ရသေ့ကြီး ဦးခန္တီနှင့် နိပါတ် ပန်းချီကျော်များ

ရသေ့ကြီး ဦးခန္တီနှင့် နိပါတ် ပန်းချီကျော်များ
Published 28 September 2017

နိပါတ်တော် ပန်းချီတစ်ကွက်

ရှေးရိုးမြန်မာ့ ပန်းချီသည် ပေရေးပန်းချီ၊ နံရံပန်းချီ၊ ပုရပိုက်ပန်းချီ စသည်ဖြင့် သုံးမျိုး သုံးဘ၀ ပြောင်းလဲလာပြီးနောက် ကုန်းဘောင် ခေတ်နောက်ပိုင်းတွင် နိပါတ်တော်ပန်းချီ ထွန်းကားလာခဲ့သည်။ ဧကနိပါတ်၊ ဒုကနိပါတ်၊ ငါးရာ့ငါးဆယ်၊ ဗုဒ္ဓဝင်၊ မဟာဝင် စသည့်ဇာတ် နိပါတ်တို့ကို နံရံပေါ်တွင် ရေးခြယ်မှု နည်းပါးသွားပြီး ပိတ် သိ့ုမဟုတ် သွပ်ပြားပေါ်တွင် သီးခြားရေးခြယ်၍ ဘုရားတန်ဆောင်းတို့တွင် ချိတ်ဆွဲလာခဲ့ကြခြင်းသည်။ ရှေးအခါက သာသနိက အဆောက်အအုံနှင့် နန်းတော်အိမ်တော်တို့တွင်သာ မွမ်းမံ ခြယ်လှယ်ခဲ့သည့် ပန်းချီမှာ ပြည်သူလူထုအတွင်းသို့ တိုးဝင်လာခဲ့လေသည်။ ထိုနိပါတ် ပန်းချီတို့ကို ထွန်းကားရေးအတွက် ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးမှာ ရသေ့ကြီး ဦးခန္တီပင်ဖြစ်သည်။ ထို့ကြောင့်လည်း နိပါတ်တော်အစ ရသေ့ကြီး ဦးခန္တီကဟု အမည်တွင်ခဲ့သည်။ ရသေ့ကြီးသည် မြန်မာနိုင်ငံအနှံ့ ကုသိုလ်တော်အဆောက်အအုံ၊ ဘုရားတန်ဆောင်းများတွင် ပြည်သူများ ကုသိုလ်ပွားနိုင်စေရန်အတွက် နိပါတ်ပန်းချီများကို ပန်းချီကျော်များအား ရေးဆွဲစေခဲ့သည်။

“ပြာသာဒ်၊ ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောင်တွေမှာ မျက်စိပသာဒ ဖြစ်အောင် အမွမ်းအမံတွေလည်း ထည့်ပေးရပါတယ်။ ဇာတ်ကြီးဆယ်ဘွဲ့၊ မဟာဝင်၊ ရာဇဝင်၊ ဘုရားသမိုင်း ပန်းချီကားများလည်း ထည့်ရပါတယ်။ ဗုဒ္ဓဝင်တို့ နိပါတ်တော်တို့အကြောင်း သိကြဖို့အတွက် စာတတ်မှ၊ စာဖတ်မှ သိကြရတော့မည်ဆိုရင် လူတိုင်း ဘယ်သိနိုင်တော့မလဲ။ ကလေး၊ လူကြီး၊ အဘွားအို၊ အဘိုးအိုကစပြီး ဇာတ်တော်နိပါတ်တော်တွေကို အလွယ်တကူ သိလာအောင် တန်ဆောင်းတွေမှာ ချိတ်ဆွဲပေးထားရပါတယ်” ဟု ဆိုခဲ့သည်။ ရသေ့ကြီးသည် နိပါတ်ရေး ပန်းချီဆရာများ၏ လုပ်ဆောင်မှုများကို နှစ်သက်သော်လည်း လက်ရာများမှာ ဇာတ်ဆန်ဆန်၊ အရပ်ဆန်ဆန် ဖြစ်နေသည်ကို အားရတော် မမူခဲ့ချေ။ ထို့ကြောင့် “ဗာရာဏသီနှင့် မိဖုရားများပုံ ဆိုလျှင် ဘုရင်က ဇာတ်မင်းသားကဲ့သို့ ခေါင်းပေါင်းဆင်ကာ ပေါင်းပေါင်းလို့၊ မိဖုရားတွေ အပျိုတော်တွေကလည်း ဇာတ်မင်းသမီးလို ခါးတောင်အင်္ကျီတွေ ဝတ်ပြီး ဇာတ်ပွဲတည်းကသလို ရေးကြတယ်” ဟုဆိုခဲ့သည်။ ထို့ကြောင့်လည်း ပန်းချီကျော် ဆရာအေးကိုဝက်မစွတ် ဝန်ထောက်မင်း ( ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ အဘိုး) ထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။ ရသေ့ကြီးသည် မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်များတွင် မင်းတုန်းမင်းတရားကြီးပဉ္စမသင်္ဂါယနာတင် အခမ်းအနားကျင်းပပုံနှင့် ငါးရာ့ငါးဆယ် နိပါတ်တော်များကို လည်းကောင်း၊ ကုသိုလ်တော်ဘုရား၊ စန္ဒမုနိဘုရား၊ ကျောက်တော်ကြီးဘုရားအတွင်းရှိ အာရုံခံ တန်ဆောင်းများတွင်လည်း ကျောက်တော်ကြီးကို ပင့်ယူလာသည့် အခမ်းအနား၊ ဆယ့်နှစ်ရာသီ အလှူတော်ပွဲ အခမ်းအနား၊ နန်းတွင်းနန်းပြင် ထွက်တော်မူ ဝင်တော်မူ၊ လွှတ်တော်စီရင်ပုံနှင့် အခြားအခမ်းအနားများကို လည်းကောင်း နေရာနေရပ်၊ အဝတ်အစား စနစ်တကျနှင့် ဖော်ပြလိုခဲ့သည်။ ထို့ကြောင့် မန္တလေးမြို့ရှိ နာမည်ကျော် ပန်းချီဆရာများနှင့် တွေ့ဆုံခဲ့သည်။

နန်းဆန်ဆန်၊ မူမှန်မှန် ရေးနိုင်မည့် နန်းတွင်း အဆက်အနွှယ် ပန်းချီဆရာအေးကို ဝက်မစွတ်ဝန်ထောက်မင်း (ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ အဘိုး) ထံခေါ်သွားခဲ့ကာ “ဒကာတော် ဝန်ထောက်မင်းက နန်းဓလေ့ အဝတ်အစား၊ အစီးအနှင်း၊ အဆောင်အယောင် စတဲ့ အသွင်အပြင်တွေကို ဒီလူငယ်လေးကို သတိပြု ညွန်ကြားပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဒီကလေး ကိုယ်တိုင်ကလည်း မူလ အခြေခံကလေးတွေကို သူ့ဆရာ ပန်းချီတော်ကြီး ဆရာချုံဆီက အတန်အသင့် ရခဲ့လိုက်သေးသမို့ တယ်ပြီး နားမဝေးလှဘူးလို့ ထင်မိပါတယ် ဒကာတော်” ဟူ၍ မေတ္တာရပ်ခံခဲ့သည်။ ထို့ကြောင့် ဆရာအေး၏ နိပါတ်တော် ပန်းချီကားများနှင့် ရာဇဝင်ကားများမှာ ဇာတ်မင်းသား မင်းသမီးများ၏ အဝတ်အစားနှင့်မတူဘဲ မူမှန် နန်းတွင်းသုံး နန်းတော်သုံး အဝတ်အစားများနှင့် ရေးဆွဲနိုင်၍ ပိုမို ပြောင်မြောက်ခဲ့သည်။ နိပါတ်တော်ရေး ဆရာအေးဟု အမည်တွင်ခဲ့သည်။

ဆရာအေးနှင့် ခေတ်ပြိုင် ပန်းချီဆရာမှာ ရွှေပြည်ဆရာမြကြီး ဖြစ်သည်။ ဆရာမြကြီးမှာ ရွှေပြည်အရပ်တွင် နေထိုင်သဖြင့် ရွှေပြည်ဆရာမြကြီးဟု အမည်တွင်ခဲ့သူ ဖြစ်သည်။ ဆရာအေးနှင့် စင်ပြိုင်ပန်းချီဆရာများ ဖြစ်ကြသော်လည်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်လေးစားပြီး ပန်းချီပညာကိစ္စများတွင် တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ရိုင်းပင်းကူညီကြသူများ ဖြစ်သည်။ ဆရာအေးသည် မင်းခမ်းမင်းနား၊ ဝတ်စားဆင်ယင်မှုနှင့် ပုံတူအရာဝတ္ထုများကို သဘာဝကျကျ စွယ်စုံရေးဆွဲနိုင်သကဲ့သိ့ု ဆရာမြကြီးမှာလည်း အဆောက်အအုံများ ထည့်သွင်းရေးဆွဲရာတွင် ခေတ်ရှေ့ပြေးအောင် တီထွင်ရေးဆွဲနိုင်လေသည်။ ရသေ့ကြီးက ပန်းချီဆွဲရန် တာဝန်ပေးခံရသူများတွင် နန္ဒိမိတ္တဆရာနီလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ဆရာနီသည် ဒုဋ္ဌဂါမဏိဇာတ်ကို ရေးဆွဲသောအခါ ဒုဋ္ဌဂါမဏီမင်းကြီး၏ သူရဲကောင်း စစ်သူကြီးများဖြစ်သော ဝေဠုသုမန၊ နန္ဒိမိတ္တစသော သူရဲကောင်းစစ်သူကြီး စစ်တိုက်ခန်းများကို ရေးဆွဲရာတွင် လူကြိုက်များလှသည့်အတွက် နန္ဒိမိတ္တဆရာနီဟု ကင်ပွန်းတပ်ကြောင်းဆို ကြသည်။ ရသေ့ကြီးသည် ဆရာအေးက ဘယ်ဇာတ်လမ်းကို သရုပ်ဖော်၊ ဆရာမြကြီးက ဘယ်ဇာတ်လမ်းကို သရုပ်ဖော်ဟူ၍ နေရာချထားခိုင်းစေခဲ့သည်။ နန္ဒိမိတ္တဆရာနီကိုလည်း မောင်နီက နန်းမှုနန်းရာ ဝတ်စားဆင်ယင်မှု မင်းခမ်းမင်းနား အဆောင်အယောင်များကို တတ်ကျွမ်းတဲ့ ပန်းချီဆရာပဲကွယ်၊ မင်းက ဘယ်စောင်းတန်းမှာ ဘာဇာတ်လမ်းကို ရေးကွဟူ၍ စီမံခန့်ခွဲခဲ့သည်။

ထို့ကြောင့် ရသေ့ကြီး၏ ညွှန်ကြားမှုဖြင့် ဆရာအေး၊ ဆရာမြ၊ ဆရာခ၊ ဆရာနီ၊ ဦးစောမောင်၊ ဦးချစ်မြဲတို့၏ နိပါတ်ပန်းချီကားများသည် မန္တလေးတောင်ဝန်းကျင် ကုသိုလ်တော်၊ ကျောက်တော်ကြီး ဘုရားများတွင်လည်းကောင်း၊ မန္တလေး တောင်ပေါ်တွင်လည်းကောင်း၊ သုဓမ္မာဇရပ်များတွင် လည်းကောင်း အများအပြား ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ပန်းချီ ဦးဘမိုးက “ကိုယ်တော်ကြီးသည် မြန်မာနိုင်ငံ ပန်းချီပန်းပုလောက၏ ကျေးဇူးရှင်ကြီး ဖြစ်သည်။ ဆရာအေး၊ ဆရာမြကြီးကျော်ကြားခြင်း၊ ဆရာနီ လူသိများခြင်းများသည် ကိုယ်တော်ကြီး၏ စောင့်ရှောက်ခိုင်းစေမှု၊ စီစဉ်အကြံပေးမှုများ များစွာပါဝင်သည်” ဟုဆိုခဲ့သည်။

ကိုလိုနီခေတ်တွင် ရသေ့ကြီး၏ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် မြန်မာ့ထီးသုံး နန်းသုံးနှင့် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက်မှု အထွေထွေကို နိပါတ်ပန်းချီကားများမှ တစ်ဆင့် မှတ်တမ်း တင်နိုင်ခဲ့သည်။ ပန်းချီဆေးရောင်များ ရွေးချယ်ပုံအနေဖြင့် လည်းကောင်း၊ ပန်းချီခြယ်မှု အကွက်ချပုံအနေဖြင့် လည်းကောင်း၊ ပန်းချီကားအတွင်းမှ အမျိုးသားအမျိုးသမီးတို့၏ ဆင်ယင်ထုံးဖွဲ့မှုဖြင့် လည်းကောင်း၊ နောက်ခံဖြစ်သော တောတောင်နှင့် လူနေ အဆောက်အအုံများဖြင့် လည်းကောင်း၊ မန္တလေးခေတ် ပုံစံအတိုင်း ရှိနေခဲ့သည်။

ဆရာတော် ရွှေကိုင်းသားက “အထူးသဖြင့် ပုံတိုင်းလိုလို ထီးနန်းနှင့် ဆိုင်သော အဆောက်အအုံများ အသားပေး ရေးဆွဲထားခြင်းပင်ဖြစ်၍ မန္တလေးသည် ရာဇဝင်အနေဖြင့် မြန်မာဘုရင်၏ မင်းနေပြည်တော် မဟုတ်တော့ပြီ ဖြစ်သော်လည်း ဘုရားကြီးစောင်းတန်းမုခ်ဦးမှ ဆေးရေးပန်းချီကားမှာမူကား ထိပ်ရိပ်နန်းရိပ်အောက်မှာပင် အခြေမပျက် တည်ရှိနေသေးကြောင်း ဖော်ပြထားရာ ရောက်ပေသည်။ ….မြန်မာတည်းဟူသော မျိုးရိုးဇာတိမာန် ပျောက်မသွားရလေအောင် ဘုရားကြီး ဆေးရေးကားများက ထိန်းသိမ်းပေးထားသည်ဟု ကျွနု်ပ်အနေဖြင့် မြင်မိပေသည်” ဟု မှတ်ချက်ချခဲ့လေသည်။ ရသေ့ကြီး ဦးခန္တီ၊ ပန်းချီကျော်များ၊ ဝက်မစွတ် ဝန်ထောက်မင်းနှင့် ကုသိုလ်ရှင်များ၏ စေတနာ၊ အမြော်အမြင်ကြီးမှုများကြောင့် ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် မြန်မာနိပါတ် ပန်းချီတစ်ခေတ် ထွန်းကားခဲ့လေသည်။

ရည်ညွှန်း
- ဗမာပြည် ပန်းချီမဂ္ဂဇင်းနှစ်လည် သုခုမ ရိပ်မြုံစာစောင်
- ယဉ်ကျေးမှုမိတ်ဆက် (ဦးမင်းနိုင်)
- ပန်းချီပန်းပုစာစောင် (၁၉၇၉)
- ယဉ်ကျေးမှုမြို့တော်မှ မြန်မာ့ရိုးရာလုပ်ငန်း
ဆယ်ပွင့်ပန်း (နတ်မောက်ထွန်းရှိန်)

Most Read

Most Recent