ကလေးနှင့် စနစ်သစ်ပညာရေး

ကလေးနှင့် စနစ်သစ်ပညာရေး
Published 14 October 2017

အခြေခံပညာ မူလတန်းကျောင်းသားများ စာသင်ကြားနေစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

(၁)

ကျောင်းသားတစ်ယောက်၏ ပညာသင်ကြားရေးအပိုင်းတွင် ပြဋ္ဌာန်းစာများကို မသင်မဖြစ် သင်ယူနေခြင်းထက် မိမိကိုယ်တိုင် သိလိုစိတ်ရှိလာသဖြင့် စူးစမ်းရှာဖွေ၊ သင်ယူရခြင်းက ကလေးဘဝအတွက် ပို၍အကျိုးရှိသည်။

ကလေးသိရှိလိုသော အကြောင်းအရာတစ်ခုကို ကလေးကိုယ်တိုင် သိရှိနားလည်သွားစေရန် ဆရာများက ကူညီလမ်းပြပေးခြင်းသည် ပညာသင်ကြားရေး၌ ပို၍ခရီးရောက်သည်။ ထို့ကြောင့် စနစ်သစ်ပညာရေးတွင် ဆရာသင်ကြားရေးထက် ကလေးသင်ယူခြင်းကို ပို၍ဦးစားပေးလာခြင်းဖြစ်ပါသည်။

ဆိုပါစို့။ ကလေးက သစ်ပင်တစ်ပင် မည်သို့ရှင်သန်ကြီးထွားလာသည်ကို သိချင်နေသည်။ ဆရာသည် ကျောင်းသင်ဘာသာရပ်ထဲမှ အဆိုပါအကြောင်းအရာကို ကလေးများ နားလည်သိရှိလာသည်အထိ ရှင်းပြပေးရုံမျှမက အစေ့မှ အပင်ပေါက်ဖွားကြီးပြင်းလာပုံ အဆင့်ဆင့်ကို လက်တွေ့သိမြင်သွားစေရန် ကလေးများကို ကျောင်းစိုက်ခင်းသို့ ခေါ်ဆောင်သွားပြီး လက်တွေ့ပြသရမည်ဖြစ်၏။ ထိုမျှမက ကလေးကိုယ်တိုင်က စိုက်ပျိုးလိုပါလျှင် စိုက်ပျိုးခွင့်ပေးထားသင့်ပါသည်။

ဤကိစ္စသည် ကလေးဘဝအတွက် အရေးကြီးသည်။ ဤသို့ပြုလုပ်ခွင့်ရသဖြင့် ကလေးသည် ယုံကြည်မှုပိုမိုမြင့်မားလာမည်။ ပညာရှာဖွေလိုစိတ်များလည်း ဝင်လာမည်။ သင်ယူရသည့် ပညာကိုလည်း အထင်ကြီးလေးစားလာမည်။ ကလေးသည် နေ့စဉ်သွားလာလှုပ်ရှားရင်းနှင့်ပင် အဖိုးတန်သော အခွင့်အလမ်းများနှင့် ကြုံကြိုက်တတ်ပေသည်။ လိမ္မာပါးနပ်သော ဆရာများသည် ထိထိရောက်ရောက် အသုံးချတတ်ပါ၏။ ဆိုပါစို့။ တိမ်ထူထပ်သောနေ့တစ်နေ့တွင် လေ့လာခရီးထွက်မိရာ ရုတ်တရက် မိုးရွာလာပုံနှင့် ပတ်သက်၍ သင်ကြားခြင်းမျိုးဖြစ်သည်။ စာသင်ခန်းထဲတွင် မိုးတိမ်များမှ မိုးရေဖြစ်လာပုံကို သင်ကြားလိုက်ခြင်းသည် စာမေးပွဲဖြေပြီးသည်နှင့် မေ့လျော့လျှင် မေ့လျှော့နိုင်ပါ၏။ သို့ရာတွင် လေ့လာရေးခရီးထွက်စဉ် မိုးရွာခြင်းအကြောင်းကိုမူ ကလေးဘဝတွင် ဘယ်တော့မှမေ့လိမ့်မည် မဟုတ်ပါ။

(၂)

ကျွန်တော်တို့ ငယ်စဉ်က ကျောင်းစာများကို သင်ကြားခဲ့ရပါ၏။ အဆိုပါသင်ခန်းစာများသည် ကျွန်တော်တို့ သင်ကြားလိုသော သင်ခန်းစာများ ဟုတ်ချင်မှဟုတ်မည်။ လူကြီးများက ကျွန်တော်တို့ သိသင့်သည်ဟု ယူဆသော အကြောင်းအရာများသာ ဖြစ်ပါသည်။ သူတို့သည် ကျွန်တော်တို့၏ စိတ်ဝင်စားမှု၊ သိလိုစိတ်များကို ဂရုမစိုက်ဘဲ၊ ပြဋ္ဌာန်းစာများကို မဖြစ်မနေ သင်ကြားခဲ့ပါ၏။ ကျွန်တော်တို့မှာလည်း စိတ်မဝင်စားဘဲ မဖြစ်မနေသင်ယူခဲ့ရပါ၏။ ထိုစဉ်က စီစဉ်ခဲ့ကြသူများသည် “ကလေးများတွင် သဘာဝအလျောက် လူကြီးများနှင့် ခြားနားကွဲပြားသော စိတ်အရည်အချင်းများရှိကြောင်း” စဉ်းစားခြင်းမရှိဘဲ အတင်းအကျပ် သင်ယူစေခိုင်းခဲ့ကြပါ၏။

ယနေ့သင်ကြားရမည့် စနစ်သစ်ပညာရေးသည် ကလေးဘဝ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် သင်ကြားရမည့် ပညာရေးဖြစ်သည်။ ကလေးသည်အသက်အရွယ်၊ စိတ်ဖွံ့ဖြိုးမှုအရ စိတ်ဝင်စားမှု မည်မျှရှိသနည်း။ ဆိုပါစို့ တစ်ကြိမ်သင်လျှင် နာရီဝက်ခန့်မျှသာ စိတ်ဝင်စားနိုင်သည့် အရွယ်ကို တစ်နာရီသင်ကြားနေခြင်းသည် အလဟဿ အချိန်ဖြုန်းနေခြင်းဖြစ်သည့်အပြင် ကလေးအား ပညာသင်ကြားရေးကို စိတ်ပျက်သွားစေနိုင်ပါ၏။ ပညာရှင်များကမူ ကလေးအား တစ်ကြိမ်လျှင် အနည်းငယ်မျှသာ သင်ကြားခြင်းသည် ပညာသင်ကြားရေး၌ ခရီးရောက်သည်ဟုဆိုကြသည်။ သင်ကြားပေးသော သင်ခန်းစာ (ပညာ) များသည် ကလေး၏အသက်အရွယ်နှင့် မလိုက်ဖက်ဘဲ ရှိနေသောအခါ၌ စိတ်ဝင်စားမှုမရှိနိုင်ပေ။ ယင်းကိုပင်သွန်သင်ရန် ခဲယဉ်းသူအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်း၊ လျစ်လျူရှုခြင်းမျိုး ခံလာရပါက ထိုကလေးသည် ကြီးလေအပြစ်ဒဏ်ခံရလေဖြစ်ပြီး စာသင်ခန်းနှင့် ဝေးသွားလေဖြစ်ပါသည်။

(၃)

ဆရာမများကို ပန်ကြားလိုသည်မှာ ကလေးသည် လူကြီးမဟုတ်ကြောင်း သတိအစဉ်ရှိနေရန်ပင်ဖြစ်သည်။ ကလေးသည် သူ့အသက်အရွယ်၊ ဖွံ့ဖြိုးမှုအရသာ စိတ်ဝင်စားမှုနှင့် ကိုင်းညွှတ်မှုများရှိပါ၏။ ကလေး၏စိတ်သည် သဘာဝအားဖြင့် ကောင်းမြတ်သော စိတ်ထားရှိသည်။ ကလေးစိတ်နှင့် နှိုင်းယှဉ်ပါလျှင် လူကြီးစိတ်သည် ညစ်ညမ်းဆိုးသွမ်းသည်။ ကလေးဘဝတွင်သာ သူတို့သည် ကလေးဘဝကို ရရှိပိုင်ဆိုင်နိုင်သဖြင့် ကလေးများကို ကလေးဖြစ်နေစဉ် ကလေးဘဝပေးသင့်ပါ၏။

“ကလေးဘဝသည် ကလေး၏ဘဝအနေဖြင့် တန်ဖိုးထူးထူးခြားခြားရှိကြောင်း” ပက်စတာလိုဇီနှင့် ဖရူးဘဲလ်တို့က ဆိုကြသည်။ “ပညာသင်ကြားရေးတွင် ကလေးများ၏ ပွင့်လန်းလာသော စိတ်အပေါ်အခြေခံ၍ စဉ်းစားဆုံးဖြတ်သင့်သည်” ဟု စတင်ပြောကြားသူမှာ ပက်စတာလိုဇီပင်ဖြစ်သည်။

သူတို့၏ဆိုလိုရင်းကို ကျွန်တော်နားလည်သလို ပြောရပါလျှင် ကလေး၏ပျော်ရွှင်ချမ်းမြေ့နေသော အချိန်ကလေးတွင် တက်ကြွလန်းဆန်းနေသောအချိန်တွင် ဖြစ်ပေါ်နေသော သိလိုစိတ်ကို ဆိတ်မပစ်ရန်လိုပါသည်။ ဖရူးဘဲလ် ပြောခဲ့သောစကားကို ဖော်ပြရလျှင် ကလေးများအား ပညာသင်ကြားပေးခြင်းသည် လူကြီးများသိစေလိုသော အကြောင်းအရာများကို သင်ကြားပေးရန်မဟုတ်ဘဲ ကလေးကိုယ်တိုင် တွေ့ကြုံမှုဖြင့် သိမြင်နားလည်စေရန်သာ ဖြစ်သင့်သည်။ ပင်ကိုအရည်အချင်းများသည် ဟန့်တားပိတ်ပင်မှုမရှိမှသာ ဖွံ့ထွားကြီးပြင်းပြီး လင်းလက်လာမည်ဖြစ်သည်။ သင်ကြားပေးခြင်းသည် ကလေး၏ အညွန့်တလူလူ တိုးတက်နေသော စိတ်တို့ကို ရှင်သန်ဖွံ့ဖြိုးစေရန် ကူညီခြင်းသာ ဖြစ်သင့်ပါသည်။

(၄)

တိရစ္ဆာန်နှင့်လူသည် ကမ္ဘာဦးအစက အတူတူပင်ဖြစ်သည်။ သို့ရာတွင် တိရစ္ဆာန်တို့သည် နဂိုဘဝမှာပင် ယခုတိုင်ရှိနေသေးပြီး လူကမူ အရာရာကိုပင် ကြီးစိုးအနိုင်ယူနေနိုင်ပြီဖြစ်သည်။ ဤသည်မှာ သိလိုစိတ်ကြောင့် စူးစမ်းရှာဖွေခဲ့၍ဖြစ်သည်။

ပညာသင်ကြားရေးတွင် မိဘဆရာများပူးပေါင်းပြီး ကလေးများ ကလေးဘဝကိုရရှိစေရန် အထူးဂရုစိုက်သင့်ပါသည်။ ကလေးသိလိုသော ကလေးကိုယ်တိုင် သင်ကြားလိုသော အကြောင်းအရာများကို ဆရာများက လက်တွေ့သင်ကြားပေးခြင်းသည်သာ စနစ်သစ်ပညာရေး၏ လိုအပ်ချက်ဖြစ်ပါသည်။

Most Read

Most Recent