နေညိုညိုအလွမ်း

နေညိုညိုအလွမ်း
Published 13 October 2017

ပြည်တွင်းအထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

သူမ လာမည့်လမ်းဘက်ကို ကျွန်တော် မျှော်ကြည့်နေမိသည်။ သူမကား ရောက်မလာသေး။ ခါတိုင်းသည်အချိန်ဆိုလျှင် သူမ ရောက်လာနေကျဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်ဆင်းချိန်ဖြစ်သော်လည်း သူမ၏ တစ်နေ့တာ အလုပ်မပြီးဆုံးသေးပါက ပြီးဆုံးသည်အထိ လုပ်ရပါသည်။ ထိုကဲ့သို့ အပြန်နောက်ကျသည်မျိုး ရှိတတ်သောကြောင့် ကျွန်တော် သူမအတွက် စိတ်မပူပန်မိပါ။ အချိန်တန်လျှင် သူမ ရောက်လာပေလိမ့်မည်။ သို့သော် သူမ ရောက်မလာမချင်း ကျွန်တော် ဘာမျှကောင်းကောင်း လုပ်၍မရချေ။ စောစောက ဖုန်းလေးထုတ်ကာ ဖွင့်ကြည့်သည်။ ခဏမျှသာ။ စိတ်က Facebook ထဲ၌ မရှိ။ သူမ မလာသေးဘူးဆိုသည့် အသိစိတ်က ကျွန်တော့်ကို နေမထိ ထိုင်မသာ ကသိကအောက်ဖြစ်စေပါသည်။

ကျွန်တော်သည် သူမ မလာမချင်း သူမအကြောင်းကိုသာ တွေးချင်နေမိသည်။ အမှန်တကယ်၌ သူမနှင့် လမ်းခွဲပြီး အိမ်အပြန်မှာလည်း သူမအကြောင်းကိုသာ တွေးဖြစ်သည်က များပါသည်။ သူမက ကျွန်တော့်အပေါ် စိုးမိုးနိုင်လွန်းသည်။ သူမအကြောင်း ကျွန်တော် မတွေးဘဲ မနေနိုင်ပါ။ ထို့ကြောင့် သူမ အကြောင်းကိုပဲ ကျွန်တော် မကြာမကြာ တွေးတောနေမိခြင်း ဖြစ်ပါသည်။ အမှန်ပြောရလျှင် အနည်းငယ်ရယ်စရာ ကောင်းနေပေလိမ့်မည်။ စင်စစ် သူမနှင့် ကျွန်တော် သမီးရည်းစား မဖြစ်ကြသေးပါ။ သူမက ကျွန်တော့်ကို “ချစ်ပါတယ်” ဟု တရားဝင် အတိအလင်း အဖြေမပေးသေးပါ။ သို့သော် ဘာကြောင့်မှန်းမသိ ကျွန်တော်နှင့် သူမ ကြားထဲ၌ ခိုင်မာသည့် သံယောဇဉ်ကြိုးတစ်ချောင်း သေချာစွာ ချည်နှောင်မိနေပြီဟု ကျွန်တော် ယုံကြည်နေမိပါသည်။ သူမနှင့် ခင်မင်ရင်းနှီးလာခဲ့သည့် တစ်နှစ်တာကာလအတွင်း သူမ၏ အကြည့်များ၊ အပြုအမူများ၊ စကားသံများကို ခန့်မှန်းကြည့်ခြင်းအားဖြင့် သူမ၏ ကျွန်တော့်အပေါ် တိမ်းညွှတ်မှု၊ တွယ်တာမှု၊ မြတ်နိုးမှုများကို ကျွန်တော် ကောင်းကောင်း ခံစားနားလည်မိနေပါပြီ။ အချစ်ဟူသည် နှုတ်ခမ်းဖျားမှ ပွင့်အန်ထွက်လာမှ သက်သေပြ၍ ရစကောင်းသည့်အရာဟု ကျွန်တော် မထင်မိချေ။ အမှန်တကယ်၌ သူမနှင့် ကျွန်တော်သည် နှစ်ဦးစလုံး အလိုလို သိနားလည်ပြီးသား ချစ်သူများပင် မဟုတ်ပါလား။

သူမသည် နိုင်ငံခြားသားတစ်ယောက်ပိုင်သည့် အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်ရသော အထည်ချုပ်သမလေး ဖြစ်ပါသည်။ အထည်ချုပ်မှရသည့် လစာကလေးဖြင့် အဖေ၊ အမေနှင့် မောင်လေးတစ်ယောက်ကို ရှာဖွေကျွေးမွေးနေသူလေးဖြစ်သည်။ နံနက်စောစော အလုပ်သွားရန် ကားဂိတ်သို့ ဆွဲခြင်းလေးဆွဲကာ ထွက်လာသော သူမသည် သနပ်ခါးပါးကွက်ကျားလေးနှင့် အလွန်ချစ်စရာကောင်းပါသည်။ သူမ မကြာခဏ ဝတ်လေ့ရှိသော ပါတိတ်ဝမ်းဆက် (အလုပ်ထဲမှ လပေးနှင့် ဝယ်ရသည်ဟု တစ်ခါက သူမ ပြောဖူးသည်) လေးက သူမ ကိုယ်လုံးကျစ်ကျစ်ကလေးနှင့် အချိုးကျကာ လှပသပ်ရပ်လွန်းသည်ဟု ကျွန်တော် ထင်မိသည်။ စက်ရုံသွားရန် လိုင်းကားပေါ် ရောက်သွားလျှင် သူမ ဘေး၌ အနီးကပ် ထိုင်ခွင့်ရသော ကျွန်တော့်အဖို့ တစ်လောကလုံး၌ သူမမှလွဲ၍ ဘာဆိုဘာမျှ စိတ်ဝင်စားစရာ မကောင်းတော့ချေ။ ပေါင်ပေါ်တင်ထားသည့် သူမ၏ လက်ချောင်းလေးများကို မသိမသာ ထိထားချင်နေသည့် ကျွန်တော့်လက်နှင့်ဝေးရာ သူမ ရှောင်ခွာသွား၍ ရသော်လည်း သူမ မျက်နှာကို အနီးကပ်ကြည့်နေသော ကျွန်တော့်မျက်လုံးများနှင့် ဝေးရာကိုတော့ သူမ ရှောင်ခွာနိုင်စွမ်း မရှိတော့ပေ။ တစ်ခါတစ်ရံ နဖူးပေါ် ဝဲကျလာသည့် ဆံနွယ်အချို့ကို ကျွန်တော် ဖူးခနဲ လေနှင့် မှုတ်လိုက်မိသည့်အခါ သူမ ရှက်ပြုံးပြုံးပြီး တစ်ဖက်သို့ လှည့်သွားလေ့ရှိသည်။ ကျွန်တော် မမြင်ရသည့် အရပ်၌ ကွယ်ဝှက်ကာ ပြုံးနေမည့် ကြည်နူးမျက်နှာလေးကို မြင်ယောင်ကြည့်ပြီး ကျွန်တော့်ရင်ထဲ၌ တသိမ့်သိမ့် လှိုက်ဖိုနေမိပါသည်။ ထိုအခါမျိုးမှာ သူမ ကိုယ်လုံးလေးကို အတင်းဆွဲဖက်ပြီး ရင်ခွင်ထဲ သိုဝှက်သိမ်းဆည်းထားချင်သည့်စိတ်ကို ကျွန်တော် ကြိတ်မှိတ် မျိုသိပ်ထားနေရပါသည်။ သို့သော် အဆိုပါ စိတ်ဆန္ဒမှာ ခဏတာလေးသာ ကြာမြင့်ပါသည်။

သူမ အလုပ်လုပ်သည့် စက်ရုံရှေ့ရောက်သောအခါ လက်ပြနှုတ်ဆက်ရင်း ဧရာမသံပန်းတံခါးကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားသည့် သူမကို ငေးကြည့်ရင်း ကျွန်တော် ရင်မောကျန်ရစ်ခဲ့ရပါသည်။ ထိုအခါမျိုး၌ကား သူမ၏ နောက်ကျောလေးကို ကြည့်ရင်း သူမအပေါ် သနားကရုဏာသက်သည့် စိတ်များ တလိပ်လိပ် တက်လာပါတော့သည်။ မဖြစ်စလောက် လစာလေးရရန် မိုးလင်းမှ မိုးချုပ်အထိ တကုပ်ကုပ် စက်ချုပ်နေရရှာသော သူမကို မြင်ယောင်ရင်း ကျွန်တော် ကြေကွဲနေမိသည်။ “အဲဒီအလုပ်ကနေ ထွက်လိုက်ပါတော့” ဟု ဘယ်လိုအသံမျိုးနှင့် ကျွန်တော် ပြောထွက်ရပါမည်နည်း။ သူမ၏ နောက်ကွယ်မှာ သူမကို အားကိုးမှီခိုနေကြသော အဖေ၊ အမေနှင့် မောင်လေး။ တစ်လ တစ်လ ရသမျှ လစာလေးနှင့် တရိပ်ရိပ်တက်နေသည့် ကုန်ဈေးနှုန်းကို အံကြိတ်ကာ ရင်ဆိုင် ဖြေရှင်းနေရသော သူမကို ကြည့်ပြီး ကျွန်တော့် ရင်ထဲမကောင်းလှပါ။ “လစာ တိုးတောင်းဖို့ ညီမတို့ ဆန္ဒမပြကြဘူးလား” ဟု ကျွန်တော် သူမကို ပြောဖူးသည်။ “ဟိုတစ်လောက ဆန္ဒပြဖို့ နာမည်လိုက်ကောက်နေတဲ့ အလုပ်သမား ခေါင်းဆောင်ကို သူဌေးလူယုံက သိသွားပြီး အလုပ်ထုတ်ပစ်လိုက်တယ် အစ်ကို။ အဲဒီကတည်းက ညီမတို့ ဆန္ဒပြဖို့ မစဉ်းစားရဲကြဘူး” ဟု သူမက ပြန်ပြောသည်။ ကျွန်တော် သူမကို ငေးကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

“တကယ်တော့ ညီမက သတ္တိမရှိတာပါ။ အလုပ်ထုတ်ခံရမှာကို ကြောက်နေတာလေ။ အဖေ၊ အမေနဲ့ မောင်လေးမျက်နှာကို ကြည့်ပြီး ဘာမှဆက်မလုပ်ရဲတော့ဘူး အစ်ကို။ အဲဒါ ညီမ မှားလားဟင်”

ကျွန်တော့်ကို မော့ကြည့်ရင်း မေးလိုက်သည့် သူမ မျက်ဝန်း၌ မျက်ရည်စများ ဝေ့သီလျက်။ အော် ညီမလေးရယ်။ ပွင့်အန်ထွက်လုလု စကားလုံးများ ကျွန်တော့် လည်ချောင်းဝ၌ တစ်ဆို့နေကြသည်။ အမှန်တကယ်၌ “ညီမ မမှားပါဘူး” ဟု ကျွန်တော် ပြန်ပြောလိုက်သင့်သည်။ သို့သော် ထိုအခါ “ဒါဆို ဘယ်သူတွေမှားနေကြတာလဲ အစ်ကို” ဟု ပြန်မေးလာမည့် မေးခွန်းကို ကျွန်တော် ကြောက်နေမိသည်။ အဆိုပါမေးခွန်းကို ကျွန်တော် ပြန်မဖြေရဲပါ။ တကယ်တော့ အစ်ကိုလည်း ညီမလိုပဲ သတ္တိမရှိတဲ့ လူတစ်ယောက်ပါ ညီမရယ်။

ကျွန်တော်သည် တစ်ခါတုန်းက သူမနှင့် စကားပြောခဲ့ကြပုံများကို ပြန်ပြောင်းစဉ်းစားရင်း သူမ လာမည့်လမ်းဘက်သို့ မျှော်ကြည့်နေမိသည်။ ခါတိုင်းလာချိန်ထက် နာရီဝက်ခန့် နောက်ကျနေကြောင်း ကျွန်တော့် လက်မှာပတ်ထားသည့် နာရီက ညွှန်ပြနေသည်။ ဒီနေ့ သူမ တော်တော်နောက်ကျတာပဲ။ ဘာလို့ ထွက်မလာသေးတာလဲ။ ကျွန်တော့်ရှေ့မှ နေအလင်းရောင်သည်ပင် သိသိသာသာ မှိန်ဖျော့သွားပြီ။ မကြာခင် နေဝင်တော့မည်။ ပုစွန်ဆီရောင် ကောင်းကင်သည် အစွမ်းကုန် တောက်ပပြီးနောက် တစ်စတစ်စ အရောင်များ ညှိုးမှိန်လာခဲ့ပြီ။ လမ်းမီးများ ဖျတ်ခနဲ ပွင့်လာကြသည်။ ကျွန်တော်သည် ကားမှတ်တိုင်နှင့် မလှမ်းမကမ်း၌ရှိသည့် အုတ်ခုံလေး၌ ထိုင်ရင်း လမ်းသွားလမ်းလာများကို ငေးမောနေမိသည်။ ကျွန်တော်နှင့် မျက်စောင်းထိုးလောက်တွင် ကောင်မလေး နှစ်ယောက်။ ဝတ်ပုံစားပုံကတော့ လန်ပျံထွက်နေတာပဲ။ နှစ်ယောက်စလုံး ဝတ်ထားကြသည့် စကတ်က ပေါင်လယ်အထိ တိုကပ်နေသည်။ မျက်နှာတစ်ပြင်လုံးလည်း ရဲပတောင်းခတ်နေတာပဲ။ လည်ပင်းမှာလည်း ဆွဲကြိုး ပေါင်းစုံက တချွင်ချွင် မြည်နေသည်။ အင်္ကျီ လည်ပင်းဟိုက်ထားလိုက်သည်မှာလည်း ကြည့်မရဲ ရှုမရဲ။ ခဏကြာတော့ Taxi တစ်စီးက ဝေါခနဲ ထိုးရပ်လိုက်သည်။ နှစ်ယောက်စလုံး Taxi ကားပေါ်တက်သွားကြသည်။ ဝူးခနဲ မောင်းထွက်သွားသည့် Taxi ကားကို ငေးရင်း သူမကို ဖျတ်ခနဲ သတိရသွားသည်။ ရိုးသားသန့်စင်ပြီး အပြစ်ကင်းသည့် မျက်နှာလေး။ လောက၏ မာယာများအကြောင်း ဘာဆို ဘာမျှ မသိရှာသေးသည့် သန့်ရှင်း ကြည်လင်နေသည့် ပကတိမျက်နှာလေး။

“အစ်ကို ညီမ သူငယ်ချင်းနှစ်ယောက် အလုပ်ထွက်သွားပြီသိလား”

“ဟုတ်လား ဘာဖြစ်လို့လဲ”

“ဒီလစာနဲ့ မလောက်လို့တဲ့။ လစာကောင်းတဲ့အလုပ် သွားရှာမယ်လို့ ပြောတယ်”

“သူတို့ အလုပ်ရော ရသွားကြပြီလား”

“ခုတော့ ရသွားပြီ။ KTV တစ်ခုမှာတဲ့ အစ်ကို။ ညီမကိုတောင် ခေါ်သေးတယ်”

“ညီမ ဘာပြောလိုက်လဲ”

“ဟင့်အင်း မလုပ်ချင်ဘူးလို့”

ကျွန်တော် သက်ပြင်းပူတစ်ခု မှုတ်ထုတ်လိုက်မိသည်။ ခေါင်းကိုလည်း ခါရမ်းလိုက်မိသည်။ သူမကို ကျွန်တော် ယုံကြည်ပါသည်။ “ဟင့်အင်း မလုပ်ချင်ဘူး” ဟု ပြောစဉ်က ပကတိ အပြစ်ကင်းစင် ရိုးသားနေသည့် မျက်နှာလေးကို မြင်ယောင်နေမိသည်။ သို့သော် ထိုမျက်နှာလေးနှင့် တစ်ဆက်တည်း သူမ အဖေ၊ အမေနှင့် မောင် ဖြစ်သူတို့၏ မျက်နှာများကိုပါ မြင်ယောင်သွားသည့်အခါ ကျွန်တော် ငိုင်တွေသွားသည်။ သူမ လာလမ်းကို ငေးမျှော်နေသည့် ကျွန်တော့် မျက်လုံးတွေ ရီဝေနေသည်။ အခုအချိန် သူမ လျှောက်လာခဲ့လျှင် ကျွန်တော် သေချာမြင်ရပါ့မလား။ သူမနှင့် ကျွန်တော့်ကြားမှာ အမှောင်ထုတစ်ခု ပိုင်းခြားထားသကဲ့သို့ ခံစားနေရသည်။ ကျွန်တော် သူမကို ယုံကြည်ပါသည်။ သို့သော် သူမနှင့် ကျွန်တော့်ကြား၌ ခံနေသည့် ကံကြမ္မာအမှောင်ထုကိုတော့ ကျွန်တော် မယုံကြည်ပါ။

Most Read

Most Recent