မေတ္တာဖျန်းလို့ လန်းဆန်းကြစေ

မေတ္တာဖျန်းလို့ လန်းဆန်းကြစေ
Published 11 October 2017

Forrest Gump ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခုကို တွေ့ရစဉ်

အလုပ်ခန်းရောက်ပြီး မကြာခင် ဆရာမကို ကန်တော့ချင်လို့ ဆိုလာတဲ့ ဝန်ထမ်းက လေးတစ်ယောက် ဝင်လာပါတယ်။ သီတင်းကျွတ်ပြီဆိုတော့ ဂါရဝေါစအနေနဲ့ ကြီးသူကို ငယ်သူက ကန်တော့ကြတာထုံးစံမို့ ကိုယ်လည်း ကန်တော့ခံရမှာပေါ့။ သူ့လက်ထဲမှာ ကော်ဖီမစ် အထုပ်လေးတွေရယ်၊ မုန့်ထုပ် လေးငါးထုပ်လောက်ရယ်ကို ကိုင်ထားပြီး ချာမကို ကန်တော့ပါတယ် ဆိုလေတော့ ဆုပေးမုန့်ဖိုးပေးရင်း ကော်ဖီမစ်ထုပ်ပဲထားခဲ့ မုန့်တွေနင်စားဖို့ ပြန်ယူသွားလို့ ပြောပြီး ပြန်ပေးလိုက်ရပါတယ်။ သူက တကယ်တော့ ဦးနှောက်အနည်းငယ် ကျပ်မပြည့်တဲ့ ဝန်ထမ်းကလေးတစ်ဦးပါပဲ။ စကားများများပြောရင် ထစ်နေတတ်ပြီး စိတ်တိုလွယ် ငိုလွယ်ရယ်လွယ်နဲ့မို့သူ ရောက်လေရာမှာ အမြဲပွဲစည်နေတတ်ပါတယ်။

သူ့ရဲ့ အမေကလည်း အလုပ်ထဲက ဝန်ထမ်းတစ်ဦးပါပဲ။ သားကြီးဖြစ်သူက သုံးတန်းလောက်အရောက်မှာ အဖျားကြီးလို့ တက်ရာကနေ ခုလို ဦးနှောက်စွမ်းရည် နိမ့်သွားတယ်လို့ ဆိုပါတယ်။ စာတွေကို ရေးတတ် ဖတ်တတ်ပါတယ်။ ကျောင်းထားလို့မရတော့ အိမ်မှာ နေရင်းနဲ့ အမေ့အတွက် ကူလုပ်ပေးရင်း ဝင်ငွေရှာပေးလေရဲ့။ အိမ်က မသိအောင် ရေခဲချောင်း ရောင်းတာတို့ ဘတ်စ်ကားဂိတ်မှာ ရေဘူးရောင်းတာတို့လို အလုပ်တွေ လုပ်ပါတယ်။ ခက်တာကသူ့ကို ကျပ်မပြည့်မှန်းသိတော့ ဈေးဝယ်သူ အချို့က ပိုက်ဆံအပြည့် မပေးတာတို့ လုပ်ကြတော့ ခဏခဏသူနဲ့ စကားများကြရပါတယ်။ အလုပ်လုပ်တဲ့ အမေကလည်းသူ့ကို စိတ်မချနိုင်ဘဲ ပြဿနာဖြစ်ရင် အပြေးအလွှား လိုက်ရပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးလည်း မရိုးရပါဘူး။ နောက်တော့ သားဖြစ်သူကို စိတ်မချလို့ အလုပ်ထွက်ဖို့ စဉ်းစားတဲ့အထိ ဖြစ်လာပါတယ်။

နောက်ဆုံးတော့ အလုပ်ရှင်က ဒီအကြောင်း သိသွားတဲ့အခါမှာတော့ သားဖြစ်သူကို အလုပ်မှာ သင့်တော်ရာလေးလုပ်ဖို့ ခန့်ထားပေးလိုက်ပါတယ်။ တောက်တိုမည်ရ အလုပ်လေးတွေ လုပ်ခိုင်းရင်းနဲ့ အလုပ်မှာ နေသားကျလာတော့ ဦးနှောက်စွမ်းရည်လည်း မြင့်လာပါတယ်။ အရင်က ၁၀ နှစ်သား ဦးနှောက်အဆင့်လောက်ကနေ ၁၂ နှစ်သား လောက်အထိ ပြောဆိုနိုင်လာပါတယ်။ အမေနဲ့အတူလာပြီး အတူပြန်ဆိုတော့ မျက်စိအောက်မှာ ပြဿနာဖြစ်တာလည်း နည်းသွားပါတယ်။ အခု ကထိန်ပွဲခင်းရင်လည်း မင်းသားအဖြစ်နဲ့ အိုးစည် ဒိုးပတ်ဝိုင်းမှာ ကွေးနေအောင် ကပါလိမ့်မယ်။ အလုပ်ထဲက ဝန်ထမ်းတွေရော လူကြီးတွေကပါ သူ့ကို ချစ်ကြတော့ အလုပ်လာရတာ သူပျော်နေလေရဲ့။ ဒီလို ဦးနှောက် ဉာဏ်ရည်နိမ့်သူ ကလေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားလည်း ကြည့်ရပါတယ်။ မင်းသား Tom Hank ပါဝင်တဲ့ Forrest Gump ဆိုတဲ့ အော်စကာဆုရ ဇာတ်လမ်းဖြစ်ပါတယ်။

Forrest Gump ဆိုတဲ့ ကလေးဟာ ခြေထောက်နှစ်ဖက်လည်း မသန်တဲ့အပြင် ဉာဏ်ရည်ကလည်း နိမ့်နေလို့ ကျောင်းနေခွင့်မရခဲ့ပါဘူး။ မိခင်ကြီးက ခြေထောက်ကို သံချောင်းအထိန်းတွေနဲ့တွဲပြီး လမ်းလျှောက်နိုင်အောင် လေ့ကျင့်ပေးပါတယ်။ အိမ်မှာ မိခင်ကြီးကိုယ်တိုင် စာကို သင်ပေးပြီးတော့ ကျောင်းအုပ်ကြီးကို ဝင်ခွင့်ရအောင် တောင်းပန်ခဲ့ပါတယ်။ ကျောင်းကို တက်တော့လည်း ဂျေးနီဆိုတဲ့ မိန်းကလေးတစ်ယောက်သာ သူငယ်ချင်းရခဲ့ပါတယ်။ ကျန်တဲ့သူတွေက သူ့ကို မကူညီဘဲ နှိမ့်ချလှောင်ပြောင်ချင်သူတွေ ဖြစ်နေပါတယ်။ ဂျေးနီရဲ့ ဖခင်က အရက်သမားတစ်ဦးဖြစ်ပြီး အမြဲဆူပူရိုက်နှက်နေတတ်တော့ ဖော်ရက်စ်နဲ့ပဲ ဆော့ကစားရင်း အချိန်ကုန်ရရှာပါတယ်။ တစ်နေ့မှာ သူတို့နှစ်ယောက်ကို ရန်စလေ့ရှိတဲ့ အုပ်စုနဲ့ တည့်တည့်တိုးတော့ ဂျေးနီက ဖော်ရက်စ်ကို ထွက်ပြေးခိုင်းပါတယ်။ စက်ဘီးစီးသူတွေ လက်ကလွတ်ဖို့ ကြိုးစားပြေးရင်းနဲ့ ခြေထောက်က သံချောင်းအထိန်းတွေ ပြုတ်ထွက်တဲ့အထိ ပြေးနိုင်ခဲ့ပါတယ်။ အထက်တန်းရောက်တော့လည်း ရန်စသူတွေတွေ့ရင် ပြေးရတုန်းပါပဲ။ သူ့ရဲ့အပြေးစွမ်းရည်ကို သဘောကျသွားတဲ့ ဆရာတွေက လက်ပစ်ဘော ကစားပွဲမှာ သူ့ကိုထည့်ကစား စေခဲ့ပါတယ်။

အထက်တန်းပြီးတော့ ကောလိပ်တက်နေရင်း ဗီယက်နမ်စစ်ပွဲအတွက် စစ်သည်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ထွက်လာခဲ့ပါတယ်။ ဗီယက်နမ်မှာ တိုက်ပွဲဖြစ်တော့ ဒဏ်ရာရသူတွေကို  လွတ်ကင်းရာ အမြန်ဆုံးသယ် ထုတ်ရင်းနဲ့ ကျည်ထိခဲ့ပါတယ်။ ဆေးရုံမှာ တက်နေတုန်း သူကယ်ခဲ့တဲ့ ရဲဘော်တွေ အသက်ချမ်းသာရာရခဲ့လို့ ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ခံရပါတယ်။ ဒါပေမဲ့ သူချစ်တဲ့ ရဲဘော်တစ်ဦး အသက်ဆုံးရှုံးရတာရယ် ဗိုလ်ကြီးက အသက်ရှင်ပေမယ့် ခြေထောက်နှစ်ဖက်စလုံး ဖြတ်လိုက်ရတာရယ်ကြောင့် စိတ်ထိခိုက်ခံစားခဲ့ရပါတယ်။ ဆေးရုံတက်နေတုန်းမှာ ပင်ပေါင်ကစားနည်းကို စိတ်ဝင်စားပြီး လေ့ကျင့်ခဲ့ရာကနေ ပင်ပေါင်လက်ရွေးစင်အဖြစ် အရွေးခံရပါတယ်။ တရုတ်ပြည်အထိ ပြိုင်ရတဲ့ ပင်ပေါင်ကစားပွဲမှာ အနိုင်ရခဲ့တော့ ဆုကြေးငွေရခဲ့ပါတယ်။ ဒီဆုကြေးငွေထဲက တစ်ဝက်ကို ဗီယက်နမ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ မိသားစုကိုပေးပြီး ကျန်တစ်ဝက်ကို စက်လှေတစ်စီး ဝယ်ခဲ့ပါတယ်။

ကျဆုံးသူ ရဲဘော်ဟာ စစ်ပွဲပြီးရင် လှေတစ်စင်းနဲ့ ပုစွန်ဖမ်းကြမယ်လို့ မသေခင် ပြောခဲ့တာကို ဖော်ရက်စ်က သတိတရ လုပ်ပေးချင်တာ ဖြစ်ပါတယ်။ ခြေနှစ်ဖက်ဖြတ် ထားရသူ ဗိုလ်ကြီးကလည်း စက်လှေမှာ လိုက်ပါခဲ့ပါတယ်။ ကျွမ်းကျင်မှု မရှိတော့ အလုပ်မဖြစ် ပုစွန်လည်း မရပေမယ့် နှစ်ယောက်သား ဇွဲမလျှော့ခဲ့ကြပါဘူး။ နောက်ဆုံးတော့ လေမုန်တိုင်းတိုက်ချိန်မှာ ပြေးလာတဲ့ ပုစွန်အုပ်နဲ့တိုးပြီး သင်္ဘောအပြည့် ပုစွန်ရခဲ့ပါတော့တယ်။

ဖော်ရက်စ်ဟာ နောက်ထပ် စက်လှေတွေဝယ်ပြီး လုပ်ငန်းတိုးချဲ့ခဲ့ပါတယ်။ အမြတ်ငွေတွေကိုလည်း ကျဆုံးတဲ့ ရဲဘော်မိသားစုဆီလည်း အမြဲပို့ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ မိခင်ကြီး နေမကောင်းတဲ့ သတင်းရတော့ ပင်လယ်ထဲကနေ အမြန်ဆုံး ပြန်လာပါတယ်။ အိမ်မှာ မိခင်ကြီးကို သူကိုယ်တိုင် ပြုစုစောင့် ရှောက်ပေးရင်း နေထိုင်ခဲ့ပါတယ်။ မိခင်ကြီး ဆုံးလေတော့ မိခင်အတွက် အမှတ်တရ အလှူငွေတွေကို ဆေးရုံတွေ ကျောင်းတွေမှာ လှူဒါန်းခဲ့ပါတယ်။ တစ်နေ့မှာတော့ ငယ်သူငယ်ချင်း ဂျေးနီဟာ မြို့ကို ပြန်ရောက်လာပါတယ်။ သူ့ဖခင်ရဲ့ လယ်တောကအိမ်ကြီးကို သွားကြည့်ရင်းနဲ့ ဂျေးနီငယ်စဉ်က အိမ်မှာ ဖခင်ရဲ့ ရိုက်နှက်မှုတွေ ပြန်သတိရပြီး မမြင်ချင်လောက်အောင် ခံစားရလို့ အိမ်ကို ဖြိုခိုင်းခဲ့ပါတယ်။

ဂျေးနီဟာ ကျောင်းပြီးသွားတော့ အိမ်မှာ မနေတော့ဘဲ ဝါသနာပါတဲ့ ဂီတအလုပ်လုပ်ရင်း အပေါင်းအသင်းများစွာနဲ့ ကြုံသလို နေထိုင်ခဲ့ပါတယ်။ ဖော်ရက်စ်နဲ့  ပြန်တွေ့တော့ ရိုးသားဖြူစင်တဲ့ သူငယ်ချင်းကို လက်မထပ်ချင်သူ ဂျေးနီဟာ မြို့က ထွက်သွားပြန်ပါတယ်။ ဂျေးနီကို အပြေးအလွှားရှာဖွေသူ ဖော်ရက်စ်ဟာ အပြေးကို ရပ်တန့်လိုစိတ် မရှိတာမို့ အိမ်ကနေ ထွက်လာပြီး သုံးနှစ်တိတိ မရပ်မနား ပြေးခဲ့ပါတယ်။ ဂျေးနီဟာ သတင်းသမားတွေကြောင့် ဖော်ရက်စ်အကြောင်းကို သိသွားတဲ့အချိန်မှာ စာရေးပြီး လိပ်စာပေးလိုက်ပါတယ်။ ဂျေးနီအိမ်ရောက်တော့ ဖော်ရက်စ်ဟာ သူရဲ့သားလေးကို တွေ့လိုက်ရပါတယ်။ ကလေးကို သူ့လိုပဲ ဉာဏ်ရည်မမီမှာကို စိုးရိမ်ရှာပါတယ်။ ဉာဏ်ကောင်းပါတယ်လို့ ဂျေးနီကပြောမှ ပြုံးနိုင်ပါတယ်။

ဖော်ရက်စ်ဟာ ဂျေးနီတို့ သားအမိကို အိမ်ကိုပြန်ခေါ်လာခဲ့ပြီး လက်ထပ်ပွဲ ဆင်နွှဲပါတယ်။ ခြေနှစ်ဖက် ဖြတ်ထားရတဲ့ ဗိုလ်ကြီးကလည်း ခြေတုတပ်ထားပြီးတော့ ချစ်သူကိုလည်း ခေါ်လာပြီး ဂုဏ်ပြုပါတယ်။ သူက ပုစွန်ဖမ်းလှေတွေကို ကြီးကြပ်နေဆဲပါပဲ။ ဂျေးနီကိုတော့ ဗိုလ်ကြီးက မမြင်ဖူးပေမယ့် သိနေခဲ့ပါတယ်။ ဖော်ရက်စ်က သူဝယ်တဲ့ စက်လှေကို ဂျေးနီလို့ နာမည်ပေးခဲ့တာကိုး။ လက်ထပ်ပြီး မကြာခင် ဂျေးနီ ကွယ်လွန်သွားတော့ သားလေးကို စောင့်ရှောက်ဖို့ တာဝန်ကို ဖော်ရက်စ်ယူခဲ့ပါတယ်။ သားလေးကို ပုံပြင် ဖတ်ပြပါတယ်။ ငါးအတူ မျှားကြပါတယ်။ ဒီလိုနဲ့ သားလေးကို ကျောင်းတက်တဲ့ အချိန်ရောက်တော့ သူငယ်စဉ်က စီးခဲ့ရတဲ့ ကျောင်းကားဆီ လိုက်ပို့ရင်း ပြီးဆုံးသွားပါတယ်။

ဉာဏ်ရည်နိမ့်တဲ့ ကလေးဖြစ်ဖြစ် သာမန်ကလေးတွေပဲဖြစ်ဖြစ် ကြင်ကြင်နာနာ ဆက်ဆံပေးမှသာ ကလေးဘဝမှာ ပျော်ရွှင်ကြရမှာပါ။ ဉာဏ်ရည် နိမ့်နေပေမယ့် မိဘဆရာသမားတွေ စိတ်ရှည်လက်ရှည် သင်ပေးရင် ကလေးရဲ့ ဉာဏ်ရည်က ဖြည်းဖြည်းချင်းတိုးတက် လာနိုင်ပါတယ်။ မကြောက်လန့်ရဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရတဲ့ ကလေးငယ်တွေဟာ ဘဝမှာ သူယုံကြည်ရာကို အောင်မြင်အောင် လုပ်နိုင်မှာ သေချာပါတယ်။ မိဘတွေ ဆရာသမားတွေက မေတ္တာတရားကို လက်ကိုင်ထားပြီး စိတ်ရှည်လက်ရှည် ပြုစုစောင့်ရှောက်ပေးကြဖို့ လိုပါတယ်။ ကလေးငယ်လေးတွေဘဝဟာ ပန်းဖူးလေးတွေလိုပါပဲ။ ပြုစုယုယရင် ယုယနိုင်သလောက် အစွမ်းကုန် ပွင့်လန်းရင်းနဲ့ လောကကြီးကို အလှဆင်နိုင်မှာပဲ။ ဂရုတစိုက် မပြုစုနိုင်ရင်တော့ ပိုးကိုက်ခံရပြီး မလှမပ ဘဝကြုံတတ်ပါတယ်။

ပန်းခင်းကြီး လှပဖို့အဖူးအငုံဘဝမှာ ရေလောင်းပေါင်းသင်ပေးရသလိုပဲ ကလေးတွေ ငယ်စဉ်မှာ အုပ်ထိန်းသူ လူကြီးမိဘဆရာ သမားတွေက မေတ္တာဓာတ်နဲ့ သွန်သင်ဆုံးမ ပြောဆိုမှသာ လိမ္မာရေးခြားရှိတဲ့ သားသမီးတွေ တပည့်တွေ ဖြစ်လာမှာ သေချာပါတယ်။ တိုင်းပြည်အတွက်လည်း တန်ဖိုးရှိတဲ့ လူငယ်တွေ ပေါ်ထွန်းလာပါလိမ့်မယ်။

Most Read

Most Recent