ဘုန်း, ဘုရား သုံးရာတစ်ဆယ့်ငါး

အထက်ချင်းတွင်းဒေသတွင် ရှမ်းရိုးရာဓလေ့ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းတစ်ထောင် ကပ်လှူပွဲတစ်ခုမြင်ကွင်း (ဓာတ်ပုံ-အောင်သူထွန်း)

ဒီနှစ် သီတင်းကျွတ်လပြည့်မှာ ရုံးပိတ်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေပါကြုံသွားလို့ မွေးရပ်ဇာတိပြန်သူများ၊ တန်ခိုးကြီးဘုရားဖူးရန် ထွက်သူများရဲ့ကားတွေနဲ့ ဟိုင်းဝေးလမ်းမများပေါ် ကားများစွာပိတ်နေတာတွေ၊ ကျိုက်ထီးရိုးဘုရားရင်ပြင်၊ တောင်တက်လမ်းပေါ်မှာ လူတွေနဲ့ပြည့်ကျပ်နေတာတွေကို လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

မြန်မာလူမျိုးတို့ကား ဇာတိချစ်စိတ် ပြင်းထန်ကြတော့ ဘ၀ပေးအခြေအနေတွေကြောင့် ရေကြည်ရာမြက်နုရာဆိုသလို ထိုထိုမြို့ရွာ၊ ထိုထိုတိုင်းနိုင်ငံတွေမှာ စီးပွားရှာ နေထိုင်ကြရပေမဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်နဲ့ ဇာတိရွာဘုရားပွဲတို့လို အချိန်မျိုးတွေမှာတော့ ဇာတိရွာတွေကို ပြန်ပြီးအလွမ်းဖြေတတ်ကြပါရဲ့။ ရပ်ဆွေရပ်မျိုး၊ ဒေသအစားအစာတွေနဲ့ ပန်းသမျှ၊ နွမ်းသမျှ၊ လွမ်းသမျှတွေကို အတိုးချဖြေကြရတယ်။ အားသစ်မွေးကြရတယ်။ ဖုန်းတွေပေါလာတဲ့ခေတ်ဆိုတော့ အနေတွေဝေးကြပေမဲ့ အလှမ်းတွေတော့ မဝေးကြဘူးရယ်ပေါ့။

ရန်ကုန်ရောက်နေကြတဲ့ ကျုပ်ရဲ့ဇာတိ ညောင်စာရေး ရွာသူရွာသားတွေလည်း ဒီရက်မှာ ပြန်ကြလေရဲ့။ ရွာဘုရားတွေမှာ ဆွမ်းတော်ကြီးကပ်ဖို့၊ ပ၀ါရဏာလောင်းဖို့ပေါ့။ ကျေးလက်တောရွာတွေ အများစုက တစ်ရွာတစ်ကျောင်း၊ နှစ်ကျောင်းမျှသာရှိကြတော့ ထေရ်ကြီးဝါကြီး သီတင်းသုံးတဲ့ကျောင်း သို့မဟုတ် ရှေးအစဉ်အလာအရ သီတင်းကျွတ်လပြည့်မှာ ပ၀ါရဏာပြုတဲ့ကျောင်းမှာစုကြပြီး ပ၀ါရဏာပြုကြတယ်။ ရပ်ကျေးဂေါစရဂါမ်အလိုက် ပ၀ါရဏာဂိုဏ်းဆိုတာ ရွာတွေ၊ နယ်မြို့တွေမှာတော့ ရှိကြတယ်။

အဲဒီအချိန်မှာမှ သံဃာ ၅၀၊ ၆၀ဆိုတာ ရွာတွေမှာ ဖူးကြရတယ်ဆိုတော့ ပ၀ါရဏာပြုပြီး သိမ်အထွက်မှာ ရဟန်းခံသိမ်ဆင်း လောင်းလှူသလိုမျိုး သံဃာများကို လှူဖွယ်တွေ လောင်းလှူကြတယ်။ ဒါကို ပ၀ါရဏာလောင်းတယ်လို့ ခေါ်ဆိုပါတယ်။

ကျုပ်တို့ရွာမှာက ဒီအချိန် အလုပ်မသီကြသေး။ သူများနွား အငှားကျောင်းသူ နေ့လယ်ထမင်းစားပြီးချိန် ရွာအနောက်ပိုင်းအိမ်ကစလို့ အိမ်တိုင်းက ရွာလမ်းမပေါ် နွားတွေလွှတ်ပေးလိုက်တယ်။ နွားကျောင်းသားက နွားတွေအားလုံးကို ကြိမ်ပြမောင်းပြီး စားကျက်သို့ ဆောင်သွားတယ်။ ညနေချိန်မှာ နွားတွေကို ရွာထဲ ပြန်သွင်းလာတယ်။ အစာလည်းဝ၊ ကိုယ့်အိမ်လည်းပြန်ဆိုတော့ နွားတွေ အတော်မြူးလာကြတယ်။ နွားမနောက် အတင်းလိုက်တဲ့ နွားသိုးတွေကို နွားကျောင်းသားခမျာ ကြိမ်ဝင့်ခြောက်ကာလှန့်ကာနဲ့ အတော်ထိန်းရတယ်။ နွားရိုင်းသွင်းချိန်မို့ ကလေးတွေ လမ်းမပေါ်မထွက်ကြရဘူးရယ်။

တောင်သူလယ်သမားဆိုတာ နွားနဲ့ဒိုး တူပေါင်ဖက် ရုန်းကန်ကြရသူတွေဖြစ်လို့ မိမိနွားကို အလွန်ချစ်ခင်ကြတာကလား။ စားကျက်မှာ နွားတွေ မြက်နုစိမ်းနဲ့ ရေကန်မှာ ရေအေးအေးသောက်စေချင်ကြတယ်။ နွားတွေ ၀ဖီးနေရင် ကိုယ့်နွားကို တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေကြတယ်။ ကိုယ်တိုင်လည်း မနက်တစ်ထမ်း၊ ညနေတစ်ထမ်း မြက်ရိတ်ကျွေးသေးတာ။ နွေမှာကောက်ရိုးခြောက်သာ စားကြရတော့မှာမို့ မြက်စိမ်းစိမ်းရှိနေသေးတဲ့အချိန်မှာ အားရအောင်ကျွေးကြတယ်။ နွားကျောင်းသားနဲ့ ကျောင်းစေတာကတော့ သူများလယ်တွေထဲ ၀င်စားမှာစိုးလို့ပါ။

ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုမှဖြင့် ၀ါဦးမှာ စိုက်ပျိုးထားတဲ့ ကောက်ပင်တွေကလည်း ၀တ်ရည်တည်ရန် အစပျိုးလို့ ကောက်ပင်များ သန်မာထွားကျိုင်းလို့၊ ရွာတွေရဲ့ ၀န်းကျင်တစ်ခိုမှာ စိမ်းရောင်စိုတဲ့အချိန်၊ တစ်တီတူးသံ၊ ဖားပုရစ်သံ၊ ပုစဉ်းရင်ကွဲသံတွေကလည်း တစာစာနဲ့ဝေစီလို့။ ဒါတွေကတော့ စိမ်းစိုလတ်ဆတ်တဲ့ ကျေးလက်ရနံ့တို့ သင်းမြမြ အခါသမယရယ်ပေါ့။

ကောက်ပင်ရိပ်မှာ ခိုနေတဲ့ လယ်ကြားငါးတွေလည်း ကန်သင်းကျိုးအောင်ရွာချတဲ့ မိုးနှောင်းမိုးကြောင့် လယ်သမားတို့ လယ်ကြား ငါးအလွန်ရတဲ့အချိန်။ ရာသီလည်း တုံးချိန်ဖြစ်လို့ ငါးခူကို ငါးခူငါးပိကောင်၊ ငါးရံ့ကို ဆားပေါ့ငါးရံ့ခြောက်လုပ်ကြပြီး ဆောင်းရာသီအတွက် ဟင်းစားလုပ်ထား ကြရပါတယ်။

ဘုန်း, ဘုရား, သုံးရာတစ်ဆယ့်ငါး

ဒီရာသီမှာ ဇာတိရွာညောင်စာရေးကထိန်ကို အမှတ်ရပါတယ်။ ကျုပ်ကိုရင်ဘ၀ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ရွာထဲက ဒကာကြီးတွေ ရွာဘုံကထိန်ခင်းရန် ကျောင်းမှာစည်းဝေးကြမြဲ။ ရွာသူကြီးလည်းဖြစ်၊ ဂေါပကဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်ရွှင်က စည်းဝေးပွဲစလိုက်တာနဲ့ ‘ဘုန်း, ဘုရား, သုံးရာတစ်ဆယ့်ငါး’ ဆိုတဲ့ စကားက အမြဲစပါတယ်။

ဘုန်းကြီးအပါး ၃၀ အတွက် တစ်ပါးလျှင် လှူငွေ ၁၀ ကျပ်စီ ၃၀၀ ကျပ်၊ ဘုရားပွဲအတွက် ၁၅ ကျပ်ကို အတိုချုပ်ပြီး ‘ဘုန်း, ဘုရား, သုံးရာတစ်ဆယ့်ငါး’ လို့ ဘုန်းကြီးလှူရန်ကို အရင်ပြောတာပါ။ နောက်မှ ဆွမ်းကွမ်းဧည့်ခံစတဲ့ ကုန်ကျမည့်ငွေများကို တွက်ချက်ပြီး အပိုင်းလိုက် အလှူငွေခွဲပါတယ်။ ထိုခေတ်က ဘုန်းကြီးတစ်ပါး ၁၀ ကျပ်လှူရန်ဟာ ကျုပ်တို့အရပ်တွေမှာတော့ အများဆုံးလှူရန်ပါ။ ဒီကနေ့ ခေတ်နဲ့တော့ အတော်ကွာသွားပြီပေါ့။

လူကြီးတွေ ဘုန်းကြီးကျောင်းမှာ စုပေါင်းကထိန်ခင်းရန် တိုင်ပင်နေချိန်မှာ ရွာထဲမှာလည်း လူငယ်တွေပြဇာတ်ကရန် တိုင်ပင်နေကြလေရဲ့။ ရွာကြီးဆိုတော့ ရပ်ကွက်အလိုက် အရပ်ပြဇာတ်က သုံး၊ လေးညတော့ ကကြတယ်။ အရပ်ပြဇာတ်ကဖို့ ပြည်မြို့က မင်းသမီးငှားကြရတယ်။ အဲဒီခေတ်က မင်းသမီးကို ၇၅ ကျပ်၊ ကျပ် ၁၀၀ လောက် ပေးရတယ်။ ဘုန်းကြီးလှူတဲ့ ၁၀ ကျပ်ထက် သာတယ်နော်။ ဒါတောင် မင်းသမီးက တစ်ရက် ကြိုလာပြီး ဖိုင်နယ်ပြဇာတ်တိုက်ရုံမျှနဲ့နောက် ညမှာတော့ ပြဇာတ်ကကြတော့တာ။ မင်းသမီးကို လှည်းနဲ့ကြိုချင်တဲ့ကာလသား၊ အိမ်မှာထားချင်တဲ့သူ လုနေကြရတယ်။

ဆိုင်းငှားတာ၊ ကန့်လန့်ကာငှားတာတွေက အနည်းဆုံးတစ်ရပ်ကွက်ကို ပြဇာတ်ကနိုင်ဖို့ ၁၀၀၀ လောက်ကုန်ကျတယ်။ ဇာတ်စင်ကတော့ ကျောင်းရှိတဲ့သစ်ဝါးနဲ့ပဲ ဆောက်ကြပါတယ်။ မင်းသမီးကို ဖက်မယ့်မင်းသားလုပ်မယ့်သူ။ လူဆိုးအဖြစ်နဲ့ မင်းသမီးကို ဆွဲမယ့်သူတွေက ကျပ် ၅၀၊ ၇၅ ကျပ် ထည့်ဝင်ကြရပါတယ်။ ကျန်တဲ့ ပြဇာတ်ထဲပါဝင်ချင်သူတွေက မျှထည့်ကြပေါ့။

နေ့လယ်ပိုင်း အသီးသီး အလုပ်လုပ်ကြ၊ ညဆိုရင် သီချင်းရေးကြ၊ ဇာတ်ညွန်းရေးကြ၊ ပြဇာတ်တိုက်ကြနဲ့ အလုပ်ကိုရှုပ်လို့။ နီးလာတာနဲ့အမျှ ပြဇာတ်ကို လူသိမှာစိုးလို့ ပုန်းလျှိုးကွယ်လျှိုး ပြဇာတ်တိုက်ကြရတယ်။ ရိုးသွားမှာ စိုးကြလို့ပါ။ ကျောင်းနားမှာ ကိုးတိုးမောင်တို့၊ ပန်းတင်ရွာက နှဲစိန်မောင်တို့ဆို အဲဒီအချိန်ကစလို့ ဆိုင်းသံ နှဲသံပေးနေကြပြီ။ ထိုခေတ်က ပျော်စရာ ဖျော်ဖြေရေးအင်တာတိန်းမင့်မရှိတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုပေမဲ့ ရွာလုံးကျွတ်၊ နယ်လုံးကျွတ် ကြည့်ရှုအားပေးကြပါတယ်။

သူ့ခေတ်သူ့အခါ မြန်မာတို့ရဲ့ ရိုးရာဘ၀ ကျေးလက်အလှတွေရယ်ပါ။ လွမ်းလောက်စရာတွေပေါ့။ အခုတော့ ရွာဘုံကထိန်၊ ရွာပြဇာတ်တွေ ကမယ့်သူတွေ မရှိကြတော့။

ရေကြည်ရာမြက်နုရာသို့

အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကိုယ့်ရွာကိုယ့်ဒေသကို ရေကြည်အောင် မြက်နုအောင် မစွမ်းနိုင်ကြတော့။ ရေကြည်ရာ မြက်နုရာကို ၀မ်းရေးအတွက် သွားရောက် လုပ်ကိုင်နေကြရပြီမို့ ရွာတိုင်းရွာတိုင်း လူငယ်တွေမရှိကြတော့။

ဒီ့အရင်နှစ်များက ထားဝယ်ဘက် တရားဟောကြွရပါတယ်။ ရွာတွေမှာ လူကြီးတွေနဲ့ ကလေးငယ်တွေပဲ တွေ့ရလို့ မေးကြည့်လိုက်တော့..

“တစ်ဖက်နိုင်ငံ အလုပ်သွားလုပ်ကြရတယ်ဘုရား။ မီးဖွားရန်၊ သားရှင်ပြုရန်၊ သီတင်းကျွတ်အခါရက်၊ ရွာကထိန်၊ ရွာဘုရားပွဲ၊ သင်္ကြန်တို့လိုကျမှ ပြန်လာကြတယ်ဘုရား” တဲ့။

အဲဒီတုန်းက ကျုပ်မှာ ထူးဆန်းအံ့သြရပါတယ်။ ကျုပ်က စာသင်တိုက်မှာ စာသာချနေသူဆိုတော့ အရာခပ်သိမ်း ဥာဏ်မမီနိုင်ခဲ့ဘူးလေ။ တစ်မျိုးကြီးပါလားပေါ့။

ဟော အခုလို နှစ် ၂၀၊ ၂၅ နှစ်ကြာလာတော့မှ ကျုပ်ရွာတွေအပါအ၀င် တစ်နိုင်ငံလုံးက လူငယ်အမျိုးသား အမျိုးသမီးတွေပါ ဇာတိရပ်ရွာတွေမှာ ရှိမနေကြတော့တာ သိသိသာသာကြီး ဖြစ်လာပါတယ်။ ဇာတိရွာပြန်ရင် နေ့ခင်းနေ့လယ်ဆို တစ်ရွာလုံးကို တိတ်ဆိတ်လို့။ ညနေကျပြန်တော့လည်း ခြင်းခတ်ကြမည့်၊ ဘော်လီဘောပုတ်ကြမည့်၊ ရေခပ်ကြမည့်သူ မရှိနဲ့။ လူကြီးတွေနဲ့ ကလေးအရွယ်ကျောင်းသားတွေသာ ရွာတွေမှာ အများအားဖြင့် ရှိနေကြတာကလား။ ရွာဓလေ့အခြေတွေ ယွင်းခဲ့ပါပြီ။

ဟိုနေ့က ဒီဘိတ်အစီအစဉ်တစ်ခုမှာ အနောက်တံခါးနဲ့ပတ်သက်ပြီး ဒေသနေသူတွေ အလုပ်အကိုင် အခွင့်အလမ်းပေါများဖို့ဆိုတဲ့ ပြောသံကြားလိုက်ရတယ်။

ကျုပ်တို့ရွာတွေမှာလည်း အခုတိုင် လယ်နဲ့ကိုင်း (မြေနုကျွန်း) ပဲ လုပ်ကိုင်စားသောက်နေကြရတာ။ မြန်မာရှင်ဘုရင်များလက်ထက်ကစလို့ ၀င်ငွေတိုးရန် ဘာမျှထူးမလာ။ လယ်ကရတဲ့ စပါး၊ ကိုင်းကရတဲ့ မြေပဲရောင်းချ။ ဒါပဲပေါ့။ အလုပ်အကိုင် လုပ်ကွက်ကသာ မတိုးတာ။ သုံးစရာ ကုန်စရာတွေက တိုးတိုးလာတယ်။

ဟိုတစ်နေ့က အမေဖုန်းဆက်လာတယ်။ ဦးဇင်းရေ ရွာမှာမီးရပြီတဲ့။

အမေတို့ မီတာခတွေ ကုန်ကြဦးမှာပေါ့ ပြောတော့ ဘယ်တတ်နိုင်မလဲတဲ့။ ကျုပ်အမေ အသက် ၈၆ နှစ်ရောက်ပါမှ ဟန်းဖုန်းနဲ့။ အခုဆို လျှပ်စစ်မီးနဲ့ ခေတ်တော့မီလာပါရဲ့၊ ကုန်ကျစရိတ်က တက်လာတယ်။ မီးကလည်း စုဆောင်းပြီး ကိုယ်ထူကိုယ်ထရယ်ပါ။ ကျုပ်တောင် ထရန်စဖော်မာအတွက် သိန်း ၂၀ ကုသိုလ်ပါဝင်ရသေး။ သို့သော် အခြားဝင်ငွေရလမ်းက လယ်နဲ့ကိုင်းကလွဲလို့ ဘယ်ရှိမှာတုံး။ ဟိုတုန်းကအတိုင်း ဒါဒါပဲဆိုတော့ ခေတ်လူငယ်တွေ ရွာကနေထွက်ခွာကြတာကို အပြစ်ရယ်လို့ မဆိုသာ။

“ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်။ ဗျိုင်းဘာကြောင့် နားရတယ်၊ ငါးပေါ်လို့ နားရတယ်။ ငါး ဘာကြောင့် ပေါ်ရတယ်၊ ကျွဲလူးလို့ ပေါ်ရတယ်။ ကျွဲ ဘာကြောင့် လူးရတယ်၊ ဖြုတ်ကိုက်လို့ လူးရတယ်။ ဖြုတ်ဘာကြောင့် ကိုက်ရတယ်၊ မိုးရွာလို့ ကိုက်ရတယ်။ မိုးဘာကြောင့် ရွာရတယ်၊ ဖားအော်လို့ ရွာရတယ်။ ဖားဘာကြောင့် အော်ရတယ်၊ မြွေကိုက်လို့ အော်ရတယ်။ မြွေ ဘာကြောင့် ကိုက်ရတယ်၊ ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်” ဆိုတဲ့ ကလေးဘ၀က ရခဲ့တဲ့ကဗျာကပြောသလို အရာခပ်သိမ်းဟာ အကြောင်းမဲ့ဖြစ်ကြတာမဟုတ်။ အကြောင်းများစွာပေါင်းဆုံလို့ ဖြစ်နေကြရတာ။ အဖြေထုတ်လို့ ကုစားကြရပါမည်။