လမ်းပျောက်နေတဲ့ လမ်းမကြီး

လမ်းပျောက်နေတဲ့ လမ်းမကြီး
Published 15 October 2017

ပဲခူးမြို့ မဟာကြီးဘုရားသို့သွားသော လမ်းတစ်နေရာကို တွေ့ရစဉ်

ရှေ့ကို တအားပြေးလိုနေတဲ့ ခေတ်ကြီး ရဲ့ အလျင်နဲ့အတူ တချို့အရာတွေဟာလည်း တစ်ပြေးညီ လိုက်ပါရွေ့လျား ပြောင်းလဲနေ ကြတာလည်းရှိရဲ့။ အလားတူ သူတစ်ပါးတွေရဲ့ ပြောင်းလဲတိုးတက်မှုကို မှင်သက်ငေးမော နေကြရတဲ့ အရာတွေလည်း အနတမဂ္ဂရှိနေ ကြတာဟာ လောကဓမ္မတာကြောင့်ပေပဲလား ဒါမှမဟုတ် လျစ်လျူရှုခံရခြင်းကြောင့်ပေပဲလား ဆိုတာကတော့ သက်ဆိုင်သူတွေပဲ သိကြမှာပါ။

ပဲခူးမြို့ဆိုတာ ရန်ကုန်နဲ့အနီးဆုံး မြို့ကြီးတစ်မြို့ပါပဲ။ သူလည်း သူ့အထွာနဲ့သူတော့ ခေတ်ရေစီးကြောင်းမှာ အမီလိုက်ပါဖို့ ပြေးနေတာပါပဲ။ သတင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်လာမယ့် ဟံသာဝတီ လေဆိပ်ကြီးတောင် တည်ဆောက်မယ်လို့ သိရတယ်။ ဒီလို တည်ဆောက်မှာမို့ လေဆိပ်ဖြစ်လာမယ့် ဧရိယာက လူတွေကို နေရာပြောင်းရွှေ့လိုက်တယ်။ မြို့သစ်ရပ်ကွက်ကိုလေ။ အဲဒီ လူတွေနေတဲ့ ရပ်ကွက်ထဲမှာ တော်တော်ကျယ်တဲ့ လမ်းမကြီးတစ်ခုရှိတယ်။ ပဲခူးမှာ အဆိုးဆုံးလမ်းကို ပြပါဆိုရင် ဒီလမ်းကို ပြရမှာပဲ။

ဒီအနားတစ်ဝိုက်မှာ မဟာကြီးဘုရား၊ ဗောင်းတော်ကျဘုရားစတဲ့ နာမည်ကြီးဘုရား တွေလည်းရှိတယ်။ ပဲခူး အထက (၇) လည်း ရှိတယ်။ ဘုန်းကြီးကျောင်းတွေ အများကြီးရှိသလို လူဦးရေထူထပ်တဲ့ ရပ်ကွက်လည်း ရှိတယ်။ ဒီလမ်းမကြီးပေါ်မှာ နေထိုင်ကြသူ တွေကတော့ သူဌေးတွေ များပါတယ်။ ခြံနဲ့ ဝင်းနဲ့ နေကြပါတယ်။

လမ်းနာမည်က တိဿလမ်းမကြီးတဲ့။

ဘုရားအလောင်းတော်ရဲ့ နာမည်နဲ့ ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ လမ်းပေါ့။ မဟာကြီး (၁) ရပ်ကွက်ထဲက မြေနီကျောက်ခင်း လမ်းမကျယ်ကြီး တစ်လမ်းဖြစ်ပါတယ်။ ဘုရားအလောင်းတော်ရဲ့ နာမည်နဲ့ ဂုဏ်ပြုမှည့်ခေါ် ထားတာမို့လို့များ ဒုက္ကရစရိယာ ကျင့်တော်မူ ရလေသလားလို့ ဒီလမ်းပေါ်မှာ နေ့တိုင်းကားမောင်းနေရတဲ့ ကိုမောင်မောင်တစ်ယောက် မဆီမဆိုင် ကြံကြံဖန်ဖန် စဉ်းစားမိသေးတယ်။

သူ့နှုတ်ကလည်း ဒီလို ခပ်တိုးတိုး ရေရွတ်မိတယ်။

“ဘုရားဖြစ်ဖို့ အလောင်းတော်က ခြောက်နှစ်တာသာ ဥရုဝေလတောမှာ ကျင့်ခဲ့ရတာ။ ဒီလမ်းကတော့ နှစ်ပေါင်း ဆယ်ချီ ကြာညောင်းခဲ့ပြီ”

နေ့စဉ်နေ့တိုင်း အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ သာရေးနာရေးကားတွေ၊ ရဟန်းသံဃာတွေ အမြဲတမ်း အသုံးပြုနေကြရတဲ့ ဒီလမ်းမကြီးရဲ့ အခြေအနေက တော်တော့်ကို ဆိုးဆိုးကြီး။ လောလောဆယ်တော့ မြင်တဲ့အတိုင်းပဲ။ ဗွက်တွေဆို မြင်မကောင်းဘူး။ ချိုင့်တွေ၊ ခွက်တွေပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ တဂျောင်းဂျောင်း တဒိုင်းဒိုင်း တဒုန်းဒုန်းနဲ့ ကဆုန်ပေါက် ပြေးနေကြတယ်။ လိုင်းကားတုတ်တုတ်လေးတွေလည်း သွားတယ်။

ဒီပျက်နေတဲ့ ဗွက်လမ်းမကြီးပေါ်မှာ မီနီဘတ်စ်ကားတွေ၊ စက်ရုံကြိုပို့ကားတွေလည်း ဥဒဟို မောင်းနေကြတော့ လမ်းကပျက်သထက် ပျက်တော့တာပေါ့။ မနက်မိုး လင်းလာတိုင်း ဒီလမ်းမကြီးပေါ် တက်နင်းကာ ဝမ်းစာရှာရတဲ့ ပဲပြုတ်သည် ဒေါ်မဲရဲ့ စိတ်ထဲမှာလည်း သူမသေခင် ဒီလမ်းခင်းပြီး သွားတာကို မြင်ချင်သတဲ့။ ဒါကြောင့် ပန်းသည် မယ်တုတ်ကို ခုလိုပြောနေလေရဲ့။

“ကျုပ်တို့ နေ့တိုင်းသွားနေရတဲ့ ဒီလမ် ကြီး ကျုပ်မသေခင် ခင်းများခင်းဖြစ်မလား မသိတော့ပါဘူး။ ကိုယ်မသေခင် ဒီလမ်းကို ခင်းပြီးသွားတာ မြင်စမ်းချင်ပါဘိ”

“မိမဲရေ ညည်းလိုပဲ ကျုပ်လည်း မြင်ချင်တာပေါ့။ တခြားနေရာတွေမှာဖြင့် ဖောက်လိုက်ကြတဲ့လမ်းတွေ။ ဆောက်လိုက်ကြတဲ့ တံတားတွေ။ ကျုပ်တို့ဆီက ဒီလမ်းကျမှ ဘာကြောင့်များ မခင်းကြတာလဲ မသိပါဘူးဟယ်”

ဒီလမ်းဟာ မဆလအစိုးရ လက်ထက်ကတည်းက ဖောက်ခဲ့တဲ့လမ်းပဲ။ စစ်အစိုးရ လက်ထက်မှာလည်း ဒီလမ်းက ကျောက်ခင်းလမ်း မြေနီလမ်းဘဝက မပြောင်းလဲခဲ့ဘူး။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ လေးမျက်နှာဘုရားကနေ လမ်းသစ်ထိ လမ်းခင်းခဲ့တယ်။ ဘာလို့ ခင်းသလဲဆိုတော့ ဟိုဘက်နားမှာ အမြောက်တပ်ရှိတယ်လေ။ အဲ ဒီလမ်းသစ်ကနေ မဟာကြီးထိကို လုပ်မယ်ဆိုပြီး ဦးသိန်းစိန်လက်ထက်မှာ လာတိုင်းသေးတယ်။ သုံးလေးခါတောင် တိုင်းတယ်။ ဒါပေမဲ့ ခင်းတဲ့အဆင့်ကို မရောက်လာဘူး။

ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ ကျိန်းသေလုပ်လိမ့်မယ်လို့ ထင်ခဲ့ကြတာလည်း ခုထက်ထိတော့ ဒီအတိုင်းပဲ ရှိနေဆဲ။ လက်ရှိအစိုးရလက်ထက်မှာ လာတိုင်းတာလည်း နှစ်ခါသုံးခါရှိနေပြီ။ ဒါပေမဲ့ ရွှေမန်းတင်မောင် သီချင်းတေးသွားအတိုင်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်းပါပဲ။ ခုအချိန်ထိ တိဿလမ်းမကြီးဟာ နွေဆိုရင် ဖုန်တထောင်းထောင်း။ မိုးဆိုရင် ဗွက်တလူးလူးနဲ့။

ဒီလိုပဲ လာတိုင်းလိုက် ဘာမှဖြစ်မလာ လိုက်နဲ့မို့ တချို့လူငယ်တွေက ဒီလမ်းမကြီးကို တိုင်းတာရေးလမ်းမကြီးလို့တောင် နောက်ပြောင်ခေါ်နေကြတယ်။ တကယ်လို့ နိုင်လွန်ကတ္တရာလမ်းမကြီး ဖောက်မယ်ဆိုရင် လေးလမ်းသွား လမ်းမကျယ်ကြီးတစ်လမ်း ကောင်းကောင်းဖောက်လို့ ရမယ်ထင်တယ်။ အတော့်ကိုကျယ်တဲ့ လမ်းပါပဲ။ ဆိုင်ကယ် တက္ကစီဆွဲနေတဲ့ ကိုတိုးဝင်းက သူ့ပါဆင်ဂျာကို ဒီလမ်းမပေါ် တဒုန်းဒုန်း တဒိုင်းဒိုင်း မောင်းနှင်ရင်း ပြောပြတာကတော့ “အရင်က ဒီလမ်းကို ကိုယ်ထူကိုယ်ထ ဖောက်လုပ်ကြမယ်ဆိုပြီး မဟာကြီးဆရာတော်တို့၊ မင်းဓမ္မဆရာတော်တို့ ဦးဆောင်ပြီး ပိုက်ဆံတတ်နိုင်တဲ့ သူဌေးတွေ၊ တခြားစေတနာရှင် ဒကာ ဒကာမတွေက ငွေတွေစုဆောင်းပြီး ဖောက်ဖို့ လုပ်ခဲ့ကြသေးတယ်”

“ဟုတ်လား။ ကောင်းတာပေါ့ အစ်ကို ဒီလမ်းကောင်းသွားရင် ခင်ဗျားတို့ရပ်ကွက် တိုးတက်လာမှာ သေချာတယ်”

“ဟုတ်ကဲ့ ကျွန်တော်တို့လည်း ဒါကို သိကြတယ်လေ။ ဒါကြောင့် ဝမ်းသာကြတာပေါ့။ ဒါပေမဲ့ စည်ပင်နဲ့ အဆင်မပြေလို့ မဖောက်ဖြစ်ခဲ့ဘူး။ အကြောင်းကတော့ စည်ပင်က ဒီလမ်းဖောက်လုပ်မယ့် ပိုက်ဆံကို သူတို့ကို အပ်ရမယ်။ မအပ်ရင် ခွင့်မပြုဘူးလို့ တားမြစ်သတဲ့။ ဒါကြောင့် ဆရာတော်တွေကလည်း မအပ်နိုင်ဘူးဆိုလို့ လမ်းမကြီးဟာ ဒီလို ပျက်စီးနေရဆဲ ဖြစ်နေတာပေါ့ဗျာ”

နောက် ဒီနားမှာ မဇင်းဆည်ဆိုတာလည်း ရှိတယ်။ ဆည်ဘေးက လမ်းကိုတော့ ဒီနှစ်ထဲမှာပဲ ကောင်းကောင်းမွန်မွန် ခင်းထားပြီးပြီ။ ဒါပေမဲ့ ဒီဘက်ကတော့ မပါပြန်ဘူး။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရင် ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး အရေးတကာမှာ ပိုကောင်းလာမှာပဲ မဟုတ်လား။

အုပ်ချုပ်ရေးဘက်က လူတွေအနေနဲ့ ပြည်သူတွေ ဗွက်တောထဲ ရုန်းနေတာကို မမြင်မသိဘဲ နေမယ်မထင်ပါဘူး။ အလားတူ မဲဆန္ဒရှင်တွေ နိစ္စဓူ၀ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ဒီလမ်းမကြီးပေါ်က ဆဲဟယ်၊ အော်ဟယ်၊ ညည်းတွားဟယ်နဲ့ သွားလာနေကြတာကို မမြင်မကြား မရှိလောက်ပါဘူး။

တကယ်လို့ အစိုးရမှာ ဘတ်ဂျက်မရှိရင်လည်း အမြဲတမ်း ပြည်သူတွေအတွက် ဦးဆောင်ပေးနိုင်တဲ့ ဒေသတွင်းက ဆရာတော်တွေကို လျှောက်ထားပြီး ခင်းလိုက်ရင်လည်း ဒီလမ်းပြီးသွားမှာပဲ မဟုတ်လား။ လမ်းဆိုတာ ပုဂ္ဂလိက တစ်ဦးတစ်ယောက်ပိုင်မှ မဟုတ်တာ။ အချိန်တန်ရင် အစိုးရပိုင် နိုင်ငံပိုင်အဖြစ် အပ်နှံကြရမှာပဲလေ။

ဒါကို လက်ရှိအာဏာရ ပဲခူးတိုင်းအစိုးရ တာဝန်ရှိသူများက ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ပေးနိုင်ရင်ဖြင့် ပြည်သူရဲ့ ချစ်ခင်အားကိုးမှုကိုလည်း ရမှာဖြစ်သလို သက်ဆိုင်ရာနယ်မြေက အမတ်မင်းများအနေနဲ့လည်း ကိုယ့်ရဲ့ မဲဆန္ဒရှင်တွေကို အလုပ်အကျွေးပြုရာ မရောက်ပေဘူးလား။

ဒီနေ့တော့ မိုးကြီးလွန်းလို့ ဆိုင်ကယ်တက္ကစီသမား၊ ကားသမား၊ ဆိုက်ကားသမား အားလုံးဟာ ဘာခရီးသည်မှ မရတဲ့အတွက် ဘုံဆိုင်မှာ လာဆုံမိကြတယ်။ သူတို့တွေဟာလည်း ခေတ်ကာလမှာပေါ်လာတဲ့ ဖေ့စ်ဘွတ်ကို သုံးကြသူတွေမို့လို့ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆို သိနေပြီပဲ။ ကားဆရာကို မောင်မောင်က

“ဟေ့ကောင် ငတိုး ငုံးဥက ရဲစခန်းမှာ တရားတပေါင်တွေတောင် စွဲနေပြီတဲ့။ မြန်မာတိုင်းမ် ဂျာနယ်မှာဆို ငုံးဥက လွှတ်တော်မှာတောင် စကားပြောရမယ့်အဆင့် ရောက်နေပြီဆိုပဲ။ သူ့ကို ခုစေတနာရှင်တွေက သနားလို့ လှူကြတာ သိန်းသုံးရာလောက်တောင် ရနေပြီဆိုလားကွာ”

“ဟေ ဟုတ်လား ငမောင်။ ဟန်ကျကွာ။ ငုံးဥပြုတ်သည်အတော် ဘုန်းကံကြီးသားနော်။ အေးကွာ သူ့ကိုသနားသလို ငါတို့ကိုလည်းလာပြီး သနားကြရင် ဘယ်လောက်ကောင်းမလဲနော်”

“ငတိုး မင်းက လက်အကောင်း ခြေအကောင်းနဲ့ မင်းကို ဘာလို့ ဘယ်သူက လာသနားရမတုန်းဟ”

“ငမောင် ငါပြောတာ ငါ့ကိုသနားဖို့ မဟုတ်ဘူးဟ။ မင်းတို့ ငါတို့ နေ့စဉ်သွားလာ နေကြတဲ့ ဟောဒီ တိဿလမ်းမကြီးကို ငုံးဥပြုတ်သည်ကို သနားသလို သနားမယ့် စေတနာရှင် ကယ်တင်ရှင် ပေါ်လာစေဖို့ ပြောတာပါ။ မင်း သိတဲ့အတိုင်း ဒီလမ်းမကြီးဟာတို့ ကလေးဘဝကတည်းက ဒီအတိုင်း ဒီအတိုင်းပဲ။ ဟိုအစိုးရပြင်နိုး၊ ဒီအစိုးရ ခင်းနိုး နိုး..နိုး နဲ့။ ဘယ်လောက်ကြာပြီလဲ။ ဒါကို ပြောတာပါကွာ”

ငုံးဥပြုတ်သည်အမှုက ရဲစခန်းမှာ အမှုဖွင့်ခြင်းကနေ လွှတ်တော်တရားခွင်အထိ ရောက်ကောင်းရောက်သွားနိုင်တယ်လို့ ဘုံဆိုင်မှာ ထိုင်နေကြတဲ့ ဒီရပ်ကွက်သားတွေကတော့ ယမကာအရှိန်လေးနဲ့ ဆက်လက်ပြောဆိုနေကြလေရဲ့။

Most Read

Most Recent