ဆူး

ဆူး
Published 12 October 2017

ရန်ကုန်မြို့တွင်းရှိ ပန်းခြံတစ်ခုတွင် လေလွင့်ကလေးငယ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဆရာကြီး ရွှေဥဒေါင်းက သူ့ရဲ့ “ဘ၀ တစ်သက်တာမှတ်တမ်း” စာအုပ်ထဲမှာ သူငယ်စဉ်က သူ့ရဲ့သခင်က အများသွားလာနေတဲ့ လူမြင်ကွင်းမှာ သူ့ကိုပုဆိုးအင်္ကျီချွတ်ပြီး ကိုယ်လုံးတီးနဲ့ အပြစ်ပေးတာကိုခံရပြီးတဲ့နောက် သူ့ရဲ့ကိုယ်မှာ ဆူးကလေးတစ်ချောင်း ပေါက်လာခဲ့ရတဲ့အကြောင်း ရေးခဲ့ဖူးပါတယ်။

အမှန်ပြောရရင် အသက်အရွယ်အားဖြင့် နုနယ်လှသေးတဲ့ ကလေးဘဝမှာ တွေ့ကြုံခဲ့ရတဲ့ လောကဓံတရားတွေကို ခံနိုင်ရည်ရှိပြီး မေ့ဖျောက်ပစ်နိုင်တဲ့သူဆိုတာ အလွန်ရှားပါတယ်။ အသက်ကြီးမှ တွေ့ကြုံရတဲ့ လောကဓံတရားတွေကိုသာ တရားနဲ့ဖြေပြီး ပယ်နိုင်ကြတာပါ။ ဒါတောင် တချို့လုံးလုံး မပယ်နိုင်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တချို့ငယ်ငယ်က စိတ်ထဲမှာ အနာတရဖြစ်ခဲ့ရတဲ့ ကိစ္စတွေကို မကြာခဏဆိုသလို သတိရမိတတ်ပါတယ်။ သတိရတိုင်းလည်း စိတ်ထဲမှာ အတော်ပဲညှိုးညှိုးငယ်ငယ် ဖြစ်မိပါတယ်။ ဒါပေမဲ့ ညှိုးငယ်ရုံ ညှိုးငယ်တာမို့ တော်ပါသေးရဲ့လို့ ပြောရမှာပါပဲ။ တကယ်လို့ ဒီအငုံ့စိတ်ကိုသာ မဖြေနိုင်ရင် လူကောင်းတစ်ယောက်ဖြစ်ဖို့တောင် မလွယ်ပါဘူး။

ဒါနဲ့ပတ်သက်လို့ တစ်ရက်က နိုင်ငံခြား ရုပ်ရှင်ကားလေးတစ်ကားကြည့်တော့ ဇာတ်လမ်းထဲမှာ ကလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတာ သူ့ခမျာ ကျောင်းမှာလည်း ကျောင်းသားချင်းနှိပ်စက်တာခံရ၊ အိမ်မှာလဲ မိဘနဲ့ အဆင်မပြေသည့် ကလေးနေရာက ကြည့်ပြီး စိတ်ထဲမကောင်းလိုက်တာလေ။ သူ့ခမျာ နှလုံးသားထဲမှာ ဘယ်လောက်များ ဆူးတွေပေါက်နေလိုက်မလဲပေါ့။ တကယ်တော့ ဒီကနေ့ လမ်းတွေပေါ်မှာ ပေတေလေလွင့်ပြီး လောကကို အကောင်းမမြင်၊ ဆိုးမိုက်နေတဲ့ကလေးတွေ တဖြည်းဖြည်း များလာရတာ ဘာကြောင့်လဲလို့ တွေးကြည့်ရင် ဒီကလေးတွေရဲ့ နှလုံးသားထဲမှာ ဆူးတွေပေါက်နေလို့ ဒီဆူးတွေပေါက်နေမှန်း ဘယ်သူကမှလည်းမသိ နုတ်ပေးဖို့လည်း မစဉ်းစားကြတော့ သူတို့က အဲဒီဆူးကလေးတွေနဲ့ သူတို့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ထိုးနေကြတာပဲလို့ တွေးမိပါတယ်။

ဒီဆူးလေးတွေဟာ ဒါလောက်ပဲ ကြောက်စရာကောင်းသလားလို့မေးရင် အာဏာရှင် “ဟစ်တလာ” အကြောင်းကိုသွားပြီး သတိရမိတယ်။ တကယ်တော့ “ဟစ်တလာ” ငယ်စဉ်က ဒါလောက်ဆိုးတဲ့ လူဆိုးကလေး တစ်ယောက် ဟုတ်ဟန်မတူပါဘူး။ ဒါပေမဲ့ သူနဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လိုက်ရတဲ့လောကဓံက သူ့ကို လူဆိုးတစ်ယောက်ဖြစ်အောင် လမ်းကြောင်းပြောင်းလိုက်ပုံရပါရဲ့။ ဒီအထဲ သူ့ကိုယ်မှာ အကြီးဆုံးပေါက်လိုက်တဲ့ဆူးက ဂျူးလူမျိုးတစ်ယောက်ကြောင့် ဖြစ်သွားရတာမို့ ဂျူးတွေ ကံဆိုးသွားခဲ့ရတာပါပဲ။

‘ဟစ်တလာ’ ကိုယ်တိုင်ကလည်း ဒီဆူးကို အနုတ်ခဲ့နိုင်သည့်ကြားထဲ သူ့မှာ အလွန်ကြီးမားတဲ့ သြဇာအာဏာကလည်း ရှိသွားတော့ တစ်ကမ္ဘာလုံး “ဟစ်တလာ” ထိုးတဲ့ဆူးဒဏ်ကြောင့် လူပေါင်းသန်းနဲ့ချီပြီး သေကျေပျက်စီးခဲ့ရတော့တာပါပဲ။
ပြောရရင် ငယ်စဉ်မှာတော့ လူတိုင်းတစ်နည်းမဟုတ်တစ်နည်း ဆူးပေါက်စူးကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ တချို့ဆူးကလေးတွေက ဆူးကြမ်းကြီးတွေ ဖြစ်မလာဘဲ နူနူကလေးနဲ့ ပျော့ပျော့ကလေးတွေဖြစ်နေလို့သာ သူတို့ထိုးတဲ့ဆူးတွေက ပတ်ဝန်းကျင်ကို ထင်သလောက် မနာတာပါ။ ဒီလိုမဟုတ်ဘဲ ဆူးကြမ်းကြီးတွေ ဖြစ်လာရင်တော့ သေချာပါတယ်။ နာအောင်ထိုးတော့မှာပါ။

ဒီနေရာမှာ ကလေးတွေ ဆူးပေါက်ပုံကလည်း အမျိုးမျိုးရှိသေးတယ်။ တချို့က သူငယ်ချင်း အပေါင်းအသင်းတွေကြောင့်၊ တချို့လည်း ဆရာ ဆရာမကြောင့်၊ မိဘကြောင့်၊ တချို့လည်း ပတ်ဝန်းကျင်ကြောင့် ဆူးလေးတွေ ပေါက်တတ်တော့ ကိုယ့်သားသမီးပဲဖြစ်ဖြစ် ကိုယ့်သားသမီးမဟုတ်တဲ့ ပတ်ဝန်းကျင်က ကလေးတွေကိုပဲဖြစ်ဖြစ် သတိထားပြီး ကြည့်ရတယ်။ ကျွန်တော်ဆို ကျွန်တော့်အိမ်မှာ လမ်းထဲက ကလေးတွေ အတော်များများလာပြီး ဆော့ကြတော့ အချင်းချင်း သင့်သင့်မြတ်မြတ် ဆော့တတ်အောင် နည်းလမ်းတကျ ဆော့တတ်အောင် သင်ပေးရတဲ့အပြင် အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်အောင်လည်း သင်ပေးရတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကလေးတစ်ယောက်က ကျွန်တော်သင်ပေးထားတဲ့အတိုင်း ကျောင်းမှာ မုန့်စားပြီး အမှိုက်ပုံးထဲကို အမှိုက်သွားပစ်တော့ သူ့ သူငယ်ချင်းတွေက ဝိုင်းရယ်ကြသတဲ့။ ဒီတော့ ဆူးပေါက်ပြီး ပြန်လာတယ်။ အမှန်ဆို သူက ကောင်းတာလုပ်တာပဲဆိုပေမယ့် အများက ကျောင်းမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်နေကြတာဆိုတော့ သူက အပိုလုပ်နေသလိုပဲလို့ ဝိုင်းရယ်တာကို ခံလိုက်ရတာပေါ့။ ဒါကို ဆရာ၊ ဆရာမတွေက တင်းတင်းကျပ်ကျပ် သင်ပေးသင့်တယ်။ ဒီလိုလုပ်မှလည်း ဒီကလေးတွေ စည်းကမ်းရှိပေတော့မပေါ့။ ခုတော့ ကောင်းတာ လုပ်ပါလျက်နဲ့ ခမျာ ဆူးပေါက်သွားရရှာတယ်။

ကျွန်တော့်သား ဆူးပေါက်ရပုံကလည်း တစ်မျိုး။ သူ့ခမျာ ခင်ခင်မင်မင်ပေါင်းရတဲ့ သူငယ်ချင်းရယ်လို့ကို မရှိဘူး။ အတန်းငယ်စဉ်မှာပေါင်းလာတဲ့ သူငယ်ချင်းတွေကလည်း အတန်းကြီးလာတော့ သူ့ကို ခပ်ခွဲခွဲ ဆက်ဆံတာခံရတယ်။ ဒါကတော့ သူတို့မှာလည်း သူတို့စိတ်နဲ့ သူတို့ကိုယ် ခင်ချင်မှလည်း ခင်ပေါ့လို့တွေးရင် ရနိုင်ပါသေးတယ်။ ဒါပေမဲ့ အဲဒီသူငယ်ချင်းတွေကပဲ သူ့ကိုမနှစ်မြို့သလို စကားဆိုတာ၊ သူ့ကို ကွယ်ရာမှာ မကောင်းပြောတာတွေ ကြုံလာရတော့ သူ့ခမျာ အတော်ပဲခံနိုင်ရည်မဲ့သလို ဖြစ်သွားရရှာတယ်။ ပြောရရင် ဆူးပေါက်ချင်သလိုလို ဖြစ်လာရတာပေါ့။

ကျွန်တော်တို့လည်း ဒါကို အစက မသိဘူး။ သူကလည်း မပြောဘူး။ ဒါပေမဲ့ နောက်ပိုင်း ရိပ်စားမိလာတော့ သားမသိအောင် မေးရမြန်းရ၊ စုံစမ်းရတော့တာပေါ့။ ဒီတော့လည်း သူ့ဆရာ၊ ဆရာမတွေ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့လူကြီးတွေက စာလည်းတော်ကြောင်း၊ အနေအထိုင်လည်းတတ်ကြောင်း၊ ဘာမှ အမှားအယွင်းမရှိကြောင်း အမှန်အတိုင်းပဲ ပြောပြကြပါတယ်။ အမှန်လည်းသားက စာတော်ပါတယ်။ အဆင့်တွေလည်း ကောင်းပါတယ်။ တစ်ခုပဲ သူ့သူငယ်ချင်းတွေက သူ့ကို ဘာလို့မနှစ်မြို့ကြတာလဲ၊ သူ့ဘက်က ဘာချွတ်ယွင်းချက်ရှိလို့လဲ။ ဒါတော့ စဉ်းစားလို့ မရဘူး။ ဒါကြောင့် ဒီကိစ္စကိုမတွေးဘဲ ထားလိုက်ရတယ်။

ဖြစ်ချင်တော့ တစ်နေ့ အရင်က သားနဲ့ အရမ်းခင်တဲ့သူငယ်ချင်းရဲ့မိဘနဲ့ လမ်းမှာတွေ့တော့ “အို ရှင့်သားက အရမ်းတော်တာ အိမ်ကကောင်ကတော့ ဖျက်လုပ်ထားတဲ့အရုပ်လိုပဲ။ ဘာမှကို သုံးမရတာ။ ဒါနဲ့ နေ့တိုင်း ရှင့်သားတော်ပုံ၊ တတ်ပုံ၊ လိမ္မာပုံတွေကို ပြောပြီး နှိမ်ထားရတယ်” လို့ ပြောတော့မှ လက်စသတ်တော့ မိဘတွေက ကိုယ့်သားသမီး လိမ္မာစေချင်တာကို နည်းမှန်၊ လမ်းမှန်နဲ့ ကောင်းကောင်းမွန်မွန် မဆုံးမဘဲ ကျွန်တော့် သားနဲ့ယှဉ်ပြီး နှိမ်ပြောပြောနေတော့ ကြာတဲ့အခါ ကလေးတွေရဲ့စိတ်ထဲမှာ အင်မတန်ခင်တဲ့ သူငယ်ချင်းဖြစ်ပေမဲ့ ဒီကောင်ကြောင့် ငါအပြောခံရတာလို့တွေးပြီး စိတ်ထဲမှာ အချဉ်ပေါက်လာတော့တာကို။ ဒီလိုနဲ့ပဲ သားခမျာ ဘုမသိဘမသိ မဆီမဆိုင် သူငယ်ချင်းတွေရဲ့ အမုန်းတော်ခံဘ၀ ရောက်သွားရတော့တာပါပဲလို့ တွေးမိပြီး ကျွန်တော့်စိတ်ထဲ အတော်မကောင်း ဖြစ်သွားရတယ်။

တကယ်တော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ငယ်ငယ်ကလည်း မိဘတွေက ကျွန်တော်တို့ကို ဆုံးမတဲ့အခါ “နင်တို့ အဲဒီကလေးလောက်တောင် အသုံးမကျဘူး။ နောက်ကို သူ့ေ-ျး နင့်ကိုကျွေးမယ်” ဘာညာနဲ့စသဖြင့် ပြောတဲ့အခါ လမ်းမှာ အဲဒီကောင်ကိုတွေ့ရင် သိပ်ပြီးကြည့်မရသလို ဖြစ်ခဲ့ဖူးတာ ပြန်ပြီးသတိရမိတယ်။ ခုအချိန်ပြန်စဉ်းစားတော့ နေ့စဉ်နဲ့အမျှ ပြောနေတာလည်းမဟုတ်၊ ရံဖန်ရံခါ စိတ်အခန့်မသင့်လို့ ပြောတာပဲလို့တွေးပြီး စိတ်ကိုဖြေနိုင်ပါတယ်။

ဒါပေမဲ့ ကလေးသာသာပဲ ရှိသေးတဲ့သား ခမျာတော့ ဘယ်မှာခုအချိန်ဖြေနိုင်ပါ့မလဲ။ ဒီတော့ တဖြည်းဖြည်းနဲ့ အပေါင်းအသင်း ပေါင်းရမှာကို သူ့ခမျာကြောက်နေရှာတယ်။ ဘယ်သူ့ကိုမှ ရဲရဲမခင်ရဲတော့ဘူး။ ဘယ်ခင်ရဲပါ့မလဲ။ သူနဲ့ခင်တဲ့သူငယ်ချင်းတွေရဲ့မိဘတိုင်းက သူနဲ့နှိုင်းပြီး ဆုံးမတိုင်း သူ့ခမျာ အမုန်းခံနေရတယ်ဆိုတာ သိမှမသိရှာပဲကိုး။ နောက်တော့ သူ့ကိုပြောပြရတယ်။ ဒီတော့လဲ ကလေးဆိုတော့ ဘယ်မှာလွယ်လွယ် လက်ခံချင်ပါ့မလဲ။ လက်ခံချင်တာတောင်မှ မယုံမရဲနဲ့။ နောက်ပိုင်းမှာတော့ သူလည်း သူ့ဘာသာသူ စဉ်းစားတတ်လာတယ် ထင်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘဲ နေတတ်လာတယ် တော်ပါသေးရဲ့။

ပြောရရင် ဆူးဆိုတာ မပေါက်တာ အကောင်းဆုံးပဲ။ ပေါက်လာရင်လည်း ငယ်နုစဉ်မှာ နုတ်ပစ်နိုင်အောင် ကြိုးစား။ ဆူးကြမ်းကြီး ဖြစ်လာရင်တော့ ပေါက်တဲ့သူတင်မကဘူး သူ့ပတ်ဝန်းကျင်မှာပါ အန္တရာယ်ရှိနိုင်တယ်ဆိုတာ လူတိုင်းကြိုပြီး တွေးတတ်ကြဖို့ လိုမယ်ထင်မိပါတယ်။

Most Read

Most Recent