နှစ် ၁၀၀ ပြည့် ခဲဘုရင်ဦးကံညွန့်

နှစ် ၁၀၀ ပြည့် ခဲဘုရင်ဦးကံညွန့်
Published 7 October 2017

ပန်းချီဆရာကြီး ဦးကံညွန့်သည် ခဲ၊ ရေဆေး၊ ဆီဆေး၊ သစ်ထွင်းပုံနှိပ်ပန်းချီ စသည်ဖြင့် မီဒီယံမျိုးစုံရေးဆွဲခဲ့ပြီး ခဲပန်းချီကို အရေးများသဖြင့် ပန်းချီလောက အသိုင်းအဝိုင်းက ခဲဘုရင်ဦးကံညွန့်ဟု တင်စားခဲ့ကြသည်။ ဆရာဖြစ်သူ ပန်းချီဦးဘကြည်ကိုယ်တိုင်က “မြန်မာပြည်မှာတော့ ခဲပန်းချီရေးဆွဲတဲ့နေရာမှာ မောင်ကံညွန့်က အတော်ဆုံးပဲ” ဟု ထုတ်ဖော်ချီးကျူးခဲ့သည်။ ပန်းချီဆရာကြီး ဦးကံညွန့်သည် စစ်ကြိုခေတ်ပန်းချီနှင့် တူရိယာကျောင်းသားဘဝမှစကာ ကျောင်းသင်ပန်းချီဆရာ၊ ပန်းချီပညာအုပ်၊ ပန်းချီနည်းပြ၊ မန္တလေးပန်တျာနှင့် ပန်းချီပန်းပု ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်အရုံးနာယက စသည်ဖြင့် ပန်းချီတာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့သည်။ အသက် ၈၈ နှစ် လူကြီးရောဂါဖြင့် ဆေးရုံပေါ်ရောက်နေချိန်မှာပင် ပန်းချီဆွဲလိုသည်ဟုဆိုသဖြင့် စက္ကူများ၊ ခဲတံများပေးခဲ့ရသည်။ တပည့်ဖြစ်သူ ခင်ဆွေလှိုင်(ပန်းချီ)က ‘ဆရာကြီးဦးကံညွန့်သည် မြန်မာဆန်လှပြီး ရိုးအေးလှသော ပန်းချီကျောင်းအုပ်ကြီး၊ ပန်းချီနည်းပြတာဝန်တွေကို ရိုးရှင်း၊ ဖြောင့်မတ်၊ မှန်ကန်စွာ၊ သီလသမာဓိရှိစွာ သင်ကြားအုပ်ချုပ်ခဲ့သည်။ ကျောင်းအုပ်ဘဝတွင် ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများ၏ ရိုသေလေးစား ချစ်ခင်မှုကိုရရှိခဲ့သော ဆရာတစ်ယောက်ဖြစ်သည်’ ဟု အမှတ်ရခဲ့သည်။

ပန်းချီဆရာကြီး ဦးကံညွန့်ကို ၁၉၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးချို၊ ဒေါ်နွဲ့ဖြစ်ပြီး မွေးချင်းလေးဦးတွင် တတိယမြောက်ဖြစ်သည်။ မူလတန်းနှင့် အလယ်တန်းပညာကို စစ်ကိုင်း အမျိုးသားအထက်တန်းကျောင်းတွင် သင်ကြားခဲ့ပြီး ပညာထူးချွန်သဖြင့် ရှစ်တန်းမှ ၁၀ တန်းသို့ ပြောင်းတက်ခဲ့ရသည်။ ၁၉၃၆ ခုနှစ် ကျောင်းသားအရေးအခင်းတွင် စစ်ကိုင်းကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး သခင်ဗဟိန်းတို့နှင့်တွဲ၍ စာမေးပွဲသပိတ်တားခဲ့ကြသည်။ ကျောင်းသားတို့၏ လိုလားချက် ၁၀ ချက်တောင်းဆိုရာတွင် ပန်းချီကဲ့သို့သော အသက်မွေးဝမ်းကျောင်းပညာကို ကျောင်းများတွင် တည်ထောင်ဖွင့်လှစ်ပေးရန်ဟူသော အချက်များကို ထည့်သွင်းတောင်းဆိုခဲ့သည်။ သပိတ်မှောက်စဉ် ကျောင်းသားများ စာသင်မပျက်စေရန် စစ်ကိုင်းအမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် ဝင်လုပ်ခဲ့သည်။ ထို့နောက် စစ်ကိုင်းကျောင်းဆရာများသမဂ္ဂတွင် အတွင်းရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပန်းချီရေးဆွဲခြင်းကို ဝါသနာကြီးသောကြောင့် အင်္ဂလန်နိုင်ငံ ဟတ်ဖို့(ထ်) ပြည်နယ် ဂျွန်ဟက်ဆယ် ပန်းချီအခြေခံသင်တန်းကျောင်း (John Hassall Correspondence Art School) ကိုဆက်သွယ်၍ ပန်းချီစာပေးစာယူ သင်တန်းတက်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် ရန်ကုန်၌ ဖွင့်လှစ်သော ပန်းချီနှင့် တူရိယာကျောင်းသို့ တက်ရောက်ချင်သော်လည်း အဆက်အသွယ်မရှိဖြစ်ခဲ့သည်။ သို့သော် ထိုကျောင်းတွင် ဆရာဖြစ်သူ ပန်းချီဦးမောင်မောင်ကြီးနှင့် ဦးကံညွန့်၏ ဦးလေးဖြစ်သူမှာ သူငယ်ချင်းများ ဖြစ်ကြသဖြင့် ကျောင်းတက်ရန် အဆက်အသွယ်ရခဲ့သည်။ နယ်ကျောင်းသားဖြစ်သဖြင့် ပညာသင်ထောက်ပံ့ကြေး တစ်လကျပ် ၄၀ ရရှိခဲ့သည်။ ဆရာများမှာ ဦးမောင်မောင်ကြီး၊ ဦးမောင်မောင်မြ၊ ဦးဘကြည်တို့ဖြစ်ကြပြီး အတန်းဖော်များမှာ ဦးအမ်တင်အေး၊ ဦးဗခင်၊ ဦးခင်လှိုင်၊ ဦးစိုးရီ၊ ဦးမျိုးသန့်၊ ဦးလွင်၊ ဦးသာဒင် တို့ဖြစ်ကြသည်။ ပန်းချီကျောင်းတွင် အတန်းဖော်များနှင့်အတူ ဘုတ်ပြားကိုယ်စီကိုင်ကာ ပန်းချီအောက်ဒိုးထွက်ကြသည်။ လူပုံအချိုးအစားကျစေရန် လူအရိုးစုကိုကြည့်၍ လေ့ကျင့်ကြရသည်။ ဦးကံညွန့်က ‘ထိုအရိုးစုမှာ ရိုးတွင်းချဉ်ဆီတွေ ကြမ်းပြင်ပေါ်သို့ ကျနေသည်ကို မြင်ယောင်မိသည်’ ဟုအမှတ်ရခဲ့သည်။

ဦးကံညွန့်သည် ၁၉၄၇ ခုနှစ်တွင် စစ်ကိုင်းအမျိုးသားကျောင်း၌ ကျောင်းဆရာ ဝင်လုပ်ခဲ့သည်။ စစ်ကိုင်းခရိုင်၊ ကျောင်းသားများသမဂ္ဂက ၎င်းတို့ သပိတ်မှောက်စဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို စာသင်ပေးသောကြောင့် ကျေးဇူးတင်လွှာလက်မှတ် ပေးအပ်ခဲ့သည်။ ကျောင်းဆရာအဖြစ် ဆောင်ရွက်နေစဉ် ခွင့် ၁၀ ရက်ယူကာ ရန်ကုန်ပညာမင်းကြီးရုံး ပန်းချီဆရာဖြစ် စာမေးပွဲဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။ မြို့မဆရာကြီး ဦးဘလွင်က သူ၏ကျောင်းတွင် ပန်းချီနည်းပြဆရာဝင်လုပ်ရန်ခေါ်သဖြင့် ရန်ကုန်မြို့မကျောင်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ကြေးမုံမဂ္ဂဇင်း ထုတ်ဝေရာတွင် အကူအညီတောင်းသဖြင့် ဆရာတက်တိုး၊ ဗန်းမော်တင်အောင်၊ သန်းဆွေတို့နှင့်အတူ ကြေးမုံမဂ္ဂဇင်းတွင် လုပ်ကိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ပန်းချီအောင်စိုးနှင့်အတူ အိုးဝေသတင်းစာတိုက်တွင် အချိန်ပိုင်းဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အခြေခံပန်းချီရေးသားနည်း ဆောင်းပါးများ ရေးသားခဲ့သည်။ မြို့မဆရာကြီးဦးဘလွင်က ရှန်တိနိကေတန်သို့ စေလွှတ်ရန်စီစဉ်ခဲ့သော်လည်း ထိုစဉ်က ကျန်းမာရေးမကောင်းသဖြင့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့မကျောင်းမှ မန္တလေးဘီဘီအိုအေကျောင်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ထို့နောက် စစ်ကိုင်းသို့ပြောင်းရွှေ့ကာ ပန်းချီဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၉၅၃-၅၄ ခုနှစ်တွင် စစ်ကိုင်းတိုင်း ပန်းချီပညာအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် မြို့နယ်အတွင်း ခရီးထွက်၍ ကျောင်းများသို့ လိုက်လံစစ်ဆေးရသည်ကို စိတ်မဝင်စားသဖြင့် ၁၉၅၅ ခုနှစ်တွင် မန္တလေးမြို့တွင် ပူးတွဲဖွင့်လှစ်ထားသော ပန်တျာနှင့် ပန်းချီပန်းပု နည်းပြကျောင်းတွင် ပန်းချီနည်းပြဆရာအဖြစ် ပြောင်းရွှေ့ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီး ဦးအေးမောင်က ပန်တျာနှင့် ပန်းချီပန်းပု နည်းပြကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ကျောင်းအုပ်ဘ၀ တာဝန်ထမ်းဆောင်နေစဉ် ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံခြားကပွဲများအတွက် ကျောင်းဝင်းအတွင်း ဇာတ်ရုံကြီးနှင့် ကပြရေးအစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ နိုင်ငံခြားသံရုံးမှ ယဉ်ကျေးမှုသံအရာရှိများအား သင်ကြားရေးကိစ္စရပ်များ၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ပြောပြ၍ဧည့်ခံခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် နှစ်နိုင်ငံ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ ဆိုဗီယက်နိုင်ငံသို့ အပြန်အလှန်သဘောဖြင့် ပန်းချီပန်းပု လေ့လာရေးခရီးသွားခဲ့ရသည်။ နေ့စဉ် ပန်းချီ၊ ပန်းပုပြတိုက်များသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။ ဦးကံညွန့်သည် ကျောင်းအုပ်ဘဝဖြင့် တာဝန်ထမ်းဆောင်နေစဉ် လုပ်ဖော်ကိုင်ဖက်နှင့် အောက်ဒိုးရေးဆွဲလေ့ရှိသည်။ ပန်းချီဦးဇော်ဝင်း (သစ်ထွင်း) က “မန္တလေးပန်တျာနှင့် ပန်းချီပန်းပုကျောင်းမှာ ကျောင်းအုပ်ကြီး ဦးကံညွန့် လက်အောက်နည်းပြအဖြစ် ငါးနှစ်လောက် အတူလုပ်ခဲ့ပါတယ်။ ဆရာနဲ့ အောက်ဒိုးမကြာခဏ ထွက်ဖူးပါတယ်။ ဆရာက ရှုခင်းကို ပြီးစလွယ်မဆွဲပါဘူး။ ရှုခင်းကောင်းတဲ့နေရာ အရိပ်အာဝါသ ကောင်းတဲ့နေရာကို စိတ်ကြိုက်ရှာပြီးမှ ဆွဲလေ့ရှိပါတယ်” ဟုအမှတ်ရခဲ့သည်။

ဦးကံညွန့်သည် နိုင်ငံတော်အကြီးအကဲက တာဝန်ပေးသဖြင့် မြန်မာ့အခြေခံ ကကြိုးကဗျာလွတ်အကအတွက် မှတ်တမ်းဓာတ်ပုံများ၊ ပန်းချီပုံရေးဆွဲခြင်းများကို ခြောက်လကြာ ပြုစုပေးခဲ့သည်။ အခြေခံပန်းချီရေးသားနည်း စာအုပ်ထုတ်ဝေရန် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဝေဖြစ်ခဲ့ပေ။ ၁၉၈၀ ပြည့်နှစ်တွင် ကျောင်းအုပ်ဘဝမှ အငြိမ်းစားယူခဲ့သည်။ ထို့နောက် ပြင်ဦးလွင် ကျောက်တောင်အရပ်တွင် နေထိုင်ခဲ့သည်။ ဦးကံညွန့်၏သားဖြစ်သူ မောင်သောင်းညွန့်က ‘မေမြို့ကို ပင်စင်ယူပြီးရောက်တော့မှ အေးအေးဆေးဆေး အောက်ဒိုးတွေထွက် ပန်းချီရေးဆွဲပါတယ်။ သူ့ရဲ့တပည့်တွေကလည်း မေမြို့မှာရှိနေတော့ အောက်ဒိုးထွက်ကြ၊ ခြံထဲမှာရေးကြနဲ့ ပန်းချီအတော် ရေးဖြစ်တယ်” ဟုအမှတ်ရခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထို့နောက် ပန်းချီကိုပိုမိုရေးဆွဲဖြစ်ခဲ့ပြီး ပန်းချီချစ်မြတ်နိုးသူများကလည်း အော်ဒါမှာယူကာ အထူးဝယ်ယူ စုဆောင်းခဲ့ကြသည်။ ဦးကံညွန့်သည် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးနာယကအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ရန်ကုန် New Treasure Art Gallery တွင် တစ်ကိုယ်တော် ပန်းချီပြပွဲပြုလုပ်ခဲ့သည်။ စုပေါင်းပန်းချီပြပွဲများစွာကိုလည်း ပြသခဲ့သည်။

ဦးကံညွန့်သည် ပန်းချီစတူဒီယိုအခန်းဟူ၍ သီးသန့်မရှိဘဲ အိမ်ဧည့်ခန်းသည် ပန်းချီရေးရာ နေရာဖြစ်ပြီး ဧည့်သည်များလာလျှင်လည်း ထိုနေရာမှာပင် ဧည့်ခံလေ့ရှိသည်။ ဆရာကြီးသည် ကွယ်လွန်ခါနီးအချိန်အထိ မိမိဝါသနာပါရာ ပန်းချီကို ရေးဆွဲခဲ့သည်။ လူကြီးရောဂါဖြင့် မန္တလေးဆေးရုံသို့ တက်ရောက်နေရချိန်မှာပင် ပန်းချီဆွဲချင်သည်ဆိုသောကြောင့် စက္ကူများ၊ ခဲတံများပေးခဲ့ရသည်။ ၂၀၀၅ ခုနှစ် စက်တင်ဘာ ၃၀ ရက် အသက် ၈၈ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူဒေါ်ခင်ခင်၊ သားမောင်သောင်းညွန့် (ရှေးဟောင်းသုတေသနဌာန-ပန်းချီကျွမ်းကျင် ၂) တို့ကျန်ရစ်ခဲ့သည်။ ဈာပနအခမ်းအနားကို မန္တလေးပန်တျာ၊ ပန်းချီ၊ ပန်းပုကျောင်းမှ ဆရာ၊ ဆရာမများ၊ သတင်းစာဆရာများ၊ တပည့်များနှင့် မိတ်ဆွေများက ပို့ဆောင်ခဲ့ကြသည်။ ဆရာကြီး၏ ဈာပနနေ့တွင် ဝေငှခဲ့သော ကိုယ်ရေးအကျဉ်းစာရွက်တွင် ‘တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာစိတ်ကင်းမဲ့ကာ အမုန်းပွားနေကြသူများ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မက်ဖက် ပြိုင်တိုက်ခိုက်နေကြသူများသည် ပန်းချီပန်းပုပညာ၏ သိမ်မွေ့နက်နဲ၍ လောဘဒေါသကင်းစင်သော ပကတိအသွင်လက္ခဏာကို သဘောပေါက် နှစ်သက်မြတ်နိုးလာကြလျှင် ဤလူ့ဘောင်လောကတစ်ခွင် ငြိမ်းချမ်းရေး အစစ်အမှန်ရရှိမည်မလွဲဟု ယုံကြည်ပါသည် (ကံညွန့်)’ ဟူ၍ပါရှိခဲ့သည်။

ယခုအခါ ဆရာကြီး၏ တပည့်များကဦးစီး၍ ဆရာကြီးဦးကံညွန့် ရာပြည့်အထိမ်းအမှတ် ပန်းချီပြပွဲကို မန္တလေးတောင် ပန်းချီပြခန်းတွင် ပြသရန်စီစဉ်လျက်ရှိသည်။ ဆရာကြီး ဦးကံညွန့်၏ ခဲပန်းချီကား ၁၀၀ ကို စာအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်သည်။ ပန်းချီလှတင်ထွန်းက “ဆရာဦးကံညွန့်သည် ပညာတော်သလောက် အနေရိုးလှသည်။ စိတ်ရှည်သည်။ သည်းခံသည်။ ကြွားခြင်းဝါခြင်းလည်းမရှိ၊ ကိုယ်တတ်ထားတာထက် ပိုပိုသာသာပြောပြီး ဝါကြွားတတ်သူ လူစားမျိုးမဟုတ်၊ တတ်တာတော်တာထက်ပင် နှိမ့်ချပြောဆိုတတ်သူ ရေမင်းသား ဆရာဆောင်လို လူစားမျိုးဖြစ်ပါသည်” ဟုဆိုခဲ့သည်။

■ ရည်ညွန်း - ပန်းချီဦးကံညွန့်နှင့် သူ့ခေတ်သူ့လက်ရာ (ဇင်-ကောလင်း) လူ့လောကအတွက် တာဝန်ကျေသွားတဲ့ ပန်းချီဆရာကြီး ဦးကံညွန့် (အောင်ကျော်ထွန်း-ပုသိမ်ကြီး) စာရေးသူ၏မှတ်စုများ

Most Read

Most Recent