မျှော်လင့်ချက်တွေအတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အနာဂတ်

မျှော်လင့်ချက်တွေအတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အနာဂတ်
Published 25 September 2017

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများအား စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော် ပတ်စ်ပို့ရုံးကို သတင်းကိစ္စနဲ့ ရောက်သွားတော့ ပတ်စ်ပို့ရုံးအရှေ့နဲ့ ရုံးဘေးလမ်းကြားမှာ နိုင်ငံကူး လက်မှတ်ရဖို့အတွက် တန်းစီနေကြတဲ့ လူတွေအများကြီးကို တွေ့လိုက်ရပါတယ်။ တန်းစီနေတဲ့ လူတွေထဲမှာ နိုင်ငံကူးလက်မှတ် သက်တမ်းလာတိုးတဲ့လူတွေ ပါသလို၊ ပညာသွားသင်ဖို့၊ ဆေးသွားကုဖို့နဲ့ အလည်အပတ် သွားဖို့လူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လူတော်တော်များများကတော့ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်ကြဖို့ပဲ။

နိုင်ငံကူးလက်မှတ်ရဖို့အတွက် တချို့လူတွေဆို ပတ်စ်ပို့ရုံးမဖွင့်ခင် မနက်အစောကြီး ကတည်းကလာပြီး စောင့်နေကြတာလို့ သိရတယ်။ ဒီရက်ပိုင်း နေကလည်းပူတော့ ပတ်စ်ပို့  ရဖို့ တန်းစီနေတဲ့လူတွေက ထီးကိုယ်စီ၊ ရေဘူး ကိုယ်စီနဲ့ ဖိုင်တွဲလေးတွေ ခေါင်းပေါ်တင်ရင်း ကိုယ့်အလှည့်ရောက်မယ့်အချိန်ကို စောင့်နေကြတယ်။ နေ့လယ်ထမင်းစားချိန်ဆို ထမင်းဘူး ဖွင့်စားတဲ့လူကစား၊ ကြာဆန်ကြော်နဲ့ ခေါက်ဆွဲကြော် ဘူးလေးတွေဝယ်စားပြီး တန်းစီနေတာကို တွေ့ခဲ့ရတယ်။ “ထိုင်းနိုင်ငံကို သွားဖို့အတွက် ပတ်စ်ပို့ လာလျှောက်တာ။ မနက် ၈ နာရီကတည်းကလာပြီး တန်းစီနေတာ။ အခုထိအထဲကို မရောက်သေးဘူး။ ပဲခူးမှာက လုပ်စားကိုင်စားရတာ အဆင်ပြေတော့ ပြေပေမယ့် ရတဲ့ငွေက အရမ်းနည်းတယ်။ အဲဒါကြောင့် သူများနိုင်ငံသွားပြီး အလုပ်လုပ်မလို့”ဟု ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ကနေ ပတ်စ်ပို့လာလျှောက်တဲ့ မခင်မာကြည်က ပြောကြားခဲ့ပါတယ်။ သူ့လိုပဲ ကိုယ့်ရဲ့မွေးရပ်မြေဒေသဖြစ်တဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အဆင်မပြေလို့၊ အလုပ်အကိုင် ရှားပါးလို့၊ ဝင်ငွေနည်းလို့ စတဲ့ အကြောင်း အရာအမျိုးမျိုးတွေကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား (Migrant Workers) အများကြီး ရှိပါတယ်။

 

■ တန်းမစီချင်ရင် ပွဲစားတွေရှိတယ်

ဒီလိုစောင့်နေတဲ့လူတွေကိုမှ အားမနာတဲ့ လူတစ်စုတော့ ရှိပါတယ်။ သူတို့ကတော့ ပတ်စ်ပို့ရုံးအပြင်ဘက်က ပွဲစားတွေပါ။ “ပတ်စ် ပို့လုပ်မလား ... တန်းစီစရာမလိုဘဲ လုပ်ပေးမယ်လေ..” လို့ တွေ့သမျှလူကို လိုက်ပြောနေတော့တာပဲ။ ပတ်စ်ပို့လုပ်ချင်လို့ မနက်ကတည်းက လာရတဲ့လူတွေ၊ နေပူကြီးထဲမှာ တန်းစီနေ တာတွေ လုပ်စရာမလိုဘဲ လုပ်ပေးမယ်ဆိုတော့ သူတို့က ဘာအကန့်တွေရှိလို့ တန်းစီစရာမလိုဘဲ လုပ်ပေးမယ်လို့ ပြောနိုင်တာလဲ ဆိုတာစဉ်းစားစရာပဲ။ တချို့ပွဲစားတွေက ပတ်စ်ပို့လုပ်ပေးမယ်ဆိုပြီး လိမ်လည်သွားတာတွေ ရှိတယ်လို့ ကြားရပါတယ်။ ကိုယ့်နိုင်ငံမှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ သူများနိုင်ငံသွားပြီး အလုပ်လုပ်မယ့်သူတွေဆီက ငွေကြေးလိမ်လည်နေတဲ့ ဒီလိုလူလိမ်ပွဲစားအချို့ကို ပတ်စ်ပို့ရုံးက တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်။

■ ရွှေ့ပြောင်းလုပ်သားဆိုတာ ဘာလဲ

ရွှေ့ပြောင်းလုပ်သားဆိုတာကတော့ ကိုယ့်နိုင်ငံကနေ အခြားနိုင်ငံတစ်ခုခုကို ပြောင်းရွှေ့အလုပ်လုပ်တဲ့သူတွေကို ခေါ်ဝေါ်တာဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ အများစုက မိမိနိုင်ငံမှာလုပ်ကိုင်စားသောက်ရတာ အဆင်မပြေကြတဲ့အတွက် ပြောင်းရွှေ့ ကြတာပဲဖြစ်ပါတယ်။ International Labour Organization (ILO) ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၄ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ရွှေ့ပြောင်းလုပ်သားပေါင်း ၂၃၂ သန်းခန့် ရှိတယ်လို့သိရပါတယ်။ ရွှေ့ပြောင်းလုပ်သားထဲမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတွေမှာ အမျိုးသမီးရွှေ့ပြောင်းလုပ်ကိုင်သူ အရေအတွက်က အရင်ကထက် ပိုများလာပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၄၈ ရာခိုင်နှုန်းက အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတွေဖြစ် တယ်လို့ သိရပါတယ်။ အမျိုးသမီး ရွှေ့ပြောင်း လုပ်သားအများစုကတော့ အိမ်အကူလုပ်ငန်း နဲ့ အခြားလုပ်ငန်းတွေမှာ လုပ်ကိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာ အရင်ကထက် အမျိုးသမီး ရွှေ့ပြောင်းလုပ်သားအရေအတွက် ပိုများလာပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင် ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိပါတယ်။

■  ရွှေ့ပြောင်းလုပ်သားအရေအတွက်

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေက ၅၁ သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတာတွေ၊ တစ်ရက်လုံးလုပ်မှ တစ်နေ့ ၃၆၀၀ ပဲ ရတာတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းနေသေး တဲ့အတွက် ၅၁ သန်းသော ပြည်သူတွေရဲ့ ၁၀ ရာခိုင်နှုန်း (လူဦးရေ ငါးသန်း) ဝန်းကျင်က ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပြည်ပမှာ သွားပြီး အလုပ်လုပ်နေကြတယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရွှေ့ပြောင်းလုပ်သား ငါးသန်းဝန်းကျင်ထဲမှာ တရားဝင်သွားတဲ့လူရော တရားမဝင် (အောက်လမ်း) သွားတဲ့လူရော ပါတယ်။ ပြည်ပကို ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် အလုပ်လုပ်တဲ့လူတွေထဲမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားအရေအတွက်က တရားဝင် ရွှေ့ပြောင်းလုပ်သားအရေအတွက်ထက် ပိုများတယ်လို့ သိရပါတယ်။

ဒီ၂၀၁၇ ခုနှစ် နှစ်စကနေ သြဂုတ်လအထိ ပြည်ပနိုင်ငံတွေကို တရားဝင်သွားပြီး အလုပ်လုပ်တဲ့ပမာဏက တစ်သိန်းနီးပါးပဲ ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရတယ်။ ဒီစာရင်းဟာ တရားမဝင် (အောက်လမ်း) ကသွားတဲ့ အရေအတွက် မပါသေးဘူး။ သူတို့တွေဟာ ကိုယ့် မွေးရပ်မြေကိုစွန့်ပြီး ရေကြည်ရာမြက်နုရာကို ရွှေ့ပြောင်းသွားလာနေကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်ပါတယ်။

■ ဘယ်လိုလူတွေ အသွားများလဲ

မြို့ကြီးပြကြီးတွေမှာတောင် ဘွဲ့ရလူငယ် အများအပြားဟာ အလုပ်ရဖို့ သင်တန်းပေါင်းများစွာ တက်နေရတယ်။ တချို့လူငယ်တွေဟာဘွဲ့လက်မှတ်နဲ့ သင်တန်းဆင်းလက်မှတ် တစ်ပွေ့တစ်ပိုက်နဲ့ အလုပ်ရဖို့ရှာဖွေနေရပါတယ်။ ဘွဲ့ရလူငယ်တွေတောင် အလုပ် အကိုင်ရှားပါးနေချိန်မှာ ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့လူတွေ၊ နယ်မြို့လေးတွေ၊ တောရွာတွေမှာနေကြတဲ့လူတွေဟာ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ရတာ အဆင်မပြေတော့တဲ့အတွက် ပြည်ပကိုရွှေ့ပြောင်း လုပ်သားအဖြစ် အလုပ်သွားလုပ်ရတယ်။

■ ဘယ်နိုင်ငံကို အသွားများလဲ

မြန်မာနိုင်ငံမှာ အလုပ်အကိုင်မကောင်းလို့ ပြည်ပအလုပ်ထွက်လုပ်တဲ့သူတွေရဲ့ ရာခိုင်နှုန်း ၇၀ ကျော်က ထိုင်းနိုင်ငံကို သွားကြပါတယ်။ ထိုင်းက မြန်မာနဲ့လည်း နီးကပ်တယ်။သွားရတာလည်း လွယ်ကူတယ်။ အောက်လမ်းက တရားမဝင် သွားမလား၊ တရားဝင် သွားမလား ထိုင်းကို တစ်နေ့မကူးဘဲ ရောက်နိုင်တယ်။ မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၁၄ ရာခိုင်နှုန်းကျော်နဲ့ စင်ကာပူနိုင်ငံမှာ နှစ်ရာခိုင်နှုန်းကျော် ရှိတယ်လို့ ၂၀၁၅ ခု နှစ် မြန်မာလုပ်သားအင်အား စစ်တမ်းအစီရင်ခံစာအရ သိရပါတယ်။ ဒါ့အပြင် တောင်ကို ရီးယား၊ ဂျပန်နိုင်ငံတို့မှာလည်း ရွှေ့ပြောင်းလုပ်သားတွေရှိတယ်။ အခုနောက်ပိုင်းဆိုရင် အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကာတာ၊ ယူအေအီး၊ ဒူဘိုင်းနိုင်ငံတွေကိုတောင် သွားနေကြပါပြီ။ ပြည်ပကိုသွားပြီး အလုပ်လုပ်တဲ့အထဲမှာ ကျေးလက်ဒေသတွေမှာ နေ တဲ့သူတွေက ထိုင်းနဲ့မလေးရှားနိုင်ငံတွေကို အသွားများကြတယ်။ မြို့ပြဒေသတွေမှာနေတဲ့ လူတော်တော်များများကတော့ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့အခြားနိုင်ငံတွေကို  အသွားများကြတယ်။

■ တရားဝင် သွားမလား၊ တရားမဝင် သွားမလား 

ပြည်ပထွက်ပြီး အလုပ်လုပ်တဲ့နေရာမှာ တရားဝင်သွားပြီး အလုပ်လုပ်တာနဲ့ တရားမဝင်သွားပြီး အလုပ်လုပ်တာဆိုပြီး နှစ်မျိုးရှိတယ်။ နိုင်ငံတစ်နိုင်ငံကို တရားမဝင်အောက်လမ်းက သွားရင် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲအကျပ်အတည်းကို အရင်ဆုံးပြောပြချင် ပါတယ်။ တရားမဝင် အောက်လမ်းကသွားတဲ့ လူတွေက ပွဲစားတွေကတစ်ဆင့် သွားကြတာ များတယ်။ ပွဲစားတိုင်းကို ယုံကြည်လို့တော့ မရဘူး။ အချို့ပွဲစားတွေက ငွေကြေးလိမ်လည်ပြီး ထွက်ပြေးသွားတာမျိုးတွေ ရှိတယ်လို့ ကြားရတယ်။ ပွဲစားနဲ့ သွားတာက တရားတော့ မဝင်ဘူး။ ဒါပေမဲ့ တရားဝင်သွားတာနဲ့ ကုန်ကျစရိတ်ချင်း နှိုင်းယှဉ်ကြည့်ရင် တရားမဝင်သွားတာက အကုန်အကျ အနည်းငယ် သက်သာတယ်လို့ သိရတယ်။ တရားမဝင် သွားတဲ့သူက တစ်ဖက်နိုင်ငံရောက်ရင် လွတ်လွတ်လပ်လပ် နေလို့မရဘူး။ ခိုးကြောင် ခိုးဝှက်နေရတယ်။ ဟိုမှာ အလုပ်လုပ်လို့ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာ၊ ထိုင်းနဲ့အင်ဒိုနီးရှားက ငါးဖမ်းလှေတွေမှာ အဓမ္မကျွန်ပြုခိုင်း စေခြင်းခံရတာ၊ အတင်းအဓမ္မ ပြည့်တန်ဆာ ပြုခြင်းခံရတာတွေ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာ စတာတွေခံရရင် တိုင်ကြားဖို့ အခက်အခဲရှိတယ်။ ခိုးဝင်ရွှေ့ပြောင်း လုပ်သားဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံစားပိုင်ခွင့်လည်း မရှိပါဘူး။ ဖြစ်လာသမျှ အခက်အခဲကိုခေါင်းငုံ့ခံရနိုင်တယ်။ သူများနိုင်ငံကို တရားမဝင် ခိုးဝင်ထားတဲ့အတွက် မြန်မာအစိုးရကလည်း ကူညီပေးဖို့ ခက်ခဲတယ်။  ဟိုမှာ ပြဿနာတစ်ခုခုဖြစ်လို့ ရဲကိုတိုင်မယ်ဆိုရင်တောင် သူတို့နိုင်ငံကို တရားမဝင်ခိုးဝင်လာတဲ့အတွက် အရင်ဆုံး အဖမ်းခံရနိုင်ပါတယ်။ အဲဒီတော့ တရားမဝင်သွားတာဟာ အဘက်ဘက်က ဆုံးရှုံးနစ်နာမှု ရှိတယ်။

တရားဝင်သွားတဲ့သူကတော့ အစိုးရအသိအမှတ်ပြု အေဂျင်စီတွေကတစ်ဆင့် သွားရတာဖြစ်လို့ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတို့၊ အဓမ္မကျွန်ပြုခိုင်းစေတာတို့၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတို့ စတဲ့ အခက်အခဲတွေဖြစ်ရင် ကိုယ့်ကိုစေလွှတ်တဲ့ အေဂျင်စီကို အကူအညီတောင်းနိုင်တယ်။ အေဂျင်စီက အလုပ်သမားရဲ့ အခက်အခဲကို ဖြေရှင်းပေးတယ်။ ပြဿနာတစ်ခုခု ဖြစ်ရင် သူတို့စေလွှတ်တဲ့အလုပ်သမားကို သူတို့ အကုန်အကျခံပြီး ပြန်ခေါ်ရတယ်။ အဲဒီလိုမဟုတ်ဘဲ ခေါင်းရှောင်နေတဲ့ အေဂျင်  စီကိုတိုင်ရင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပကို အလုပ်သမား စေလွှတ်ခွင့်လိုင်စင် ပိတ်သိမ်းတယ်။ နောက်ဆုံး အေဂျင်စီကို တရားစွဲဆို ထောင်ချတဲ့အထိ လုပ်တယ်လို့ သိရပါတယ်။ တရားဝင်ရွှေ့ပြောင်းလုပ်သားက တစ်ဖက်နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ တရားဝင်သွားတဲ့လူရဲ့ အားသာချက်က အဲဒါတွေပါပဲ။

■ ပြည်ပမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရနိုင်လဲ

မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ ပြည်ပထွက်အလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ  ပြဿနာမျိုးစုံနဲ့ ကြုံနေရနိုင်ပါတယ်။ တရားမဝင်သွားတဲ့လူဆို ဘယ်နေ့ အဖမ်းခံရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့နေရတာ။ မြန်မာရွှေ့ပြောင်း လုပ်  သားများ အသွားများတဲ့ ထိုင်းနိုင်ငံမှာတော့ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေ၊ လုပ်အားခ မရတာတွေနဲ့ နေထိုင်တဲ့နေရာမှာ အခက်အခဲတွေဖြစ်နေတာတွေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့အကူအညီမှာ ထိထိရောက်ရောက် မရှိဘူးလို့ ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ထိုင်းမှာတော့ အလုပ်ရှင်တော်တော်များများက အလုပ်ခိုင်းပြီး လုပ်အားခမပေးတဲ့ ပြဿနာတွေ ဖြစ်နေတယ်။ နောက်မြန်မာသံရုံးကို အကူအညီတောင်းလို့မရတဲ့ပြဿနာတွေ ကြုံနေရတယ်။ သံအရာရှိဆို ခြောက်ယောက်ခုနစ်ယောက်ရှိတယ်။ အလုပ်သမား တွေ ဖုန်းဆက်ရင် ဖုန်းမကိုင်ကြဘူး။ သံရုံးက ထိထိရောက်ရောက် မကူညီပေးဘူး။ နေထိုင်ခွင့်တွေ ခဏခဏ အပြောင်းအလဲဖြစ်နေတော့ ကုန်ကျစရိတ်တွေ များနေတယ်။ ထိုင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား  ရာခိုင်နှုန်း ၈၀ က လုပ်ခလစာတွေ အပြည့်အဝတွေနဲ့ ကြုံနေရတယ်”လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများကို ကူညီစောင့်ရှောက်နေသည့် အဖွဲ့တစ်ဖွဲ့မှ ကိုခိုင်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံမှာလည်း မြန်မာအလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိနေတယ်။ မလေးရှားနိုင်ငံမှာ အလုပ်ကပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်တာကြောင့် လူသေခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်။ နောက်ပြီး ပြည်ပနိုင်ငံတွေထဲကိုခိုးဝင်ပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာတွေလည်း ရှိပါတယ်။ ထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ကျွန်ပြုခိုင်းစေခံရတာတွေ ရှိပါတယ်။

■ နေရပ်ပြန် အလုပ်လုပ်ကြမလား

ရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ရင်လည်း အဆင်မပြေနိုင်ပါဘူး။၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာနှုန်းကို တစ်ရက်ကို ၃၆၀၀ ကျပ်နဲ့ တစ်လကို တစ်သိန်းရှစ်ထောင်ကျပ်ဆိုပြီး အစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒီပမာဏက အခြေခံလူတန်းစား အလုပ်သမားတွေအတွက် အဆင်ပြေတဲ့ပမာဏနှုန်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်ကစက်မှုဇုန်တွေက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား ဆန္ဒပြတာတွေ မကြာခဏဖြစ်နေတယ်။ အများစုက လုပ်ခလစာ အပြည့်အ၀ မရတာ၊ အလုပ်သမား အခွင့်အရေးတွေ အပြည့်အ၀ မရတာတွေပဲ ဖြစ်တယ်။

ရန်ကုန်မှာ အိမ်ငှားခတွေ ဈေးကြီးတယ်။ ကုန်ဈေးနှုန်းတွေ တက်တယ် ဒီ ပြဿနာတွေကြားထဲမှာ အလုပ်သမားအများစုက လုံးလည်ချာလည် လိုက်နေတာပဲ။ အဲဒီတော့ ရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံ ပြန်လာပြီး အလုပ်လုပ်ဖို့အတွက်လည်း အဆင် မပြေနိုင်ပါဘူး။

■ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အိပ်မက်

မြန်မာနိုင်ငံကထွက်ပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်တဲ့လူတိုင်းက ဟိုမှာ အလုပ်လုပ်ပြီး အိမ်ကို ငွေထောက်ပံ့မယ်။ သူများနိုင်ငံမှာ ခြစ်ကုပ်နေထိုင်စားသောက်ပြီး ငွေစုမယ်။ အတိုင်းအတာတစ်ခုထိ ရောက်ရင် ငွေထုပ်ပိုက်ပြီး ကိုယ့်နိုင်ငံကို ပြန်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေ ကိုယ်စီရှိကြတယ်။

■ အဲဒီ စိတ်ကူးအိပ်မက်တွေ ဘယ်တော့ အကောင်အထည်ပေါ်မလဲ

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာတာလဲ တစ်နှစ်ကျော်လာပြီ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကလည်း အားရစရာမရှိသေးဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေဆဲပဲ။ အဲဒီလိုဖြစ်နေချိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်ပြီး အလုပ်လုပ်ဖို့ဆိုတာ လည်း မဖြစ်နိုင်သေးတာ သေချာပါတယ်။ ဒီက တစ်ရက်အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ဟာ သူတို့ ရွှေ့ပြောင်းလုပ်ကိုင်တဲ့နိုင်ငံက ပမာဏထက် နည်းနေပါသေးတယ်။ သေချာတာတစ်ခုကတော့ ပြည်ပထွက်သွားတဲ့ ရွှေ့ ပြောင်းလုပ်သားတွေ တစ်နေ့နေ့တစ်ချိန်ချိန် မှာ သူတို့ ဇာတိချက်မြှုပ် မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်လာကြမှာပါ။ ဒါပေမဲ့ သူ တို့ဘယ်အချိန်၊ ဘယ်ကာလမှာ ပြန်လာမလဲ ဆိုတော့ မပြောနိုင်ဘူး။ ရွှေ့ပြောင်းလုပ်သား တွေအနေနဲ့ သူတို့မိသားစုတွေ ကိုယ်စီရှိတဲ့ အိမ်တွေကို အမြန်ဆုံး ပြန်လာနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။

Most Read

Most Recent