ကမ္ဘာကြီးအတိုင်း ကြားရသောအသံများ

ကမ္ဘာကြီးအတိုင်း ကြားရသောအသံများ
Published 23 September 2017

ရန်ကုန်-ပုသိမ် ကားလမ်းမတစ်နေရာကို တွေ့ရစဉ်

ကားထဲတွင် စက်တင်ဘာလ၏ ပူလောင်မှုဖြင့် အတော်လေး အနေရအထိုင်ရ ခက်နေသည်။ ကားလမ်းနံဘေး၌ သစ်ပင်တန်းများက ပြိုင်းခနဲ ပြိုင်းခနဲနှင့် ကား၏အလျင်ကို တိုင်းတာပြနေသည်။ မကြာခင် ပုသိမ်မြို့သို့ ကျွန်တော်တို့ ရောက်ရှိသွားပါသည်။ ကျွန်တော်တို့၏ ဥဒဟိုတွင် မျက်စိပသာဒဖြစ်ဖွယ်ရာများနှင့် ထိပ်တိုက်တွေ့ကြုံနေရသော်လည်း ကျွန်တော့်စိတ်များ မလန်းဆန်းလှပါ။ ကျွန်တော်တို့အပေါ် ဧည့်ဝတ်ကျေပွန်သော အရောင်အဝါများနှင့် လင်းထိန်နေသော်လည်း ကျွန်တော် တောက်ပခြင်း ကင်းနေမိသည်။ အဘယ်ကြောင့်နည်း။

စာပေညီလာခံအကြို လေ့လာသူအဖြစ်နှင့် ပုသိမ်သို့ သွားရာလမ်းတွင် အချို့ရေနစ်မြှုပ်နေသော လယ်ယာမြေများ၊ အချို့ရေနစ်မြှုပ်နေသော အိမ်များ၊ တဲငယ်လေးများ၊ ရေထဲသို့ နစ်ဝင်နေကြသည်။ နစ်မြုပ်နေကြသည်။ ထိုအကြောင်းအချက်များက ပုသိမ်မြို့ရောက်သည်အထိ မျက်စိထဲမှမထွက်။ ညီလာခံလုပ်နေသော အချိန်အထိ အတွေးများထဲကမထွက်။ တည်းခိုရာ ဟိုတယ်ရောက်လာသည်အထိ စိတ်ခံစားမှုထဲ ထည့်သိမ်းထားနေမိသည်။ မည်သို့ထွက်နိုင်မည်လဲ။ ပြာနှမ်းလာနေသော ကောင်းကင်။ အနည်းငယ်အေးစပြုလာသော ခန္ဓာကိုယ်။ ကားလမ်းပေါ်က ခပ်ကျဲကျဲသွားလာနေကြသော ကားတွေ၊ ဆိုင်ကယ်များ။ အရောင်များက မျိုးစုံ။ ဟိုတယ်ရေချိုးခန်းထဲမှ ရေပိုက်ခေါင်းထဲက ရေပူများနှင့် အနည်းငယ်နွေးအောင်လုပ်ပြီး ပြန်ထွက်လာခိုက် အမှိုက်ခြင်းထဲမှာ ဘီယာဘူးတံဆိပ်မျိုးစုံ၏ အခွံများအထပ်လိုက်။ ဘာကိုမှ ကျွန်တော်ဖမ်းဆုပ်မရနိုင်တော့သလို ဘာကိုမှလည်း နှစ်လိုဖွယ်ရာဟူ၍ မခံစားမိတော့ပါ။ ဆရာ “မောင်အောင်ပွင့်” ၏ “ဘီယာဘူးခွံများ” ကဗျာထဲမှ ကဗျာတစ်ပုဒ်ကိုသာ သတိရမိသည်။

အဝိုင်းပေါက်နဲ့ တိုင်းဖောက်ဖောက်
စက်ဝန်းတစ်ခု ပြုတဲ့အခါ
လည်လည်း လည်
စောင်းလည်း စောင်းတဲ့
ကမ္ဘာကြီးပေါ်မှာ
မရေရာ မသေချာမှုတွေ
ရှိနေနိုင်တာပေါ့။

လည်လည်းလည်၊ စောင်းလည်းစောင်းတဲ့၊ ကမ္ဘာကြီးပေါ်မှာတဲ့။ မရောရာ မသေချာမှုများကို ကျွန်တော်တို့ ထိပ်တိုက်တွေ့နေကြရပါပြီ။ အချို့နေရာများတွင် သေချာသလိုလို၊ ရောရာသလိုလိုနှင့်။ အချို့နေရာများမှာတော့ မရေရာခြင်းများ၊ မသေချာခြင်းများနှင့်၊ ကျွန်တော်တို့၏ လက်များ၊ ကျွန်တော်တို့၏ စိတ်များ၊ ကျွန်တော်တို့၏ ခံစားမှုများက ရေရာကြရဲ့လား သေချာကြသလားဟု မေးခွန်းထုတ်နေမိသည်။ ဘီယာဘူးခွံံများလိုလား။ ဆည်းဆာရောင်ကဲနေသော ကောင်းကင်မှနေ၍ ချက်ချင်း အုံမှိုင်းသွားတတ်သော ကောင်းကင်လိုလား။ ဟိုတယ်နံရံများက ကျောက်သားများကို လက်နှင့် ပွတ်သပ်မိနေတုန်း။ အဝေးပြေးကားလမ်းဘေးက မြေသားကြမ်းခင်းပေါ် ထိုင်ချလိုက်မိသလိုမျိုးလား။ ကမ္ဘာကြီးပေါ်မှာ မရောရာ၊ မသေချာမှုများ တကယ်ရှိနေနိုင်သလို၊ တကယ်ရှိနေခဲ့တာပါ။ နေ့များထဲမှာလည်း ရှိနေသည်။ ညများထဲမှာလည်း ရှိနေသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးထဲတွင် “ရသ” များလည်း လိုအပ်ပါသည်။

“သုတ” များလည်း လိုအပ်ပါသည်။ “ဒဿန” များလည်း လိုအပ်ပါသည်။ သို့သော်လည်း အချို့အခြေအနေ အရပ်ရပ်တို့သည် ထိုအရာများကို တွန်းထုတ်ပစ်နေတတ်သည်။ လဲပြိုပစ်နေတတ်သည်။ အနားမှနေ၍ မောင်းထုတ်ပစ်နေကြသလားဟု ထင်မှတ်မိသည်။ လိုအပ်ချက် . . . . ဟုတ်ပါသည်။ ကျွန်တော်တို့တစ်တွေ မည်သည့်အရာတွေကို အဓိက လိုအပ်နေကြသနည်း။ စားဝတ်နေရေးအတွက်လား။ ဘဝလုံခြုံမှု အတွက်လား။ လွတ်လပ် ပျော်ရွှင်မှုအတွက်လား။ ထိုအရာများနှင့် ကင်းကွာနေသော ဘဝဖြစ်တည်မှုများ၊ လူ့အဖွဲ့အစည်းများအတွက် ရသများ၊ သုတများ၊ ဒဿနများ နေရာပျောက်ဆုံးနေရခြင်းများအတွက် အကျိုးနှစ်ရပ်စလုံးကို ကျွန်တော် စိတ်မကောင်းစွာ တွေးတောနေမိသည်။ ကမ္ဘာကြီးပေါ်မှ မရေရာ၊ မသေချာမှုများသာ။ ကျွန်တော်တို့နှင့် ထိစပ်နေသော၊ အတူထမ်းပိုးနေကြရသော ပခုံးသားများသာ။ လည်လည်း လည်နေတဲ့ ကမ္ဘာကြီးကဲ့သို့ ကျွန်တော်တို့ လူမှုယန္တရားကြီးလည်း ချာလည်လည်နေရသည်။ စောင်းလည်း စောင်းသော ကမ္ဘာကြီးကဲ့သို့ ကျွန်တော်တို့တစ်တွေ တိမ်းစောင်းနေကြရသည်။ ဘယ်တော့ ငြိမ်ရပ်နေနိုင်မလဲ။ ဘယ်တော့ တည့်မတ်နေနိုင်မလဲ။ ထိုအချိန်တွင် ရသများ ဒလဟော စီးဝင်လာပါစေ။ သုတများ ဒလဟော စီးဝင်လာပါစေ။ ဒဿနများ ဒလဟော စီးဝင်လာပါစေ။ ငြိမ်ရပ်နေနိုင်သည့်အခါ တည့်မတ်နေနိုင်သည့်အခါများမှာ ပြန်လည်စီးဝင်လာမလား မျှော်လင့်နေမိသည်။ သို့သော်လည်း . . .

ကျွန်တော်တို့ ပုသိမ်မှအပြန် ရန်ကုန် ပုသိမ်ကားလမ်းမကြီးပေါ်တွင် လှစ်ခနဲ မြင်လိုက်ရသော တစ်စုံတစ်ရာ။ ထင်းခနဲ မြင်လိုက်ရသော ပုံရိပ်အချို့သည် ညအမှောင်ကို ခွင်းသွားသော ကားမီးရောင်နှင့်အတူ မြင်ကွင်းအဖုံဖုံကို ဖမ်းဆုပ်မိလိုက်လေသည်။ တကယ့်အရှိတရားများ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ဘေးဝဲယာတွင် ပေါ်လာတတ်သကဲ့သို့ မြင်ကွင်းများ၊ နောက်ကျောများနှင့်လည်း ကင်းကွာမသွားသော အရာများဖြစ်ပါသည်။ အချို့တုတ်များ ကိုင်လျက်။ အချို့ ဓားများကိုင်လျက်။ အချို့သားကောင်များ၊ ရေထဲမှငါးများရှာဖွေရန် ထွက်လာကြသူများသာ။ ထမ်းပိုးများကိုင်လျက်။ ငါးထည့်ဖို့ (ပလိုင်း) များလွယ်လျက်။ အမှောင်ရှိသည်။ မြွေပါးကင်းပါးရှိသည်။ ထိုအရာများထက် သူတို့တွင် ယုံကြည်မှုတစ်ခုရှိသည်ဟု ထင်မိသည်။ အမှန်တရား တစ်ခုရှိမည်ဟု ထင်မိသည်။ ထမ်းပိုးများကို ကိုင်ဆောင်လာကြသကဲ့သို့ ဘဝရှင်သန်ရပ်တည်မှုများကို ကိုင်ဆောင်ကြရသည်။ ငါးထည့်ဖို့ (ပလိုင်း) များကို လွယ်ပိုးလာကြသလို ရှင်သန်ခြင်း၏ အဓိပ္ပာယ်များကို လွယ်ပိုးနေကြသည်။ အမှောင်နှင့် ထိစပ်နေသော မြွေပါးကင်းပါးနှင့် ရောယှက်နေသော ကြယ်ရောင်ဖျဖျများအောက်မှ တကယ့်အရှိတရားများပင်ဖြစ်သည်။

ထိုအရာများထဲမှ ကျွန်တော်ဘယ်လို ရုန်းထွက်နိုင်မည်လဲ။ ပုသိမ်အသွားတုန်းက ရေနစ်မြုပ်နေသော လယ်ယာမြေများ၊ အိမ်လေးများ၊ တဲလေးများကို မြင်ယောင်မိစဉ် အတွေးထဲမှ မည်သို့မျှ မထွက်နိုင်ခဲ့သကဲ့သို့ အခုအပြန်လမ်း၏ မြင်ကွင်းထဲက သရုပ်မှန် ကားချပ်များကို မည်သို့မည်ပုံဆွဲထုတ်၍ ရနိုင်တော့မည်နည်း။ ထိုကားချပ်များက လည်နေတဲ့ စောင်းနေသော ကမ္ဘာကြီးပေါ်တွင် ဖြစ်ပါသည်။ အမှောင်ညထဲတွင်ဖြစ်သည်။ ရေထဲကျွံဝင်နေသော အိမ်ငယ်၊ တဲငယ်လေးများထဲတွင် ဖြစ်ပါသည်။ ဟိုတယ်နံရံက ကျောက်သားတွေ မဟုတ်သလို၊ ရေချိုးခန်း ရေပိုက်ခေါင်းထဲမှ ထွက်လာသော ရေအပူများလည်း မဟုတ်ပါ။ စိမ်းလဲ့လဲ့ မြက်ခင်းပြင် မဟုတ်သကဲ့သို့၊ ကားလမ်းနှင့်ဘီးများ ပွတ်တိုက်နေသော အသံများလည်း မဟုတ်ပါ။ ရသအသံလည်း မဟုတ်ပါ။ သုတအသံလည်း မဟုတ်တတ်ပါ။ ဒဿနအသံလည်း မဟုတ်ပါ။ မရေရာ မသေချာမှုများရှိနေသော ကမ္ဘာကြီးထဲမှ အသံများပင်ဖြစ်သည်။ ကျွန်တော်တို့ထံက အမြဲအန်ကျနေသော ယိုဖိတ်မှုများပင် ဖြစ်ပါတော့သည်။

Most Read

Most Recent