ပစ္စုပ္ပန်မှ ထွက်ပြေးခြင်း

ပစ္စုပ္ပန်မှ ထွက်ပြေးခြင်း
Published 12 October 2017

ဒလဘက်ကမ်းသို့ သင်္ဘောဆိုက်ကပ်စဉ် ဆင်းလာကြသော ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကျွန်တော်သည် စာရေးစားပွဲမှာထိုင်လျက် မျက်နှာချင်းဆိုင်မှာရှိသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးမောကြည့်နေမိသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သည်။ ပြတင်းပေါက်၏ အပြင်ဘက်တွင် နေရောင်ခြည်သည် သစ်ရွက်တို့၏ အကြိုအကြားမှ ဖြာကျနေသည်။ လေသည် ငြိမ်လျက်ရှိကာ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်ဟုထင်သည်။ တစ်ချက်တစ်ချက်မှသာလျှင် ငှက်သံကလေးများ ကြားရတတ်သည်။ ဒီအချိန်မှာ စာတစ်ပုဒ်ရေးလိုက်ရရင် ကောင်းမှာပဲဟူသော စိတ်ကူးသည် လွန်ခဲ့သည့် တစ်နာရီခန့်က ဖြစ်ပေါ်ခဲ့ကာ စာတစ်ပုဒ်ရေးမယ်ဆိုသည့်စိတ်ဖြင့် စာရေးစားပွဲမှာထိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခုအချိန်အထိ ဘာစာတစ်လုံးမှ ချမရေးဖြစ်သေးပေ။ အမှန်တကယ်တော့ စာရေးချင်သည့်စိတ်သာရှိသည် ဘာစာရေးရမည်မှန်း စဉ်းစား၍မရ ဖြစ်နေသည်။ စဉ်းစားနေသည်ဆိုသော်လည်း ဘာကိုစဉ်းစားရမည်မှန်းမသိဖြစ်ကာ စိတ်အစဉ်သည် ဟိုဒီပြေးလွှားလျက်ရှိသည်။ စဉ်းစားခြင်း အလုပ်သည် လွယ်မယောင်နဲ့ ခက်ခဲသော အရာတစ်ခုဖြစ်နေသည်ဟု ထင်နေသည်။ ကျွန်တော်ဆိုလိုသည်မှာ တီထွင်ဖန်တီးမှုပါသော စဉ်းစားခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ တောင်စဉ်ရေမရ အတွေးသက်သက်ဖြင့် စိတ်ကူးယဉ်ခြင်းအလုပ်ကား လူများအဖို့ လွယ်ကူနိုင်ပေမယ့် အတွေးအခေါ်နှင့်တကွ စဉ်းစားခြင်းသည်ကား မလွယ်ကူဟု ထင်သည်။

‘စဉ်းစားတွေးတောခြင်းသည် အခက်ခဲဆုံး အလုပ်ဖြစ်သည်။ ထို့ကြောင့်လည်း ယင်းအလုပ်ကိုလုပ်သူ အလွန်နည်းခြင်း ဖြစ်ဟန်တူသည်’ ဟူ၍ ဟင်နရီဖို့ဒ်က ဆိုထားပါသည်။ သူ၏ အဆိုအရ ဖန်တီးမှုပါ၍ အကျိုးရလဒ်ရှိသော စဉ်းစားတွေးတောခြင်းကို ဆိုခြင်းဖြစ်ပါသည်။ အကျိုးရလဒ်ထွက်အောင် စဉ်းစားတွေးတောနိုင်ဖို့သည် လူတိုင်းလုပ်ဖို့ ခက်ပါသည်။

မြန်မာအဘိဓာန်၌ ‘စဉ်းစား’ ဆိုသော စကားကို စိတ်ကူးသည်၊ ဆင်ခြင်သည်၊ တွေးတောသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ထားလေသည်။ ‘စိတ်ကူး’ ဆိုသောစကားကို တွေးတောသည်၊ ကြံစည်သည်၊ စဉ်းစားသည်ဟု ဖွင့်ဆိုသည်။ ‘တွေးတော’ ကို သို့လော သို့လော ဆင်ခြင်စဉ်းစားသည်ဟုဖွင့်သည်။ ‘ကြံစည်’ ကို တွေးတော စိတ်ကူးသည်၊ ဆင်ခြင်အောက်မေ့သည်၊ စဉ်းစားသည်ဟု ဖွင့်ထားသည်။ ‘ဆင်ခြင်’ ကို ချင့် ချိန်သည်၊ သုံးသပ်သည် ၊ စဉ်းစားသည်၊ သတိပြုသည်ဟု ဖွင့်ထားပြန်သည်။

စဉ်းစားတွေးတောခြင်း အလုပ်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါး စလုံးနှင့် ဆက်စပ်ပတ်သက်နေသော အလုပ်ဖြစ်သည်။ လတ်တလော မိမိမှာ တွေ့ကြုံနေရသော အခက်အခဲ ပြဿနာကို ဖြေရှင်းဖို့ ကြုံရသည့်အခါမှာ နည်းလမ်းများကို စဉ်းစား ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန်မှာ ချက်ချင်းလက်ငင်း ပေါ်ပေါက်လာသည့် အခက်အခဲအပေါ် မူတည်၍ စဉ်းစားတွေးတောခြင်းမျိုး ဖြစ်သည်။

အတိတ်နှင့်ပတ်သက်၍ ကြုံတွေ့ဖြစ်ခဲ့ပြီးသော အရာများကို ပြန်လှန်အောက်မေ့ တွေးတောခြင်းမျိုးဖြစ်သည်။ အကန့်အသတ်ဖြင့် စဉ်းစားရသောအလုပ်ဖြစ်သည်။ အတိတ်ကဖြစ်ခဲ့ပြီးသော အဖြစ်အပျက်တို့ကို လိုတိုး ပိုလျှော့ပြုလုပ်ကာ ပြောင်းလဲ၍ စဉ်းစားတွေးတော၍ မရနိုင်ပေ။ ဖြစ်ခဲ့ပြီးသော အတိုင်းအတာ တစ်ခုအတွင်းသာ စဉ်းစားခြင်း ပြုလုပ်နိုင်ပေသည်။ ထိုကဲ့သို့ စဉ်းစားခြင်းမှ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို သင်ခန်းစာ တစ်ရပ်အနေဖြင့် မှတ်ယူနိုင်ကာ ကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူအဖြစ်ဖြင့်မူ မှတ်ယူနိုင်ပေသည်။

အနာဂတ်နှင့်ပတ်သက်၍မူ မိမိစိတ်ကြိုက် တွက်ဆတွေးခေါ် မျှော်မှန်းနိုင်ပေသည်။ စီမံကိန်းချခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အားနည်းချက်၊ အားသာချက်တို့ကို ရှာဖွေခြင်း၊ ကျရောက်လာနိုင်သည့် အခက်အခဲကို ကြိုတင်တွက်ဆခြင်း စသည်တို့ ပါဝင်ပါသည်။
လူတို့သည် စဉ်းစားတွေးတော သုံးသပ်ခြင်းအလုပ် ပြုလုပ်ခြင်းကြောင့် အခြားသတ္တဝါများထက် သာလွန်နေခြင်းဖြစ်သည်ဟု ဆိုရမည်။ တီထွင်မှုအရာအားလုံးသည် စဉ်းစားတွေးခေါ်ခြင်းမှ အစပြုခဲ့သည်ချည်း ဖြစ်လေသည်။ စဉ်းစားတွေးခေါ်ခြင်းမှ အစပြု၍ လူတို့တီထွင်ဖန်တီးခဲ့သော အရာဝတ္ထုတို့သည် ကမ္ဘာလောက၌ မရေမတွက်နိုင်အောင် များစွာရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စဉ်းစားတွေးခေါ်ခြင်းအလုပ်သည် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်ဟု ဆိုရခြင်းဖြစ်လေသည်။

“လူတွေဆိုတာက တစ်နှစ်လုံးနေလို့မှ နှစ်ကြိမ်သုံးကြိမ်လောက် စဉ်းစားတွေးတောကြတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျုပ်လို တစ်ပတ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက် စဉ်းစားတတ်တဲ့ လူမျိုးက သိပ်စဉ်းစားတဲ့လူအဖြစ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြုခံရတဲ့အဆင့် ရောက်တာပဲ” ဟူ၍ စာရေးဆရာကြီး ဘားနဒ်ရှောက ပြောဖူးလေသည်။ ထို့ကြောင့် စဉ်းစားတွေးတောခြင်းသည် အတတ်ပညာတစ်ခုဟု ဆိုရမည်ပဲဖြစ်သည်။ လူတိုင်းက မစဉ်းစားကြဘူးလားဆိုတော့ စဉ်းစားကြပါသည်။ သို့သော် ထိရောက်သော စဉ်းစားမှု တစ်ခုအဖြစ်သို့မူ မရောက်ရှိကြဟု ဆိုရမည်။

ငူငိုင်နေသောလူကို မင်း ဘာတွေစဉ်းစားနေတာလဲဟု မေးတတ်ကြသည်။ ထိုအခါမျိုးတွင် ဘာရယ်မဟုတ်ပါဘူးကွာ။ ဒီလိုပါပဲ ဟိုဟိုဒီဒီပါပဲဟု ပြန်ပြောတတ်သည်။ စိတ်နဲ့ ကိုယ်နဲ့မကပ်ဘဲ ဦးတည်ချက်မရှိ တောင်စဉ်ရေမရ အတွေးရေလျဉ်ကြောထဲ မျောပါနေခြင်းမျိုးကို ထိရောက်သော၊ အကျိုးရှိသော စဉ်းစားတွေးခြင်းဟူ၍ မခေါ်ဆိုနိုင်ပေ။

စာရေးဆရာတစ်ယောက်သည် စဉ်းစားတွေးတောခြင်းမှ ဝတ္ထုကောင်းတစ်ပုဒ် ရရှိနိုင်သည်။ ကဗျာဆရာသည် စဉ်းစားခြင်းမှ ကဗျာကောင်းတစ်ပုဒ် ထွက်လာနိုင်သည်။ ပန်းချီဆရာသည်လည်း စဉ်းစားတွေးခေါ်ခြင်းမှ ပန်းချီကားတစ်ချပ် ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် သာမန်လူတို့ မစဉ်းစား မတွေးခေါ်နိုင်သည့် အတွက်ကြောင့် တွေးခေါ်ပညာရှင်များသည် ကမ္ဘာကျော်သောသူများ ဖြစ်လေသည်။ အိုင်းစတိုင်း၏ စဉ်းစားတွေးခေါ်မှု၊ နယူတန်၏ စဉ်းစားတွေးခေါ်မှု၊ ဒါဝင်၏ စဉ်းစားတွေးခေါ်မှုတို့ကိုကြည့်၍ စဉ်းစားတွေးခေါ်ရခြင်း၏ ခက်ခဲနက်နဲပုံကို သဘောပေါက်၍ ရနိုင်ပါသည်။

လူတို့သည် စဉ်းစားတွေးခေါ်တတ်သော အမျိုးဖြစ်သော်လည်း ထိရောက်သော စဉ်းစားတွေးခေါ်ခြင်းကိုမူ မလုပ်ချင်ကြပေ။ တောင်တွေးမြောက်တွေး ငေးမောနေရုံအဆင့်လောက်ဖြင့်သာ ရပ်တန့်နေကြသည်က များလေသည်။ သို့သော်လည်း သူတို့ကိုလည်း အပြစ်ပြော၍ မရနိုင်ချေ။ သူတို့သည် စဉ်းစားတွေးတောနေချိန် မရလောက်အောင် စားဝတ်နေရေးတည်းဟူသော ယန္တရားကြီးထဲတွင် လှည့်ပတ်ပြေးလွှား ရုန်းကန်နေရသောကြောင့် ဖြစ်လေသည်။

လူတို့သည် မနက်မိုးလင်း၍ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ စားဝတ်နေရေးအတွက် ပူရပင်ရသည်။ အလုပ်သွားဖို့ ပြင်ရဆင်ရသည်။ အလုပ်ကို အချိန်မီမှ ရောက်ပါ့မလား။ စိတ်ပူရင်း ဘတ်စ်ကားတိုးဝှေ့စီးရသည်။ အလုပ်မှာ အထက်လူကြီး၏ မျက်နှာသာပေးမှုရဖို့ ကြိုးစားရပြန်သည်။ တစ်နေကုန် မရပ်မနား လုပ်ပြီးတာနဲ့ ပင်ပန်းနေသော ကိုယ်ခန္ဓာ၊ နွမ်းနယ်နေသော စိတ်ဖြင့် ဘတ်စ်ကားတိုးဝှေ့စီးကာ ပြန်လာရသည်။ ကားပေါ်မှာ ထိုင်စီးရင်း စိတ်က နောက်တစ်လအတွက် အိမ်လခ မတက်ဖို့ ဆုတောင်းရသည်။ သားတွေ သမီးတွေရဲ့ ကျောင်းစရိတ်တွက်ချက်ရသည်။ မီးဖိုချောင်စရိတ်၊ အိမ်စရိတ် စသည် တွက်ချက်ရသည်။ နေ့စဉ်နှင့်အမျှ ထိုနည်းနှင်နှင်ဖြင့် လူနေမှုဘဝထဲ ဝဲလည်ရင်း တစ်လတစ်လ ပေါက်နိုးပေါက်နိုး ဆိုတဲ့စိတ်နဲ့ ထီလေး တစ်စောင် နှစ်စောင်ကို စွန့်စားထိုးရင်း စိတ်ကူးယဉ်လိုက်၊ အိပ်မက်မက်လိုက်အဆင့်မှာပဲ စိတ်အစဉ်က ရပ်တန့်နေလေသည်။

ပြိုင်ဆိုင်မှုများလှသော စီးပွားရေးလောက၌လည်း စဉ်းစားတွေးခေါ်နိုင်သည်လည်း အရေးပါသည်ဟု ဆိုရမည်ပင်။ အကြံကောင်း၊ ဉာဏ်ကောင်း၊ အတွေးအခေါ် ကောင်းကောင်း၊ အိုင်ဒီယာ ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်ပါမှ စီးပွားရေးမှာ အများရှေ့ရောက်ပြီး အောင်မြင်နိုင်သည်။ ရှေးရိုးစွဲပြီး ရိုးရိုးကြီးလုပ်နေ၍ မရတော့ပေ။ ဆန်းသစ်သော စိတ်ကူးစိတ်သန်းဖြင့် လူတို့၏ အာရုံကိုဖမ်းစားနိုင်မှသာ စီးပွားရေး၌ အောင်မြင်နိုင်သည်။ ထိုအကြံကောင်း၊ ဉာဏ်ကောင်း ဆိုသည်မှာ လူအများအပေါ်ကို ကောက်ကျစ်ပြီး မမှန်ကန်သော နည်းလမ်းများကို ဆိုလိုသည်မဟုတ်ပေ။

စားဝတ်နေရေးယန္တရားကြီးကို နေ့စဉ် ပုံမှန်လည်ပတ်ဖို့ တစ်ထွာလောက်ရှိသော သမုဒ္ဒရာဝမ်းကို မနားတမ်းလက်ပစ်ကူးနေရသော လူနေမှုဘဝတို့၌ ပျော်စရာကို ရွှေလို ကျင်ရှာကြည့်အခါတွင် တစ်ခါတစ်ရံ အရက်ဆိုင်မှာ ဝိုင်းဖွဲ့မည်။ စကားပြောမည်။ ရင်ဖွင့်မည်။ လက်ဖက်ရည်ဆိုင်ထိုင်မည်။ ငေးချင်ရာငေးမည်။ တီဗွီကြည့်မည်။ သီချင်းနားထောင်မည်။ ရုပ်ရှင်ကြည့်မည်။ ပန်းခြံထဲလေညင်းခံ လမ်းလျှောက်မည်။ ဖေ့စ်ဘွတ်သုံးမည်။ ချက်တင်ထိုင်မည်။ ရံဖန်ရံခါ စာဖတ်မည်။ မြို့ပြ လူနေမှုဘဝ၏ ကျင်လည်မှုပုံစံသည် ထိုကဲ့သို့ပဲ ရှိပေလိမ့်မည်။ တောနေလူတန်းစားတို့သည်ကား မြို့ပြလူနေမှုဘဝထက် ဆင်းရဲကြမ်းတမ်းနေပေလိမ့်မည်။

“ကို စာရေးစားပွဲမှာထိုင်ပြီး ဘာတွေ စဉ်းစားနေတာလဲ၊ စာရေးတာလဲ မမြင်ဘူး” ဟူ၍ အိမ်ရှင်မ၏ လှမ်းမေးလိုက်သော အသံကြားမှ ကျွန်တော်သည် စဉ်းစားနေရာမှ ရုတ်တရက် ရပ်တန့်သွားလေတော့သည်။ “ဘာရယ် မဟုတ်ပါဘူးကွာ၊ ဟိုတွေးဒီတွေးပေါ့” ဟု ပြန်ပြောရင်း ဘာစာတစ်လုံးမှ မရေးရသေးသည့်အဖြစ်ကို သတိရကာ ငါဘာရေးရပါ့မလဲဟု စဉ်းစားနေမိပြန်သည်။ ဘာအကြောင်းရေးရပါ့။ လူတွေအကြောင်းကို ရေးရမလား၊ တောတောင်ရေမြေ၊ သဘာဝပတ်ဝန်းကျင် အကြောင်းကို ရေးရမလား၊ အသိပညာပေး အကြောင်း ရေးရမလား၊ တကယ်လို့ ရေးမယ်ဆိုရင်ရော အချက်အလက်တွေ သိရဲ့လား၊ အချက်အလက်တွေက ဘာတွေပါလိမ့် ထပ်စဉ်းစားရဦးမည်။ ဒါနဲ့ပဲ စဉ်းစားခြင်းက လုံးချာလည်နေတော့သည်။

အချိန်အတော်ကြာသည်အထိ စဉ်းစားနေသော်လည်း ဘာကိုမှ မည်မည်ရရ စဉ်းစား၍မရ ဖြစ်နေသည်။ စဉ်းစား၍မရသည့် စဉ်းစားခြင်း အကြောင်းကိုပဲစဉ်းစားကာ စဉ်းစားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးလိုက်ရရင် ကောင်းမလားဟူ၍ စဉ်းစားနေမိတော့သည်။

Most Read

Most Recent