Team Work ရှိဖို့ လိုတယ်

Team Work ရှိဖို့ လိုတယ်
Published 22 September 2017

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဒဂုံမြို့နယ် (၂၈)ရပ်ကွက်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

ကိုစောနောင်တစ်ယာက် ဘန်ကောက်မြို့တော်ထဲက ကွန်ဒိုတစ်ခုရဲ့ အထပ် ၂၀ ပေါ်မှာရှိတဲ့ သူ့တပည့်ကျော် ပုဏ္ဏက အခန်းကို အလည်ရောက်နေတယ်။ ပုဏ္ဏကဟာ အရင်ကဆိုရင် သူ့ဆရာကို ဆိုးနေကျ။ ဂျီကျနေကျ။ ဒီလိုဂျီကျလွန်းလို့ သူ့ဆရာကတော်က ပုဏ္ဏကဆို တစ်စက်မှ ကြည့်လို့မရ။ ဒါပေမဲ့ သူ့ဆရာကတော့ တပည့်ဆိုးကို သံယောဇဉ်မကုန်။ တော်တော်ချစ်ရှာတယ်။ ဒီကောင် ဆိုးသမျှကို ဆူဟယ် ဆဲဟယ်နဲ့ နောက်ဆုံးတော့ ခွင့်လွှတ်မြဲပါပဲ။

ဒါကြောင့် ပုဏ္ဏကဟာ သူ့မိတ်ဆွေတွေကို တွေ့တိုင်း ငါ့ဆရာဟာ ငါ့အဖေပဲ၊ ငါ့ဘ၀ ဒီလိုအဆင့်ကို ရောက်လာတာဟာ ငါ့ဆရာ ဆုံးမလို့။ သင်ပေးလို့။ ဒါတောင် ငါက ဆရာ ဆုံးမတာရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ အသုံးချတာ။ တကယ်လို့ ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်သာ လိုက်နာမယ်ဆိုရင် ငါဟာ ဒီလောကမှာ အားလုံးထက် ထိပ်ကို ကျိန်းသေပေါက်ရောက်မှာ သေချာတယ်လို့ အမြဲတမ်း ပြောတတ်ပါတယ်။

ဒီလိုကနေ ခုတော့ တပည့်ကျော် ပုဏ္ဏကဟာ သူ့ခြေထောက်ပေါ်မှာ ကောင်းကောင်း ရပ်တည်နေနိုင်နေပါပြီ။ ဒါကြောင့် သူ့ဆရာကိုလည်း အရင်ကလို ဂျီမကျတော့ပါဘူး။ မဆိုးတော့ပါဘူး။ ဆရာ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ဆရာ လိုအပ်တာရှိရင် အတတ်နိုင်ဆုံး ဖြည့်စွမ်းပေးချင်ပါတယ်။ အိမ်ကိုလာခဲ့ပါလို့ ပြောတဲ့အတွက် ကိုစောနောင်ဟာ သူ့တပည့်နေတဲ့ မိုးမျှော်တိုက်ပေါ်ကို ရောက်နေရတာပါ။

အခန်းထဲမှာ ပုဏ္ဏကရယ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မေဘရဏီရယ်နဲ့ တခြားဧည့်သည်တွေလည်း ရှိနေကြတယ်။ ကိုစောနောင်အဖို့ သူ့တပည့်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောနေကြတဲ့ အလုပ်ကိစ္စတွေကို ကြားနေရပေမယ့် သေသေချာချာတော့ နားမလည်လှပါဘူး။ ဒါပေမဲ့ သူက စာရေးဆရာဆိုတော့ နားစိုက်ထောင်ထားတယ်။ ကုန်ကြမ်းလေး ဘာလေး ရလိုရငြားပေါ့လေ။ အဲဒီအချိန်မှာပဲ မေဘရဏီက အခုလို ကိုစောနောင်ကို တိုင်သလိုလို သဘောမျိုးနဲ့ “ဆရာ့တပည့်က အရည်အချင်းတော့ တကယ်ရှိတယ် ဆရာ။ သူ့မှာ ဖြတ်ထိုးဉာဏ်ရှိတယ်။ ဘယ်လိုကျော်ဖြတ်ရမယ်။ အခက်အခဲကြုံလာရင် ဘယ်လမ်းကြောင်းက ဖောက်ထွက်ရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဆရာ ခက်တာက သူက အလုပ်အပေါ်မှာ အာရုံအပြည့်မထားဘူး ဆရာ။ ကျွန်မ သူနဲ့ အလုပ်လုပ်ရတာ တစ်ခါတစ်ခါ အရမ်းဒုက္ခရောက်တယ်။ ရောက်တုန်း ဆရာ့တပည့်ကို ဆုံးမပါဦး” လို့ ဆိုတယ်။

မေဘရဏီရဲ့ တိုင်တန်းချက်ကိုတော့ ကိုစောနောင် သံသယ လုံးလုံးမရှိပါဘူး။ ဒီကောင်က ဒီအကျင့်ကို မဖျောက်နိုင်လို့သာ သူဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ဖြစ်နေတယ်ဆိုတာကို သူ့ဆရာ ကောင်းကောင်း သိတာပေါ့။ သူတို့နှစ်ယောက်က the New Life ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးတွေ ဖြစ်ကြတယ်။ မေဘရဏီက မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ။ ပုဏ္ဏက ယိုးဒယားပြည်ဆိုင်ရာ ဒါရိုက်တာ။ ရာထူးတွေက အကြီးကြီးပေမယ့် သူတို့နှစ်ယောက်က သိပ်ရင်းနှီးကြတဲ့ ဘော်ဒါတွေ ဖြစ်နေကြတော့လည်း တစ်ခါတစ်ခါ နင်ဘဲငဆ ဖြစ်ချင်ဖြစ်ကြတယ်။ တကယ်ပဲ သတ်မအား ထောင်းမအား ရန်ပွဲတွေ ဖြစ်တဲ့အခါလည်း ဖြစ်ကြလေရဲ့။ ဒါပေမဲ့ ပြီးရင် သွားဖြီးတွေနဲ့ သူတို့ ဘာမှမဖြစ်ကြသလို အထာနဲ့နေကြတယ်။

ဒါကြောင့် ကိုစောနောင် သူ့တပည့်ကို “ဟေ့ကောင် ဒီမှာမင်းရဲ့ပါတနာကတော့ တိုင်နေပြီ။ သူတိုင်တာကို ငါလည်းယုံတယ်။ မင်းရဲ့ ဉာဉ်ကို ငါကသိထားတော့လေ။ ဒါပေမဲ့ ငါ့တပည့် မင်းအသက်ကလည်း မငယ်တော့ဘူးနော်။ ၄၀ ကျော်နေပြီ။ အနောက်နိုင်ငံက လူတွေ ပြောပြောတဲ့ လူ့ဘဝဆိုတာ အသက် ၄၀ မှ စတယ်ဆိုတာကို မင်းလည်း ကြားဖူးတာပဲ မဟုတ်လား”

“ဟုတ် ကြားဖူးပါတယ် ဆရာ။ ကျွန်တော်လည်း အခု လူ့ဘဝကို စနေပါပြီ”

“ဟ ဒါဖြင့် လုပ်စမ်းပါဦး။ ဘယ်လို စနေသလဲ။ အရင်အချိုးတွေကို တစ်စက်မှ မပြောင်းဘဲ စနေတာလား”

“ဆရာကလည်း ပြောတော့မယ်။ ကျွန်တော် ဆရာ့တပည့်ပါ။ ဆရာ ဘာပြောချင်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော်နဲ့တွဲလုပ်ရတဲ့ လူတွေက ကျွန်တော့ကို သဘောမပေါက်ကြတာ ခက်တယ် ဆရာ။ သူတို့က သူတို့ဖြစ်ချင်တာကိုပဲ သိကြတယ်။ သူတို့အတ္တကိုပဲ ရှေ့တန်းတင်ပြီး ပြောနေကြတော့ မခက်ဘူးလား”

“အိုကေ ဒါဖြင့်ရင် မေဘရဏီ သမီးကို ဆရာမေးမယ်။ ဒီကောင် ပြောတာ ဟုတ်သလား” လို့ သူ့တပည့်ကျော်ကို ဦးတည်ဆုံးမ နေရာကနေ ကိုစောနောင်ဟာ မေဘရဏီ ဘက်ကိုလှည့်ပြီး မေးလိုက်တော့

မေဘရဏီက “ဘယ်ကလာ သမီးတို့က အတ္တကြီးရမှာလဲ ဆရာ။ သူ့အပြစ်ကို သူများပုံချနေတာ။ သမီးတို့က သူ့ကို အားကိုးပြီး ဒီမှာလုပ်နေကြတာ”

“ဟေ့ ဘယ်လိုကြီးလဲဟ။ တစ်ယောက်က ပြောတော့ တစ်မျိုး။ နောက်တစ်ယောက်ကပြောတော့ တစ်မျိုး။ နင်တို့ဆရာ ခေါင်းတောင်ခြောက်လာပြီဟ။ ဒါနဲ့ မေးပါရစေဦး တပည့်ရေ။ မင်းတို့ဟာက တစ်သင်းတည်းသား အချင်းချင်း အပေးအယူ မမျှတဲ့ ဘောလုံးအသင်းလို ဖြစ်နေပြီလား မသိဘူးနော်”

“ဟုတ်တယ် ဆရာရေ ဟုတ်လိုက်သမျှ ဟုတ် ဟုတ် ဟုတ်နဲ့ကိုနေတယ်။ သမီးတို့ အချင်းချင်းသာ ကိုယ့်အလုပ်ကို ထောင့်စေ့အောင် တာဝန်ယူလုပ်နိုင်ရင် ဆရာ့တပည့် သေချာပေါက် ထိပ်ဆုံးရောက်တာပေါ့” လို့ အားတက်သရော ပြောလိုက်တယ်။

ကိုစောနောင်က ဘောလုံးဝါသနာအိုး။ ဘောလုံးပွဲတစ်ပွဲအတွက် အရေးအကြီးဆုံးက အချိတ်အဆက် မိမိနဲ့ ကစားဖို့။ အသင်းသားအချင်းချင်း အပေးအယူမျှပြီး နားလည်မှုရှိဖို့က သိပ်အရေးကြီးတယ်။ တစ်ခါတရံမှာ ကမ္ဘာကျော်ကြီးတွေချည်း စုစည်းထားတဲ့ အသင်းကြီးတွေတောင် အောက်အသင်းလို့ သတ်မှတ်ခံရတဲ့ အသင်းငယ်တွေဆီမှာ အချင်းချင်း နားလည်မှု အားနည်းလို့ အရှက်ဗြန်းဗြန်းကွဲပြီး ရှုံးသွားကြတာ မကြာခဏ မြင်နေကျဆိုတော့ အခုတပည့်တွေရဲ့ ပြဿ နာကို ကိုစောနောင်ဟာ ရှင်းရှင်းကြီး နားလည်လာတော့တယ်။

“ကဲ ဒါဖြင့် မင်းတို့နှစ်ယောက်ရဲ့ ပြဿနာကို ငါ သဘောပေါက်ပြီ။ ဒီနေရာမှာ ဒီနေ့ သိပ်ပြီး လူပြောသူပြောများတဲ့ စကားလုံးတစ်လုံးက မင်းတို့အတွက် အသုံးဝင်မလား မသိဘူး”

“ပြောပါဆရာ။ သမီးတို့အတွက် အသုံးဝင်မယ်ဆိုရင် သမီးတို့ လိုက်နာ ကျင့်သုံးပါ့မယ်”

“ဟေ့ကောင် ပုဏ္ဏက မင်း Team Work ဆိုတဲ့ စကားလုံးကို သိတယ် မဟုတ်လား”

“သိတယ်ဆရာ။ ကျောင်းတုန်းက ဘောလုံးကစားတဲ့အခါ Team Work ဟာ အရေးကြီးတယ်လို့ ဘောလုံးနည်းပြဆရာက အမြဲတမ်းပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အလုပ်နဲ့ဆိုင်လို့လား ဆရာ။ ဘောလုံးက သူ့စည်းမျဉ်းနဲ့ စနစ်တကျ ကစားရတာလေ ဆရာ။ အခု ကျွန်တော်တို့ လုပ်ရတဲ့အလုပ်က ကျီးကန်းဘ၀ တစ်ထောင်လောက်ဖြစ်ပြီး ကျင်လည်လာတဲ့ လူလည်တွေကြားမှာ လုပ်စားရတဲ့ အလုပ်ဆရာ။ အေဂျင်စီလောကဆိုတာ လည်နိုင်မှ ပတ်နိုင်မှဆိုတော့ ဆရာသိတဲ့ သီအိုရီက အသုံးဝင်ပါ့မလား” လို့ တပည့်ကျော်က ပြောပြီး သူ့ဆရာကို အကဲစမ်းလိုက်တယ်။

ကိုစောနောင်ဟာ ဆရာဆိုတဲ့ မာန်အနည်းငယ်တက်လာပြီး အတွင်းစိတ်မှာ ဖျဉ်းကနဲဖြစ်သွားပေမယ့် ငါက ဆရာပဲလေ တပည့်ကို စိတ်ဆိုးပြီး သင်ပေးသင့်တာကို မသင်ပေးခဲ့ရင် တာဝန်ကျေမှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ သူ့တပည့်ရဲ့ ခပ်စပ်စပ်ကလေး အုပ်ထည့်တာကို ဥပေက္ခာ ပြုလိုက်တယ်။

ပြီးရင် မေဘရဏီကို “သမီး ဒီကောင်ကတော့ ငါ့ကို ခံပက်နေပြီ။ ထားတော့ ဒီစကားက နင့်ဆီက မြစ်ဖျားခံတာဆိုတော့ နင့်ကိုပဲ ငါမေးမယ်။ အခု ဒီကောင်နဲ့ ငါနဲ့ ပြောနေကြတဲ့ Team Work ဆိုတာကို နင် သေသေချာချာ နားလည်သလား သမီး”

“လူတော်တော်များများ ပြောကြလို့ နားတော့ ယဉ်နေတယ်။ ဒါပေမဲ့ သေသေချာချာ သိသလားဆိုတော့ မသိဘူး ဆရာ။ သမီးတို့ အတွက် အသုံးဝင်မယ်ဆိုရင် ရှင်းပြပါဆရာ” လို့ သိချင်တတ်ချင်စိတ်နဲ့ ကောင်မလေးက တောင်းဆိုလေတယ်။

“အေး ပြောပြမယ်။ Team Work အင်္ဂလိပ်တွေ အနက်ပေးတာကတော့ The definition of teamwork is combined efforts, or the actions of a group, to achieve a common purpose or goal ဆိုပြီး ဆရာဖတ်ဖူးတယ်ကွ”

“ဘိုလိုဟာကို မြန်မာလိုလည်း သမီးတို့ကို နည်းနည်း ရှင်းပေးပါဦး ဆရာ”

“ပြောရမယ်ဆိုရင် Team Work ရဲ့ အဓိပ္ပာယ်က ပန်းတိုင် သို့မဟုတ် ရည်ရွယ်ရာကို အောင်အောင်မြင်မြင် ရောက်ရှိဖို့ အားထုတ်မှုတွေကို စုစည်းထားတာ။ တက်ညီလက်ညီ တစ်သင်းတစ်ဖွဲ့တည်း အလုပ်လုပ်နိုင်အောင် စုပေါင်းထားတာလို့ ငါနားလည်တယ် တပည့်တို့ရေ”

“သမီး နားတော့လည်သလိုလိုပဲ။ ဒါပေမဲ့ လက်တွေ့ဘဝမှာ အသုံးချလို့ရအောင် တခြားနည်းနဲ့ ရှင်းပေးလို့ရဦးမလား ဆရာ။ အားတော့ နာပါတယ်။ ဒါပေမဲ့ သမီး အရမ်းစိတ်ဝင်စားလာနေပြီ ဆရာ့စကားကို”

“ငါ့ကိုလည်း ငါ့ရဲ့ နိုင်ငံခြားသား ဆရာက မင်းတို့ကို အခု ပြောသလို ပြောဆို ဆုံးမခဲ့ဖူးတယ်။ ဆရာက ဘယ်လိုဆုံးမသလဲဆိုတော့ မင်းတို့ မြန်မာနိုင်ငံသားတွေဟာ ဘာဖြစ်လို့ မအောင်မြင်သလဲ သိသလားဆိုပြီး မေးဖူးတယ်။ အဲဒါကို မင်းတို့ကို အခု ပြန်ပြောပြမယ်။ အဲဒါကို မပြောခင်မှာ ဒီနေ့ မြန်မာနိုင်ငံမှာ သိပ်ပြီးထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးက အခု ငါတို့ပြောတာနဲ့ ဆက်စပ်ယူရင်ရနိုင်တဲ့ အကြောင်းအရာတစ်ခုကို သူ့တရားမှာ ထည့်ဟောဖူးတယ်ကွ။ ဆရာတော်ဘုရားကို ထိုင်းနိုင်ငံက မဟာချူလာ လောင်ကွန်းတက္ကသိုလ်က ပါမောက္ခကြီး တစ်ယောက်က ဒီလို လျှောက်ထားတယ်တဲ့”

“ဟုတ် ဆရာ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းလာနေပြီ။ သမီးတို့ နားထောင်နေပါတယ်”

“ထိုင်းပါမောက္ခကြီးက ဘယ်လိုလျှောက်သလဲဆိုတော့ အရှင်ဘုရားတို့တိုင်းပြည်မှာ မညီမညွတ်နဲ့ ဟိုနား ဆူညံဆူညံ ဒီနား ဆူညံဆူညံနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်လို့ကို မဆုံးဖြစ်နေတာ ဘာကြောင့်ပါလဲ ဘုရားလို့ မေးလျှောက်တယ်တဲ့ကွ”

“ဒီလိုမေးတော့ ဆရာတော်ဘုရားကြီးက ဘယ်လိုများ ပြန်ဖြေလိုက်သလဲ ဆရာ”

“ဆရာတော်ဖြေတာကတော့ တိုတိုတုတ်တုတ်လေးပဲ။ ဘာဖြစ်လို့ အဲဒီလိုဖြစ်နေရသလဲဆိုရင် ဆရာတော်တို့ တိုင်းပြည်မှာ One Man Show နဲ့ Hero များလို့တဲ့”

“ဟာ ဆရာတော်ဘုရားက တော်လိုက်တာနော်။ လိုရင်းကို ရှင်းနေအောင် ကွက်တိ ဖြေပေးခဲ့တာပဲ။ ဆရာ့တပည့် ဒီကောင်လည်း သိပ်ပြီး One Man Show လုပ်ချင်တာ။ Hero လုပ်ချင်တာ”

“အခု ငါ့ဆရာက ငါ့ကို ပြောပြခဲ့တာကို မင်းတို့ကို ပြန်ပြောပြတေ့ာမယ်နော်။ အဲဒီမှာ အဓိက TEAM ဆိုတဲ့ အင်္ဂလိပ် အက္ခရာ လေးလုံးမှာ တစ်လုံးချင်းစီမှာပါတဲ့ သီးခြား အဓိပ္ပာယ်တွေကို ဖော်ထုတ်ပြီး ပေါင်းစပ် အဖြေရှာနိုင်ရင် မင်းတို့ သိပြီပေါ့ကွာ။ T ဆိုတာက Together အတူတကွကို ဆိုလိုတာ။ E ဆိုတာက Everyone လူတိုင်းပေါ့။ A က Are ဖြစ်ကြတယ်။ ရှိကြတယ်။ M ကတော့ More ပိုမိုပြီးတော့ပေါ့။ ဒီစကားလုံးတွေကို မင်းတို့ကလေးဘဝတည်းက ရင်းနှီးပြီးသား စကားလုံးတွေပါ။ ဒီတော့ ငါ့ဆရာက စောနောင် မင်းအောင်မြင်ချင်ရင် မင်းမှာ Team Work ရှိရမယ်တဲ့။ Together Everyone Are More Work အားလုံးညီတူညာတူ ပူးပေါင်းလုပ်ဆောင်တာဟာ Team Work ပဲပေါ့ သမီးရယ်”

မေဘရဏီတစ်ယောက် ကိုစောနောင် ရှင်းပြချက်ကို ကောင်းကောင်းကြီး သဘောပေါက်သွားပုံရပါတယ်။ ဂျစ်တစ်တစ် လုပ်တတ်တဲ့ ပုဏ္ဏကတောင်ငြိမ်ပြီး အသေအချာ နားထောင်နေလေရဲ့။

တပည့်ကျော် ပုဏ္ဏကဟာ မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေရာက ရုတ်တရက် ကောက်ကာငင်ကာ “ဒီနေရာမှာ ဘိုးတော် ဦးဝိုင်းက အမတ်ကြီး ဦးပေါ်ဦးကို မေးသလို ကျွန်တော် ဆရာကို ကျွန်တော်မေးချင်တယ်”

“ဟ စကားကြီးစကားကျယ် နိဒါန်းတွေ အချီးတွေနဲ့။ ကဲ မေးစေဗျာ။ မေးစေ”

“သူ့ချည်းသက်သက်လား ပေါ်ဦးလို့ မေးခဲ့တယ် မဟုတ်လား။ အခုလည်း ကျွန်တော်တို့မှာ လိုနေတာ ဒီ Teamwork တစ်ခုတည်းလားလို့ မေးချင်ပါတယ် ဆရာ”

“ငါလည်း ဦးပေါ်ဦး ဖြေသလိုပဲ ဆားနဲ့ပါပေါ့ကွာ”

“အဲဒီ ဆားက ဘာဆားလဲ ဆရာ”

Management နဲ့ Leadership ဆိုတာ ထပ်ခပ်လိုက်ရင် မင်းတို့ဘ၀ ဟင်းအိုးဟာ သိပ်ကို အရသာရှိတဲ့ ဟင်းကောင်းတစ်အိုး ဖြစ်လာမှာ သေချာတယ်ကွ ငါ့တပည့်တို့ရေ”

အခုဆိုရင် မြန်မာပြည်ကြီးဟာ စနစ်သစ် ခေတ်သစ်တစ်ခုထဲကို စတင်ချင်းနင်း ဝင်ရောက်နေပါပြီ။ ဒီနေ့ နိုင်ငံတကာမှာ အောင်မြင်သူတွေ အောင်မြင်တဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ ဒီ Teamwork ကို ကောင်းကောင်းကြီး အသုံးချနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်း One Man Show လုပ်တာထက် Hero လုပ်တာထက် Teamwork နဲ့ လုပ်ကြတာကို အလေးပေးကြပါတယ်။ တစ်ကိုယ်တော် ချွန်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာနဲ့ မထိန်းကျောင်းနိုင်ရင် တစ်ကိုယ်ကောင်းသမားတွေ ဖြစ်လာတတ်ကြတယ်။ တစ်ကိုယ်ကောင်းဝါဒဟာ အန္တရာယ်ကြီးလှတယ်ဆိုတာကို အနီးဆုံး မြန်မာ့သမိုင်းဖြစ်ရပ်တွေက ကိုစောနောင်တို့ကို ကောင်းစွာသင်ကြားပေးခဲ့ပြီးပါပြီ။ တကယ်စစ်မှန်တဲ့ ပန်းတိုင်ဆီကို ရောက်ရှိစေဖို့ Teamwork နဲ့ အလုပ်လုပ်ကြပါစို့လား။

Most Read

Most Recent