မြန်မာပြည်ကို ကျွန်မ ချစ်တယ်

မြန်မာပြည်ကို ကျွန်မ ချစ်တယ်
Published 29 September 2017

သာကေတမြို့နယ် မှန်ကင်းဘုန်းတော်ကြီးကျောင်း၌ မိဘမဲ့ကလေးများကို မစ္စနဖွန်ချန်တာပါကွန်နှင့်အတူ တွေ့ရစဉ်

ကျွန်တော်ဟာ ကိုယ်နဲ့ဆက်စပ်ပတ်သက်တဲ့ လူတွေအကြောင်းကို စိတ်ဝင်စားလို့ စာတွေ ရေးရေးဖြစ်နေပါတယ်။ တကယ်တော့ လောကကြီးမှာ လူဟာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာပဲ မဟုတ်လားဗျာ။ အခု ကျွန်တော်တို့ ရောက်နေကြတဲ့ ထိုင်းနိုင်ငံက မြန်မာတွေရဲ့ အကြောင်းတွေကို သတင်းတွေမှာ ကြားရရင် နားချမ်းသာစရာကို မရှိလှပါဘူး။ အလုပ်ရှင်က ဘယ်လိုနှိပ်စက်လို့။ ထိုင်းပုလိပ်က ဘယ့်နှယ်။ ထိုင်းအာဏာပိုင်တွေ ဘယ်သို့ဆိုပြီး ထိုင်း မကောင်းကြောင်း ပြောမဆုံးပေါင် တောသုံးထောင်လို့ ပြောရမတတ်ပါပဲ။

ဒါပေမဲ့ မြန်မာတွေအပေါ်မှာ အရမ်းကိုချစ်ခင်ကြတဲ့ ထိုင်းတွေလည်း ရှိတယ်ဆိုတာကို ဒီနေရာမှာ ပြောပြချင်တာပါ။ သူကတော့ ကျွန်တော့်ဆီမှာ မြန်မာစကားလာသင်နေတဲ့ ထိုင်းမလေးတစ်ယောက်ပါပဲ။ သူဟာ မြန်မာပြည်ကို အလည်သွားဖူးတာ ခုနစ်ကြိမ်တိတိ ရှိသွားပါပြီ။ ဒီကလေးမလေးက မြန်မာပြည်နဲ့ပတ်သက်လို့ သူ့စိတ်ထဲက ရှိတဲ့အတိုင်း ကျွန်တော့်ကို အင်္ဂလိပ်လို ရေးပေးခဲ့တဲ့ အက်ဆေးကလေးကို အခုလို ဘာသာပြန်ပြီး ဖော်ပြလိုက်ပါတယ်။

လူတိုင်းရဲ့ နှုတ်ဖျားက “ဟုတ်ကဲ့ပါ” ဆိုတဲ့ စကားကို ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်မ အခုပြောလိုက်တဲ့ “ဟုတ်ကဲ့” ကတော့ အဲဒါ တွေနဲ့ လုံးဝမတူပါဘူး။ အဲဒါဘာလဲဆိုတော့ ကျွန်မဟာ မြန်မာပြည်ကို ချစ်တယ်။ ဘယ်တုန်းက စချစ်မိမှန်းလည်း ကျွန်မမသိဘူး။ ဘယ်လို စချစ်သွားမှန်းလည်း ကျွန်မ မသိဘူး။ ကျွန်မမှာ ဒါကို ဘယ်လိုမှ မရှင်းပြတတ်ဘူး။ ဒီနေရာမှာ ဝန်ခံချင်တာက ကျွန်မဟာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံစတဲ့ မြန်မာနဲ့ ဆက်စပ်ပတ်သက်တဲ့ အရာအားလုံးကို ချစ်နေမိတယ် ဆိုတာပါပဲ။

မြန်မာနိုင်ငံထဲမှာ ရှိကြတဲ့ တောင်တန်းတွေ၊ ရိုးမတွေ၊ တောတွေ၊ ဂူတွေ၊ ရေတံခွန်တွေ၊ ကမ်းခြေတွေ အဆုံးစွန်ထိ ပြောရရင် နှင်းပွင့်ဖြူလေးတွေကအစ ရှင့်ကို နှစ်သက် ပျော်ရွှင်စေမှာပါ။ ဒီအရာတွေဟာ တကယ်ပဲ လှပပြီး စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။

ဘာသာစကားကို သင်ယူတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မြန်မာစာလုံးလေးတွေက လုံးလုံးဝိုင်းဝိုင်း လေးတွေလေ။ ကျွန်မ တစ်ယောက်တည်းအတွက်ကတော့ ဒီစာလုံး ဝိုင်းဝိုင်းလေးတွေက အရမ်းချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ မှတ်မိဖို့ကျတော့ သိပ်မလွယ်ဘူး။ ဒါကတော့ တစ်ပိုင်းပေါ့။

ကျွန်မမှာ အရမ်းတော်ပြီး သင်ကြားမှုထဲမှာပဲ ဘဝကို နှစ်မြှုပ်ထားတဲ့ မြန်မာစာ ဆရာတစ်ယောက်ရှိတယ်။ သူ့ရဲ့စိတ်ရှည် လက်ရှည်နဲ့ သင်ကြားပြသပေးခဲ့မှုကြောင့် ကျွန်မ ဆရာ့ကို အမြဲတမ်း သတိရနေမှာပါ။ ဆရာ့ကို ကျေးဇူးလည်း အထူးတင်ပါတယ်။

မြန်မာ အစားအစာရဲ့ အရသာကလည်း တစ်မူ ထူးခြားလှပါတယ်။ မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ လက်ဖက်သုပ်၊ သင်္ဘောသီးသုပ်၊ ကြက်ကြော်၊ ပုစွန်ဟင်း၊ အိုး အားလုံးက ကောင်းတာချည်းပါပဲ။ ကျွန်မကတော့ အားလုံးကို ကြိုက်တာပဲ။ အခု ပြောနေရင်းတောင် ကျွန်မ သွားရည်တွေကျလာပြီ။ ကျွန်မ ဗိုက်ထဲက မြည်နေတဲ့ အသံကိုလေ ရှင်ကြားတယ် မဟုတ်လား။ ဟုတ်ကဲ့။ တကယ်ပါပဲ။ ကျွန်မ ဗိုက်ထဲက တဂွီဂွီနဲ့ အော်နေကြပြီ။

မြန်မာပြည်မှာ များပြားလှတဲ့ ဓလေ့တွေ၊ ယဉ်ကျေးမှုတွေ ရှိတဲ့ကြားထဲက ကျွန်မ လေးစားမိတဲ့ အချက်တစ်ခုကတော့ သူတို့ရဲ့ ဘာသာရေးအပေါ်မှာ နက်ရှိုင်းတဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်နေကြတာကိုပါပဲ။ ပြီးတော့ ဘုရားကျောင်းကန်ကို သွားပြီး တရားထိုင်တာတို့ ဘာတို့ ဆိုတာတွေဟာ သူတို့ရဲ့ ပုံမှန်လုပ်နေကျ ဖြစ်ပုံရပါတယ်။ မြန်မာတွေရဲ့ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုက အရမ်းကို ဖြူစင်သန့်ရှင်းပါတယ်။

ကျွန်မ ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ ပဲခူးမြို့ကို သွားခဲ့တုန်းက ကျိုက်ပွန်ဘုရားမှာ ကလေးမလေးတစ်ယောက်ကို တွေ့ခဲ့ဖူးပါတယ်။ ကလေးမလေးကို ကျွန်မ တတ်သလောက် မှတ်သလောက် မြန်မာစကားလေးတွေနဲ့ နှုတ်ဆက်လိုက်တော့ ကောင်မလေးက ကျွန်မကို အပြုံးမျက်နှာလေးနဲ့ ခွန်းတုံ့ပြန်ကာ စကားတွေ ပြောခဲ့ပါတယ်။ ကလေးမလေးရဲ့ ရိုးသားဖြူစင်တဲ့ အပြုံးကို ကျွန်မ နားလည်ခံစားလို့ရပေမယ့် အဲဒီခံစားမှုတွေကို သူမ နားလည်အောင် ကျွန်မက မပြောနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်မှ မတတ်သေးတာကိုး။ စကားပြောရင်းနဲ့ ကလေးမလေးက ကျွန်မကို ထမင်းစားရအောင် ခေါ်ပါတယ်။ သူ့မှာ ပါလာတဲ့ ထမင်းဘူးသေးသေးလေးကို ဖွင့်ပြီးတော့လေ။ တကယ်တော့ သူ့ထမင်းဘူးကလေးဟာ သူ ကလေးတစ်ယောက်တည်းစားရင်တောင် ဝချင်မှဝမယ့် အနေအထားပါ။ ဒါပေမဲ့ သူလေးဟာ သူ့ထမင်းဘူးလေးထဲက ထမင်းကို ကျွန်မကို ကျွေးချင်တဲ့ စိတ်စေတနာ သဒ္ဓါတရားအပြည့်ရှိတဲ့ နှလုံးသားပိုင်ရှင်လေးတစ်ယောက် ဆိုတာကို ကျွန်မ သိလိုက်ရပါတယ်။

ဒီနေရာမှာ ကျွန်မ သင်ယူတတ်မြောက်လိုက်တာက ပေးကမ်းစွန့်ကြဲခြင်း မျှဝေလှူဒါန်းခြင်းဆိုတာဟာ ရှင့်အိတ်ကပ်ထဲမှာ ဘယ်လောက်များများရှိရှိ နည်းနည်းရှိရှိ အရေးမကြီးပါဘူး။ စေတနာရှိရင် ရှိသလောက်နဲ့ လုပ်နိုင်တယ်ဆိုတဲ့ အရာပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မ မြန်မာပြည်ကို သွားတဲ့အခေါက်တိုင်းမှာ မုန့်တွေ၊ မာမားထုပ်၊ ယမ်ယမ်ခေါက်ဆွဲထုပ်တွေနဲ့ ဆေးဝါးတွေကို အမြဲတမ်း သယ်ယူသွားတော့တယ်။ တစ်ခါတလေမှာဆို စာရေးကိရိယာတွေကိုပါ သယ်သွားတတ်ပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံးအခေါက် ကျွန်မ မြန်မာပြည်ကို သွားစဉ်တုန်းက စိတ်ထဲမှာ ကြည်နူးဝမ်းသာ ပီတိအဖြစ်ရဆုံး ဇာတ်လမ်းလေး တစ်ခုကို ပြောပြခွင့်ပြုစေချင်ပါတယ်။

ကျွန်မဟာ အွန်လိုင်း ဧရာဝတီ သတင်း မဂ္ဂဇင်းရဲ့ facebook ကို ဖွင့်ကြည့်တော့ ၂၀၁၅ ခုနှစ် ဧပြီ ၁၅ ရက်က တင်ထားတဲ့ သတင်းတစ်ပုဒ်ကို တွေ့ခဲ့တယ်။ အဲဒီသတင်းမှာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ သြင်္ကန်ကာလမှာ ပျော်ရွှင်စွာ ရေကစားနေကြတဲ့ ကလေးတွေရဲ့ ပုံတွေကိုပါ ဖော်ပြထားတယ်။ သတင်းခေါင်းစီးက ဘယ်လိုရေးထားလဲဆိုတော့ ‘သြင်္ကန်တွင်းမှာ ပျော်ရွှင်စွာ ရေကစားနေကြတဲ့ မိဘမဲ့ ယောကျ်ားလေးများ’ တဲ့။ သူတို့ကို ကြည့်ရတာ အရမ်းကို ပျော်ရွှင်နေကြတဲ့ ပုံစံပါပဲ။ ဒီနေရာမှာ ကျွန်မ သိလိုက်တာက သူတို့လေးတွေရဲ့ ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲတဲ့ဘ၀ ဖြစ်နေပါစေ၊ အဲဒီခက်ခဲတဲ့ဟာက ဒီကလေးတွေရဲ့ ပျော်ရွှင်မှုကို မဖယ်ရှားပစ်နိုင်ဘူး ဆိုတာပါပဲ။ တချို့သော ကာလတွေမှာ ဘဝဆိုတာ ခက်ခဲကျပ်တည်း တတ်တာပါပဲလေ။ ဒါပေမဲ့ ဒီလို ကျဉ်းထဲကျပ်ထဲရောက်နေချိန်မှာ အပြုသဘောဆောင်တဲ့ အတွေးနဲ့ နေထိုင်မလား ဒါမှမဟုတ် စိတ်ပျက် လက်ပျက် ငေးငိုင်ကာနေမလား ဆိုတာကတော့ ကျွန်မတို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်လေ။

ကျွန်မဟာ ဧပြီလ နောက်ဆုံးပတ်မှာ ရန်ကုန်ကို သွားစရာရှိလို့ အဲဒီမိဘမဲ့ကလေးတွေနေတဲ့ ရန်ကုန်မြို့ သာကေတမြို့နယ်မှာရှိတဲ့ မှန်ကင်းဘုန်းတော်ကြီးကျောင်းကို Google မြေပုံမှာ လိုက်ရှာတာ ရှာလို့မရပါဘူး။ ဒါကြောင့် ဧရာဝတီသတင်းဌာနမှာ အဲဒီလိပ်စာကိုပေးဖို့ ကျွန်မ လှမ်းပြီး အကူအညီ တောင်းခဲ့ပါတယ်။

ကျွန်မ လေကြောရှည်နေတာကို ဒီမှာ ရပ်ဖို့သင့်ပြီ။ ကျွန်မအနေနဲ့ သူတို့ဆီက ရရှိလိုက်တဲ့ ဉာဏ်အလင်းနဲ့ အဲဒီအတွက် ရိုးသားစွာ ကျေးဇူးတင်တဲ့အကြောင်း ဖော်ပြရမယ့် အချိန်ပါ။

ဈေးဝယ်ထွက်တုန်းမှာ အများဆုံး ဝယ်ဖြစ်တာတွေက မုန့်တွေ၊ ခေါက်ဆွဲထုပ်တွေ၊ Chupa Chups ဘူးလေးတွေပဲ။ ဘန်ကောက်ကနေ ရန်ကုန်ကို သွားတဲ့အခါ သယ်လို့ရနိုင်သလောက် သယ်သွားနိုင်အောင် ကျွန်မ ထုပ်ပိုးပြင်ဆင်ခဲ့တယ်။ ရန်ကုန်ကိုရောက်လို့ ဘုန်းကြီးကျောင်းကို မသွားခင်မှာ အိုးရှင်းကုန်တိုက်ရှေ့မှာရပ်ပြီး ကွတ်ကီးတွေ၊ ဘီစကွတ်မုန့်တွေနဲ့ စာရေးကိရိယာတွေ ကျွန်မ နောက်ထပ် ဝယ်ခဲ့လိုက်ပါသေးတယ်။

ကျွန်မ ရထားတဲ့ ဖုန်းနံပါတ်နဲ့ လိုက်ရှာလိုက်တော့ ဘုန်းကြီးကျောင်းကိုရောက်ဖို့ အခက်အခဲ မရှိတော့ပါဘူး။ တန်းတန်းမတ်မတ်ဘဲ ရောက်ရှိသွားခဲ့ပါတယ်။ မှန်ကင်းဘုန်းတော်ကြီးကျောင်းကို ရောက်သွားတဲ့ အချိန်မှာ ဆရာတော်တစ်ပါးက ကျွန်မကို ဘုန်းတော်ကြီးကျောင်းရဲ့ တတိယထပ်မှာ လက်ခံတွေ့ဆုံပါတယ်။ အဲဒီအချိန်မှာ ကလေး အယောက် ၄၀ လောက် ရောက်လာပါတယ်။ ကျွန်မက သူတို့လေးတွေကို မုန့်တွေ ဝေပေးလိုက်ပါတယ်။ ကလေးတွေဟာ ကျွန်မ ဝေကျွေးတဲ့ မုန့်ကို အရမ်း နှစ်သက်သဘောကျတယ်လို့ ကျွန်မ ထင်မိတယ်။ ကလေးတွေဟာ ကျယ်လောင်တဲ့ အသံတွေနဲ့ ရုတ်တရက် ကျွန်မအတွက် ဆုတောင်း မေတ္တာပို့သပေးတဲ့အတွက် ကျွန်မ တအံ့တသြဖြစ်နေတာကို ဆရာတော်က မြင်ပြီး ရယ်နေတာကို ကျွန်မ ယခုထက်တိုင် မမေ့နိုင်သေးပါဘူး။

ကျွန်မ သူတို့ဆီက သင်ယူရရှိလိုက်တဲ့ အသိတရားနဲ့ ယှဉ်ထိုးကြည့်လိုက်ရင် ကျွန်မ ဝယ်ယူသွားလိုက်တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက မပြောပလောက်အောင် နည်းပါးတယ်ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့လေ ကျွန်မ ပြောနိုင်တာတစ်ခုက သူတို့လေးတွေဟာ ကျွန်မကို မတူညီကွဲပြားစွာနဲ့ နောက်တစ်ခေါက် ပြန်ဆုံကြရဦးမယ် ဆိုတာပါပဲ။ အဲဒီ ခဏမှာ ကျွန်မခံစားခဲ့ရတဲ့ ပျော်ရွှင်ကျေနပ်မှု စိတ်ချမ်းသာမှုကို ပြန်လည်ကာ ဖောက်သည်ချ ဝေမျှခွင့်ရတဲ့အတွက် အခု ဒီစာကို ဖတ်နေသူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ မြန်မာနာမည်က ချောရူပါ ပါ။ ကျွန်မကို မြန်မာစကား သင်ပေးတဲ့ဆရာက ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံကို ရေးထားတဲ့ ဒီစာကို ဖတ်ပေးတဲ့ ရှင်တို့ကို အရမ်းလေးစားပါတယ်လို့ ဆိုပါရစေ။

နဖွန်ချန်တာပါကွန် (ခ) ချောရူပါ
ဘန်ကောက်မြို့ ထိုင်းနိုင်င်ငံ။

Most Read

Most Recent