဖြတ်တာတွေလည်း အကြိမ်၊ ကြိမ်၊ အနှံ့နှံ့။ ဒါဟာ ယဉ်ကျေးမှုလားဗျာ။ သတင်းတွေနဲ့ အရုပ်တွေကြားလို့မြင်လို့မှ မကောင်းတာဗျာ။ လူတွေလည်း သေကျေကြရ။ ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုကတော့ ဗုဒ္ဓဝါဒက ဆင်းသက်တယ်လို့ဆိုနိုင်ပါတယ်။ အခုကမ္ဘာကြီးကို လှမ်းကြည့်ပြီးတော့ ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရဆိုခဲ့ရတဲ့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ ‘မင်္ဂလာကဗျာများ’ ကို သတိရအောက်မေ့စရာပါ။

‘သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ၊ ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့ လူနှင့်လူချင်း သတ်ညှဉ်းနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ သုံးဆယ့်ရှစ်ပါး မင်္ဂလာတရား ရေးသားဖြန့်ကာဝေ
အဖိုးတန်တဲ့ ‘ဗုဒ္ဓဝါဒ’ ကမ္ဘာကသိပါစေ’ တဲ့ခင်ဗျ။

ဗုဒ္ဓဝါဒဟာ ၃၈ ဖြာမင်္ဂလာတရားနဲ့ လူကိုယဉ်ကျေးစေအောင် ပြုကျင့်စေတာဖြစ်ပါတယ်။

တွဲဖက်ရွှေကျင်သာသနာပိုင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသရဲ့ အဆုံးအမစကားတစ်ခွန်းကလည်း ‘မေတ္တာသည် သဘာဝအားဖြင့် ယဉ်ကျေးသောသဘောဖြစ်၍ ရိုင်းစိုင်းသောသူ၌ မတည်ပေ’ လို့ဖြစ်ပါတယ်။

လူတွေ၊ လူမျိုးတွေနဲ့ နိုင်ငံတွေ ယဉ်ကျေးကြဖို့ဆိုရင် ဗြဟ္မစိုရ်တရားလေးပါးထဲက ထိပ်ဆုံးက မေတ္တာကို ကျင့်ကြသုံးကြဖို့ပါပဲ။

ယဉ်ကျေးမှုဆိုတဲ့ မြန်မာဝေါဟာရကို သိုးဆောင်းအသုံးအနှုန်းမှာလှယ်တော့ Civilization တို့၊ Culture တို့ကို လှယ်တာတွေ့ရပါတယ်။ Civilization ကို အဘိဓာန်ငယ်တစ်ခုမှာ ‘an advanced stage of human development in which people in a society behave well towards each other and share a common culture’ လို့ အနက်တစ်ခုပေးပါတယ်။

Culture ကိုပေးတဲ့အနက်တစ်ခုက the arts and intellectual achievements regarded as a whole လို့တစ်ခုပေးပါတယ်။

မြန်မာကပေးတဲ့ အဓိပ္ပာယ်တွေနဲ့လည်း ဆီလျော်အပ်စပ်တာ တွေ့နိုင်ပါတယ်။

နိဂုံးချုပ်မယ်ဆိုရရင်တော့ ယဉ်ကျေးမှု (Culture) ဆိုတာကို ကာလတွေတစ်လျှောက် ဆိုမြွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များရဲ့ စကား စကားတွေထဲမှာ အခုလို Hamms Johst (1890-1978) ပြောခဲ့တဲ့ ဟောဒီစကားတစ်ခွန်းကတော့ ကျွန်တော့်ကို ပြုံးစေပါတယ်။ ပြုံးမိစရာပဲလို့ နားလည်ပါတယ်။

Daily Eleven ဖတ်တဲ့စာရှုသူလည်း ပြုံးချင်ရင် အဲဒီစကားကို ဖတ်ကြည့်ပြီး ပြုံးလိုက်ပါဗျာ။

“Whenever I hear the world culture...I release the safety catch of my Browning!”

သူ ဒီလိုပြောခဲ့တာကို နောင်မကြာခဏ စကားကိုးတဲ့အခါ “ယဉ်ကျေးမှုဆိုတဲ့စကားကို ကျုပ်ကြားမိလိုက်တာနဲ့ တစ်ပြိုင်နက် ကျုပ်လက်ဟာ ပစ္စတိုဆီကို ရောက်ပါတယ်” တဲ့။

မေတ္တာမဟုတ်ဘဲ ကျည်အသင့်ဖြစ်နေပါကလားဗျာ။

Most Read

Most Recent