ကြောင်လိမ်လှေကား တက်သလိုဖြစ်နေတဲ့ ငြိမ်းချမ်းရေးခရီးရဲ့ အလားအလာ

ကြောင်လိမ်လှေကား တက်သလိုဖြစ်နေတဲ့ ငြိမ်းချမ်းရေးခရီးရဲ့ အလားအလာ
Published 15 October 2017

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးခြင်း နှစ်နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်လာစဉ် (Photo - ကျော်မျိုး)

“ကျွန်တော်တို့ကတော့ အလုပ်တွေလုပ်တဲ့အခါမှာ အနည်းနဲ့အများဆိုတာ ဒီလိုမျိုးတွေဖြစ်တတ်တယ်။ ဒါပေမဲ့ တန့်နေတယ်လို့ ပြောရမှာထက်ကို ကြောင်လိမ်လှေကား တက်သလိုမျိုးလို့ပြောရမယ်။ ကြောင်လိမ်လှေကားတက်တဲ့ အခါကျတော့ တချို့နေရာတွေက ခပ်ပြေပြေဖြစ်နေတော့ တန့်နေသလိုထင်ရတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကတော့ ကျွန်တော်အမြင်             ကြောင်လိမ်လှေကားလိုပဲ တရစ်ရစ်နဲ့တက်နေပါတယ်။ ကျတယ်လို့တော့ မရှိပါဘူး” လို့ ဆိုလာတဲ့သူကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌခွန်မြင့်ထွန်း ဖြစ်ပါတယ်။

ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ရှစ်ဖွဲ့တို့ကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးခဲ့တာ ယနေ့ဆိုလျှင် နှစ်နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းရှည်ကြာစွာဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာအရင်းခံ ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းဖို့အတွက် NCA စာချုပ်ဟာ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားရရှိတဲ့ အမြင့်ဆုံး စာချုပ်တစ်ခုဖြစ်တယ်လို့လည်း NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဆိုပါတယ်။

 

NCA စာချုပ် ဘယ်လိုပေါ်ပေါက်လာသလဲ

NCA စာချုပ်ကို ယခင်သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီး နောက်ပိုင်း ၂၀၁၁ ခုနှစ် သြဂုတ်လမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေး ဖိတ်ခေါ်၍ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အဲဒီအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ချင်း ဆွေးနွေးပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူစာချုပ်များချုပ်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များဘက်က ယခင်ခေတ်အဆက်ဆက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို သင်ခန်းစာယူမှုတစ်ခု လုပ်ခဲ့ပါတယ်။

အဲဒါကတော့ အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာဖို့ တိုင်းရင်းသားတစ်ဖွဲ့ချင်းထက် အားလုံးစုပေါင်းဆွေးနွေးပြီး တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုလိုတာကြောင့် NCA စာချုပ်ရေးဆွဲဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုခဲ့တဲ့အပေါ် အဲဒီအချိန်က အစိုးရဘက်ကလည်း လက်ခံခဲ့ပါတယ်။

NCA စာချုပ် ပေါ်လာတာဟာ တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ကြားက စစ်ပွဲတွေကလည်း အဓိက တွန်းအားတစ်ရပ်အနေနဲ့ ပါဝင်ခဲ့တယ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာသူတွေက သုံးသပ်မှုတွေ ရှိနေပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIO/ KIA) ဟာ တပ်မတော်အစိုးရ လက်ထက် ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာမှာလည်း ပါဝင်ခဲ့ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပေါ်ပေါက်လာပြီးနောက် တပ်မတော်အစိုးရက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမှ အစပြု၍ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ တပ်မတော်နဲ့ KIO/ KIA တို့ကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ကျိုးပေါက်သွားပါတယ်။

KIO ရဲ့ ၁၇  နှစ်ကြာ အပစ်အခတ်ရပ်စဲရေး လုပ်ထားချိန်မှာ မြန်မာပြည်မြောက်ပိုင်းဒေသတွေက တည်ငြိမ်နေတယ်လို့ ဆိုရပေမယ့် အခု NCA ထိုးထားတဲ့ ကရင်အမျိုး သားအစည်းအရုံး (KNU) ဟာ တပ်မတော်နဲ့ တိုက်ပွဲများစွာဖြစ်ပွားပြီး မြန်မာပြည်တောင်ပိုင်းဒေသဟာ စစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပါတယ်။

ချိန်ခွင်လျှာလို တစ်ဖက်က စစ်နားချိန် တစ်ဖက်မှာ တိုက်ပွဲတွေရှိနေတာကြောင့် ဒါကိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သင်ခန်းစာယူပြီး အားလုံးလွှမ်းခြုံတဲ့ NCA ပေါ်ပေါက်လာဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလိုသင်ခန်းစာယူတဲ့ကြားကပဲ NCA ရေးထိုးပြီးနောက်ပိုင်း မြန်မာပြည်တောင်ပိုင်းမှာ တိုက်ပွဲသံတွေ စဲသွားပေမယ့် မြန်မာပြည် မြောက်ပိုင်းမှာတော့ တိုက်ပွဲသံတွေ ပြန်လည်ကျယ်လောင်လာပါတယ်။

NCA စာချုပ်ကိုရေးဆွဲစဉ်က တရားဝင်တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ပါဝင်ခဲ့ပေမယ့် အမှန်တကယ် လက်မှတ်ထိုးချိန်မှာ စာချုပ်ရေးဆွဲစဉ်က ပါဝင်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊ ကိုးကန့်လက် နက်ကိုင်အဖွဲ့(MNDAA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) လက်မှတ်ရေးထိုးခွင့် မပေးခဲ့တဲ့အတွက် အားလုံးပါဝင်ရေးမူအရဟု ဆိုပြီးတော့ ၁၆ ဖွဲ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့သာစာချုပ်မှာ ပါဝင်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ NCA စာချုပ်ရေးဆွဲစဉ်မှာ လေ့လာသူအဖြစ်သာရှိနေခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် NCA ရေးထိုးတဲ့ တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့ဖြစ်ခဲ့တာပါ။

NCA ရေးထိုးတဲ့ရှစ်ဖွဲ့မှာလည်း သုံးဖွဲ့ဟာ ကရင်ပြည်နယ်တစ်ခုထဲမှာရှိတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ပါတယ်။

NCA ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ရှစ်ဖွဲ့ကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ DKBA ၊ KNU/KNLA(PC) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ကြားချုပ်ဆိုခဲ့တဲ့ NCA စာချုပ်ကို ထိုစဉ်အချိန်က ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပေးခဲ့ပါတယ်။

 

NCA ထိုးပြီးသားအဖွဲ့တွေ ဘာတွေအခက်တွေ့နေသလဲ

NCA စာချုပ်မှာ နှစ်ဖက်သဘောတူ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြ မြေပုံကတော့ (က) NCA စာချုပ်လက်မှတ်ရေးထိုးခြင်း၊ (ခ)အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို”  ရေးဆွဲသဘောတူညီမှုရယူခြင်း၊(ဂ)ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူ ညီသောကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း၊ (ဃ)ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း၊(င) ပြည်ထောင်စုသဘောတူ စာချုပ်ချုပ်ဆိုခြင်း၊(စ)ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊ (ဆ) “ပြည်ထောင်စုသဘောတူစာချုပ် “Pyidaundsu Accord” ပါသဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။

ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် NCA ရေးထိုးပြီးနောက် NCA စာချုပ်ပါနိုင်ငံရေး လမ်းပြမြေပုံအတိုင်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပခြင်းမရှိဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

NLD ပါတီဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရသစ်တက်လာပြီး နောက်မှာလည်း ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးဆိုပြီး အမည်ပြင်ဆင်ကာ NCA မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပါတက်ရောက်စေခဲ့ပြီး ၎င်းတို့ရဲ့ သဘောထားအ မြင်တွေကို စာတမ်းဖတ်ကြားခွင့်ပြုပေမယ့် အဲဒီပွဲမှာလည်းဆုံးဖြတ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

အဲဒီ ၂၁ ရာစုပင်လုံပထမ အစည်းအဝေးအပြီးမှာတော့ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပေမယ့် NCA ရေးထိုးထားတဲ့အဖွဲ့အချို့ရဲ့ နယ်မြေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ကျင်းပခွင့်မရရှိဘူး။

လူမျိုးလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသုံးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲသုံးပွဲ၊ အကြောင်းအရာလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတစ်ပွဲတို့က ရရှိတဲ့သဘောထားများကို စုစည်းပြီး ၂၀၁၇ ခုနှစ် မေလမှာ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကို ကျင်းပပြီးတော့ အဲဒီအချက်တွေကိုတင်သွင်းရာမှာ အချက် ၃၇ ချက်ကို သဘောတူညီချက်အဖြစ်ရရှိခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီသဘောတူညီချက် ၃၇ ချက်ဟာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကျယ်ပြန့်စွာ မလုပ်ထားနိုင်သေးတာရယ်၊ သဘောတူညီချက်တွေကိုရ ယူတဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အတိုင်း ဆောင်ရွက်ခဲ့တာမျိုးမဟုတ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က ဆုံးဖြတ်ချက်တွေနဲ့ပဲ လုပ်ခဲ့တဲ့အတွက်  အစိုးရနဲ့ တိုင်းရင်းသားလက်နက်အဖွဲ့အချို့ကြားမှာ နားလည်မှုလွဲခဲ့တဲ့အခြေအနေ ရှိခဲ့ပါတယ်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရှမ်းနဲ့ ကျွန်မတို့က မရခဲ့ဘူး။ မရတဲ့အပေါ်မှာလည်း ဒီ ၃၇ ချက်ထွက်လာတာတွေကို အမြင်မကြည်လင်ကြတာတွေ အများကြီးရှိပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့သာ မဟုတ်ဘူး။ တချို့အဖွဲ့အစည်းတွေက ဒီပုံစံက၊ ထွက်လာတဲ့ပုံစံက ၂၀၀၈ အတိုင်းပဲဆိုတဲ့ အမြင်မျိုးတွေလည်း ရှိကြတယ်။ ၃၇ ချက် ထွက်လာတဲ့အထဲမှာလည်း အမြင်မကြည်မှုတွေကရှိနေတော့ ကျွန်မတို့က ဘာပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံပြီးတော့မှ ဒီဟာတွေကို အတတ်နိုင်ဆုံး ဘယ်လိုဆက်ပြီးတော့မှ    ကောင်းတဲ့ရလဒ်တွေရလာအောင် ဆိုတာမျိုးကိုဆက်ပြီးတော့ကြိုးစားဖို့ လိုသေးတယ်။ ကျွန်မတို့က အတတ်နိုင်ဆုံးအစိုးရနဲ့ချဉ်းကပ်ပြီးတော့ ကြိုးစားနေတယ်။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ အဲဒီလိုပုံစံမျိုးသာရှိနေရင်တော့ ဘယ်လိုမှဖြစ်မှာမဟုတ်ဘူး” လို့ NCA ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဒါ့ကြောင့် NCA ရေးထိုးပြီးသား တိုင်းရင်းသားလက်နက်ရှစ်ဖွဲ့ဟာ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးအပြီးမှာ NCA စာချုပ် အကောင်အထည်ဖော်ခြင်းအပေါ် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတော့ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို ထပ်မံကျင်းပတဲ့အခါ ခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူ ဘောင်တစ်ရပ်ပြင်ဆင်ရေးဆွဲပြီးဖို့နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ဖို့ ဆန္ဒရှိပါတယ်။

NCA ရေးထိုးထားတဲ့အဖွဲ့တွေ အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ဘယ်အချက်တွေ ပြင်ဆင်လိုတယ်ဆိုတာ အတိအကျမသိ ရသေးပေမယ့် NCA ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RCSS အနေနဲ့ကတော့ ညီလာခံမှာ ပါဝင်ဆွေးနွေးသည့်  အစုအဖွဲ့က ခုနစ်ဖွဲ့ဖြစ်နေတဲ့အပေါ် သုံးပွင့်ဆိုင်သာပြင်ဆင်တဲ့အပြင် ညီလာခံမှာဆွေးနွေးခွင့်ရှိတဲ့ အကြောင်းအရာ ငါးခုကိုလည်းထပ်မံ တိုးချဲ့လိုပြီး  ညီလာခံမှာ ဆုံးဖြတ်ချက်ရယူမှုအပေါ်မှာလည်း ပြင်ဆင်လိုတယ်လို့ RCSS/SSA အတွင်း ရေးမှူး(၃)ဗိုလ်မှူးကြီးစိုင်းငင်းက ထုတ်ဖော်ပြောကြားထားပါတယ်။

RCSS အဖွဲ့ဟာ လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲအကြိမ် ၂၀ ကျော်ဖြစ်ပွားထားတဲ့အပြင် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမှာကျင်းပခွင့်အပေါ် တပ်မတော်ကမထောက်ခံတဲ့အတွက် အခုချိန်အထိမကျင်းပနိုင်သေးတာကြောင့် မကျေလည်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေရဲ့ ဒေသတွေမှာ အခုထက်ထိအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ နယ်မြေပိုင်းခြား သတ်မှတ်မှုကို စတင်နိုင်ခြင်း မရှိသေးတဲ့အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲမဖြစ်ပေမယ့် အောက်ခြေသွားလာလှုပ်ရှားရာမှာ နားလည်မှုလွဲတာတွေရှိတဲ့အတွက် ဖြေရှင်းခဲ့မှုတွေရှိနေသလို အပစ်ရပ်ဒေသတွေမှာ အခုချိန်ထိ မိုင်းရှင်းလင်းတွေ မလုပ်နိုင်သေးတဲ့အတွက် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူ (IDPS) တွေနဲ့ ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ခက်နေကြပါတယ်။

ဒါ့အပြင် RCSS ရဲ့ ပြင်ဆင်လိုတဲ့ အချက်တွေဟာ NCA ရေးထိုးထားတဲ့အဖွဲ့တွေရော၊ မထိုးထားသေးတဲ့ အဖွဲ့တွေရော၊ နိုင်ငံရေး ပါတီအချို့ကပါ ပြင်ဆင်လိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

အဲဒီလိုသာ မူဘောင်ပြင်ဆင်နိုင်မယ်ဆိုရင် NCA ရေးထိုးမယ့်အဖွဲ့တွေ ပိုများလာမယ်လို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားထားပါတယ်။

အဲဒီလိုမျိုး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ပူးတွဲဖွဲ့စည်းထားတဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူ လမ်းညွှန်မှုပေးဖို့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့က လိုလားနေပေမယ့် အစိုးရဘက်က ခေါ်ယူပေးခြင်း မရှိသေးပါဘူး။

JICM အစည်းအဝေးခေါ်ယူ ကျင်းပပြီး နှစ်ဖက်ဆွေးနွေးတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာရှေ့မတိုးဘဲ နောက်ဆုတ်သွားနိုင်တဲ့ အဖြစ်မျိုးဖြစ်လာနိုင်တယ်လို့ တစ်ဖက်မှာ သုံးသပ်မှုတွေရှိနေသလို JICM အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးမပေးရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ကြန့်ကြာသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

“ဒီ Process ကအရင်လုပ်ခဲ့တဲ့ အစိုးရနဲ့ အခုရှိနေတဲ့ အစိုးရနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် တအားကြီး    နှေးကွေးလွန်းတယ်လို့မြင်တယ်လို့ ကျွန်မတို့ဘက်က ခံစားတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်က စိတ်ရှည်ရှည်နဲ့ အများကြီးကြိုးစားတယ်။ ကြိုးစားတယ်ဆိုတာကတော့ ဒီငြိမ်းချမ်းရေးကို ကျွန်မတို့ဆက်ပြီးတော့မှ သွားရမယ်။ မသွားလို့မရဘူး။ ငြိမ်းချမ်းရေးကို ဆက်သွားဖို့ရာအတွက် ဒီ NCA အသက်ရှင်သန်နေဖို့က အရေးကြီးတယ်ဆိုတာမျိုး ကျွန်မတို့ ဘက်ကမြင်တယ်။ ကျွန်မတို့ကတော့ တွန်းနေတာလေ။ အဓိက အဟန့်အတားတွေကတော့ ရခိုင်ပြည်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့လည်း ဆက်စပ်သွားတယ်။ ပြီးလို့ရှိရင် အစိုးရက လက်ပြောင်းလက်လွှဲ အနေအထားမှာ တအားကြီး ကြန့်ကြာသွားတာတွေ ရှိပါတယ်” လို့ ဒေါ်စောမြရာဇာလင်း ဆိုပါတယ်။

အစိုးရနဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်တွေကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေတယ်လို့ အမြင်တွေရှိနေပေမယ့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ သူ့အတိုင်းအတာနဲ့သူအားရမှုရှိပြီး နှစ်ပေါင်း ၇၀ လောက် ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင်မရသေး အခြေအနေသာဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်တာဟာ အစိတ်အပိုင်းအလိုက် လုပ်နိုင်တဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

“NCA ကတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လို့ နာမည်ပေးကတည်းကနေ ရည်ရွယ်ချက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်စေချင်လို့ အဲဒီနာမည်ကိုပေးပြီးတော့မှ အဲဒီရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တယ်။ NCA စာချုပ်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဖြစ်တဲ့အတွက်  အဲဒါကိုလက်မှတ်ရေးထိုးပြီး ရင်ထိုးတဲ့လူတွေက တာဝန်ရှိတာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့လိုတယ်။ ဒါကကျွန်တော်တို့ Bilateral Agreement မဟုတ်ဘူး။ Multilateral Agreement ဖြစ်တယ်။ ဘက်နှစ်ဖက်ကြားမှာ သဘောတူညီမှု မဟုတ်ဘူး။ ဘက်ပေါင်းစုံကြားမှာ သဘောတူညီချက် ဖြစ်တယ်။ အခု NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့၊ ငါးဖွဲ့ပဲဖြစ်စေ၊ နှစ်ဖွဲ့၊ သုံးဖွဲ့ပဲဖြစ်စေ ထိုးလိုက်တဲ့အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အစိုးရ၊ တပ်မတော်မှာ တာဝန်ရှိတာက သူတို့ လက်မှတ်ရေးထိုးတာ သာမန်အပစ်အခတ်ရပ်စဲရေး မဟုတ်ဘူး။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်တယ်။ အဲဒီသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တာနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့အတွက်သူတို့မှာ တာဝန်ရှိပါတယ်။ အခုက အဲဒီလို မဖော်ဆောင်နိုင်ဘူးပေါ့နော်။ အထူးသဖြင့် အစိုးရ၊ တပ်မတော်ဘက်အဲဒါကို ဖော်ဆောင်နိုင်ခြင်း မရှိဘူး။ အဲဒါကြောင့်အဓိကတာဝန်ရှိတာ အစိုးရတပ်မတော်မှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ အဲဒီလို တစ်နိုင်လုံး အပစ်အခတ်ရပ်စဲရေး အနှစ်သာရပြည့်ဝစွာနဲ့ ကျွန်တော်တို့လုပ်ခဲ့တဲ့ စာချုပ်ဟာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အနှစ်သာရမပြည့်ဝတဲ့အတွက်ဒီ NCA ကို အကောင်ထည်ဖော်တဲ့အခါ အခက်အခဲတွေ ဖြစ်နေတာ ဖြစ်ပါတယ်” လို့  NCA ရေးထိုးရခြင်းမရှိသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဇော်က ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်းမြင့်ထွန်းကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တန့်နေတဲ့အပေါ် အကုန်ရပ်ဆိုင်းသွားပြီဟု ပြော၍မရဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ကြောင်လိမ်လှေကားတက်သကဲ့သို့ အချို့ပြေပြစ်သည့် နေရာများတွင် တန့်နေတာလို့ ထင်နေတာဖြစ်ပြီးတော့ တစ်ရစ်ရစ်နှင့် ရှေ့တိုးနေခြင်းသာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်က ကျွန်တော်အမြင်တော့ပြောရရင်တော့ ကြောင်လိမ်လှေကားလိုပဲ တစ်ရစ်ရစ်နဲ့တော့ရှေ့ကို တိုးနေပါတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တာကိုက ဒါကတိုး တက်တဲ့ဖြစ်စဉ်တစ်ရပ် ဖြစ်တယ်။ နောက်တစ်ခုက NCA ပေါ်မှာ တချို့သော အယူအဆများကတော့ NCA လမ်းကြောင်းက လုံးဝအလုပ်မဖြစ်တော့ဘူးဆိုတဲ့ အယူအဆမျိုးတွေနဲ့ ပြောကြဆိုကြ ဝေဖန်ကြတာရှိတာကိုး။ ရှိကြတဲ့အခါကျတော့ ကျွန်တော်တို့အမြင်မှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ တပ်မတော်ကြားမှာ NCA ထက် ပိုမြင့်မားတဲ့ စာချုပ်တစ်ရပ်က မရှိခဲ့ဘူး။ ဒီအခြေခံကနေ သွားရမှာပေါ့။ အယူအဆ အမျိုးမျိုးရှိနိုင်တယ်။ ရေတစ်ဝက်ပဲ ရှိသေးတယ်ဆိုတာနဲ့ ရေတစ်ဝက်ရှိလာပြီဆိုတဲ့ အယူအဆ ဒီနေရာမှာ အယူအဆရေးရာအား ပြိုင်မှုတွေကတော့ တောက်လျှောက်ကတော့ သွားနေမှာဖြစ်တယ်။ သို့သော်ကျွန်တော်တို့ကတော့ ဒီ NCA လမ်းကြောင်းထဲကပဲ ဒီအတိုင်းဆက်သွားမှာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကလည်းသူတို့ NCA လမ်းကြောင်းအတိုင်းပဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အခြားလမ်းကြောင်းလည်း ရွေးချယ်စရာ မရှိပါဘူး” လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

အိုင်ယာလန်နိုင်ငံမှာ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ IR ကနေပြီး ခွဲထွက်လာတဲ့ Sinn Fein နိုင်ငံရေးပါတီဟာ နိုင်ငံရေးအသီးအပွင့်များ ထွက်ပြီးတော့ အောင်မြင်မှုများရနိုင်သည်ကို ပြနိုင်တဲ့အတွက် တစ်ဖက်မှာ စစ်ရေးလှုပ်ရှားမှု တဖြည်းဖြည်း လျော့ကျသွားတာကို ဥပမာပေးပြီးတော့ မြန်မာနိုင်ငံမှာလည်း  နိုင်ငံရေးပြဿနာကို ဖြေရှင်းရာမှာ ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲမှ နိုင်ငံရေးတိုးတက်မှုကိုပြနိုင်ဖို့ လိုတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဗဟိုဦးဆောင်အဖွဲ့တာဝန်ခံ ဦးကိုကိုကြီးက ပြောကြားပါတယ်။

“လက်ရှိရှိနေတဲ့ နိုင်ငံရေးစနစ်မှာလည်း အကန့်အသတ်တွေက ၂၀၀၈ ဖွဲ့စည်းပုံတို့၊ ၂၅ ရာခိုင်နှုန်းတို့၊ အစိုးရနှစ်ဖွဲ့ဖြစ်နေတာတို့ အစရှိ သဖြင့်ဒါတွေက ယေဘုယျပြောနေတာ။ သို့သော် အဲဒီအခြေအနေထဲက နိုင်ငံရေးတိုးတက်မှု ဖြစ်အောင်ဘယ် လိုလုပ်မလဲ။ ဥပမာအားဖြင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကိစ္စကို ငြိမ်းချမ်းရေးရမှ လုပ်မယ်ဆိုတဲ့ ဟာမျိုးမလုပ်ဘဲနဲ့ ဒီဘက်မှာဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို တစ်ဖက်မှာ ကြိုး  စား။ တစ်ဖက်ကငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စက လုပ်ငန်းစဉ်ပဲ။ အခုမအောင်မြင်သေးရင်လည်း ပြောဖြစ်နေတယ်။ ဆွေးနွေးဖြစ်နေတယ်ဆိုတာ ကိုယ်၌က အပြုသဘောဆောင် တယ်လို့ပြောရမှာပေါ့နော်ဆက်ပြီး ဆွေးနွေးနေ။ တစ်ဖက် ဥပမာအားဖြင့် ဗဟိုချုပ်ကိုင်မှုလျော့ချတဲ့ ကိစ္စမျိုးပေါ့။ နောက်တစ်ခါသယံဇာတ ခွဲဝေမှုကိစ္စမျိုး၊ စာပေယဉ်ကျေးမှု ကိစ္စမျိုးတွေကို ဒီဖက်နိုင်ငံရေးအရ တိုးတက်မှုကိုပြနိုင်ရင် အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ၊ အရပ်ဖက်အင်အားစုတွေရဲ့ စွမ်းဆောင်မှုရလဒ်ကို ပြနိုင်ရင်စစ်ဘက်ဆိုင်ရာ ဆောင်ရွက်မှုတွေဟာ တဖြည်းဖြည်းနဲ့အလိုအလျောက် အရပ်ဘက်နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေ ကြိုးစားတာရလဒ်ထွက်တယ်။ အသီးအပွင့် ထွက်တယ်ဆိုတာကိုပြနိုင်ရင် စစ်ရေးကလည်း သူ့ဘာသူတ ဖြည်းဖြည်းတန့်သွားမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးက ပြောကြစို့ဆိုရင် စစ်ရေးအခန်းကဏ္ဍအဓိက ဖြစ်နေတယ်။ ဒီဘက်က နိုင်ငံရေး တိုးတက်မှု မပြနိုင်ရင် အပစ်အခတ်ရပ်စဲရေးက ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ” လို့  ဦးကိုကိုကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တိုက်ရိုက်အချိုးကျပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ကိုယ်စားပြုခွင့်မရတဲ့ အခြေအနေဖြစ်နေပြီး တပ်မတော်ရဲ့သဘောထား ပေါ်မှာမူတည်နေတယ်လို့ နိုင်ငံ   ရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ပြောပါတယ်။

“ကျွန်တော်တို့အမြင် ဖြစ်စေချင်တာက တပ်မတော်သည် အဖြေအတွက် ဖြစ်ရမယ်။ ပြဿနာအတွက် မဖြစ်ရဘူး။ ငြိမ်းချမ်းရေးရဲ့အဖြေဟာ တပ်မတော်ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်စေချင်တယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးအရွေ့တွေမှာ တပ်မတော်က အနှောင့်အသွား ဖြစ်နေမယ်ဆိုရင် တပ်မတော်ရဲ့ သဘောထားသာလျှင် အဓိကကျပါနေတယ်ဆိုရင်လည်း မဖြစ်သင့်တဲ့ကိစ္စ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအမွေကို ဆက်ခံပြီးတော့ ဒါဆောင်ရွက်နေတယ်လို့ မြင်တယ်။ အဲဒီအပေါ်မှာ ဒီအချိန်မှာ ငြိမ်းချမ်းရေးက နှစ်နှစ်ရှိသွားပြီ။ ရွေ့သလားမေးရင်မရွေ့တဲ့အပြင် ကျွန်တော်တို့ လန်ကျမှာကို အလွန်စိုးရိမ်တယ်”လို့ ဦးထွန်းကြည်က ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်အဖွဲ့ရှစ်ဖွဲ့တို့ NCA လက်မှတ်ရေးထိုးထားပေမယ့် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေဆက်ရှိနေပြီးတော့ စစ်ဘေးရှောင်စခန်းတွေမှာလည်း ခိုလှုံနေသူတွေ ရှိနေသေးတဲ့အတွက် ငြိမ်းချမ်းရေးပေါ်မှာ စိတ်ပျက်လို့မရဘဲ တစ်ဦးချင်းစီပေါ်မှာ တာဝန်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေး

NCA စာချုပ်မှာ ပါဝင်လက်မှတ်မရေးထိုးပေမယ့် NCA လမ်းကြောင်းကနေတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းဖို့အတွက် UNFC အဖွဲ့ဝင်တိုင်းရင်းသား လက်နက်အဖွဲ့တွေ ကြိုးပမ်းနေပါတယ်။

UNFC အဖွဲ့က NCA မှာ ၎င်းတို့ ပါဝင်လက်မှတ်ရေးထိုးဖို့ အစိုးရကို အချက်ရှစ်ချက်အဆိုပြုထားပြီး နှစ်ဖက်ညှိနှိုင်းဆွေးနွေးတဲ့အခါ အချက်နံပါတ်(၁)ကနေ(၄)အထိ ထပ်မံအသေးစိတ် ညှိနှိုင်းရန်မလိုတော့ဘဲ အဲဒီလေးချက်အပါအဝင် ရှစ်ချက်လုံးကိုသဘောတူနိုင်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်တင်ပြမယ်ဆိုပြီး သြဂုတ်လတွင်းက ပြုလုပ်တဲ့ ခြောက်ကြိမ်မြောက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)  တို့ တရားဝင်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

အဲဒီ အဆိုပြုချက်ရှစ်ချက်ကို NCA ရေးထိုးတဲ့အခါ ဥပဒေ ကြောင်းအရ တရားဝင်မှုရှိစေဖို့အတွက် UNFC က ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ သတ္တမအကြိမ် ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN တို့တွေ့ဆုံဖို့ စက်တင်ဘာလအတွင်းက နှစ်ဖက်ကိုယ်စားလှယ်တွေ အလွတ်သဘော ကြိုတင်ညှိနှိုင်းရာမှာ မူလပြန်လည်ဆွေးနွေးရန် မလိုတော့တဲ့ အချက်(၁)ကနေ(၄)အထိအား ငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အပြင် တပ်မတော်ရဲ့သဘောထားဖြစ်တဲ့ NCA ဘောင်က ကျော်လွန်လို့မရတဲ့အကြောင်းတွေ ပြန်ပြောလာတဲ့အတွက် UNFC ရဲ့ အဆိုပြုချက်တွေဟာ ဆွေးနွေးရုံသက်သက်သာဖြစ်ပြီး တရားဝင်မှုဖြစ်စေဖို့ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

UNFC ကအဆိုပြုထားတဲ့ အချက်တွေကတော့ အပစ်အခတ်ရပ်စဲရေး ကြေညာရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်ရေး၊ ၂၁ ရာစု ပင်လုံညီလာခံရလဒ်များနဲ့အညီ ဖွဲ့စည်းပုံပြင်ဆင်ရေး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ NCA စာချုပ်ပါအကြောင်းအရာတွေကို အကောင်အထည်ဖော်ရာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား မကျေလည်မှုတွေရှိလာတဲ့အခါ တတိယအင်အားစုအနေနဲ့ နိုင်ငံတကာ အင်အားစုကိုထည့်သွင်းလိုတဲ့ အချက်တွေဖြစ်ပါတယ်။

“NCA စာချုပ်ဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့အတွက် အဆင့်တစ်ဆင့် ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့အတွက် ပထမခြေလှမ်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်ရဲ့ အဓိကပြဿနာက နိုင်ငံရေးပြဿနာ ဖြစ်တယ်။ နိုင်ငံရေးပြဿနာဖြစ်တဲ့ အခြေခံပြဿနာကို သီးသန့်အဖြေရှာဖို့ နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ လုပ်ရမယ်။ နိုင်ငံတွေ့ဆုံဆွေးနွေးရေးပွဲ လုပ်ဖို့လည်း NCA စာချုပ်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ အဲဒါက ိုလက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အခါမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံမှုရှိတဲ့ တစ်နိုင်ငံလုံးကိုကိုယ်စားပြုတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်ဖို့လိုပါတယ်။ အခုအားလုံးနဲ့ မပါဝင်နိုင်တဲ့ အခါကျတော့ အဲဒါကို တစ်ဝက်တစ်ပျက်နဲ့ပေါ့နော်။ အကောင်အထည်ဖော်နေကြတဲ့အတွက် ယခင်လုပ်ခဲ့တဲ့ ယခင်တပ်မတော် အစိုးရအဆက်လက်လုပ်ခဲ့တဲ့ ကွက်ကျား အပစ်အခတ်ရပ်စဲရေး ပုံစံဖြစ်နေတယ်။ ကွက်ကျားအပစ်အခတ်ရပ်စဲရေး အခြေခံတဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးအဖြေရှာမှုကို ဖော်ဆောင်တဲ့အခါမှာ အဆင်မပြေမှုတွေရှိနေတာကို တွေ့နေရတယ်။ ဒါကြောင့် အခုလောလောဆယ် ကျွန်တော်တို့ မြင်တာကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ပီပြင်ဖို့အတွက် အားလုံးပါဝင်မှုရှိအောင်လုပ်ဖို့ လိုတယ်။ ဒါမှ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်မယ့် နှစ်ပေါင်း ၇၀ အခြေခံ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါမှာ အထောက်အကူပြုမယ်လို့ မြင်ပါတယ်” လို့  UNFC ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဇော်က ပြောပါတယ်။

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/ KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSP/ SSA) ၊ ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)၊  ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ကတော့ NCA ကို လက်မခံတဲ့အပြင် အစိုးရနဲ့ဆွေးနွေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ  (FPNCC) ကိုလည်း ဖွဲ့စည်းထားပြီး NCA နဲ့ အလားသဏ္ဌာန်တူတဲ့ အပစ်ရပ်စာချုပ်တစ်စောင်ကိုလည်း အစိုးရကို ပေးပို့ထားပါတယ်။

အစိုးရ၊ တပ်မတော်အနေနဲ့ကတော့ NCA လမ်းကြောင်းအတိုင်း ဆွေးနွေးဖို့ ကိုင်စွဲထားတဲ့အပြင် မြောက်ပိုင်းအဖွဲ့တွေရဲ့ FPNCC ကို အသိအမှတ်ပြုထားခြင်းမရှိဘဲ တစ်ဖွဲ့ချင်း၊ ဒါမှမဟုတ် အခြားပုံစံ တစ်ခုခုနဲ့ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

တပ်မတော်ဘက်ကတော့ NCA စာချုပ်ဟာတိုင်းရင်းသားတွေရဲ့ အဆိုပြုမှုအရ ဖြစ်လာတဲ့စာချုပ်ဖြစ်ပြီး နှစ်ဖက်အကျေအလည် ဆွေးနွေးထားတဲ့အတွက် NCA အတိုင်းသွားမှာ ဖြစ်တဲ့အပြင် NCA ကို ပြင်ဆင်ခြင်းမျိုး လက်ခံမှာ မဟုတ်ဘူးလို့ မကြာခဏထုတ်ဖော် ပြောကြားလေ့ရှိပါတယ်။

FPNCC မှာပါဝင်နေတဲ့ ခုနစ်ဖွဲ့မှာ နိုင်ငံရေးအရစုဖွဲ့ထားတဲ့လို့  ထင်ရပေမယ့် နယ်မြေတည်ရှိမှုစစ်ရေး လိုအပ်ချက်အရ စုဖွဲ့ထားတဲ့ပုံစံသာ ဖြစ်ပြီးတော့ အဖွဲ့ဝင်ခုနှစ်ဖွဲ့မှာ NCA ကိုလက်မခံတာဟာ ‘ဝ’  အဖွဲ့ တစ်ဖွဲ့တည်းသာဖြစ်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ  ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ‘ဝ’ အဖွဲ့ဟာ စစ်အင်အားကြီးထဲအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့အပြင် လက်ရှိသူတို့ရရှိထားတဲ့ နိုင်ငံရေးအာဏာဟာလည်း အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ မတူတဲ့အတွက် ‘ဝ’ အဖွဲ့ရဲ့တောင်းဆိုမှုတွေက အခြားအဖွဲ့တွေနဲ့တူညီမှု မရှိပါဘူး။

‘ဝ’ အဖွဲ့ဟာ နှစ်ပေါင်းများစွာ အပစ်အခတ်ရပ်စဲထားပြီး တပ်မတော်နဲ့ တစ်စုံတစ်ရာတိုက်ပွဲ မရှိခဲ့သော်လည်း NCA စာချုပ်ရေးဆွဲတဲ့ လုပ်ငန်းစဉ်မှာ ‘ဝ’ အဖွဲ့ကို အသုံးမပြုခဲ့ခြင်းအတွက် ‘ဝ’ အဖွဲ့ကလည်း NCA ကို အသုံးမပြုသည့် သဘောသာဖြစ်ပြီး NCA လမ်းကြောင်းနဲ့ မတူတဲ့အတွက် ၎င်းတို့ကို ဆွေးနွေးခြင်းမပြုဘဲထားလို့ မရတာကြောင့် အစိုးရအနေနဲ့ ၎င်းတို့နဲ့ တွေ့ဆုံပြီး နားလည်မှုရရှိအောင်ပြုလုပ်ပြီး တော့မှ NCA လမ်းကြောင်းကို တင်ရမှာဖြစ်သလို အဲဒီလိုဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံအနေနဲ့ ကူညီမှာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ နိုင်ငံတွင်းကို ကျော်လွန်ပြီးတော့  အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ကိစ္စတွေ၊ ဒေသတွင်းအာဏာချိန်ခွင် အပြောင်းအလဲတွေနဲ့ပါ ဆက်စပ်နေတဲ့အတွက် ငြိမ်းချမ်းရေးကိုကိုင်တွယ်တဲ့အခါမှာ စစ်ရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့်ရော၊ သံတမန် ဆက်ဆံရေးရှုထောင့်၊ ဖွံ့ဖြိုးမှု ရှုထောင့်တွေ ဘက်ပေါင်းစုံကို ချဉ်းကပ်တဲ့အမြင်မျိုးနဲ့ ဆောင်ရွက်ဖို့လိုတယ်လို့ ဦးကိုကိုကြီးက သုံးသပ်ပြောကြားပါတယ်။

“အဲဒီလိုမဟုတ်ဘဲ Army to Army (တပ်မတော်ချင်း)၊ Party to Party (ပါတီချင်း)၊ Government to Government (အစိုးရချင်း) ဆက်ဆံနေသမျှ ကာလပတ်လုံး ဒီပြဿနာကို စုစည်းညီညွတ်တဲ့မူဝါဒနဲ့ ဖြေရှင်းတာမဟုတ်ဘဲနဲ့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း သဘောမျိုးတွေ ကိုင်တွယ်နေတာမျိုးဖြစ်ရင်လည်း ဒါကြီးက ကြာနေလိမ့်ဦးမယ်လို့ မြင်တယ်” လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်တဲ့အခါ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဟာ အရင်းအမြစ်တစ်ခုကတည်းက လာတာဖြစ်တဲ့အတွက် အဲဒီအချိန်က သမ္မတဟာ တပ်ပိုင်းဆိုင်ရာ စီနီယာအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုပြောနိုင်၊ ဆိုနိုင်ညှိနှိုင်းနိုင်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် သူတို့အချင်းချင်း ကြားပူးပေါင်းဆောင်ရွက်မှုတွေဟာ လက်ရှိအစိုးရထက် အားကောင်းတဲ့အတွက် လက်ရှိအစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ဟာ ပူးပေါင်းမှုအားကောင်းသလောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်နိုင်မယ်လို့ ၎င်းက ဆက်လက်သုံးသပ်ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ (NRPC) အနေနဲ့ NCA နဲ့ ပတ်သက်၍ဖြစ်စေ၊ နိုင်ငံရေး မူဘောင်နဲ့ပတ်သက်၍ဖြစ်စေ ပြန်လည်သုံးသပ်စဉ်းစားတာတွေ လုပ်သင့်တဲ့အပြင် ပြန်လည်သုံးသပ်တာဟာလည်း မှန်ခြင်း၊ မှားခြင်းမျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ အခုအခြေအနေအထိ ရောက်လာတာဟာ NCA ပေါ်မူတည်ပြီးဖြစ်လာတဲ့အတွက် အားနည်းချက်၊ အားသာချက်တွေ ပြန်လည်သုံးသပ်ထားတဲ့ အခြေခံပေါ်မှာ NCA မထိုးရသေးဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ မပါဝင် နိုင်သေးတဲ့အဖွဲ့တွေအားလုံးနဲ့ အလုပ်သဘောထက် အလွတ်သဘော တွေ့ဆုံညှိနှိုင်းဖို့လိုမယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

NRPC ဌာနရဲ့ ဥက္ကဋ္ဌကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ပြီးခဲ့တဲ့ကာလ တွေမှာတွေ့ခဲ့တဲ့ အတွေ့အကြုံအရ မူဝါဒဆိုင်ရာ ဆွေးနွေးမယ်လို့ စားပွဲပေါ်တင်လိုက်တာနဲ့ အားလုံးက ကိုယ့်မူကိုယ်ကိုင်ထားပြီးတော့ စေ့စပ်ညှိနှိုင်းလို့မရတာတွေ အများကြီး ကြုံခဲ့ဖူးပါတယ်။ အဲဒီအနေအထားမှာ ကျွန်တော်တို့က ဒီအဖွဲ့တွေက တစ်ဖွဲ့ချင်းဖြစ်စေ၊ နှစ်ဖွဲ့ချင်းဖြစ်စေ အလွတ်သဘော လိုက်လံတွေ့ဆုံပြီးတော့ ပြဿနာကို ဘယ်လိုကျော်လွှားရမယ်ဆိုတဲ့ဟာကို အဖြေရှာသင့်တယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဘယ်လိုဟာမျိုးတွေကနေပြီးတော့ ပြဿနာကို အဖြေရှာနိုင်မလဲဆိုတာကတော့ အဲဒီအဖွဲ့တွေနဲ့ အလွတ်သဘောတွေ့ ဆုံဆွေးနွေးမှုတွေကနေ ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။ အဓိက,ကတော့ ဒီအဖွဲ့တွေပြောစကားကို နားထောင်ပါ။ ကိုယ့်ဘက်ကချည်း မပြောနဲ့ပေါ့။ သူတို့သဘောထားကဘာလဲ။ သူတို့ဘာဖြစ်ချင်တာလဲ။ အဲဒီအခြေခံပေါ်ကနေ ဘယ်လိုကျော်လွှားရင်ရမလဲ။ ဘယ်လိုကျော်သွားရင် ရမလဲဆိုတာ ကျွန်တော်တို့က အဖြေထုတ်ဖို့လိုပါတယ်။ လက်တွေ့ဘယ်လို လုပ်မလဲဆိုတာကတော့  လက်တွေ့ အလွတ်သဘော တွေ့ဆုံမှုကနေ လမ်းစရှာနိုင်မယ့် လမ်းစကိုရှာတွေ့နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီနည်းနဲ့ ရှေ့မတိုးသာ နောက်မတိုးသာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျော်လွှားနိုင်မယ်လို့ မြင်ပါတယ်” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

FPNCC အဖွဲ့ဝင် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်မှူးချုပ် တားဂျုတ်ဂျားကတော့ ရှေ့ဆက် NCA စာချုပ်ဟာ တိုင်းရင်းသားတွေရဲ့ ပြီးပြည့်စုံတဲ့မူတွေ မဟုတ်တဲ့အတွက် မြောက်ပိုင်းအဖွဲ့မူတွေနဲ့ သွားမှပဲသာ အဆင်ပြေမှာဖြစ်သလို တပ်မတော်ဘက်က မြောက်ပိုင်းအဖွဲ့မူနဲ့သွားဖို့ အခက်အခဲရှိမယ်ဆိုရင်လည်း နှစ်ဦးနှစ်ဖက်ညိနှိုင်းရင်ဖြစ်တယ်လို့ ပြောပါတယ်။

“အခုလက်ရှိ NCA လိုအပ်ချက်က အားကြီးများတဲ့အခါကျတော့ နောက်မဆုတ်သာ ရှေ့မတိုး အခြေအနေကကြာလာရင် ကောင်းမှမဟုတ်ဘူးလေ” လို့ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ပြောပါတယ်။

မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တခြားလမ်းကြောင်းကသွားမှသာ အဆင်ပြေနိုင်မယ်လို့ ပြောဆိုနေသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားမှာ NCA လမ်းကြောင်း အတိုင်းပဲသွားမယ်ဆိုတာကို ထပ်လောင်း ပြောကြားသွားပါတယ်။

NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ NCA အကောင်အထည်ဖော်မှုအပေါ် မပြေလည်မှုအချို့ရှိနေပြီး တ ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း NCA မှာပါဝင်လာနိုင်ခြင်း မရှိသေးပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၇ ခုနှစ်အတွင်း ကျင်းပရန်ကျန်ရှိနေသေးတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ ပြီးခဲ့တဲ့ ညီလာခံမှာ သဘောတူညီချက်မရသေးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဆက်လက်ညှိနှိုင်းဆွေးနွေးရဦးမှာ ဖြစ်ပြီးတော့ ၂၀၁၈ တွင် ကျင်းပမည့် ညီလာခံနှစ် ကြိမ်အပါအဝင် နောက်ထပ်ပြုလုပ်မည့် ညီလာခံ သုံးကြိမ်မြောက်မှာတော့ ဖက်ဒရယ်မူတွေ အပြီးအပြတ်ချမှတ်နိုင်တဲ့အထိ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်သွားဖို့ ကိုလည်း NCA နှစ်နှစ်ပြည့် အခမ်းအနားမှာ တိုက်တွန်းပြောကြားသွားပါတယ်။

“ကျွန်မတို့အားလုံးဟာ သမိုင်းကပေးတဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးတာဝန်ကို အတူတစ်ကွ ထမ်းဆောင်နေကြရတာ ဖြစ်ပါတယ်။ အစုအဖွဲ့တွေ ဘယ်လိုပဲ ကွဲပြားကွဲပြား၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်စုတည်း၊ တစ်စိတ်တစ်ဝမ်းတည်း၊ တစ်ဖွဲ့တည်းဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြတဲ့ ကျွန်မတို့အနေနဲ့ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ အပြန်အလှန် ညှိနှိုင်းပူးပေါင်းသွားကြမယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အဆုံးတိုင် ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ယခု NCA လက်မှတ်ရေးထိုးပြီး နှစ်နှစ်ပြည့် အခါသမယကို ရောက်ရှိခဲ့ပါပြီ။ နောက်ပြန်ဆုတ်ဖို့ရာ မရှိပါဘူး။ ရှေ့ကို ရောက်အောင်၊ ခရီးပေါက်အောင် ဆက်ပြီးလျှောက်လှမ်းဖို့ပဲ ရှိပါတယ်။ ဒီကြားထဲမှာ အခက်အခဲ အမျိုးမျိုး၊ စိန်ခေါ်မှုအ ဖုံဖုံ ကြုံတွေ့လာရင်လည်း အပြန်အလှန် ရိုင်းပင်းစာနာမှုနဲ့ ဖေးမကူညီကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဘယ်တော့ရောက်မလဲဆိုတာ ကျွန်မတို့ အားလုံးအပေါ်မှာပဲ မူတည်နေပါတယ်။ သမိုင်းကပေးအပ်လာတဲ့ အခွင့်အရေးကို ကျွန်မတို့ ထိထိမိမိ မှန်မှန်ကန်ကန် မဆုပ်ကိုင်နိုင်လို့၊ ပြည်သူတွေဟာ မိမိတို့ မျှော်လင့်ချက်တွေ ပြည့်ဖို့ရာ ပင်ပန်းကြီးစွာ ဆက်လက်စောင့်ဆိုင်းရခြင်း မဖြစ်ပါစေချင်ပါဘူး” လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေတဲ့အချက်တစ်ချက်ကတော့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ မမြင်နိုင်တဲ့ ကိုယ်ကျိုးကိစ္စရပ်တွေကို ရှေ့တန်းတင်နေလို့ပဲ ဖြစ်တယ်လို့ သုံးသပ်မှုတွေကလည်း တစ်ဖက်မှာ ရှိနေပါတယ်။

“တရားဥပဒေစိုးမိုးရေး အပါအဝင် ဒီမိုကရေစီနဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တာတွေ စိန်ခေါ်မှု ကျွန်တော်တို့အများကြီး ရင်ဆိုင်နေရတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ ပြည်သူကတော့ တာဝန်ကျေတယ်။ ပြည်သူက သူ့အခန်းကဏ္ဍကိုသူ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခဲ့သော်ငြားလည်း ကျွန်တော်တို့က အခုဘာဖြစ်နေလဲဆိုတော့ EAO တွေကလည်း EAO အလျောက်၊ ဒီဘက်မှာလည်း တပ်မတော်ကလည်း တပ်မတော်အလျောက်၊ အစိုးရကလည်း အစိုးရအလျောက် မိမိတို့လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအကျိုးစီးပွားကို ရှေ့တန်း မတင်ဘဲနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားတွေ အကျိုးစီးပွားကိုမျက်နှာမူပြီးတော့ ရှေ့တန်းတင်ပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင် အတတ်နိုင်ဆုံးအဲဒါက ငြိမ်းချမ်းရေး အရွေ့အတွက် တွန်းအားဖြစ်မယ်လို့ ခံယူပါတယ်” လို့ ဦးထွန်းကြည်က ဆိုပါတယ်။

NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ NCA  လမ်းကြောင်းအတိုင်း မြန်မာ့ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက်ကြမှာဖြစ်တဲ့အပြင် ကျန်တဲ့အဖွဲ့တွေလည်း NCA လမ်းကြောင်းမှာ ပါဝင်လာအောင် သူတို့ရှစ်ဖွဲ့အနေနဲ့ ကြိုးပမ်းနေပေမယ့် မြန်မာ့ငြိမ်းချမ်းရေး ခရီးဟာ ဘယ်လိုတွေဖြစ်လာဦးမယ် ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Most Read

Most Recent