လှည်းဘီးကတော့ နွံထဲကျွံမြဲ

လှည်းဘီးကတော့ နွံထဲကျွံမြဲ
Published 6 October 2017

တစ်ခါတစ်ရံ ရန်ကုန်မြို့ထဲ ဖြတ်သွားရင်း မီနီဘတ်စ် ကားအိုကြီးများကို ဖျတ်ခနဲ တွေ့မြင်ရတတ်သည်။ ထိုမီနီဘတ်စ်ကားအိုကြီးများ၏ အပြင်ပန်းသွင်ပြင်၌ အရောင်ကွဲ ဆေးအသစ်များ သုတ်ထားပြီး ပြန်လည် မွမ်းမံထားကြသည်။ ကျွန်တော် တွေ့တိုင်း ပြုံးမိသည်။ ခွကျသော ပြုပြင်မွမ်းမံမှုတစ်ခုဟု ယူဆမိသောကြောင့်ပင်။ သေသေချာချာ တွေးမိလျှင် အနည်းငယ် ထိတ်လန့်သွားမိသည်။ ကားထဲ၌ လိုက်ပါလာသော ခရီးသည်များအတွက် တွေးမိခြင်းပင်။ ကားအိုကြီးများထဲမှ ခရီးသည်များ။ အပြင်ပန်းဆေးများ သုတ်လိမ်းထားပြီး အတွင်း ကလီစာချည်နဲ့နေသော ကားအိုကြီးများထဲက ဘဝများ။ ကားအိုကြီးပေါ်က ကွန်ဗေယာကြိုးများ၊ တာယာများ၊ အင်ဂျင်စက်များ၊ ဓာတ်ဆီများက ခရီးတစ်ခုနှင့် ခရီးသည်များအတွက် အားကောင်းမောင်းသန်နှင့် စိတ်ချယုံကြည်စွာ ပြေးလွှားနိုင်ပါမလား မောင်းမြဲတော့ မောင်းနေမြဲပင်။

ကားအိုကြီးများနှင့် အတွင်းကလီစာ ချည်နဲ့နေသော ဖွဲ့စည်းပုံထဲတွင် လိုက်ပါစီးနင်းနေသော ခရီးသည်ကားခဏမျှသာ။ အချိန်သက်တမ်းကြာရှည် လေးကန်စွာ လိုက်ပါစီးနင်းရသော ခရီးရှည်ကြီးများဆိုလျှင် မည်သို့ရှိမည်နည်း။ ဘဝရှင်သန်ရပ်တည်မှုများကိုတင်ပြီး စီးရသော ခရီးရှည်ကြီးများ ဆိုပါစို့။ ထိုခရီးရှည်ကြီးများဆိုလျှင် ကားအိုကြီးများနှင့် အတွင်းကလီစာ ချည့်နဲ့နေသော ဖွဲ့စည်းပုံထဲမှ ရေရှည်အနာဂတ်အတွက် စိတ်ချယုံကြည်ရပါမည်လား။ ကွန်ဗေယာကြိုးများက သံမဏိများကဲ့သို့ မာကြောနိုင်ပါမည်လား။ တာယာများက လမ်းကြမ်းကြမ်းများပေါ် သွက်လက်စွာ လိမ့်နိုင်ပါမလား။ အင်ဂျင်စက်များကတော့ ရုန်းအားကောင်းပါမည်လား။ ဓာတ်ဆီမျေားကရော လုံလောက်နိုင်ပါမည်လား။ သက်တမ်းရှည် ကြာပြီဖြစ်သော လူ့အဖွဲ့အစည်းထဲမှ ယိုယွင်းဖောက်ပြန်နေသော အခြင်းအရာများကို ပေါင်းသင်း နေထိုင်နေရသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ယင်းခရီးရှည်ကြီးက လုံခြုံနိုင်ပါမည်လား တွေးနေမိသည်။

မြူများ၊ သက်တံများ၊ မနက်ဖြန်များကတော့ ကျွန်တော်တို့ ရှေ့မှောက် အချိန်တန်လျှင် ကျရောက်လာမြဲပင်။ အခြားသော လိုအပ်ချက်များကိုတော့ တည်ဆောက်ယူငင် နေကြရပါသည်။ ဘဝရှင်သန်ရပ်တည်ရေးထဲက အစိတ်အပိုင်းများပါပေ။ အချို့က ‘မြူ’ များကို အလင်းပေါက်အောင် ထိုးခွဲပြီး တည်ဆောက်နေကြသည်။ အချို့က သက်တံများကို ကျောပေးပြီး တည်ဆောက်နေကြရသည်။ အချို့က မနက်ဖြန်များကို ခဏမေ့ထားပြီး တည်ဆောက်နေကြရသည်။ ကိုယ့်နည်း ကိုယ့်ဟန်နှင့်။ ကိုယ့်အတွေး ကိုယ့်အကြံနှင့်။ ကိုယ့်လက်ဖျံရိုးပေါ်က မွေးညှင်းပေါက်များကို သတိမထားမိသော်လည်း တစီစီ စိမ့်ထွက်နေသော ဆားငန်ရည်များကိုတော့ စွန့်လွှတ်ထားခဲ့ကြရသည်။ ပျော့ဖတ်နေပြီဖြစ်သော ကွန်ဗေယာကြိုးများ၊ ပါးလွှာနေပြီဖြစ်သော တာယာများ၊ ညစ်နွမ်းနေပြီဖြစ်သော အင်ဂျင်စက်များ၊ ခန်းလုလုဖြစ်နေသော ဓာတ်ဆီများနှင့် ဖွဲ့စည်းထားသော ကားအိုကြီးပေါ်မှာလား။ (သို့မဟုတ်) လူ့အဖွဲ့အစည်းကြီးပေါ်မှာလား။ ခရီးရှည်ကြီးအတွက် မည်သို့စိတ်ချ ယုံကြည်ရနိုင်မည်နည်း။ ကားအိုကြီးနှင့် အတွင်းကလီစာ ချည့်နဲ့နေသော ပုံရိပ်များက ဆရာ ‘မိုဃ်းဇော်’ ၏ ‘အလွမ်းပြေ’ ကဗျာထဲက ကဗျာတစ်ပိုဒ်ကို အမှတ်ရမိစေသည်။

ကိုယ့်အရိပ်ကိုယ် ပြန်အနင်းမှာ
စက်ချုပ်သမလေးခမျာတော့
လက်တွေ့ဆန်ရှာတယ်
လူတွေရှိနေသရွေ့
အင်္ကျီတွေရှိမယ်
အင်္ကျီတွေရှိနေသရွေ့
မလုံခြုံမှုတွေလည်း ရှိမယ်တဲ့။

ကားအိုကြီးနှင့်တူသော လူ့အဖွဲ့အစည်းကြီးဆိုလျှင် အတွင်းကလီစာများက မည်သည့်အရာများ ဖြစ်နိုင်မည်နည်း။ တရားဥပဒေ ချည့်နဲ့နေသော အလုပ်သမား၊ လယ်သမားလူတန်းစားများအတွက် ရေရာသေချာမှုမရှိသော အနာဂတ်များက ကိုယ့်အရိပ် ကိုယ်ပြန်နင်းနေရသကဲ့သို့ ကိုယ့်ရုန်းကန်မှုများနှင့် ကိုယ့်မသေချာခြင်းများကို ပြန်မွေးယူနေရ သကဲ့သို့ပါ။ လုံခြုံအောင် အင်္ကျီအဆင်တန်ဆာများ ချုပ်ဝတ်နေကြရ။ ထိုအင်္ကျီအဆင် တန်ဆာများကပင် မလုံခြုံခြင်းနိမိတ်ပုံများလား။ စက်ချုပ်သမလေးမှလား။ စက်ရုံ အလုပ်သမားလေးတစ်ယောက်မှလား။ ခေါင်းရွက် ဗျက်ရွက်ထိုးဈေးသည် တစ်ယောက်မှလား။ တောင်သူလယ်သမား တစ်ယောက်မှလား။ ကိုယ့်အရိပ်ကိုယ်ကိုယ် ဘယ်အထိနင်းနေကြရမည်လဲ။ ကွန်ဗေယာကြိုးများ ပျော့ဖတ်နေသော တာယာများ ပါးလွှာနေသော၊ အင်ဂျင်စက်များ ညစ်နွမ်းနေသော၊ ဓာတ်ဆီများ ခန်းနေသော (ကားအိုကြီးအသွင်) ကျွန်တော်တို့ လူမှုယန္တရားကြီးထဲ ကျပ်တည်းမှုများကိုသာ လက်တွေ့ဆန်ရှာနေရသည်။ ကိုယ့်ခက်ခဲမှုများကို ကိုယ့်လျှာနှင့် ပြန်လျက်ရင်း အပြင်းပန်းဘော်ဒီမှာ ကာလာခြယ်သထား သောကားအိုကြီးပေါ် တက်စီးနေရသကဲ့သို့ပါ။

ယခုကာလကို ၂၁ ရာစု၏ နံနက်ခင်းဟု ဆို၍ရမည်ထင်သည်။ ထိုနံနက်ခင်းပေါ်တွင် နေရောင်တို့ အဘယ်မျှကျရောက်နေမည်နည်း။ မိုးစက်တို့ အဘယ်မျှ ရွာသွန်းချနေမည်နည်း။ နှင်းစက်တို့ အဘယ်မျှ ဖြန်းပက်နေမည်နည်း။ သဘာဝကျကျ သမမျှတသော ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာရန်အတွက်။ တကယ်တမ်း ထို ၂၁ ရာစု နံနက်ခင်းထဲ အော်သံများသာ ပြည့်နှက်၍နေသည်။ ဘရိတ်များ ပေါက်သွားလေမလား။ ဘီးများချော်သွားလေမလား။ လမ်းအကွေ့များ၌ ဘေးကိုများ ချော်ကျသွားလေမလားဟူ၍ စိုးရိမ်ထိတ်လန့်ခြင်းများ။ အော်သံများနှင့်အတူ စောဒက တက်သံများ၊ ဝေဖန်သံများ ညံနေမည်သာဖြစ်သည်။ “တိမ်သားများက မြေသားအက်ကြောင်း မည်မျှကျယ်သည်ကို သိလိုလျှင် တိမ်များအဖြစ်မှ ခဏတာ ဖယ်ခွာပြီး မြေသားအက်ကြောင်းများနှင့် နီးနေရန်လိုပါမည်”။

မြေသားအက်ကြောင်းများက ကျွန်တော်တို့ လူမှုဘဝများ၏ အက်ကြောင်းများ ဖြစ်ပါသည်။ အချို့နေရာများတွင် ကျယ်သည်။ အချို့နေရာများတွင် ကျဉ်းသည်။ ထိုအက်ကြောင်းများ တစ်ခုပေါ်လာတိုင်း ကျွန်တော်တို့ အသံများ ကျယ်လောင်ခဲ့မြဲဖြစ်သည်။ ဆူညံခဲ့မြဲဖြစ်သည်။ စောဒကများ တက်ခဲ့မြဲဖြစ်သည်။ ဝေဖန်သံများ ထွက်ပေါ်လာမြဲ ဖြစ်သည်။ ကားအိုကြီးနှင့် အတွင်းကလီစာ ချည့်နဲ့နေသော ခရီးသည် ကမောက်ကမများ ဖြစ်နိုင်သကဲ့သို့ အက်ကြောင်းများလည်း ထမည်ပင်ဖြစ်သည်။ သို့သော်လည်း အပြင်ပန်းကာလာများက ဖြားယောင်းသွေးဆောင်ရင်း ကားအိုကြီး၏ ဘီးနှင့် ကတ္တရာလမ်း ပွတ်တိုက်ကာ သွားမြဲ သွားနေကြရသကဲ့သိ့ု ကျွန်တော်တို့တတွေ စီးနင်းမြဲ စီးနင်းနေကြရပါသည်။ ထိုသို့ စီးနင်းနေရင်းနှင့် ဘရိတ်များ ပေါက်သွားလေမလား။ ဘီးများချော်သွားလေမလား။ လမ်းအကွေ့၌ ဘေးသို့ ချော်ကျသွားလေမလား။ စိုးထိတ်နေကြရသည်။ တကယ်လည်း ထိုဂယက်များကို မိတ်ဖက်ပြု ရင်းကျင့်ယူနေကြရ။ ကြံယူနေကြရ။ ဆယ်ယူနေကြရသည်။ လွတ်ထွက်သွားသော အရာများနှင့် ဆယ်ယူမိသော အရာများ ဘယ်အရာတို့က များပြားနိုင်မည်နည်း။ အသံများကို နားထောင်ကြည့်နိုင်ပါသည်။ အဖြစ်အပျက်များကို တွက်ဆကြည့်နိုင်ပါသည်။ တိမ်သားများ အဖြစ်မှ ဆင်းသက်ပြီး မြေသားအက်ကြောင်းများထဲက အသက်ရှူသံများသည် လွှတ်တော်ရုံးများထဲမှ ရေသန့်ဘူးငှဲ့လိုက်သော အသံမဟုတ်သကဲ့သို့ ဂုဏ်ပြုညစာစားပွဲထဲက ရယ်မောသံများ မဟုတ်ပါ။ ပုဆိုးစနှင့် ပါကေးကြမ်းခင်းပွတ်တိုက်ပြီး ထွက်ပေါ်လာသော အသံများ မဟုတ်သကဲ့သို့ လစာငွေ ရေတွက်သံများလည်း မဟုတ်ပါ။ အထိတ်တလန့် ထအော်တတ်သော စပါးဈေး မျှော်နတ်မင်းတစ်ပါး၏ အသံဖြစ်နိုင်သကဲ့သို့ အိမ်ရှင်မ၏ တစ်နေ့စာ ဟင်းလျာဖိုးကို ဘယ်တော့ဝင်ရောက်လာမည်နည်းဟု စောင့်မျှော်နေသော ပိုက်ဆံအိတ်လေးများလည်း ဖြစ်နိုင်ပါသည်။ ကားအိုကြီးပုံစံနှင့် အတွင်းကလီစာ ချည့်နဲ့နေသော ကျွန်တော်တို့ လူမှုဝန်းကျင်မှာ။

တကယ်တော့ ကျွန်တော်တို့သည် ကျွံနေသော လှည်းဘီးကြီးကို ဝိုင်းတွန်းနေသော လူတစ်စုကို တွေ့နေရပါသည်။ ကျွန်တော်တို့ အားတက်သွားသည်။ ထိုလူတစ်စုက ညာသံပေးသည်။ သို့သော်....ဘီးကတော့ ကျွံမြဲ။

Most Read

Most Recent