ကိုက်ခဲသူခေါင်းလောင်း

ကိုက်ခဲသူခေါင်းလောင်း
Published 24 September 2017

ဒေါင်....ဒေါင်... ဒေါင်.... ဒေါင်...။ ဘုရားကျောင်းရှေ့မှာ ခေါင်းလောင်းကြီးရှိတယ်။ နားထောင်စမ်း။ ခေါင်းလောင်းသံတွေ ထွက်လာတာ ကြားရလား။ တစ်ချက်ပြီး တစ်ချက်ပဲ။ အသံဟာ နံရံတွေအားလုံးကိုဖောက်ပြီး ပြေးလာနေတယ်။ ပြတင်းပေါက်ကနေ လရောင်တွေ  ဖြာကျလာတာတွေ့တယ် မလား။ အဲဒီလိုပဲ။ ခေါင်းလောင်းသံဟာ ရောက်လာတာပဲ။ ကြားရတာပဲ။ ဒါ လူသေတာ။ တစ်ချက်ပြီး တစ်ချက် စောင့်စောင့်တီးတာက လူသေလို့ပဲ။ ဒီမှာက လူသေရင် ခေါင်းလောင်းတီးတယ်။ ခေါင်းလောင်းသံကို တစ်မြို့လုံး မကြားနိုင်ရင်တောင်မှ မြို့တစ်ဝက်လောက်အထိ ကောင်းကောင်းကြားရတယ်။ ခေါင်းလောင်းသံကို နားထောင်ပြီးတော့ ဒါလူသေခေါင်းလောင်းလား၊ ဝတ်ပြုခေါင်းလောင်းလား၊ မီးလောင်လို့ တီးတဲ့ခေါင်းလောင်းလား ခွဲခြားလို့ရတယ် ဒီမှာက။ ဒါ လူသေခေါင်းလောင်းဆိုတာ သေချာပါတယ်။ အကြောင်းက တစ်ချက်ပြီး တစ်ချက်နားနားပြီး တီးတယ်လေ။ မီးလောင်တဲ့ ခေါင်းလောင်း မဟုတ်ဘူး။ တကယ်တမ်းမှာ မီးလောင်လို့တီးလည်း ဒီခေါင်းလောင်းပဲ။ ဝတ်ပြုဖို့ တီးတော့လည်း ဒါပဲ။ လူသေလို့ တီးလည်းဒါပဲ။ ဒီမြို့လေးမှာ ခေါင်းလောင်းတွေ တော်တော်များများ အသုံးပြုကြတယ်။ ဘုရားကျောင်းတစ်ခုမှာ အနည်းဆုံး ခေါင်းလောင်းတစ်ခုတော့ ရှိတာပေါ့။ ကက်သလစ်ဘုရားကျောင်းတွေမှာဆို  ခေါင်းလောင်း နှစ်ခုကြီးများတောင်။ တချို့ကျောင်းတွေမှာ ခေါင်းလောင်းကို အမြင့်ကြီးတွေမှာ ထားကြတာ။ စင်သေချာဆောက်ကြတာပေ့ါ။ တချို့ကျောင်းတွေမှာတော့ ဘုရားကျောင်းနားက မြေကွက်လပ်လေးတစ်ခုမှာ တိုင်နှစ်ချောင်းတန်းပြီး ခေါင်းလောင်းချိတ်ကြတာ။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ခေါင်းလောင်းတီးဖို့ အချိန်ရောက်လာရင် ခေါင်းလောင်းသံဟာ မြူတွေကို ဖြတ်ပြီး အိမ်တိုင်းစေ့ ရောက်လာတတ်ရဲ့။ နေပါဦး။ ထွက်လာတဲ့ ခေါင်းလောင်းသံအရ ဒါဟာ လူသေတဲ့ ခေါင်းလောင်း။ ဘယ်သူဟာ သူ့မိသားစုကိုခွဲပြီး ထွက်သွားပြန်ပြီလဲ။ ကျန်ရစ်သူတွေ။ အဖေလား။ အမေလား။ ဇနီး၊ ခင်ပွန်း၊ သားမောင် ဆွေမျိုးမိတ်ဆွေလား။ ဘယ်သူလဲ။ သေခြင်းဟာ လှတယ်။ မမေးနဲ့။ မငေးနဲ့ ။ ဘယ်သူက ဘာကို သေသေချာချာ ပြောနိုင်မှာလဲ။ စာနာပေးကြကွယ်။ ကိုယ်ချင်းစာ တိတ်ဆိတ်ပေးကြပါကွယ်။ တိတ်ဆိတ်နေတဲ့ မြူတွေကြားထဲက မှောင်ရိပ်မှာ လူတစ်ယောက်ဟာ ခေါင်းလောင်းကို တီးလို့။

ကလေးတစ်ယောက်က သူ့အဖေကို မေးတယ်။ ခေါင်းလောင်းသံတွေ မကြားရတော့ဘူး။ တိတ်သွားပြီ။ ခေါင်းလောင်းသံက ၃၁ ချက်ပဲ။ အဲဒါ သေတဲ့လူရဲ့အသက်အလိုက် တီးတာလား။ ဒီလိုဆို သေတဲ့လူရဲ့အသက်က ၃၁ နှစ်ပေါ့နော် အဖေ။ အဲဒါတော့ အဖေလည်း သေချာမသိဘူး သားရဲ့။ သူဟာ မီးပုံးထဲကို မီးသွေးခဲတွေ ထပ်ဖြည့်ရင်း သူ့သားကို ပြန်ပြောတယ်။ သူ့သားဟာ သူ့ဘေးနားမှာထိုင်ပြီး လက်နှစ်ဖက်ကို မီးပုံးနား ကပ်လိုက်တယ်။ ကလေးငယ်ရဲ့ မျက်လုံးတွေဟာ မျက်ရည်တွေနဲ့။ မီးခိုးတွေဟာ ကလေးငယ်ကို မျက်ရည်ကျအောင် ပြုလုပ်နိုင်စွမ်းရှိပုံရရဲ့။ ဟော.. ခေါင်းလောင်းသံ မကြားရတော့ဘူး။ မီးပုံးနားက ကလေးလေးကလည်း သူ့အဖေကို မေးခွန်းထပ်မမေးတော့ဘူး။ ကလေးအဖေက ရေဒီယိုကို ယူပြီး လိုင်းဖွင့်လိုက်တယ်။ အစ ကတော့ရှဲရှဲနဲ့။ နောက်တော့ လိုင်းတစ်ခု မိသွားတယ်။ သီချင်းတစ်ပုဒ်ပဲ။ ကလေးငယ်နဲ့ သူ့အဖေဟာ မီးလှုံရင်း ရေဒီယိုက ထွက်လာတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်နေကြတယ်။ သီချင်းကလည်း တုန်ချည့်စွာ ရေဒီယိုထဲက ထွက်လာလို့။ သီချင်းငါးပုဒ်၊ ခြောက်ပုဒ်လောက်ပြီးတော့ ကလေးငယ်က သူ့အဖေကို မေးတယ်။ အဖေ သေသွားတဲ့လူကို သိသလားတဲ့။ သူဟာ သူ့ခေါင်းကို တစ်ချက် ခါပြလိုက်တယ်။ အဲဒါဆို ကျွန်တော်တို့အသိထဲကများလား မသိဘူးနော်လို့ ကလေးငယ်က ပြန်မေးလာတော့ မဖြစ်နိုင်ပါဘူးကွာလို့ သူပြန်ဖြေလိုက်တယ်။ ဖြေရင်းနဲ့ မီးပုံးထဲကို မီးသွေးခဲနည်းနည်း ထပ်ဖြည့်တယ်။ သူ ရေဒီယိုကိုယူပြီး ပိတ်ပစ်လိုက်တယ်။ မီးပုံးထဲက မီးသွေးခဲတွေ ကုန်သွားတဲ့အခါ သူတို့သားအဖဟာ ဒူးထောက်ဆုတောင်းကြလိမ့်မယ်။ “ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ဘုန်းတော်အား ချီးမွမ်းပါ၏”  ဒီလို ဆုတောင်းကောင်း ဆုတောင်းကြလိမ့်မယ်။ ကလေးငယ်လေးကလည်း ဒီည ကွယ်လွန်သွားတဲ့ ကွယ်လွန်သူအတွက် ဆုတောင်းကောင်း တောင်းလိမ့်မယ်။ သေသူတို့အဖို့ ပို့သအပ်သော ဆုတောင်း မေတ္တာကို ရွတ်ကောင်းရွတ်နေလိမ့်မယ်။ အဲဒါက ဖြစ်နိုင်တယ်။ ပြီးရင်တော့ အိပ်ကြမှာပေါ့။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ သူတို့သားအဖ အိပ်ကြဦးမှာမဟုတ်ဘူး။ ကွယ်လွန်သွားတဲ့ ကလေးငယ်ရဲ့အမေ။ ကွယ်လွန်သွားတဲ့ သူ့ချစ်ဇနီး။ ပုံရိပ်တွေဟာ ပြန်ပေါ်လာလိမ့်ဦးမယ်။ ကလေးအဖေဟာ သူ့ချစ်ဇနီးကို လွမ်းပြီး မျက်ရည်ကျကောင်း ကျနိုင်တယ်။ မင်းကွာ ငါ့ကို ထားခဲ့ရက်တယ်။ သားလေး မျက်နှာကိုတော့ ထောက်သင့်တယ်။ အဲဒီလိုပြောမလား။ ဒါမှမဟုတ်။ မိန်းမရေ သတိရတယ်ကွာ။ မင်းအဆင်ပြေရဲ့လားကွယ်။ သားလေးတောင် ကြီးလှပြီဟလို့  စိတ်ထဲကပြောပြီး ဝမ်းနည်းနေမလား။ ဒါမှမဟုတ် အိပ်ရာပေါ်က ထပြီး ဆေးလိပ ်ထသောက်မလား။ ကလေးငယ်လေးကလည်း သူ့အမေကို သတိရနေနိုင်ပါတယ်။

ကလေးငယ်ကတော့ ကလေးပီပီ သေသွားတဲ့သူဟာ ဘယ်သူများပါလိမ့်။ အခုချိန်လောက်ဆို သူ့ဝိညာဉ်ဟာ လျှောက်သွားနေလောက်တယ်။ ဒါမှမဟုတ် ငရဲသားတွေက လာခေါ်ကြလို့ ငရဲပြည်ကို ပါသွားလောက်ပြီ။ ဒီလိုမှမဟုတ်လည်း ကောင်းကင်ကို တက်ရင် တက်နေမှာပေါ့လို့ ဟိုရောက်ဒီရောက် တွေးနေနိုင်ရဲ့။ ကလေးငယ်ရဲ့လက်တွေဟာ သူ့အဖေရဲ့ဗိုက်ကို တင်းတင်းလေးဖက်လို့။ကွယ်လွန်သူများကို လေးစားပါ။ သတိရပါ။ ကျန်ရစ်သူများကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံကြပါ ကိုယ်ချင်းစာကြပါလေ။ မမြင်ရတဲ့ အသံပါ။ တွေးမိသလား။ ဒီလိုအသံတွေဟာ စာဖတ်သူဆီက လာတတ်တာမျိုး။ ဒါမှမဟုတ် သူ့အလိုလို လေထဲရှိနေတတ်ပြီး ကြုံကြိုက်တဲ့အခါ ကြားရတတ်တာမျိုး။ မကြားရသူတွေအတွက်တော့ ဘယ်သူမှ ပြောတတ်မှာမဟုတ်။ အကြောင်းက ကြားမှမကြားရဘဲ။ သားအဖနှစ်ယောက်ဟာ အခုထိတော့ မအိပ်ကြသေး။ သူတို့အိမ်ကလေးဟာ နှင်းတွေကြားထဲကွေးနေလို့။ လရောင်ဟာ ဖြာကျလို့။ ခွေးအူသံတွေဟာ ဆူညံလို့။

ဒီည ဘယ်သူထွက်သွားတာလဲ။ ဟောဟိုမှာ သေချာကြည့်စမ်းပါ။ မီးတွေလင်းပြီး လူတွေစည်နေတဲ့ အိမ်လေးကို မြင်ရလား။ ဟောတချို့က မီးတွေဖိုလို့။ ချက်ပြုတ်ကြမယ့် ပုံပဲ။ သေချာကြည့်စမ်းပါ။ အဲဒါ ဒီည ကွယ်လွန်သူရဲ့အိမ်ပဲ။ ကွယ်လွန်သူဟာ ခုတင်တစ်ခုပေါ်မှာ အေးစက်စက်နဲ့ လဲလျောင်းနေလိမ့်မယ်။သူ့မျက်လုံးတွေဟာ ဟောက်ပက်ပက်ကြီး ဖြစ်နေနိုင်ပါတယ်။ သူ့ခြေဖျားတွေကလည်း အေးစက်နေမှာပဲပေါ့။ ဒီလိုအေးတဲ့ နှင်းတွေကြားမှာ သူဟာထွက်သွားခဲ့ ပြီပေါ့လေ။ သေချာကြည့်စမ်းပါ။ ကွယ်လွန်သူရဲ့အသက်ဟာ ဘယ်လောက်လဲ။ ငါးနှစ်သားပဲရှိသေးတဲ့ ချစ်စရာ ကလေးငယ်လေးလား။ ခင်ဗျားရဲ့ သားတူအရွယ်လား။ ငါးနှစ်သားဆို မစောလွန်းဘူးလားဗျာ။ ရင်ကွဲ မတတ်ငိုနေတဲ့ သူ့အမေကိုရော မြင်ရဲ့လား။ သေချာကြည့်စမ်းပါ။ ကွယ်လွန်သူဟာ ငါးနှစ်သား ကလေးမဟုတ်ဘဲ  တက္ကသိုလ်ကျောင်းသားလား။ ဒါဆို အသက် ၁၈ ဝန်းကျင်ပေါ့။ ဟောဗျာ။ ဒါဘယ်လိုသဘောကြီးလဲ။ သေချာကြည့်စမ်းပါ။ ကွယ်လွန်သူဟာ အရာရှိ ကြီးမဟုတ်လား။ သေချာကြည့်စမ်းပါ။ ကွယ်လွန်သူဟာ အများအကျိုးဆောင်ရွက်တတ်တဲ့ လမ်းထိပ်က ဦးဂျိုးဇက်ကြီးမဟုတ်လား။ ဟာသူ့မှာ လူမမယ်ကလေးတွေနဲ့။ သူ့ဇနီးကလည်း မရှိတော့ဘူး။ ဟာသေချာကြည့် စမ်းပါ။ ကွယ်လွန်သူဟာ ခင်ဗျားလား။ သေချာကြည့်စမ်းပါဗျာ။ ကွယ်လွန်သူဟာ ဘယ်သူလဲ။ ဘုန်းတော်ကြီးလား။ ကဗျာဆရာလား။ မြို့တော်ဝန်လား။ အမတ်လား။ အရက်သမားလား။ အသည်းကွဲသူလား။ မိန်းမလှလေးလား။

ဟော ဓမ္မတေးသီချင်းတွေ ဆိုနေကြပြီတွေ့လား။ ကြားရလား။ လူသေတဲ့အခါ ဆိုရတဲ့ ဓမ္မတေးတွေ။ ဟော.. ဆုတောင်းနေကြပြန်ပြီ။ တွေ့လား။ ဓမ္မဆရာဟာ ကျမ်းစာဖတ်နေပြီ။ အိမ်ရှေ့မှာ ချိတ်ထားတဲ့ White Board ကို တွေ့လား။ သေချာသွားဖတ်ပေးစမ်းပါ။ ငါ့နာမည်နဲ့ တူလိုက်တာ။ ငါ့နာမည်များ ဖြစ်နေမလားလို့။ ဟောတဆိတ်၊ ငါ့ နာမည်များ မင်းတို့တွေ့လိုက်ကြသလား ပြောစမ်းပါ။

Most Read

Most Recent