လမ်းပေါ်က ကလေးငယ်တွေကို ဘယ်လိုကယ်တင်ကြမလဲ

လမ်းပေါ်က ကလေးငယ်တွေကို ဘယ်လိုကယ်တင်ကြမလဲ
Published 16 October 2017

ရန်ကုန်မြို့တွင်းတစ်နေရာတွင် သွားလာရှာဖွေ စားသောက်နေသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာတော်တော်များများမှာ လမ်းပေါ်ကလေးတွေ သွားလာလှုပ်ရှား နေကြတာကို မိတ်ဆွေတို့အနေနဲ့ တွေ့မြင်ဖူးကြပါလိမ့်မယ်။ အသက်အရွယ်မျိုးစုံ ကလေးငယ်တွေမှာ ဘဝရောင်စုံရှိနေကြပါတယ်။ ကလေးငယ်အများစုကတော့ တောင်းရမ်းမှုကို ပြုလုပ်လေ့ရှိကြပါတယ်။

တချို့ကလေးငယ်တွေက လမ်းတွေမှာ၊ တချို့ကလေးငယ်တွေက ဆိုင်တွေမှာ၊ တချို့ကလေးငယ်တွေက ခုံးတံတားပေါ်မှာ၊ တချို့ကလေး ငယ်တွေကျတော့ကား၊ ရထားနဲ့ သင်္ဘောတွေမှာ နေ့စဉ်လိုက်လံ တောင်းရမ်းနေတာတွေက ရန်ကုန်မြို့ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုလိုတောင် ဖြစ်နေပါပြီ။

ဒီလို တောင်းရမ်းနေကြတဲ့ ကလေးငယ်တွေထဲမှာ တချို့ကလေးတွေက မိမိဝမ်းရေးအတွက် တောင်းရမ်းနေတာတွေရှိသလို တချို့ကလေးတွေကျတော့ မိဘအရင်းတွေက တောင်းရမ်းဖို့ ခိုင်းစေထားတာတွေလည်း ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနကနေ သိရပါတယ်။

လမ်းပေါ်မှာ တောင်းရမ်းနေကြတဲ့ ကလေးငယ်တွေထဲမှာ လသားအရွယ် ကလေးငယ်တွေကနေ ဆယ်ကျော်သက်အရွယ်အထိ ကလေးငယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။

ဒီကလေးငယ်တွေအနေနဲ့ ဘာကြောင့် ဒီလိုဘဝမျိုးကို ရောက်ရှိနေရသလဲဆိုတဲ့မေးခွန်းမှာ အဖြေကတော့ ဆင်းရဲမွဲတေမှုကြောင့်ပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာနကနေ မြေပြင်ကောက်ယူထားတဲ့ အကြမ်းဖျင်းစာရင်းအရ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ လမ်းပေါ်ကလေးသူငယ်ဦးရေ ၁၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

ဒီကလေးသူငယ်တွေထဲမှာ ရန်ကုန်တိုင်းအပြင် တခြားတိုင်းဒေသကြီးကနေ ရွှေ့ပြောင်းလာတဲ့ ကလေးသူငယ်တွေလည်း ပါရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ လမ်းပေါ်ကလေးသူငယ်တွေ အများဆုံးရှိတဲ့ မြို့နယ်တွေကတော့ လှိုင်သာယာ၊ ဒလနဲ့ ရွှေပြည်သာမြို့နယ်တွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

 

Street Children ရဲ့ ဇာစ်မြစ်

လမ်းပေါ်ကလေးတွေ ဖြစ်ပေါ်လာရတဲ့ ဇာစ်မြစ်ကတော့ အကြောင်းရင်းအမျိုးမျိုး ရှိတယ်လို့ လမ်းပေါ် ကလေးအရေးဆောင်ရွက်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

“ဇာစ်မြစ်က အမျိုးအစားအများကြီး ရှိတယ်။ နယ်ကနေ ရောက်လာတာရှိတယ်။ ရန်ကုန်မှာပဲ စီးပွားရေးအဆင်မပြေလို့ မိဘတွေက မကျွေးမွေးနိုင်တဲ့ ကလေးမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့ ရန်ကုန်မှာ အိမ်ရှိတယ်။ မိဘတွေလည်း ရှိတယ်။ ဒါပေမဲ့ ပထွေးတွေ၊ မိထွေးတွေကြောင့် အိမ်မှာ မပျော်တဲ့အတွက် ထွက်ပြေးလာတဲ့ကလေးတွေလည်း ရှိတယ်။ ဒါတွေက လက်ရှိ မြေပြင်မှာရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေပါ” လို့ ၂၀၁၅ ခုနစ်က စလို့ လမ်းပေါ်ကလေးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Junior Dream မှ အဖွဲ့အစည်းတည်ထောင်သူ ဒေါ်အိန္ဒြေက ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ လမ်းပေါ် ကလေးအများဆုံးရှိနေတဲ့ လှိုင်သာယာ၊ ဒလနဲ့ ရွှေပြည်သာမြို့နယ်တွေကို လေ့လာကြည့်ပါက ကျူးကျော်နေထိုင်သူတွေ အများဆုံးရှိနေတဲ့ မြို့နယ်တွေဖြစ်နေတာကို တွေ့ရပါတယ်။

ဒီလို ကျူးကျော်နေထိုင်သူတွေ အများဆုံးရှိတဲ့နေရာမှာ  လမ်းပေါ်ကလေးသူငယ်တွေရဲ့ မိသားစုတွေ အများဆုံးနေထိုင်ကြတယ်လို့လည်း သိရပါတယ်။

လမ်းပေါ်ကလေးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Junior Dream အဖွဲ့အနေနဲ့ကလည်း လက်ရှိအချိန်မှာ ဒလဘက်ကမ်းမှာရှိတဲ့ သမ္မတကမ်းခြေ ကျူးကျော်နေထိုင် သူမိသားစုတွေထဲက လမ်းပေါ် ကလေးငယ် ၂၀ လောက်ကို နေ့ပိုင်းစောင့်ရှောက်ရေးပုံစံနဲ့  စာသင်ကြားပေးတာတွေကို ပြုလုပ်နေတယ်လို့ ဒေါ်အိန္ဒြေက ဆိုပါတယ်။

“ကျွန်မတို့က ဂေဟာလိုမျိုး မလုပ်နိုင်သေးဘူး။ ဒါကြောင့် Care Home တွေမှာ Dail Care Center လိုမျိုးလေးဖွင့်ထားတယ်။ အဓိက ဒလမှာဖွင့်တဲ့ပုံစံကလည်း ကလေးတွေကလည်း ဗိုလ်တထောင်ကမ်းနားတို့ မြို့ထဲတစ်ဝိုက်က ကလေးတွေလာပြီး ပြန်တာကသူတို့က ကျူးကျော်ထဲကို ပြန်ကြတာ။ အဲဒါကြောင့် သူတို့လာနိုင်အောင်ဆိုပြီး ကျွန်မက ဒလဘက်ကမ်းမှာ လုပ်ထားတာ။ ကျူးကျော်က သမ္မတကမ်းခြေလေ။ ဒလဟိုဘက်ကမ်းမှာ။ အဲဒီမှာ အိမ်ခြေ ၈၀၀ လောက်ရှိတယ်။ အဲဒီကနေပဲ Street Children တွေက အကုန်လုံးထွက်တာ။ အဲဒါတွေကနေစရာရှိတဲ့ အမျိုးအစားပေါ့” လို့  ဒေါ်အိန္ဒြေက ပြောပါတယ်။

 

စီမံချက်

၁၉၉၅ ခုနစ်ကစပြီး တောင်းရမ်းစားသောက်သူတွေနဲ့ လမ်းပျော်ကလေး ပပျောက်ရေးစီမံချက်ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာလည်း ရန်ကုန်တိုင်းဒေသကြီးထဲက ဆူးလေလမ်းမ၊ ဘူတာကြီးရှေ့၊ သီရိမင်္ဂလာဈေးနဲ့ ငါးဈေးတွေမှာ အခြေအနေမဲ့ လူတွေအပြင် တောင်းရမ်းစားသောက်နေကြတဲ့ ကလေးသူငယ်တွေကို အထူးအစီအစဉ်အဖြစ် တစ်ပတ်တစ်ကြိမ် ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ ၁၂ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “အရွယ်မရောက်သေးသော ရင်ခွင်ပိုက် ကလေးငယ်များကို အရင်းပြုတောင်းရမ်းနေသူများအား တားဆီးထိန်းသိမ်းရန် မည်သည့်ဌာနများတွင် တာဝန်ရှိကြောင်း၊ မည်သူ့ထံသို့ ဆက်သွယ်သတင်းပို့ရမည်၊ တာဝန်ရှိသူများက မည်ကဲ့သို့ ထိန်းသိမ်းဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း၊ စာသင်အရွယ် ကလေးသူငယ်များ တောင်းရမ်းစားသောက်နေခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ သက်ကြီးရွယ်အိုများအား တောင်းရမ်းခိုင်းခြင်းများကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနဲ့ပတ်သက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အထူးအစီအစဉ်အနေနဲ့ တစ်ပတ်လျှင် တစ်ကြိမ် ည ၁၂ နာရီ နောက်ပိုင်းမှာ မြို့တွင်း ဆူးလေလမ်းမ၊ ဘူတာရုံရှေ့နောက် သီရိမင်္ဂလာဈေး၊ နောက်ငါးဈေးတွေမှာ အခြေအနေမဲ့တွေ ကလေးငယ်တွေ၊ လူတွေကိုရော ဖမ်းဆီးထိန်းသိမ်း ဆောင်ရွက်နေပါတယ်။ အကယ်၍ လိုအပ်တဲ့နေရာရှိခဲ့ရင် သတင်းပေးပါ။ ကျွန်တော်တို့လှည့်ပြီး ဖမ်းမှာပါ၊ တောင်းစားမှုကို အချိန်မီလုပ်မှရပါလိမ့်မယ်။ တောင်းစားမှုက အရမ်းတက်လာရင် ဒီထက်မြင့်ရင် လုစားမှု ဖြစ်လာပါလိ့မ်မယ်။ ကျွန်တော်တို့ မြို့တော်စည်ပင်သာယာအနေနဲ့ ဌာနကိုဖွဲ့ပြီး လှည့်လည်ထိန်းသိမ်း စောင့်ရှောက်နေပါတယ်” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒီလို ဖမ်းဆီးထိန်းသိမ်းမှုတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနအောက်က အခြေအနေမဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ အင်အား (၁+၅) ဦးက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ပူးပေါင်းပြီး နေ့စဉ်လှည့်လည် ထိန်းသိမ်းနေတယ်လို့  သိရပါတယ်။

၂၀၁၇ ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ ၉၆၄ ဦး ထိန်းသိမ်းခဲ့ပြီး ထိန်းသိမ်းခဲ့ သူတွေကို အသက်အပိုင်း အခြားအလိုက် ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ ထောက်ကြန့် အမျိုးသမီးသင်တန်းကျောင်း၊  ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာနတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလို ပို့ဆောင်ရာမှာ ငါးနှစ်အောက် ကလေးငယ်တွေကို ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ ခြောက်နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးသူငယ် ၅၁ ဦးကို သန်လျင် လူငယ်ကျောင်း၊ ၁၃ နှစ်ကနေ ၁၆ နှစ်အထိ ကလေးသူငယ် ယောကျ်ားလေး ၃၂ ဦးကို  ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ ခြောက်နှစ်ကနေ ၁၆ နှစ်အထိ အမျိုးသမီးငယ် ၁၀ ဦးကို  ထောက်ကြန့် အမျိုးသမီးသင်တန်းကျောင်း၊ အသက် ၁၇ နှစ်အထက်တွေကို ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာနဆီ ပို့ဆောင်ခဲ့ရာမှာ အမျိုးသား ၄၃၆ ဦးနဲ့ အမျိုးသမီး ၃၁၆ ဦးရှိခဲ့တယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါ့အပြင် ထိန်းသိမ်းရမိသူတွေထဲကနေ အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက်ကလေးငယ်တွေကို မိခင်နဲ့အတူ ဝါးနက်ချောင်းလူမှု စောင့်ရှောက်ရေးဌာနဆီပို့ခြင်း၊ စာသင်အရွယ် ကလေးသူငယ်ဖြစ်ပါက မိဘကနေ ထောက်ခံစာအပြည့်အစုံတင် ပြချက်အရ မိဘအုပ်ထိန်းသူထံ ခံဝန်နဲ့ ပြန်လည်အပ်နှံပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

မိဘတွေထံအပ်နှံရာမှာ မိဘတွေကိုယ်တိုင် စီမံချက်ဌာနဆီ လာရောက်ရွေးချယ်ပါက မိဘ၊ အုပ်ထိန်းသူကိုယ်တိုင်ဖြစ်ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာအပိုင် ရဲစခန်းထောက်ခံချက်၊ အိမ်ထောင်စုဇယားမိတ္တူများပါရှိဖို့ စီမံချက်ရုံးမှာ ဖော်ပြထားပါတယ်။

ဒီနှစ် ရှစ်လကျော်အတွင်း မိဘခံဝန်နဲ့ ယောကျ်ားလေး ၁၀၅ ဦးနဲ့ မိန်းကလေး ၁၃ ဦးကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်း၌ သွားလာစားသောက်နေသော ကလေးငယ်နှစ်ဦး

လူကုန်ကူးမှုမြောက်တဲ့ တောင်းရမ်းခိုင်းစေမှု

လူကုန်ကူးမှုဆိုတာဟာ လူအများ စုဆောင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းပေးပို့ခြင်း၊ ထိန်းသိမ်းထားခြင်း၊ လက်ခံထားခြင်းတို့ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံး အကျပ်ကိုင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ သြဇာအာဏာသုံးခြင်း၊ မက်လုံးပေးခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ပြည့်တန်ဆာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ကျွန်အဖြစ်စေခိုင်းခြင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထုတ်ယူဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ပါက လူကုန်ကူးခြင်းလို့ ကုလသမဂ္ဂရဲ့ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက်မှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ (United Nations Convention Against Transnational Organized Crime UNCTOC) နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး Protocol to Prevent , Suppress and Punish Trafficking in Persons, Espectially Women and Children ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနဲ့ နောက်ဆက်တွဲ စာချုပ်တွေဖြစ်တဲ့ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးဆိုင်ရာနှင့် လူမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ (Protocol against the Smuggling of Migrants by Land, Air and Sea” စာချုပ်တွေမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ် ၃၀ ရက်မှာ ဝင်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက် အဓိပ္ပာယ် ဖွင့်ဆိုချက်အရ ကြည့်မယ်ဆိုရင် လက်ရှိရန်ကုန်မြို့အတွင်း ကလေးသူငယ်တွေကို တောင်းရမ်းစေခိုင်းနေသူတွေရဲ့ လုပ်ရပ်တွေဟာ လူကုန်ကူးမှု မြောက်နေပါတယ်။

လူလား မမြောက်သေးတဲ့ ကလေးငယ်တွေကို တစ်နေ့တာ ငှားရမ်းပြီး နို့ထဲအိပ်ဆေးခတ်တိုက်ပြီး ဗန်းပြတောင်းရမ်းတာတွေ၊ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို တောင်းရမ်းစေခိုင်းတာတွေဟာ ကုလသမဂ္ဂရဲ့ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက်တွေထဲက သြဇာအာဏာသုံးခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်းနဲ့ ကျွန်အဖြစ်စေခိုင်းခြင်းစတဲ့ အချက်တွေနဲ့ ငြိနေတယ်လို့ ဥပဒေ ပညာရှင်တွေက ထောက်ပြပါတယ်။

ဒီလို တောင်းရမ်းစေခိုင်းရာမှာ မြန်မာလူမျိုးတွေရဲ့ သနားတတ်တဲ့စိတ်ကို အခြေခံပြီး တောင်းရမ်းမှုတွေ ရှိလာတာကြောင့် လူလားမမြောက်သေးတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေက အဓိက တည်ကြက်တွေ ဖြစ်လာပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီအ ဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က “အဓိက ကတော့ ကျောင်းနေအရွယ် ကလေးငယ်များဟာ စာသင်ခန်းရဲ့ ပြင်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြသူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ အန္တရာယ်ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို တားဆီးကာကွယ်နိုင်ဖို့အတွက် ကျွန်မတို့နဲ့အတူ အဖွဲ့အစည်းအသီးသီး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံများနဲ့ ညှိနှိုင်းပြီး ကလေးသူငယ်များရဲ့ အကောင်းဆုံး အကျိုးစီးပွားကို မျှော်ကိုးပြီး ပူးပေါင်းဆောင်ရွက်ကြမှ ရေရှည်မှာ နိုင်ငံအတွက် လူသားအရင်းအမြစ် ဆုံးရှုံးလေလွင့်မှု နည်းပါးလာမှာပါ။ ကျွန်မအနေနဲ့ အဲဒီအတိုင်း အတတ်နိုင်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။

ကလေးသူငယ်ဥပဒေ

မြန်မာနိုင်ငံမှာ ကလေးသူငယ် ဥပဒေ (Child Law) ကို ၁၉၉၃ ခုနှစ် တုန်းက ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ တော့ ကလေးသူငယ်နည်းဥပဒေ (Rule Related to the Child Law) ထွက်ရှိခဲ့ပါတယ်။

ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က) မှာ ကလေးသူငယ်အား အသက်အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ရောဂါဝေဒနာ စွဲကပ်စေနိုင်သော သို့မဟုတ် အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ်ကို ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ခွင့် ပြုခြင်းကို ကျူးလွန်ပါကထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ) မှာတော့ “မိမိကိုယ် ကျိုးစီးပွားအတွက်ကလေး သူငယ်အားတောင်းရမ်းခိုင်းခြင်း၊ မိဘအုပ်ထိန်းသူအောက်ရှိ ကလေးသူငယ် တောင်းရမ်းစားသောက်နေသည်ကို တားမြစ်ရန် ပျက်ကွက်ခြင်း၊ မိမိက တောင်းရမ်းစားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း” ကို ကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။

“နာနတ်တောစခန်းမှာ မိဘတွေက ကလေးတွေကို ပြန်လာခေါ်တယ်။ လာခေါ်ရင် ကျွန်တော်တို့က မေးရတယ်။ ခင်ဗျားကလေးကို ပြန်ခေါ်ပြီးသွားရင် ပြန်မတောင်းစားခိုင်းနဲ့ ကလေးဘဝအတွက်ဘာမှ မတိုးတက်ဘူး။ အဲဒီလိုပြောရင် ကျွန်တော်တို့ ရှေ့မှာတော့ မတောင်းစားခိုင်းတော့ပါဘူး ဆိုပေမယ်လို့ ပြန်တောင်းစားခိုင်တာပါပဲ။ ငွေရလိုမှုကို ဦးတည်တာပါပဲ။ အဲဒီလို ကျွန်တော်တို့က ဘယ်လောက်ပြောပြော ကျွန်တော်တို့ မျက်စိအောက်က ပျောက်သွားတာနဲ့ အရင်အတိုင်း ပြန်လုပ်ခိုင်းတာပဲ” လို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က ဆိုပါတယ်။

ဒီလို တောင်းရမ်းစေခိုင်းမှုတွေ ရှိနေပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကလေးသူငယ်တွေကို တောင်းရမ်းစေခိုင်းမှုတွေနဲ့ ပတ်သက်လို့ အမှုဖွင့်အရေးယူတာမျိုး မရှိသေးဘူးလို့  သိရပါတယ်။

“ရန်ကုန်တိုင်းမှာ ကလေးငယ်တွေကို တောင်းရမ်းခိုင်းစေတာတွေနဲ့ ပတ်သက်လို့ ပြောဆိုဆုံးမတာ တော့ရှိတယ်။ အမှုဖွင့် အရေးယူတဲ့ အထိတော့ မရှိသေးဘူး” လို့ ဦးမျိုးဆက်အောင်က ပြောပါတယ်။ အမှုမဖွင့်ရခြင်းရဲ့ အဓိကအကြောင်း အချက်ကို ဦးမျိုးဆက်အောင်က အခုလို ထပ်မံ ရှင်းလင်းပြောကြားပါတယ်။

“ခိုင်မာအောင် အမှုတည်ဆောက်မယ်ဆိုလို့ရှိရင် ကလေးကလည်း ကျွန်တော့်ကို ခိုင်းစားနေပါတယ်လို့ ထွက်ဆိုပေးရင် အမှုက ခိုင်မာတာပေါ့။ အဲဒီလိုတွေ မပြောတဲ့အတွက်လည်း အမှုက မခိုင်မာဘူး။ သူ့အမေအဖေကို ထောင်ချလိုက်ပြီဆိုရင် ကလေးကို ဘယ်သူထိန်းမလဲ။ ပိုဆိုးသွားမှာလည်း ကျွန်တော်တို့က စိုးရိမ်တယ်။ ကလေးရဲ့ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်နိုင်တာ သူ့အဖေနဲ့ အမေပဲ။ တစ်ခါတလေကျရင် တအားစဉ်းစားရတယ်။ ကလေးရဲ့ အဖေနဲ့ အမေကို ဖမ်းလိုက်လို့ရှိရင် ထောင်နှစ်နှစ်ကျသွားမယ်။ အဲဒီနှစ်နှစ်အတွင်းမှာ ကလေးကို ဘယ်လိုလုပ်မလဲ။ အဖေနဲ့ အမေက ပြန်ထွက်လာလို့ ပြုပြင်ရင် ကောင်းတယ်။ မပြုပြင်ဘူးဆို အရင်အတိုင်းပဲ။ အဲဒီတော့ နည်းလမ်းက ရှာလေခက်လေ။ ဘယ်လို ဖြေရှင်းရမလဲဆိုပြီး အသိပညာပေးတာတွေ လုပ်တာပဲ။ ပြောတုန်းခဏပဲ။ နောက်တော့ ဘာမှမထူးဘူး” လို့ သူက ဆိုပါတယ်။

ဒီလို ဥပဒေပြဋ္ဌာန်းထားတဲ့အတွက် ပြစ်ဒဏ်ကျခံရနိုင်တယ်ဆိုတာကို တောင်းရမ်းစေခိုင်းနေတဲ့ မိဘတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ လမ်းပေါ်ကလေးသူငယ်အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

“အဲဒီလိုမျိုးဥပဒေတွေ ရှိတယ်။ ဒါမျိုးတွေလုပ်ရင် ဒီလိုပြစ်ဒဏ်ချ လို့ရတယ်ဆိုတဲ့ အသိကို  ကျယ်ကျယ်ပြန့်ပြန့် တောင်းရမ်းခိုင်းနေတဲ့ ကလေးမိဘတွေကြားမှာ အရင်ဆုံးသိအောင် လုပ်ပေးရမယ်လို့ ကျွန်မကတော့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဥပဒေတွေပြဋ္ဌာန်းထားတဲ့အတွက် ဒါတွေလုပ်ရင် ဘာဖြစ်လာနိုင်တယ်ဆိုတာကို သူတို့ ပတ်ဝန်းကျင်မှာ မသိကြဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က ကိုယ့်ကလေးကိုယ် ခိုင်းတာပဲဆိုပြီး လုပ်နေကြတာ။ အဲဒါကြောင့် ဥပဒေတွေကို လည်း အသိပညာပေးကိုပေးရမယ်။ ပေးပြီးတော့မှ ဖမ်းပြရမယ်။ အဲဒီလိုမျိုး ထိထိရောက်ရောက် လုပ်မယ်ဆိုရင်တော့ တောင်းရမ်းခိုင်းတဲ့ကိစ္စတွေက ပါးသွားမှာပဲ” လို့  Junior Dream အဖွဲ့အစည်း တည်ထောင်သူ ဒေါ်အိန္ဒြေက ပြောပါတယ်။

တောင်းရမ်းစေခိုင်းနေသူတွေကို တရားစွဲဆိုသွားဖို့ ရှိ မရှိ ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်ကို မေးမြန်းရာမှာ “လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများနဲ့ ဥပဒေပညာ ရှင်တွေအပိုင်းက လိုအပ်သလို ဆောင်ရွက်ဖို့ အစီအမံတွေ ပြုလုပ်ပါလိမ့်မယ်”လို့  ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘယ်လိုအခက်အခဲတွေ ရှိလို့လဲ

“တချို့ ကလေးတွေက အလွယ်သိပ်လိုက်တာ။ လမ်းပေါ်မှာနေပြီး ဖုန်းခိုးလိုက်ရင် တစ်သောင်းရမယ်။ မုန့်တွေ လျှောက်စားမယ်။ အဲဒါကို သူတို့က ပျော်နေတာတွေ ရှိတယ်။ ကိုယ့်ရှေ့ရေးကို မတွေးဘူးပေါ့နော်။ သူတို့ ဘဝရှေ့ရေးကကြာရင် သူတောင်းစားဖြစ်မယ်။ ကြာရင် လူဆိုးလူမိုက်ဖြစ်လာမယ်ဆိုပြီး ကျွန်တော်တို့က အမျိုးမျိုး နားချပေမယ့် တချို့ကလေးကမရဘူး။ အဲဒါ သူ့တို့ရဲ့ လူနေမှုအကျင့်စရိုက်နဲ့ သူတို့ရဲ့ မိဘတွေအပေါ်မှာ မူတည်တယ်။ တချို့ မိဘတွေက ပြန်ခေါ်သွားပြီးတော့ ကျောင်းလည်း မထားဘဲနဲ့ ပြန်တောင်းစားခိုင်းတာတွေ ရှိတယ်။ အဓိက အကြောင်းရင်းကတော့ ဆင်းရဲမွဲတေမှုပဲ။ နိုင်ငံတော်ကတော့ အကုန်လုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်တာ မရှိဘူး။ တချို့မိဘတွေက သားသမီးတွေကို တောင်းရမ်းခိုင်းပြီး ဝေစုခွဲယူတာတွေလည်း ရှိတယ်။ ဒါတွေက မိဘအရင်းတွေနော်။ ကျွန်တော်တို့နဲ့ တွေ့ရင်တော့ ကျွန်မတို့ မတောင်းစားခိုင်းတော့ ပါဘူးဆိုပြီး ပြောပေမယ့် ကျွန်တော်တို့ ပြန်စုံစမ်းကြည့်တဲ့အခါမှာ ကလေးက ဒီအလုပ်ကို လုပ်နေတာတွေ တွေ့ရတယ်။ ဒီလို သူတို့ရဲ့ အကျင့်စရိုက်တွေကို မဖျောက်လို့ရှိရင် ကျွန်တော်တို့က ဘာမှလုပ်ပေးလို့ မရဘူး။ သူတို့ မိဘတွေအပေါ်မှာ မူတည်သလို ဘယ်လောက်ပဲ သွန်သင်ဆုံးမပြော ဆိုနေပေမယ့် သူတို့အပေါ်မှာပဲ မူတည်တယ်။ တချို့ဆို မနေဘူး။ ဒီအဆောင်မှာ မနေဘူး။ ကျွန်တော်တို့ ပြန်မယ်။ ဘာဖြစ်ဖြစ် ပြန်မယ်ဆိုပြီး နောက်တော့ ဖုန်းပြန်ခိုးတဲ့ ဘဝကို ရောက်သွားရော” လို့ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က လမ်းပေါ်ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ သူတွေ့ကြုံနေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ဒီလို အခြေအနေတွေကြောင့် ကလေး ၁၀၀ မှာ လေး၊ ငါး၊ ခြောက်ဦးလောက်သာ လမ်းကြောင်းတည့် မတ်ပေးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ကလေး ၁၀၀ မှာလေး၊ ငါး၊ ခြောက်ယောက်ပဲ လမ်းကြောင်းတည့်တည့်ကို ရောက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အကျင့်စရိုက်ကို ပြောင်းပေးပြုပြင်ပေးပေမယ့် သူတို့မိဘတွေ ကိုယ်တိုင်က အဲဒီစိတ်ဓာတ်မရှိဘူး။ အဲဒီလို မိဘတွေကို အသိပညာပေး ခေါ်ပြောပေမယ့်ရလားဆိုတော့ မရဘူး။ ခွေးမြီးကောက် ခြေထောက်စွပ်ပဲ” လို့ ဦးမျိုးဆက်အောင်က ပြောပါတယ်။

ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်နေရတာဟာ မိဘတွေအနေနဲ့ ငွေကို အလွယ်လိုချင်ကြတာကြောင့် ဖြစ်တယ်လို့ သူကမှတ်ချက်ပြုပါတယ်။

တချို့ ကလေးမိဘတွေကို စက်ချုပ်သင်တန်းပေးပြီး စက်ချုပ်ဆိုင် တည်ပေးခဲ့ပေမယ့် တစ်လလောက်အကြာမှာ  လုပ်ကိုင်စားသောက်ခြင်းမရှိဘဲ စက်ခေါင်းကိုပါ ရောင်းစားလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

“သူတို့ကို စက်ချုပ်သင်မလား။ လာခဲ့ကျွန်တော်တို့ သင်ပေးမယ်။ တတ်ပြီဆိုရင် စက်ခေါင်းတစ်လုံးပါ အလကားပေးလိုက်မယ်။ သင်တန်းလာတက်လို့ တတ်ပြီဆို သူတို့နေတဲ့နေရာမှာ ကျွန်တော်တို့က NGO တွေနဲ့ ပေါင်းပြီး ဆိုင်တည်ပေးတာပေါ့။ ဒါပေမဲ့ သူတို့က တစ်လလောက် လုပ်ပြီးလို့ရှိရင် သွားကြည့်တဲ့အခါ မရှိတော့ဘူး။ အဲဒီတော့ စက်ရှိနေရင် သားသမီးတွေအတွက် ကောင်းအောင်လုပ်ကျွေးမယ်ဆိုတဲ့ စိတ်ဓာတ်နည်းသွားတယ” လို့ ဦးမျိုးဆက်အောင်က ဆိုပါတယ်။ လက်ရှိအချိန်မှာ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့  INGO အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တောင်းရမ်းစေခိုင်းနေတဲ့ ကလေးမိဘတွေအတွက် လှိုင်သာယာမြို့နယ်မှာ မော်တာစက်ငါးလုံး၊ အပ်ချုပ်စက် ၁၀ လုံး ထောင်ထားပြီး သင်တန်းပေးနေပေမယ့် လာသင်တဲ့ သူမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“အခုဆိုရင် လှိုင်သာယာဘက်မှာ မော်တာစက်ငါးလုံး၊ အပ်ချုပ်စက် ၁၀ လုံးထောင်ထားပေးပြီးတော့ သင်ချင်တဲ့သူလာသင်၊  Street Children အမေ၊ အဖေတွေ လာသင်ပြီးရင် ငွေထောက်ပံ့ပေးမယ်ဆိုပြီး ပြောထားပေမယ့် အခုထိကို မပေါ်လာကြသေးဘူး” လို့ ဦးမျိုးဆက်အောင်က ဆိုပါတယ်။

 

နောင်ကြုံတွေ့ရမယ့် အန္တရာယ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေကို အခြေခံပြုစုထားတဲ့ ပညာရေးအကြောင်းအရာ အသေးစိတ်သုတေသနစာတမ်းမှာ အသက် (ခုနစ်နှစ်) ကနေ (၁၅ နှစ်) အတွင်း ကလေးငယ် ၅၀၀,၀၀၀ လောက်ဟာ လုံးဝကျောင်းမနေဖူးသူများ ဖြစ်ကြတယ်လို့ ပါရှိပါတယ်။

ဒီလို လုံးဝကျောင်းမနေဖူးတဲ့ ကလေး ၅၀၀,၀၀၀ ထဲမှာ လမ်းပေါ်က ကလေးတွေလည်း ပါဝင်နိုင်ပါတယ်။ ဒီလို ပညာမတတ်မှု၊ မိဘတွေရဲ့ တောင်းရမ်းစေခိုင်းမှုတွေနဲ့ ပိုက်ဆံအရလွယ်မှုတွေကြောင့် လမ်းပေါ်ကလေးတချို့ရဲ့ လက်ရှိဘဝကို မပြင်နိုင်ဘူးဆိုရင် နောင်အနာဂတ်မှာ ရင်လေးစရာ အနေအထားမျိုးတွေကို ကြုံတွေ့လာနိုင်ပါတယ်။

“စီမံချက်နဲ့တော့ ဖမ်းနေတာပဲ။ ဒါပေမဲ့ လမ်းပေါ်မှာ ပြန်ပြန်ပေါ်လာတာတွေ တွေ့နေရတာပဲ။ ဒီကလေးတွေရဲ့ ဘဝကို မပြုပြင်နိုင်ပေးရင်တော့ နောင်ကြီးလာတဲ့အခါ လူဆိုးလူမိုက်ဘက်ကိုရောက်သွားမှာ စိုးရိမ်ရတယ်” လို့ ဗိုလ်တထောင်ကမ်းနား ညဈေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဒီလို စိုးရိမ်မှုတွေရှိတာကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ လမ်းညွှန်ချက်နဲ့ Street Children စီမံကိန်းကို လုပ်ဆောင်ခဲ့ပေမယ့် ငွေအင်အား၊ လူအင်အား၊ တတ်ကျွမ်းနားလည်တဲ့ ဝန်ထမ်းအင်အားတွေ လိုအပ်နေတဲ့အတွက် ခေတ္တဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ပြောဖူးတယ်။ တစ်ချိန်ကျရင် ဒီကလေးတွေကို ငယ်ငယ်ကတည်းက မပြုပြင်ဘူးဆိုရင် ကြီးလာတဲ့အခါမှာ သူတောင်းစားဟုတ်ရင် ဟုတ်၊ ဒါမှ မဟုတ် ခိုးဆိုးမိုက်ရိုင်းတဲ့ လူမိုက်တွေ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ Street Children စီမံကိန်းကို လုပ်မယ်ဆိုပြီးတော့ စီစဉ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသေးစားသု တေသနလုပ်တဲ့အခါမှာ အတော်လုပ်ယူရတယ်။ တိုင်းတစ်တိုင်းလုံး အနေနဲ့တော့ မဖြစ်နိုင်သေးဘူး။ ဝန်ကြီးချုပ်ကလည်း ခဏဆိုင်းငံ့ပြီး ကြည့်နေတာ။ အသေးလေးကိုတောင် လုပ်လို့မနိုင်ဘူး။ NGO တွေနဲ့ပေါင်းပြီးတော့ ဒီကလေးတွေကို မှတ်တမ်းယူ သုတေသနလုပ်ပြီး အမျိုးအစားတွေ ခွဲခြားအဲဒါတွေကို လုပ်ပြီးပြီ။ ဒါပေမဲ့ ငွေအင်အား၊ လူအင်အား၊ တတ်ကျွမ်းနားလည်တဲ့ ဝန်ထမ်းအင်အားရှိမှ အသေးလေးကနေ အကြီးကြီးကို ကူးနိုင်မှာ။  ဒါပေမဲ့ ကြိုးစားပြီးတော့ လုပ်ရမှာပဲ” လို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမျိုးဆက်အောင်က ဆိုပါတယ်။

ရန်ကုန်မြို့ ကမ်းနားလမ်းတစ်နေရာတွင် ကလေးငယ်တစ်ဦး အလှူခံနေစဉ် (ဓာတ်ပုံ -ဆန်းမိုးထွန်း)

အဖြေရှာသော်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ စီမံချက်တွေချပြီး လမ်းပေါ်က ကလေးတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်နေပေမယ့် စီမံချက်ရှိတဲ့အချိန်မှာသာ ကလေးငယ်တွေက ပျောက်သွားပြီးနောက်ပိုင်းမှာ ပြန်လည်ထွက်ပေါ်လာတဲ့အတွက် လုံးလည်ချာလည် ရိုက်နေပါတယ်။

“ကျွန်မတို့ နေ့စဉ်တွေ့မြင်နေရတဲ့ ကလေး ၇၀ လောက်က သူတို့မှာ မိဘတွေရှိတယ်။ အုပ်ထိန်းသူ တွေရှိတယ်။ သူတို့ရဲ့ အဓိက ပြဿနာက ဝမ်းရေးပြဿနာပဲ။ ကျွန်မတို့က သူတို့ကို စာသင်ဖို့ဆိုရင် စာသင်တာက နောက်ထားနေ့စဉ် ထမင်းမနက်နဲ့ည ဝဖို့ပြဿနာပေါ့။ ဒီလို ဝမ်းဝဖို့အတွက် သူတို့မှာ ပညာအရည်အချင်း မရှိဘူး။ အသိဉာဏ် မရှိတဲ့အတွက်ကြောင့်မိုလို့ ရှိတဲ့နည်းနဲ့ သူတို့က လုပ်ကြမှာပဲ။ မိဘတွေဆိုတာ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ။ တချို့မိဘတွေက မကျွေးမွေးနိုင်တော့ အိမ်ကနေ လွှတ်လိုက်တယ်။ ခိုင်းတဲ့မိဘလည်း ရှိတယ်။ မခိုင်းတဲ့ မိဘလည်းရှိပေမယ့် ကလေးတွေကို  မကျွေးနိုင်တဲ့အခါကျတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ကလေးတွေလည်းရှိတယ်။ အဲဒီကလေးတွေက သူတို့အသက်အရွယ်မှာ ထမင်းကို အေးအေးဆေးဆေးနဲ့ မတောင့်မတဘဲနဲ့ မစားနိုင်ကြဘူး”လို့  Junior Dream အဖွဲ့အစည်း တည်ထောင်သူ ဒေါ်အိန္ဒြေက ပြောပါတယ်။

ဒီလိုကိစ္စတွေဖြစ်နေရတာဟာ ဘာကြောင့်လဲဆိုတော့ သူတို့နောက်ကွယ်က မိသားစုပြဿနာကို ထဲထဲဝင်ဝင် လိုက်လံစုံစမ်းပြီး ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဒေါ်အိန္ဒြေက ထောက်ပြပါတယ်။

ဒါ့အပြင် သနားတဲ့စိတ်နဲ့ တောင်းရမ်းတဲ့ ကလေးသူငယ်တွေကို ပိုက်ဆံထည့်ရာကနေ ကလေးတွေရဲ့ စာရိတ္တပိုင်းမှာ ပျက်စီးမှုတွေ ရှိလာတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“မြန်မာလူမျိုးတွေက သနားတတ်တဲ့စိတ်ရှိတော့ ကလေးတွေ တောင်းတာနဲ့ ပိုက်ဆံထည့်လိုက်ကြရော။ အဲဒီလို ပိုက်ဆံကိုအလွယ်ရနေတော့ တချို့ ကလေးတွေက ဒီဘဝမှာ ပျော်နေကြတယ်။ ဒါကြောင့် ကလေးတွေ ပိုက်ဆံလာတောင်းရင် မထည့်တာက သူတို့လေးတွေ ဒီဘဝက လွတ်မြောက်ဖို့အတွက် ကူညီရာ ရောက်ပါတယ်” လို့ လမ်းပေါ်  ကလေးအရေးဆောင်ရွက်နေသူ တစ်ဦးက ဆိုပါတယ်။

လမ်းပေါ်ကလေး ထွက်ပေါ်လာရတဲ့ အကြောင်းရင်းတွေကို ကြည့်မယ်ဆိုပါက ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှု၊ အသိပညာ မရှိမှု၊ ပတ်ဝန်းကျင်ရဲ့ စွန့်ပယ်ခံရမှုတွေအပြင် တခြားအကြောင်းအရာ တွေကလည်း ရှိနေပါသေးတယ်။

“အတွေးအခေါ်တွေကို ပြောင်းလဲပစ်ရမယ်။ ကလေးတွေရဲ့ မိဘတွေကို အလုပ်အကိုင် ရှာဖွေပေးပြီးတော့ မိဘတွေရဲ့ အတွေးအခေါ်ကိုလည်း ပြောင်းလဲပစ်ရမယ်။ ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်ကိုလည်း ချိန်းရမယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အတွေးအခေါ်တွေကိုလည်း ချိန်းရမယ်။ အတွေးအခေါ်ပြောင်းလဲပစ် ရမယ့်အပြင်ကို အမြဲတမ်း စစ်ဆေးတာတွေလည်း လုပ်ရမယ” လို့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမျိုးဆက်အောင်က ဆိုပါတယ်။

လမ်းပေါ်ကလေးပပျောက်ဖို့ဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနတစ်ခုတည်းရဲ့ တာဝန်မဟုတ်ဘဲ ကျန်ဌာနဆိုင်ရာတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ ပြည်သူတစ်ဦးချင်းစီကပါ အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့အတွက်လည်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က အောက်ပါအတိုင်း မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။

“အကုန်လုံးပပျောက်ဖို့ဆိုတာ ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာန တစ်ခုတည်းက လုပ်လို့မရဘူး။ အကုန်ဝိုင်းလုပ်မှရမှာ။ အဲဒါကြောင့်မို့လို့ အကုန်လုံးက ကလေးတွေ ကောင်းစားဖို့အတွက် ဝိုင်းလုပ်ပေးကြပါလို့ ပြောချင်ပါတယ်”

Most Read

Most Recent