ပိတ်ထားသော အခန်းများ

Photo: Goodreads

(၁) ညဘက် ညဘက် အိပ်မပျော်ခင် အိပ်ရာထက်က မျက်နှာကြက်အမိုးပေါ်မှာ ပိတ်ထားတဲ့ အခန်းတစ်ခန်းရဲ့ ပုံရိပ်ကို ကျွန်တော် လှမ်းတွေ့နေရတတ်တယ်။ ခင်ဗျားတို့ မျက်လုံးရှေ့မှာလည်း တစ်ခါတစ်ရံ အဲဒီအခန်းက ရှိနေတွေ့နေရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ အားလုံးဟာ အတိတ်ဆိုတဲ့ အခန်းတစ်ခန်းကို ရှေ့တည့်တည့် ပြန်ရောက်လာသလို ကိုယ်စီပြန်တွေ့ကြရတတ်တယ် မဟုတ်လား။ ကျွန်တော်တို့ ပြန်တွေ့ရတဲ့ အခန်းတွေဟာ အရွယ်အစား မတူပေမယ့် ခေတ်အလိုက် လက်ရာပုံစံတွေတော့ တူနေတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် တွေ့နေရတဲ့ အခန်းအကြောင်းကို ပြောမှာပါ။ ဒီလို အခန်းတစ်ခန်းရှိတယ်ဆိုတဲ့ ရေးဖွဲ့မှုမျိုးကိုလည်း အရင်က ကျွန်တော်တို့ဟာ တစ်နေရာရာမှာ ကြားဖူး ဖတ်ဖူးနိုင်ပေမယ့် ကျွန်တော် အခု တွေ့နေတတ်တဲ့ ကျွန်တော့်အခန်းကတော့ အခုထက်ထိလည်း ခြေရာလက်ရာ မပျက်သေးတဲ့ အခန်းတစ်ခုလို ဒီအတိုင်း ပစ်ထားခဲ့တာလည်း ကြာနေပုံရပါပြီ။ ပြန်ဖွင့်မပြချင်တာနဲ့ အမှောင်အတိုင်း ပိတ်ထားနေ ရသလိုပဲ တကယ့်ကို တင်းတင်းစေ့စေ့ကြီးကို ပိတ်ထားတာပါ။ အထဲကိုကြည့်ရင် ဘာမှမြင်ရမှာ မဟုတ်ပေမယ့် အဲဒီမှာ ဖုန်တက်နေပြီဖြစ်တဲ့ နေ့ရက်တွေ အကောင်းအတိုင်း ရှိနေလိမ့်ဦးမယ်လို့လည်း ယူဆနေမိပါတယ်။ အကောင်းအတိုင်း ရှိနေမယ်ဆိုတာကတော့ အရာမယွင်းတဲ့ အသိဥာဏ်မျိုးတွေနဲ့ အသစ်အတိုင်း ရှိနေသေးတဲ့ ဦးနှောက်တွေက တဆတ်ဆတ်ခုန်နေတဲ့ သွေးကြောလေးတွေနဲ့ လတ်ဆတ်နေတုန်းဖြစ်မယ်လို့ ဆိုလိုတာပဲ။ ကျွန်တော်တို့ကိုယ်စီ မှတ်ဥာဏ်ထဲမှာ ဟာလာဟင်းလင်းနဲ့ တခုတ်တရ မှတ်သားမိစရာဆိုလို့ အဲဒီ ဟာလာဟင်းလင်းဖြစ်မှု ဆိုတာပဲ ရှိပါလိမ့်မယ်။ ဘ၀သင်ခန်းစာများစွာနဲ့ ဝေးရာအရပ်က အဲဒီအတိတ်ဆိုတဲ့ အခန်းတစ်ခန်းဟာ ဒီအတိုင်းပဲ ကြာရှည်စွာ ရှိနေခဲ့တာပေါ့။

အစောပိုင်း ပြကွက်တွေထဲမှာတော့ အတိတ်လို့ဆိုတာနဲ့ ချိန်သားကိုက် ရောက်လာတတ်လေ့ရှိတဲ့ ကျွန်တော်ရဲ့ ငယ်ဘ၀များပါပဲ။ ဘ၀မှာ အချိန်ကိုက်ရောက်လာတတ်တဲ့ ကျွန်တော်တို့ ခေတ်ရဲ့ဖြစ်တည်ခဲ့မှုထဲ ကျွန်တော်တို့ ခပ်ငယ်ငယ် အချိန်တုန်းက ညဘက်ညဘက်ဆို အိမ်ရှေ့မှာ ဓားတစ်လက်ကို ဘေးမှာချပြီး အဖေ ကင်းစောင့်နေရတဲ့နေ့တွေ ရှိခဲ့တယ်ဆိုတာ အခုပြန် အမှတ်ရနေမိတယ်။ ပက်လက်ကုလားထိုင်တစ်လုံးပေါ် ညလုံးပေါက် အချိန်အတော်ကြာအောင် အဖေ ထိုင်ခဲ့ရပေမယ့် ကျွန်တော်တို့ကတော့ ကြောက်စရာကောင်းတယ်လို့ ကလေးမှတ်ဥာဏ်မှာ မထင်ခဲ့ဘူး။ အဲဒီလိုနေ့တွေဟာ သိပ်ပြီးစိတ်လှုပ်ရှားစရာကောင်းခဲ့သလို ကျွန်တော်တို့ ကလေးတွေအတွက်တော့ ပျော်စရာကောင်းခဲ့တယ်လို့တောင် ထင်မှတ်နေမိပါသေးတယ်။ ကမ္ဘာကျော်သွားစေတဲ့ အရေးအခင်းကာလများမှာ ကျွန်တော်တို့ဟာ ကျောင်းတောင် မနေရသေးတဲ့အရွယ် တကယ့် ကလေးအရွယ်တွေပေါ့။ မှတ်ဥာဏ်ထဲ တစ်စွန်းတစ်စ မှတ်မိနေတာတွေက လမ်းမပေါ် အလံတွေကိုင်လို့ ‘ဒို့အရေး ဒို့အရေး’ အော်သွားတဲ့ လူတွေကို အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ ထိုင်ကြည့်ရတာကို ကျွန်တော် သဘောကျခဲ့တယ်။ ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းစတက်ခွင့်လည်းရရော ရှေ့နှစ်က ကျွန်တော့် အစ်ကိုနဲ့ တစ်တန်းတည်း ပြန်တက်ရပြီး ကျွန်တော်တို့အခန်းမှာ လူတွေအများကြီး ဖြစ်နေတာပါပဲ။ ကျွန်တော် မှတ်မိ သတိရနေမိပါသေးတယ်။ နောက်နှစ် နောက်နှစ်တွေမှာလည်း ကျွန်တော်တို့ အတန်းက ကျန်တဲ့အတန်းတွေထက် ကျောင်းသားနှစ်ဆ ဖြစ်နေတတ်တာကိုလေ။

ကျွန်တော်တို့ နယ်ဘက်မှာက နည်းနည်းတော့ ထူးခြားတယ်။ ကျွန်တော်တို့ မြို့နဲ့ နည်းနည်းပဲ ဝေးတဲ့နေရာကို လူကြီးတွေက အညိုရောင်နယ်မြေလို့ ခေါ်ခဲ့ကြတယ်။ ကျွန်တော်တို့ ငယ်ဘ၀တစ်လျှောက်လုံး သောင်းကျန်းသူလို့ ကျွန်တော်တို့မှတ်ဥာဏ်မှာ ပေးသိထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသဟာ ကျွန်တော်တို့ မြို့နဲ့နီးပြီး တစ်ခါတလေဆို ကျွန်တော်တို့ မြို့ပေါ်အထိ ရောက်လာတတ်၊ မြို့ဟာ လက်နက်ကိုင်တွေ ၀င်လာတတ်တဲ့နေရာတစ်ခုပေါ့။ တစ်ခါတစ်ရံ မြို့ပေါ်အထိ သူပုန်ဆိုတာတွေ ၀င်လာတတ်ကြတယ် ဆိုပေမယ့် ကြည့်ရတဲ့ ရုပ်ရှင်ထဲကအတိုင်း ကျွန်တော်တို့ကို ကြောက်စရာကောင်းအောင်လည်း လုပ်မပြကြပါဘူး။ ရိက္ခာပြတ်လို့ လာရှာတဲ့ပုံသာရပြီး ဆာလောင်မွတ်သိပ်နေတဲ့ သူတို့မျက်နှာတွေက တစ်ခါတလေ ကျွန်တော်တို့ ကလေးမျက်လုံးထဲမှာ သနားဖို့တောင် ကောင်းနေပါသေးတယ်။ သူတို့ နားမကပ်နိုင်အောင် လက်နက်ပြ ခြောက်လှန့်ရုံကလွဲရင် ရုပ်ရှင်တွေထဲကလို စိတ်မထင်ရင် မထင်သလို အလွယ်တကူ ဖမ်းဆီးသတ်ဖြတ်တယ် ဆိုတာတော့ ကျွန်တော်တို့ဆီမှာ မရှိခဲ့ပါဘူး။

(၂) ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက် ၉၀ ကျော် ခုနှစ်တွေတုန်းကဆိုရင် ကျွန်တော်တို့ မျက်လုံးထဲမှာ ဘာမှမမြင်ရဘူး။ မြူတွေ ကွယ်နေသလို တိမ်တွေ ဖုံးအုပ်နေသလို ပိတ်ထားတဲ့အခန်းတစ်ခုလိုပါပဲ။ ငယ်ငယ်တုန်းက စာသင်ခန်းတွေထဲက ပျင်းရိဖွယ်နေ့တွေမှာ လူက သူငယ်ချင်းတွေနဲ့ ရောပြီး ထိုင်နေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေသလိုမျိုး စိတ်တွေပျံ့လွင့်နေတတ်ကြသလိုမျိုးပါပဲ။ အဝေးတစ်နေရာစီ ကိုယ်စီ ကြည့်နေကြပေမယ့် မျက်လုံးတွေထဲ ဘာမှမမြင်နိုင်သလိုမျိုးပေါ့။ အလံတိုင်ထိပ်က တလွင့်လွင့် ခါနေတဲ့အလံဟာ ကျွန်တော်တို့ မျက်လုံးတွေကို ပိတ်ကာထားတယ်။ ဖတ်လက်စ ကာတွန်းစာအုပ်ထဲ ယုန်ကလေးမျက်လုံးရှေ့မှာ ဆင်ကိုယ်လုံးကြီး ကွယ်ထားသလိုမျိုး ကျွန်တော်တို့ဟာ ရှေ့ကိုဘာမှမမြင်ရဘူး။ ရှေ့မှာ အရာရာကို ကွယ်နေတဲ့ ပိတ်စကြီးရှိနေတယ်။ အရာရာအားလုံး အတားအဆီးနဲ့ အပိတ်ကြီး ဖြစ်နေတယ်။ ကျွန်တော်တို့ ခေတ်က ရှေ့ကိုချည်း မမြင်ရတာလားဆိုတော့ ကျွန်တော်တို့ဟာ နောက်ကိုလည်း မမြင်နိုင်ကြဘူး။ နောက်မှာလည်း ကွယ်ထားတဲ့ အရိပ်ကြီးရှိနေခဲ့တာပဲ။ အရပ်လေးမျက်နှာ နေရောင်မှာ ကျွန်တော်တို့ ဘာမှကိုမမြင်ခဲ့ကြရတာ။

ကျောင်းစာအုပ်တွေထဲက ကျွန်တော်တို့ နေ့စဉ်သင်နေရတဲ့ သီအိုရီတွေဟာ တစ်ဖက်သတ် သိပ်ဆန်ခဲ့ပါတယ်။ စာသင်ခန်း တံခါးကလည်း တစ်ဖက်ပိတ်ကြီး ဖြစ်နေသလိုပဲ ကျောင်းဝင်းတံခါးကလည်း တစ်ဖက်ပိတ်ကြီး။ ဖတ်နေရတဲ့ စာအုပ်တွေကလည်း စာမျက်နှာတွေ လွတ်နေတတ်တာပါပဲ။ ကြည့်နေရတဲ့ ရုပ်ရှင်တွေကတော့ ခေတ်မီဖွံ့ဖြိုး တိုးတက်မှုနဲ့ နှလုံးသားရေးရာမှာပဲ တ၀ဲဝဲ လည်နေကြတယ်။ ကျွန်တော်တို့မှာ ဆယ်ကျော်သက်အရွယ်မို့ ရင်ခုန်တာပဲ တတ်နိုင်တော့သလိုပေါ့။ ငယ်ငယ်က ဆော့နေကျ ကစားနည်းတွေထဲကလို ရွှေတံခါးကြီး ဖွင့်ပါဦးလို့ ကျွန်တော်တို့ ပြိုင်တူအော်နေပေမယ့် သော့ပါလားဆိုတဲ့ နေရာရောက်လို့ တစ်ယောက်ယောက်က လာမေးတဲ့အခါ ကျွန်တော်တို့ ဘာမှ ပြန်မဖြေတတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ခေတ်က လူငယ်တွေ တစ်ယောက်ဆီမှာမှ သော့မရှိဘူး။ကျွန်တော်တို့ အရှေ့ကတံခါးကို မြင်နေလျက်နဲ့ မဖွင့်တတ်ကြဘူး။ အသိဥာဏ် အပိတ်ကြီးနဲ့ အဲဒီတံခါးဟာ သိပ်ကျပ်တာပဲလို့ ထင်ခဲ့ပါတယ်။

အဲဒီနေ့ရက်တွေဟာ တော်တော်လည်း ဝေေ၀၀ါးဝါးနိုင်ခဲ့တာပဲ။ အတိတ်ကိုလည်း အမှန်အတိုင်း ကျွန်တော်တို့ မသိခဲ့ရသလို အနာဂတ်ကလည်း ပျောက်နေသလိုပုံမျိုးပါပဲ။ ကျွန်တော်တို့မှာ ကျောင်းသားသဘာဝ သင်ခန်းစာတွေ အလွတ်ကျက်နေကြပေမယ့် ၁၀ တန်းအောင်ပြီးရင် ကိုယ်ဘာလုပ်ရမှန်း တကယ်မသိသလို တကယ်လျှောက်ရမယ့် ဘ၀လမ်းမှာ ကိုယ်ဘာလုပ်ချင်မှန်း ကိုယ့်ကိုယ်ကိုယ် မသိဘူး။ ဖြေရမယ့် စာမေးပွဲမှာ အမှတ်ကောင်းအောင်သာ ကြိုးစားပြီး စာကို အလွတ်ရအောင်သာကျက် ကျန်တာ ငါ့တာဝန်ထားဆိုတဲ့ စနစ်ကြီးထဲ ကျွန်တော်တို့မှာ ဘာမှစဉ်းစားချိန်မရဘူး။ အမှတ်ကောင်းဖို့ ဆိုတာကလည်း သူများလုပ်တိုင်း လျှောက်လုပ်နေမိသလို စာတွေ ကျက်နေတယ်ဆိုတာလည်း တခြားဘာမှမလုပ်တတ်လို့ လုပ်နေရသလို ဖြစ်နေတာပါ။ စာမေးပွဲမှာ ခပ်လွယ်လွယ်ပဲ စာတွေ ကူးချနေကြတယ်။ အဲဒီတုန်းကတော့ စာမေးပွဲမှာ စာမျက်နှာ ဘယ်လောက်ရေးခဲ့နိုင်တယ်ဆိုတာနဲ့ စာတွေဘယ်လောက် ကူးချရဲခဲ့သလဲ ဆိုတာကို ပိုပြောနိုင်တဲ့ကောင်က ဆရာပါပဲ။ ကျောင်းအိမ်သာမှာ စီးကရက် ခိုးသောက်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်တတ်လာတယ်။ နေလယ် နေ့ခင်း လူကြီးတွေအလစ် ခိုးကြည့်ရတဲ့ ဗီဒီယိုရုံဝင်ပေါက်ကို စိတ်ဝင်စားလာတယ်။ အဲဒီတုန်းက ကာရာအိုကေ ဆိုင်လေးတွေမှာ ညဘက် ညဘက် ၁၀၀ ဖိုး လေးပုဒ်နဲ့ ကျွန်တော်တို့ ခံစားချက်တွေကို ဆွဲဖွင့်တယ်။ အားလုံး အယောင်ယောင် အမှားမှားနဲ့ ယောင်နနလေးတွေ ဖြစ်လို့နေတယ်။

အရာရာကို စိတ်ကူးယဉ်တယ်။ ကျွန်တော်တို့ ဘယ်ရည်ရွယ်ချက်ပေါ် အခိုင်အမာ ရပ်တည်နေသလဲဆိုတာ မသဲကွဲပေမယ့် ကျွန်တော်တို့ဟာ အကုန်ဖြစ်ချင်နေကြတယ်။ ကျွန်တော်တို့ အားလုံးဟာ ဂျိုကာဖဲတွေလို ဆေးစက်ကျရာ အရုပ်ထင်မလား လျှောက်လုပ်ရင်း ဆေးစက်တွေ ပေလာတယ်။ လူသိပ်မလာတတ်တဲ့ လက်ဖက်ရည်ဆိုင်ထောင့် စားပွဲမှာ စီးကရက် ခိုးသောက်ရင်း ရေနွေး သုံး လေးအိုးကုန်တဲ့အထိ ကျွန်တော်တို့ဟာ ဖြစ်ချင်တာတွေ သိပ်များခဲ့တယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ ဘာဖြစ်ချင်နေမှန်း မသိကြတာ။ ဘာလုပ်ချင်ခဲ့မှန်း မစဉ်းစားတတ်တာ။ ဘယ်လိုဘ၀မျိုးကိုဖြစ်ဖြစ် ကျွန်တော်တို့ စိတ်ကူးယဉ်တတ်လေ့ရှိတယ်။ အဲဒီတုန်းက အသက်ငယ်ငယ်နဲ့ ပိုက်ဆံရှာသုံးနိုင်တဲ့ကောင်ဆို လူစွမ်းကောင်းလို့ကို ထင်နေတော့တာပဲ။

(၃) ၁၀ တန်း စာမေးပွဲပြီးတဲ့အထိလည်း ကျွန်တော်တို့မှာ ဘာလုပ်ရမှန်း မသိသေးဘူး။ အများယောင်တိုင်း လျှောက်ယောင်သလို သင်တန်းတွေမှန်သမျှ တက်လို့။ သူများက ကောင်းတယ်လို့ ပြောသမျှ လိုက်ယုံလို့ အရာရာ စမ်းသပ်နေရတာပဲ။ အကုန်လုံးကလည်း စမ်းသပ်နေကြရတဲ့ စိတ်ကူးထဲက ဓာတ်လုံးတွေလိုပဲ။ တန်ဖိုးကြီးကြီးပေးခဲ့ပြီး ချိန်ရောက်မှ နောက်တစ်ဖို ပြန်ထိုးနေရတဲ့ ဓာတ်စာတွေလို ဘ၀ကို သုညကသာစရမယ် ပြောတတ်တဲ့ပစ္စည်းမဲ့ဝါဒကို အားကျ၊ တမင်ဟန်လုပ်ခဲ့ကြတဲ့ ကာလတွေပါပဲ။ ဇာတ်နာပြမှ ဘ၀ပီသတယ်လို့ပြောပြီး မနက် ရေချမယ့် စက်လှေဝမ်းထဲမှာ တစ်ည အိပ်ပြတယ်။ မနက်ရောက်တော့ စက်လှေက ပေးလိုက်တဲ့ ကြက်သားဒံပေါက်ကို အရက်နဲ့ မြည်းလိုက်ကြတယ်။ အချိန်ရရင် ကဗျာရေးတယ်။ မိုဃ်းဇော်ရဲ့သေတမ်းစာကို အားကျလို့ ကိုယ့်အမည်နောက်မှာ ဈာပနလို့ ထည့်ရေးလိုက်တော့ သူငယ်ချင်းတွေ ဆဲတာခံရတယ်။ အဲဒီတုန်းကတော့ လူငယ်တွေ ဆံပင်ရှည်သိပ်မထားကြတော့ပါဘူး။ ဆူညံ ပေါက်ကွဲသံတွေကို တခြားနည်းနဲ့ ဖောက်ခွဲကြတယ်။ ဘယ်တော့မှ မလွတ်လပ်အောင် ငြိမ်သက်ခဲ့ရလို့လည်း အဲဒီမလွတ်လပ်မှုတွေကို တစ်နည်းနည်းနဲ့ တော်လှန်နေကြတယ်။ ဘီယာကို ရေနဲ့ရော သောက်ရမှာလား မေးတဲ့ကောင်ကို ငတုံးဆိုပြီး ၀ိုင်းဟားကြတယ်။

တက္ကသိုလ်အားလုံးကို အစွန်အဖျား တစ်နေရာစီ ခွဲခြားလိုက်တဲ့ အစောပိုင်းနှစ်တွေမှာ ကျွန်တော်တို့ တက္ကသိုလ် စတက်ခဲ့ရတယ်။ ကြားဖူးတဲ့ ပုံပြင်တွေထဲကအတိုင်း မဟုတ်ဘဲ တက္ကသိုလ်ဆိုတာကြီးက ကျွန်တော်တို့အတွက် အိပ်မက်လိုပဲ။ ဘာမှဖမ်းဆုပ်လို့ မမိတော့မယ့် မြူတွေလိုပဲ။ တက္ကသိုလ်ကျောင်းရောက်တော့မှ အားလုံးနဲ့ ဝေးသွားတယ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ကို ဘယ်လိုမှ စိတ်သက်သာရာမရစေဘူး။ အားလုံးနဲ့ ဝေးသွားတယ်ဆိုတာ မိဘအိမ်နဲ့ ဝေးရာအရပ်ဆိုတာလောက်ကို ပြောတာမဟုတ်ဘူး။ လွတ်လပ်တဲ့ ပတ်ဝန်းကျင်နဲ့ ဝေး၊ ကိုယ်ဝါသနာပါရာ နယ်ပယ်နဲ့ဝေး၊ အမြင် ကျယ်စရာ လောကဆိုတာ ကျောင်းရဲ့ပတ်ဝန်းကျင်က တောင်တန်းတွေလားလို့ မေးယူရတဲ့အထိ ကျွန်တော်တို့ တိတ်ဆိတ်နေကြရတယ်။ အဆိုးဆုံးကတော့ ပတ်ဝန်းကျင်မှာ အသိပညာအပြင် လောကအမြင်ကိုပါ လေ့လာနိုင်စရာ ဘာမှမရှိ ၊တိတ်ဆိတ်တဲ့ လွင်တီးခေါင်လိုနေရာမျိုးမှာ ကျွန်တော်တို့အားလုံး နောက်ဆုံးတစ်ယောက်မကျန် အရက်သမား ဖြစ်သွားကြတော့တာပဲ။

ကျွန်တော်တို့ စိတ်မရှည်ကြတော့ဘူး။ လူငယ်ဆိုတော့ လွင့်နေတဲ့အလံလို တိုင်ထိပ်ကို လွှင့်ထားပေမယ့် လေတိုက်ရာအတိုင်း ချည်ထားတဲ့ကြိုးမှာ မပျော်ကြတော့ဘူး။ ခန်းနားတဲ့ အိပ်မက်တွေဆိုတာလည်း မသိတော့ဘူး။ အဆိုးဆုံးက ကျောင်းပြီးသွားပေမယ့် ဘာလုပ်ရမှန်း မသိတာပဲ။ ကျွန်တော်တို့ ဒီအတိုင်း အိပ်မက်တွေကို အသေခံငြိမ်နေမလား။ ဘ၀ကို လက်တွေ့ကျကျ ၀င်ရတော့ မလားဆိုတာ ကျွန်တော်တို့ စဉ်းစားလာတော့တယ်။ လွတ်လပ်တဲ့ လောကထဲသွားဖို့ အတောင်ပံတစ်စုံဆိုတာ အရင်ခေတ်ကတော့ လုပ်ရဲတဲ့ သတ္တိကို ခေါ်တာပဲ။ ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ အဲဒီလိုပဲ တွေးနေကြတော့တယ်။ တက္ကသိုလ်ကျောင်းဆိုတဲ့ နေရာမှာ ကျွန်တော်တို့ဟာ စိတ်မပါ လက်မပါနဲ့ နေပြီး ဒါတွေဟာ ဘ၀အဆက်ဆက် ပြုခဲ့သမျှ အကုသိုလ်တွေအစား ၀ဋ်လာခံနေရသလိုပဲ ထင်ရတော့တယ်။ ပျော်စရာဆိုတာကို အပျက်ဓာတ်ထဲကသာ လိုက်ရှာနေရသလို မကောင်းတာ လုပ်နေရမှပဲ နေပျော်တော့တယ်။ တက္ကသိုလ်ကျောင်းတက်ပြီး မပျော်ဘူးဆိုတာ ပြောရတဲ့ အင်မတန် ရယ်စရာကောင်းတဲ့ခေတ်ပါပဲ။ ကျွန်တော်တို့ ဘာမှ မလုပ်ဖြစ်ခဲ့ကြဘူး။ ကျွန်တော်တို့ အဲဒီအခန်းကို မြန်မြန်ပဲ ကုန်ဆုံးသွားချင်ကြတော့တယ်။

ပိတ်ထားတဲ့တံခါးက တော်တော်နဲ့ကို ပွင့်လာမှာ မဟုတ်တော့ပါဘူး။ ကျွန်တော် ပြန်မြင်မြင်နေရတဲ့ အခန်းဆိုတာကလည်း အဲဒီအခန်းမျိုးပါပဲ။ မှောက်မိုက်လို့ ဘ၀ရဲ့တန်ဖိုး အရှိဆုံးနေ့ရက်တွေကို ကျွန်တော်တို့ ပျင်းရိစွာ ကျော်ဖြတ်နေခဲ့ရတာပေါ့။ အဲဒီပိတ်ထားတဲ့ အခန်းကိုပဲ အခုပြန်မြင်နေမိ။ ကျွန်တော်တို့ အချိန်များစွာ ကုန်လွန်ခဲ့ကြရတာပေါ့။ ကျွန်တော်တို့ တကယ်မရှိဘူးလို့ ထင်ထားတဲ့ သော့တစ်ချောင်းချင်းစီဟာ ကျွန်တော်တို့ လက်ထဲမှာပဲ ရောက်နေတယ်ဆိုတာ အဲဒီတုန်းကတော့ ကျွန်တော်တို့ တကယ်မသိဘူးလေ။ ကျွန်တော်တို့ တစ်ယောက်ချင်းစီ လက်တွေထဲမှာ သော့တွေရှိနေပြီး ရွှေတံခါးကြီးကတော့ ဘယ်တော့မှမပွင့်ခဲ့ဘူး။ အခုတော့ ကျွန်တော်တို့လက်ထဲက သော့တံတွေက သံချေးတွေ တက်နေခဲ့ပါပြီ။