ကာလအရွေ့ထဲက ဥပမာ

ကာလအရွေ့ထဲက ဥပမာ
Published 13 October 2017

Photo: Wordpress

ဖြစ်နိုင်တာတွေ အများကြီးရှိတဲ့ အကြောင်း မပြောတော့ဘူး။ အဖေပြောပြတဲ့ ပုံပြင်တွေ အများကြီးပဲ။ များလွန်းလို့ ဒီလိုကြီးပြင်းလာရတာ မေ့လို့မရ။ ကျေးဇူးတင်ပါတယ် အဖေ။ အခု ကိုယ်ပြောပါရစေ။ ကျေးဇူးတင်တယ်ဆိုတော့ ဘယ်သူဘယ်ဝါကို ကျေးဇူးတင်တာလဲလို့ မေးစရာ ရှိလာပြန်တယ်။ မဟုတ်ဘူး။ ပြောပြမယ်။ ကျေးဇူးတရားဟာ ကိုယ်ကိုယ်တိုင်ပဲ။ ကျေးဇူးတရားဟာ မင်းကိုယ်တိုင်ပဲ။ ကဗျာဆရာတွေက ရေးကြတယ်။ “ကျေးဇူးတရားကြီးကွာ” ဆိုတဲ့ အဓိပ္ပာယ်ပါ စာသားမျိုး။ ကျေးဇူးတရားနဲ့ကင်းတဲ့ လူရယ်လို့ လောကမှာ ဘယ်သူမှ မရှိဘူးဆိုလာတော့ ပြန်ဖြေရမှာ ခက်ခက်ပဲ။ သက်သက်မဲ့ “ကင်းပါတယ်ကွာ၊ ငါကျေးဇူးနဲ့ ကင်းပါတယ်” လို့ ပြောရအောင်ကလည်း မဟုတ်သေး။ ဘယ်သူ့အတွက်မှ မဟုတ်သေးတော့ သိပ်ပြဿနာမရှိ။ မကင်းရာ မကင်းကြောင်းတွေသာမို့ လူတိုင်းလူတိုင်းဟာ ကျေးဇူးတရားတွေကို သယ်ဆောင်ကြရ။ ဆိုတော့ သယ်ရတဲ့အခါ အလေးချိန်တွေဟာ တူကြမှာမဟုတ်။ အဲဒါ သေချာတယ်။

ကျေးဇူးတရားနဲ့ စတွေ့တာကတော့ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်ဖြစ်မယ်။ တိတိကျကျပြောရရင် လူဖြစ်မှန်း စသိတဲ့အချိန် စကားစပြောတတ်တဲ့ အချိန်ကစပြီး ကျေးဇူးတရားအကြောင်းကို စသိရတာပဲ။ ကိုယ့်ကို ၁၉၉၅ ခုနှစ်မှာ မွေးတယ်။ တကယ်တော့ ကိုယ်မွေးတဲ့နေ့မှ မဟုတ်ဘူး။ အမေကိုယ့်ကို ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်ကစပြီး ကိုယ်နဲ့ ကျေးဇူးတရားဟာ စမယ်ထင်တယ်။ ပန်းခြံမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းကတော့ ပြောဖူးတယ်။ “မင်းအဖေနဲ့ မင်းအမေတို့ စတွေ့တဲ့ အချိန်ကစပြီး မင်းနဲ့ ကျေးဇူးတရားဟာစပြီး ပတ်သက်နေတာ” ပါတဲ့။ ပတ်သက်တယ်လို့ ပြောရာမှာ တိုက်ရိုက်ပတ်သက်တာနဲ့ သွယ်ဝိုက်ပြီး ပတ်သက်တာရယ်လို့ နှစ်မျိုးနှစ်စား ရှိတယ်တဲ့။ အဲဒီ နှစ်မျိုးနှစ်စားကို ထပ်ခွဲရင် အများကြီးရှိဦးမှာ။ မင်းအရွယ်နဲ့ နားလည်နိုင်မှာ မဟုတ်ဘူး။ မင်းကြီးတဲ့အခါ နားလည်လိမ့်မယ်တဲ့။ သူငယ်ချင်းလို့ ပြောရတာက အကြောင်းရှိတယ်။ သူနဲ့ကိုယ်က ဘာဆွေမျိုးမှမတော်ဘူး။ လူဆိုတဲ့ ဖြစ်တည်ရှိမှုကတော့ တူတယ်။ သူက လူဖြစ်ပြီး ကိုယ်က ခွေးဖြစ်ခဲ့မယ်ဆိုရင် ကိုယ်တို့ဟာ သူငယ်ချင်းတွေဖြစ်လာနိုင်ဖို့ သိပ်ပြီးမလွယ်ကူဘူး။ တိရစ္ဆာန်တွေမှာ သူငယ်ချင်းဆိုတဲ့သိမှုမျိုး သိပ်မရှိဘူး။ တကယ်တမ်းက သူငယ်ချင်းဆိုတဲ့ဟာကလည်း သံသယဖြစ်စရာပါ။ အကြောင်းက သူငယ်ချင်းဆိုတာ လူတွေတည်ဆောက်ထားတဲ့အရာ။ လူတွေဖန်တီးထားတဲ့ စကားလုံးသက်သက်။ သူငယ်ချင်းဆိုတဲ့ စကားလုံးလည်း မရှိဘူး။ အမူအကျင့်အားဖြင့်တော့ သူငယ်ချင်းလိုလို ဘာလိုလို သတ်မှတ်နိုင်စရာ အကြောင်းတော့ရှိတယ်။ ဥပမာရိုင်းသွားလား။ (ဒါဆို ကိုယ့်ကို ခွေးလို့ သတ်မှတ်ပါ။ တကယ်စိတ်မဆိုးဘူး။ ကြုံတဲ့အခါ ဘီယာတိုက်ပါ့မယ်။ ပေးတော့ မသိနဲ့လေ) သူငယ်ချင်းနဲ့ ကိုယ်နဲ့က အသက်အရွယ်အားဖြင့်တော့ တော်တော်ကြီးကွာတယ်။ ဒါပေမဲ့။ သူငယ်ချင်းတွေမှာ အသက်ကြီးတာရယ် ငယ်တာရယ်လို့မှ သေသေချာချာ တိတိကျကျ မရှိဘူးကိုး။ လူတွေဟာ ဘာသာစကားတွေကို တီထွင်ကြတယ်။ ဘာသာစကားဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ပြုလို့ရတဲ့ နားလည်လို့ရတဲ့ တံတားတစ်ခုပဲတဲ့။ ပညာရှင်တွေက ပြောကြတယ်။ ဖတ်ဖူးတာတော့ တော်တော်ကြာပြီ။ ဆိုတော့ အစောက စကားပြန်ဆက်ရမယ်ဆို ကိုယ့်သူငယ်ချင်းဟာ ကိုယ့်ထက်အများကြီးကြီးတယ်။ ကြီးတယ်ဆိုတာက အသက်အရွယ်နဲ့ တခြားအရာတွေပါ။ သူငယ်ချင်းပြောတာ ကိုယ်လက်ခံပါတယ်။ အဖေနဲ့အမေတို့သာ မတွေ့ခဲ့ကြရင် ကိုယ်ဆိုတာ ရှိမလာနိုင်ဘူး။ ဒီတော့ ကိုယ်လူဖြစ်လာတယ်ဆိုကတည်းက ကိုယ်မွေးလာတာနဲ့ တစ်ပြိုင်တည်းပဲ ကျေးဇူးတရားတွေက တနင့်တပိုးပါလာတာ။ အမေနဲ့ အဖေတို့ဟာ ကိုယ့်ရဲ့ကျေးဇူးရှင်တွေပဲ။ ဟောဒီကမ္ဘာမြေကြီးပေါ်က သက်ရှိသက်မဲ့တွေရော နေရောင်နဲ့ တခြားအရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါကလည်း အသက်လေးကြီးလာတော့ နည်းနည်းပါးပါး တွေးခေါ်လာနိုင်လို့ပါ။ အဲဒါတောင် မသိတာတွေ အများကြီးရှိသေးတယ်။ ဥပမာ ပြောရရင်။ အမေကိုယ့်ကို ကိုယ်ဝန်ဆောင်တုန်းက အဘွားနဲ့ အဘိုးဟာ အမေ့အတွက် အမဲသားခြောက်၊ ကြက်ဥ၊ ကြက်နှစ်ကောင်၊ ငှက်ပျောသီး၊ ငါးခြောက်၊ ပဲ၊ ငွေသားစတာတွေ ခဏခဏ ပို့ပေးကြပါသတဲ့။ ဒီတော့ အဘိုးနဲ့ အဘွားတို့ဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေသာ။ အမေဆိုတာလည်း အဘိုးနဲ့ အဘွားရှိလို့သာ လူဖြစ်လာတာဆိုတော့ အဘိုးရဲ့ အဘိုး၊ အဖေအမေ အို ကုန်ကုန်ပြောရရင် ဘုရားသခင်စပြီး ဖန်ဆင်းတဲ့ အာဒံ၊ ဧဝတို့ဟာလည်း ကိုယ့်ကျေးဇူးရှင်တွေပါပဲ။ သူတို့ နှစ်ယောက်ကို ဖန်ဆင်းတဲ့ ဘုရားသခင်ဟာလည်း ကိုယ့်ကျေးဇူးရှင်ပါပဲ။ ကုန်ကုန်ပြောရရင် တစ်ကမ္ဘာလုံးက လူတွေအားလုံးဟာ ကျေးဇူးရှင်တွေပေါ့။ သူငယ်ချင်းပြောသလိုဆို သွယ်ဝိုက်ကျေးဇူးတရားဆိုတာမျိုးပေါ့။

အမေကိုယ့်ကို ကိုယ်ဝန်ဆောင်ရတော့ အမေ့ကို ကျန်းမာရေး အစစအရာရာ လမ်းညွှန်ကူညီပေးကြတဲ့ ဆရာဝန်၊ သူနာပြုတွေ၊ လူတွေအားလုံးဟာ ကိုယ့်ကျေးဇူးရှင်တွေပဲ။ ကျေးဇူးတရားအကြောင်းက ပြောလို့ကုန်နိုင်မယ် မထင်ဘူး။ ဒီတော့ သိပ်မပြောချင်တော့တာ အမှန်ပဲ။

ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ပထမဆုံး စကြားတော့ ကိုယ့်အသက် သုံးနှစ်၊ လေးနှစ်လောက်ဖြစ်မယ်။ အဖေက ည ညဆို ပုံပြင်တွေ ပြောပြတတ်တယ်။ အဲဒီလို ပုံပြင်တစ်ပုဒ်ပြောပြီးတိုင်း လူဆိုတာ ဘယ်လိုနေရမယ်၊ ရိုးသားရမယ်၊ ယဉ်ကျေးရမယ် ဆိုတာမျိုးတွေ ကောက်ချက်ချသလိုလိုနဲ့ သင်ပေးတတ်တယ်။ ကိုယ်လည်း ဒီအရွယ်ရောက်မှ ကောက်ချက်ချတယ်၊ ရိုက်သွင်းပေးတယ်ဆိုတဲ့ စကားလုံးတွေကို သုံးနိုင်တာပါ။ ဘာဖြစ်ဖြစ် အဲဒီတုန်းကစပြီး ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ကိုယ်သုံးတတ်တာပဲ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ဘယ်တုန်းက ပထမဆုံးအကြိမ် စသုံးတာလဲ ဆိုတာကိုတော့ မမှတ်မိတော့ဘူး။ ဒါကလည်း ကိုယ့်အမှားတော့ မဟုတ်ဘူး။ ကျေးဇူးတင်ရတဲ့ လူတွေက သိပ်များလွန်းတော့ ကျေးဇူးတင်ပါတယ်ဆိုတာကို ထပ်ကာထပ်ကာ သုံးရတော့တာ။ ဒီတော့လည်း မမှတ်မိနိုင်တော့ဘူးပေ့ါ။ သေချာတာကတော့ တစ်ခုရှိတယ်။ ငယ်ငယ်တုန်းက ကိုယ်တို့အိမ်ကို အဖေ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လာတတ်ကြတယ်။ အဖေ့သူငယ်ချင်းတွေဟာ ကိုယ့်ကို ပိုက်ဆံကလေး ၁၀၊ ၂၀ ထုတ် ထုတ်ပြီး ပေးတတ်ကြတယ်။ အဲဒီမှာကိုယ်က “ကျေးဇူးတင်ပါတယ် ဦး” လို့ ပြောရတယ်။ မပြောရင်လည်း အဖေနဲ့အမေက “ကျေးဇူးတင်ပါတယ် ဦးလို့ ပြောလေသားရဲ့” ဆိုပြီး ပြောခိုင်းတတ်ကြတယ်။ နောက်ပိုင်းပြန်စဉ်းစားတော့ ထူးဆန်းတာတစ်ခု ပြန်တွေ့ရတယ်။ ဘာလဲဆိုတော့ ကိုယ်ဟာ သူများတွေကို တခြားလူတွေကို ကျေးဇူးတင်ပါတယ်လို့ ခဏခဏ ပြောပြောတတ်ပြီး အဖေနဲ့ အမေ့ကိုတော့ “ကျေးဇူးတင်ပါတယ် အဖေ၊ အမေ” လို့ တစ်ခါမှ မပြောဖူးဘူးဆိုတာကိုပဲ။ သိပ်ကိုအံ့သြဖို့ကောင်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ အံ့သြဖို့ကောင်းတဲ့ ကိစ္စတွေဟာ တစ်ချိန်မှာ အံ့သြဖို့ကောင်းတဲ့ ကိစ္စတွေ မဟုတ်တော့ဘူး။ ဘာမဆို အချိန်အတိုင်းအတာတစ်ခုပဲ မဟုတ်လား။

ဘဝမှာ ထီးဝါဝါကလေးကိုလည်း ချစ်။ သဘာဝတရားကြီးကိုလည်း ချစ်။ ပျော်စရာ ကောင်းတယ်လို့ တွေးယူရမှာပဲ မဟုတ်လား။ တကယ့်ပျော်ရွှင်မှုကို ဘာနဲ့တိုင်းလို့ရမလဲ။ ဟောဒီ အနည်းငယ်သော ပျော်ရွှင်မှုတွေဟာ ကြီးမားနေတတ်ကြတာဆိုရင် သိပ်ကောင်းမှာပဲပေါ့။ တကယ်တမ်းက အန္တရာယ်ရှိတဲ့ အခြေအနေတွေချည်းလို့ ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ အနည်းငယ်သော ပျော်ရွှင်မှုအတွက်တော့ ကျေးဇူးတင်ရမှာပေါ့။ မတင်တော့ ဘာဖြစ်သလဲဆိုတော့ ဘာမှတော့ မဖြစ်ပေါင်လေ။ ကြိုးစားပြီး ရှင်နေရတဲ့ ဟောဒီ အနည်းငယ်ထဲမှာ ဆယ်ဆတစ်ဆတောင် မရှိတတ်သေးတဲ့ အမှုန်အမွှား ပျော်ရွှင်မှုအတွက် သိပ်ပြီးတော့ ဝမ်းနည်းနေလို့လည်း မဟုတ်သေးဘူးပေါ့လေ။ မနက်ဖြန်ဆိုတော့။ မနက်ဖြန်က များလွန်းနေတယ်။ ဒါကလည်း သိပ်မသေချာတဲ့ မနက်ဖြန်တွေချည်းပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ မနက်ဖြန်ဆိုကြပါစို့။ ကိုယ့်သူငယ်ချင်းကြီးနဲ့တွေ့ရင် သူ့ကိုပြောပြဖို့ ကိုယ် တွေးထားတာတွေ ရှိတယ်။ ကျေးဇူးတင်ပါတယ် ဆိုတာကိုလေ။ ကျေးဇူးတင်ပါတယ်ဟာ။ ပြောဖို့ စိတ်ကူးထားတယ်။ နည်းနည်းပါးပါးပေါ့။

ပြီးရင် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားလိုပဲ ကိုယ်တို့ တစ်ခဏ ပျောက်ကွယ်ကြဦးမယ်။ အခါအခွင့်ကြုံရင် ကိုယ်တို့ ပြန်ပေါ်လာကြဦးမယ်။ ကိုယ်တို့ မရှိတော့ရင်။ ဘာဖြစ်မလဲ။ ဘာမှမဖြစ်ဘူး။ ဒါ ဘဝပဲလေ။ ကျေးဇူးတင်ပါတယ်။ သွားတော့မယ်။

Most Read

Most Recent