အမေတို့ရဲ့အိမ်

အမေတို့ရဲ့အိမ်
Published 28 September 2017

သီပေါမြို့မြင်ကွင်း (ဓာတ်ပုံ-ထွန်းနေလှိုင်)

ကျွန်တော်ဆရာဝန်ဖြစ်ခဲ့တာ လုပ်သက် ၁၇ နှစ်ကျော်ခဲ့ပါပြီ။ ဆရာဝန်ဘ၀ ကနဦးအစ ငါးနှစ်တာကာလကို လက်ထောက်ဆရာဝန် တစ်ယောက်အဖြစ်၊ ဒုတိယငါးနှစ်ကို တိုက်နယ်ဆရာဝန်အဖြစ်၊ တတိယငါးနှစ်ကို မြို့နယ်ဆရာဝန်အဖြစ် ဖြတ်သန်းခဲ့ပြီးနောက် ကျန်တဲ့ ယခုပစ္စုပ္ပန်ကာလကိုတော့ စီမံအုပ်ချုပ်သူတစ်ယောက်အဖြစ် ဖြတ်သန်းလျက်ရှိခဲ့ပါတယ်။

ဆရာဝန်တစ်ယောက်ဘဝကို စီးပွားရေးဆန်ဆန် သုံးသပ်ရမယ်ဆိုရင်တော့ ကျွန်တော်တာဝန်ကျတဲ့ နေရာတွေဟာ အစဉ်အလာအားဖြင့် လူကြိုက်မများလှပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် စီးပွားရေးဆန်တဲ့ ဆရာဝန်တွေ မနှစ်သက်ကြပါဘူး။ ဆရာဝန်ဈေးကွက်ထဲမှာ လူကြိုက်နည်းတဲ့ နယ်တွေကိုသာ တာဝန်ချခံခဲ့ရတာပါ။ ရောက်တဲ့နေရာတိုင်းကလည်း ကိုယ်တိုင်သွားပါရစေလို့ တောင်းဆိုခဲ့တာ တစ်ခါမှမရဖူးပါဘူး။

ဒီလိုမျိုးဖြစ်ခဲ့ပေမဲ့ ရောက်တဲ့အရပ်တိုင်းကို ကျွန်တော်ပျော်ခဲ့ပါတယ်။ ရောက်တဲ့ဒေသတိုင်းကို ကျန်းမာရေးနှင့်သာမက လူမှုဘဝတွေ တိုးတက်စေရေးအတွက်ပါ ဆရာဝန်ဆိုတဲ့ ပြည်သူလူထုယုံကြည်တဲ့ ပုံရိပ်တစ်ခုကိုအသုံးချကာ ဆောင်ရွက်ပေးခဲ့ပါတယ်။ မီးမရှိတဲ့ဒေသမှာ မီးလင်းရအောင်၊ စာကြည့်တိုက်မရှိတဲ့ဒေသမှာ စာကြည့်တိုက်တွေ စာဖတ်အသင်းတွေ ပေါ်ပေါက်လာအောင်၊ ဆက်သွယ်ရေး မကောင်းတဲ့နေရာတွေမှာ တယ်လီဖုန်းလိုင်းတွေရအောင်၊ လမ်းမကောင်းတဲ့နေရာတွေမှာ လမ်းတွေဖောက် တံတားတွေဆောက်နိုင်အောင် အင်တိုက်အားတိုက် ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ပါတယ်။

နောက်ဆုံးရောက်ချင်တဲ့နေရာ ရောက်ပါစေ တာဝန်ကျသည့်နေရာသည်ပင် ကိုယ်တိုင်ရဲ့ ကံကြွေးရှိတဲ့နေရာ၊ ရေစက်ရှိတဲ့နေရာ၊ ပါရမီဖြည့်ရမယ့်နေရာလို့ သတ်မှတ်ပြီး ပုတ်သင်ညိုတစ်ကောင် ရောက်ရာအရပ်နဲ့ လိုက်ညီတဲ့ အရောင်ပြောင်းသလို ကျွန်တော်သည်လည်း ရောက်ရာအရပ်ရဲ့ ဒေသခံတစ်ယောက်လို သဘောထားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်ခဲ့ပါတယ်။ ရောက်ခဲ့တဲ့နေရာတိုင်းမှာလည်း မှတ်မှတ်ရရ တင်ကျန်ခဲ့တဲ့ အောင်မြင်မှုတွေရခဲ့ပါတယ်။ နောက်ဆုံးကျတော့ “အောင်မြေဆိုတာ ခြေထောက်အောက်မှာ မရှိပါဘူး။ ရင်ဘတ်ထဲမှာရှိနေတယ်” လို့ ဥဒါန်းကျူးရင့်နိုင်လောက်အောင်ကို အဆင်ပြေအောင်မြင်ခဲ့ပါတယ်။ ပြန်တွေးရင် ဘဝတောက်လျှောက် ဝန်ထမ်းလုပ်သက်တောက်လျှောက် ကျေနပ်စရာတွေချည်းပဲ ဖြစ်ခဲ့ပါတယ်။
ယခုလည်း ဝန်ထမ်းသက်တောက်လျှောက် တစ်ခါမှတာဝန်မကျဖူးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို တာဝန်ကျခဲ့ပါတယ်။ ဝန်ထမ်းဘဝအစ နှစ်နှစ်တာလောက်က ဥမမည် စာမမြောက် လက်ထောက်ဆရာဝန် သေးသေးလေးဘဝကပဲ ချင်းတောင်တန်းမှာ တာဝန်ကျခဲ့တော့ ခုလိုအုပ်ချုပ်စီမံသူတစ်ယောက်ဘဝနဲ့ တောင်တန်းဒေသကို တာဝန်ကျတာဟာ ဘဝအတွက် အထူးအဆန်း ဖြစ်နေခဲ့ပါတော့တယ်။ ယခင်တာဝန်ကျရာနေရာတွေဟာ ဆင်းရဲသားလူတန်းစားများတဲ့ ဒေသတွေဖြစ်လို့ စီးပွားရေးအရသာ တွက်ခြေမကိုက်ပေမယ့် လွှမ်းခြုံဧရိယာအကုန်လုံး သွားရလာရ ကူးရသန်းရ လွယ်ကူလှပါတယ်။ သွားလာရန်ခက်ခဲတဲ့နေရာ (Hard to Reach Area) ဆိုတာ မရှိသလောက်ပါပဲ။ ရှိတယ်ဆိုရင်လည်း လူထုကျန်းမာရေး ပြဿနာပေးလောက်အောင် မများခဲ့သလို အဲဒီနေရာတွေက လူထုကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်မလာစေရန်လည်း အလွယ်တကူ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။

လက်ရှိ ကျွန်တော်ဆေးရုံအုပ်တစ်ပိုင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး တစ်ပိုင်းဆောင်ရွက်နေရတဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ကလေးမှာတော့ ရွာပေါင်း ၅၀၀ နီးပါးရှိရာမှာ ရွာနှစ်ရာကျော်က သွားလာရန် ခက်ခဲနေပါတယ်။ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ (ဆေးကုတာ၊ ကာကွယ်ဆေးထိုးတာ၊ မီးဖွားတာ စသည်) လက်လှမ်းမမီတဲ့နေရာ လေးဆယ်ရာခိုင်နှုန်းဆိုတော့ ရောက်ရာအရပ် ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုပြီး ဥဒါန်းကျူးရင့်ခဲ့သူ ကျွန်တော့်လို လူတစ်ယောက်အတွက်တော့ အကြီးမားဆုံးစိန်ခေါ်မှု၊ အခက်ခဲဆုံး အတားအဆီးဖြစ်လာခဲ့ပါပြီ။

မြို့ကလေးကိုရောက်ရောက်ချင်း အရှေ့က ဆေးရုံအုပ်နှင့် လုပ်ငန်းတာဝန်တွေကို လွှဲပြောင်းလက်ခံနေတုန်းမှာပဲ ပြောင်းတော့မယ့် အစ်ကိုဆရာက ညီကိုအားနာနာနှင့် လက်ဆောင်တစ်ခု ပေးခဲ့ပါဦးမယ်ဆိုပြီး စကားစပါတယ်။ “မိခင်သေတစ်ယောက် မကြာခင်ကဖြစ်သွားခဲ့တယ် အစ်ကိုတော့မမီတော့ဘူး ညီပဲ report တင်ပေးပါနော်” လို့ပြောပါတယ်။ မိခင်သေနှုန်း ကလေးသေနှုန်း စတာတွေဟာ နယ်မြေတစ်ခု မြို့နယ်တစ်ခု တိုင်းပြည်တစ်ပြည်ရဲ့ ကျန်းမာရေးဆိုင်ရာတိုးတက်မှုကို ညွှန်းဆိုနေတဲ့ ကိန်းဂဏန်းတွေပါပဲ။ ခုတော့စကတည်းက ယဉ်သကိုဆိုသလို “မရုန်းခင်ကပဲ ခဲပိုးခံ” လိုက်ရသလိုပါပဲ။ အညွှန်းကိန်းတစ်ခုကတော့ ရည်မှန်းချက်ပြည့်မြောက်ရန် မလွယ်ကူတော့ပါဘူး။

အဲဒါနဲ့ မိခင်သေဆုံးရခြင်း အကြောင်းရင်းကို အောက်ခြေက ဝန်ထမ်းတွေပြုစုထားတဲ့အတိုင်း လိုက်လေ့လာကြည့်ပါတယ်။ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်ကတည်းက မောမောနေတတ်တယ်တဲ့။ ချောင်းလေးလည်း ဆိုးပါသတဲ့။ မမွေးခင်ရော မွေးတုန်းရော မွေးပြီးမှရော တစ်ခါမှကျွမ်းကျင်သူ ဆရာဝန် ဆရာမနှင့် ပြသဖူးခြင်းမရှိပါဘူး။ ကာကွယ်ဆေးတွေလည်း မထိုးရပါဘူး။ အားဆေးတွေလည်း မသောက်ရပါဘူး။ နေတဲ့နေရာကလည်း ဆေးရုံဆေးခန်းနဲ့ အတော့်ကိုဝေးပါသတဲ့။ လင်ရယ်မယားရယ် မွေးထားတဲ့ ကလေးငါးယောက်ရယ်နဲ့ သူ့ရွာကလေးမှာပဲ သူတို့ဘဝကို တည်ဆောက်နေခဲ့ကြပါတယ်။ မောတာကတော့ ကိုယ်ဝန်ရှိကတည်းက တရှောင်ရှောင်နဲ့ အစားအသောက်ပျက်လို့ အားမရှိ ဖြစ်မောတယ်ထင်ခဲ့ပါတယ်။ ချောင်းဆိုးတာကလည်း လေသဘောပါကွာဆိုပြီး လျက်ဆားလေး ကွမ်းရွက်ကလေးစားရင်း ကိုယ်ဝန်ကလည်း လရင့်လာခဲ့ပါတော့တယ်။

နောက်ဆုံးကလေးမွေးတဲ့ အချိန်ကျတော့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက ရှေ့ကကလေးငါးယောက်တုန်းကလို သူကိုယ်တိုင် မွေးပေးခဲ့ပါတယ်။ မွေးပြီးမှ အမောစိပ်လာသလိုပါပဲ။ ချောင်းတွေလည်း ပိုဆိုးလာပါတယ်။ နောက်ဆုံး မစားနိုင်မသောက်နိုင် မထနိုင်ဖြစ် အရမ်းမောတော့မှ ဘေးကလူတွေ အကူအညီတောင်း ခြေကျင်တစ်တန် ကားတစ်တန်နှင့် ဆေးရုံကိုချီတက်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ အသက်မပါတော့ပါဘူး။

ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခက်ခဲသောဒေသ Hard to reach ဆိုတာ အကြောင်းနှစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပထဝီအနေအထားကြောင့် (လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲလို့) ဖြစ်နိုင်သလို နယ်မြေတည်ငြိမ်အေးချမ်းရေး (ပဋိပက္ခတွေ) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချက် နှစ်ချက်ကြောင့်ပဲ ကျွန်တော်တာဝန်ကျတဲ့ မြို့ကလေးရဲ့ ရာခိုင်နှုန်း ၄၀ ဟာ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့နေရပါတော့တယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး ဖြစ်စဉ်တွေ တိုးတက်လာတော့မှပဲ ကျန်းမာရေးလွှမ်းခြုံမှု တိုးတက်လာတော့မှာပါပဲ။

ကျွန်တော့်အနေနဲ့ ယခုရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ ကိုယ်တိုင်မစွမ်းသာတဲ့ အနေအထားတွေကို မထိတွေ့ဘဲ ကိုယ်တတ်နိုင်တာကိုပဲ လတ်တလော အဖြေအဖြစ် စဉ်းစားမိပါတော့တယ်။ ကျန်းမာရေးစောင့်ရှောက်မှု ကင်းနေရတဲ့ဒေသတွေက မိခင်တွေ ကလေးတွေကို မပျက်စီးစေချင်တော့ပါဘူး။ သူတို့ဆီကိုလည်း ကျွန်တော်တို့ဝန်ထမ်းတွေ သွားရန်ခက်ခဲလှပါတယ်။ ကျွန်တော်တို့ မသွားနိုင်ရင် ကျွန်တော်တို့ဆီ သူတို့ကိုခေါ်ရပါတော့မယ်လို့ စဉ်းစားမိပါတယ်။

လွှမ်းခြုံနိုင်ရန် ခက်ခဲဒေသက မိခင်လောင်းတွေ (ကိုယ်ဝန်သည်တွေ) ကို ကျွန်တော်တို့ ကျန်းမာရေးဌာနက လက်လှမ်းမီတဲ့နေရာတွေမှာ သွားနိုင်လာနိုင်လောက်ကတည်းက ခေါ်ထားရန်ပါပဲ။ အမေတို့ရဲ့ အိမ်ကလေးအဖြစ် သတ်မှတ်ထားမယ့် ယာယီကိုယ်ဝန်ဆောင် နားနေစခန်းလေးတွေ ဆောင်ရွက်ပေးနိုင်ရင် ကောင်းမှာပါပဲ။ လွှမ်းခြုံရန် ခက်ခဲတဲ့ဒေသက ကိုယ်ဝန်ဆောင်သည်လေးတွေကို နေစရာ စားစရာ နေ့စဉ်ထောက်ပံ့ထားမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးမယ်။ နွေးထွေးကြင်နာတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်မယ်။ ကျန်းမာရေးပညာပေးမယ်။ အမူအကျင့်ပြောင်းလဲရေးတွေ လေ့ကျင့်ပေးမယ်။ ခေတ္တခိုလှုံတဲ့ကာလအတွင်းမှာ သက်မွေးပညာတစ်ခုခု သင်ကြားပေးလိုက်ဦးမယ် (ဥပမာ- ဇာထိုးပန်းထိုး၊ စက်ချုပ် စသည်)။ ဒါတွေအားလုံးဟာ သူတို့လေးတွေ မကုန်ကျစေရဘူး။ ထောက်ပံ့မယ့် အစိုးရအစီအစဉ် သို့မဟုတ် နိုင်ငံတကာအထောက်အပံ့ သို့မဟုတ် အလှူရှင်များအထောက်အပံ့နှင့် စနစ်တကျ ဆောင်ရွက်သွားရမှာပါ။

အဲဒီအိမ်ကလေးမှာ သူတို့တွေ ပျော်စေရမယ်။ သူတို့တွေရဲ့ ရင်သွေးလေးတွေကို ကောင်းမွန်စွာ မွေးဖွားနိုင်ပြီး ကလေးရော လူကြီးပါ မူလနေရာကိုပြန်ရန် အခြေအနေပေးနေပြီဆိုရင် ပြန်ပို့ပေးမယ်။ သူတို့နေထိုင် သွားတဲ့ကာလအတွင်း နေ့စဉ်မသိမသာ ပူးပေါင်းပါဝင်ဆောင်ရွက်စေရင်း ရသွားမယ့် ဗဟုသုတအမူအကျင့် အလေ့အကျင့်နှင့် အတတ်ပညာတွေကြောင့် သူတို့ဘဝလေးတွေ ကလေးမွေးပြီးတဲ့နောက် ပိုမိုတောက်ပြောင်လာပါတော့မယ်။ အမေတို့ရဲ့အိမ်ကလေးမှာ လာရောက် ခေတ္တခိုလှုံပြီးရင် “သားရွှေအိုးထမ်း” ဆိုသလို လာခြင်းကောင်းတဲ့ သားသမီးလေးတွေကို ပိုင်ဆိုင်နိုင်ပါတော့မယ်။

မိခင်တစ်ယောက်ရဲ့ခံယူချက် အရည်အချင်းပြည့်ဝမှုဟာ ကလေးငယ်တစ်ဦးရဲ့ အနာဂတ်ကောင်းကျိုးနှင့် တိုက်ရိုက်အချိုးကျတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မိခင်တစ်ယောက်ဟာ ကျန်းမာရေးလည်းကောင်းနေမယ်၊ အမူအကျင့်ကောင်းမယ်၊ ပြုစုပျိုးထောင်မှု ကောင်းကောင်းပေးနိုင်မယ်ဆိုရင် ရင်သွေးငယ်လေးတွေမှာ ဆိုးသွမ်းတဲ့ စရိုက်လက္ခဏာတွေ ဗီဇအနေနဲ့ပါခဲ့ရင်တောင် တိမ်မြုပ်ပျောက်ကွယ်သွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။ လအပိုင်းအခြားတစ်ခုအထိ နေခွင့်ခိုလှုံခွင့် နွေးထွေးခွင့်ပေးမယ့် အမေတို့ရဲ့ အိမ်ကလေးမှာ မိခင်လောင်းတွေကို ကျန်းမာရေးနှင့် ညီညွတ်အောင် အမူအကျင့်ကောင်းတွေ စွဲသွားအောင် မသိမသာ လေ့ကျင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

အမေတို့ရဲ့အိမ် စီမံချက်ကလေးဟာ မိခင်သေနှုန်းကျဆင်းရေး ကလေးသေနှုန်း ကျဆင်းရေးကို တိုက်ရိုက်ရည်ရွယ်ပေမဲ့ အပိုရလာမယ့် ဆုကြေးကတော့ တန်ဖိုးပိုကြီးလှပါတယ်။ အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်ဆို အမူအကျင့် အလေ့အကျင့်ကောင်းတဲ့ အနာဂတ် လူ့အဖွဲ့အစည်းတစ်ခုကို အစပြုပေးခြင်းပဲ ဖြစ်ပါတယ်။ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမှာပါ။

လက်ရှိ ကျွန်တော်ရင်ဆိုင်နေရတဲ့ အခက်အခဲဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက် လွှမ်းခြုံရန်ခက်ခဲသော ဒေသများတွင် မိခင်နှင့်ကလေး သေနှုန်းများ ကျဆင်းလာစေရေးနှင့် လူနေမှုဘ၀ တိုးတက်မြင့်မားလာစေရန် အခြေခံအမူအကျင့်များ ဖြစ်ထွန်းစေရေးအတွက် အဖြေကတော့ အမေတို့ရဲ့အိမ်လို့ အမည်ရတဲ့ pre-delivery training camp for pregnant women of hard to reach area ပဲဖြစ်ပါတယ်။

အစိုးရဌာနတစ်ခုခုကဖြစ်စေ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ဒီအမေတို့ရဲ့ အိမ်အစီအစဉ်လေးကို စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ် ရေးပေးချင်ပါသေးတယ်။ ဒါမှမဟုတ် ကျွန်တော်တာဝန်ကျတဲ့ ဒေသဖြစ်တဲ့ သီပေါမြို့ကလေးမှာ လာရောက်ဆောင်ရွက်ချင်တယ်ဆိုရင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းကူညီစောင့်ရှောက် ပေးချင်ပါသေးတယ်။

အမေတို့ရဲ့အိမ် …။

Most Read

Most Recent