<

ကုန်သွယ်မှု၊ ဆင်းရဲမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၂၇)

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း-မြ၀တီ)

ကျွမ်းကျင်မှု (Skills) တွေက နိုင်ငံတိုင်းမှာ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လိုအပ်တာကြောင့် ဒီတစ်ပတ်မှာ Skills နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကိုရေးဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်။ ကျွမ်းကျင်မှုတွေက လူတစ်ဦးချင်းမှာ လုပ်ငန်းနေရာအလိုက် အံဝင်ခွင်ကျဖြစ်စေမယ့် ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ မိမိမကျွမ်းကျင်တဲ့ လုပ်ငန်းနေရာမှာ မိမိကို တာဝန်ပေးအပ်ခံရတာမျိုးက ရေရှည်အမြင်နဲ့ အနာဂတ် အမြင်မရှိသူတွေရဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

စာရေးသူက မိမိသိထားတဲ့ အသိပညာတွေကို အခြားသူတွေ သိရှိနားလည် သဘောပေါက်သွားရင် စာရေးသူရဲ့စိတ်မှာ အလိုလို ၀မ်းသာကြည်နူးနေမိပါတယ်။ စာရေးသူ သင်ကြားပေးခဲ့တဲ့ သင်တန်းတွေမှာ ဈေးကွက်သဘောတရား (Marketing) မှာဆိုရင် ဈေးကွက်ဝင်နိုင်ဖို့ ထုတ်ကုန်ပစ္စည်းတွေ စဉ်းစားမယ်ဆိုရင် (Niche Marketing) လို့ခေါ်တဲ့ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားရပ်အတိုင်း ဈေးကွက်အတွင်းမှာ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ဆောင်မှုမရှိသေးတဲ့ ထုတ်ကုန်ကို စဉ်းစားဖို့ သင်ကြားပေးလိုက်တယ်။ ဒါမှလည်း ဈေးကွက်ဝေစု ရာခိုင်နှုန်း ၁၀၀ အပြည့်ရရှိမှာ ဖြစ်ပါတယ်။ ဈေးကွက်ဝင်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုက အပြိုင်အဆိုင်များလေလေ ဈေးကွက်ဝေစု (Marketing Shares) ရရှိမှု နည်းသွားလေဖြစ်ပါတယ်။ ဒီအတွက် ဈေးကွက်သုတေသနပြုလုပ်မှု (Marketing Research) က အရေးကြီးပါတယ်။

စာရေးသူတို့ မြန်မာစကားမှာ မသိရင်မေး၊ မစင်ရင်ဆေးဆိုတာ ရှိပါတယ်။ စာရေးသူကိုယ်တိုင်လည်း မသိရင်မေးလေ့ ရှိပါတယ်။ လူတစ်ဦးချင်းအပေါ်မှာ အထင်သေးတဲ့စိတ်မထားဘဲ မသိရင်မေးတတ်တဲ့ အလေ့အကျင့် ကောင်းတွေရှိဖို့ လိုအပ်တယ်။ တက္ကစီစီးရင် ယာဉ်မောင်းကိုမေးရာကနေ စာရေးဖို့ ခေါင်းစဉ်ရလာတတ်ပါတယ်။ တစ်ယောက်သော ယာဉ်မောင်းဆီက ဒီလူတွေက မွေးလာကတည်းက ရှက်ကြိုးပြတ်လာတယ်လို့ပြောတော့ စာရေးသူက ချက်ကြိုးနဲ့ရှက်ကြိုး ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖြစ်တယ်။ ဒီလူတွေက အခုသူတို့ကိုယ်သူတို့ အကျယ်ချုပ်ခံနေရပြီလို့ ပြောတော့ မိမိကိုယ်မိမိ အကျယ်ချုပ်ကျခံနေရသူများ ခေါင်းစဉ်နဲ့ ဆောင်းပါးဖြစ်သွားတယ်။ တစ်ခါ အပေါ်မဂ်နဲ့ အောက်ဖို၊ အပေါ်မဂ်နဲ့ အောက်ဖိုကနေ မက်ဖိုနဲ့မဂ်ဖိုလ် ခေါင်းစဉ်နဲ့ ဆောင်းပါးဖြစ်လာတယ်။ စာများများဖတ်ရှုခြင်းရဲ့ အကျိုးကျေးဇူးပါ။

လူတစ်ဦးချင်းကို စာများများဖတ်စေလိုတဲ့ဆန္ဒ စာရေးသူမှာရှိပါတယ်။ စာဖတ်သူတို့ စကားဝိုင်းမှာ စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေး ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒီကနေ့ကမ္ဘာကြီးက အချိန်နဲ့အမျှ ပြောင်းလဲနေတာဖြစ်လို့ နှစ်ပေါင်း ၆၀ ၀န်းကျင်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့ စာရေးသူတို့နိုင်ငံကို ဘက်ပေါင်းစုံ တိုးတက်လာစေဖို့ လုပ်ငန်းနဲ့စပ်ဟပ်တဲ့ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။

လူတစ်ဦးချင်းစီမှာ ရှိကြရမယ့် ကျွမ်းကျင်မှုအမျိုးအစားတွေက –

(၁) ဆက်သွယ်ဆောင်ရွက်မှု (Communication)

ဒါကတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လိုအပ်တဲ့ ဆက်သွယ်မှုတွေ လုပ်ကြဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၉၅၇ ခုနှစ်မှာ ဆာဖရန်စစ်ဘေကွန်ပြောခဲ့တဲ့ စကားသုံးခွန်းကို ပြန်လည်ညွှန်းဆိုလိုပါတယ်။

-စာဖတ်ခြင်းက လူကိုပြည့်ဝစေပါတယ်။
-သင်တန်းများ တက်ရောက်ခြင်းက အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်စေပါတယ်။
-စာရေးသားခြင်းက တိကျသူဖြစ်စေတယ်။

ဆိုတာဖြစ်ပါတယ်။ စာတွေများများဖတ်ရှု ကြရာကနေ မသိတာတွေ သိလာနိုင်တယ်။ သင်တန်းတွေ တက်ရောက်တာကလည်း မသိသေးတာကိုသိအောင် မကျွမ်းကျင်တာတွေ ကျွမ်းကျင်လာအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

(၂) နည်းပညာ (Technology)

ဒီကနေ့ခေတ်မှာ ကွန်ပျူတာနည်းပညာတွေ တိုးပွားများပြားလာတယ်။ မိုဘိုင်းဖုန်းတွေမှာ ကွန်ပျူတာနည်းပညာတွေပါ ရောယှက်သွင်းယူလာတယ်။ ကွန်ပျူတာတွေ မြန်မာနိုင်ငံအတွင်း ထဲထဲဝင်ဝင် ရောက်လာပြီး အင်တာနက်နည်းပညာ ကျယ်ပြန့်လာရာကနေ စာရေးသူရဲ့ စာကြည့်တိုက်က အင်တာနက် Google ကနေ ကိုယ်ဖတ်ချင်တာတွေကို ရှာယူခဲ့တယ်။ အင်တာနက် နည်းပညာက စာရေးသူရဲ့ ဘ၀အစိတ်အပိုင်းကို ပြောင်းလဲပေးလိုက်ပါတယ်။ သို့ပေမဲ့ စာရေးသူ မသိသေးတာတွေ များစွာရှိနေသေးတယ်လို့ ခံယူထားတယ်။ ကျွမ်းကျင်မှု အတတ်နည်းပညာတွေက သင်ယူလို့မဆုံးနိုင်ပါ။

(၃) ငွေရေးကြေးရေး (Finance)

ငွေရေးကြေးရေးကဏ္ဍကလည်း မသိမဖြစ် ကျွမ်းကျင်ဖို့လိုအပ်တယ်။ အမှတ်စဉ် (၂၆) မှာ ရေးခဲ့တဲ့အတိုင်း ငွေကြေးမှာ Balancing Act သဘောတရားက အရေးပါလာပြန်ပါတယ်။ ငွေကြေးဆိုင်ရာကဏ္ဍမှာလည်း ကျွမ်းကျင်မှုများစွာ လိုအပ်တယ်။ ၀င်ငွေနဲ့ ထွက်ငွေသဘောတရားပြီးရင် ငွေကြေးကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းတတ်မှု၊ ငွေစာရင်းရှင်းတမ်းတွေ အပါအ၀င် ကျွမ်းကျင်မှုတွေ များစွာလိုအပ်ပါတယ်။

(၄) ကြီးကြပ်ဆောင်ရွက်မှု (Supervision)

အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ ဖြစ်နိုင်သလို လုပ်ငန်းတွေမှာ စနစ်တကျ ထိန်းကျောင်း ကြီးကြပ်နိုင်မှုမရှိရင် လုပ်ငန်းတွေမှာ ပရမ်းပတာ ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းကြီးကြပ်ရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက Delegation လို့ခေါ်တဲ့ အဆင့်ဆင့် တာဝန်ခွဲဝေ ဆောင်ရွက်တတ်မှု ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု ကြီးစိုးလွန်းရင် နိုင်ငံမှာ ပျော့ကွက်၊ ဟာကွက်တွေများလာပြီး ထိန်းကျောင်းကြီးကြပ်မှု အားနည်းရာကနေ အကျင့်ပျက်ခြစားမှုတွေ များစွာ ပေါ်ပေါက်စေတာဖြစ်ပါတယ်။ နောက်တစ်ချက် အရေးကြီးတာက လုပ်ဆောင်ပြီးသမျှ လုပ်ငန်းတွေကို ပြန်လည်ဆန်းစစ်တတ်မှု (Assessment) ဖြစ်ပါတယ်။ ဆန်းစစ်မှုကောင်းပါမှ လိုအပ်ချက်တွေကို တွေ့မြင်လာပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာနိုင်စေမှာ ဖြစ်ပါတယ်။ တစ်သွေးတစ်သံတစ်မိန့် ပုံစံနဲ့ လုပ်ဆောင်ခဲ့ကြရာက လုပ်ငန်းတွေမှာ ကြီးကြပ်မှုမရှိ၊ ဆန်းစစ်မှုမရှိတာတွေ ဖြစ်လာရတယ်။

(၅) စီမံခန့်ခွဲမှု (Management)

ကျွမ်းကျင်မှုမှာ စီမံခန့်ခွဲမှုက ပင်မဖြစ်ပါတယ်။ အထက်မှာဆိုခဲ့တဲ့ (၁) ကနေ (၄) အထိအချက်တွေက စီမံခန့်ခွဲမှုရဲ့ လုပ်ငန်းအပိုင်းတွေ ဖြစ်ပါတယ်။

– လူစီမံခန့်ခွဲမှု (Human Resources Management) (HRM)
– ငွေကြေးစီမံခန့်ခွဲမှု (Financial Management)
– ဈေးကွက်ဖော်ဆောင်ခြင်း စီမံခန့်ခွဲမှု (Marketing Management)
– အချိန်စီမံခန့်ခွဲမှု (Time Management)
– ပစ္စည်းစီမံခန့်ခွဲမှု (Material Management)
– ၀န်ဆောင်မှုစီမံခန့်ခွဲမှု (Service Management)
– နည်းပညာစီမံခန့်ခွဲမှု (Technology Management)

■ ကျွမ်းကျင်မှုက လုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ရာမှာ လူတစ်ဦးချင်းရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေက အမြဲတိုးတက် ပြောင်းလဲနေကြရမယ်။

■ လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျွမ်းကျင်မှုရဲ့တန်ဖိုးတွေ အမြဲမြင့်မားအောင် ကြိုးပမ်းလုပ်ဆောင်ကြရမယ်။

■ လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းနဲ့ နိုင်ငံတစ်နိုင်ငံချင်းမှာ အားသာချက် (Sterngths) တွေနဲ့ အားနည်းချက် (Weaknesses) တွေက နေရာတိုင်းမှာ ရှိနေတတ်တာဖြစ်လို့ အဲဒီမှာ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲလာနိုင်စေဖို့ အရေးကြီးပါတယ်။ အားသာချက်တွေ များလာအောင် ကျွမ်းကျင်မှုတွေကို ဘက်ပေါင်းစုံမှာ ကောင်းမွန်တိုးတက်လာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လူတစ်ဦးချင်းက အရာရာမှာ ပြည့်စုံသူတစ်ဦး ဖြစ်မလာနိုင်ပါဆိုတဲ့ စကားရှိပါတယ်။ သို့ပေမဲ့ ကျွမ်းကျင်မှုတွေကို မိမိတစ်ဦးတည်း အပိုင်ယူထားတာမျိုး မရှိစေဘဲ ကျွမ်းကျင်မှုတွေကို Multi-Sector Skills တွေအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။

■ နည်းပညာကျွမ်းကျင်မှု အသစ်တွေကိုလည်း အမြဲဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ဆောင်နေကြရမှာ ဖြစ်ပါတယ်။ နည်းပညာ အသစ်အဆန်း ကျွမ်းကျင်မှုတွေကို မိမိနိုင်ငံအတွင်း သယ်ယူလာနိုင်စေဖို့ နည်းပညာ မြင့်မားတဲ့နိုင်ငံနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက တိုးတက်ပြောင်းလဲလာနေတဲ့ နည်းပညာကျွမ်းကျင်မှု အသစ်တွေကို ကောင်းမွန် တိုးတက်စေမယ့်နေရာမှာ အသုံးချဖို့ လိုအပ်တယ်။ ဖုန်းတွေပွတ်ပြီး လူတစ်ဦးချင်းရဲ့ တူညီစွာ ပိုင်ဆိုင်ကြတဲ့အချိန်တွေကို အလဟဿ မဖြစ်စေဘဲ မိမိနိုင်ငံ တိုးတက်လာစေဖို့နဲ့ မိမိနိုင်ငံသားတွေ ဘ၀အရည်အသွေး တိုးတက်လာစေဖို့သာ တူညီတဲ့ အနာဂတ် အမြင်ကောင်းတွေ ထားရှိကြပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အရာရာတိုင်းက စီမံခန့်ခွဲမှုနဲ့ကင်းတာ တစ်ခုမှမရှိပါ။ လူတစ်ဦးချင်းမှာ မိမိကိုယ်မိမိ စီမံခန့်ခွဲမှု (Self Management)၊ အဖွဲ့အစည်း စီမံခန့်ခွဲမှု (Organization Management) ကနေ နိုင်ငံအုပ်ချုပ်တဲ့ အစိုးရတွေအနေနဲ့ ကောင်းမွန်သော အုပ်ချုပ်စီမံခန့်ခွဲမှု (Good Government- Good Management) တွေ လိုအပ်တာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံက လူမှန်နေရာမှန် မဖြစ်ရာကနေ လွဲမှားတဲ့စီမံခန့်ခွဲမှု (Mis-Management) ကြောင့် နိုင်ငံက ဘက်ပေါင်းစုံမှာ အားနည်းလာခဲ့ပြီး အဘက်ဘက် ကျဆင်းလာခဲ့တယ်။ အဲဒီမှာ အဆိုးရွားဆုံးက အကောင်းမြင်မှု (Optimism) မထားနိုင်ကြဘဲ မကောင်းမြင်ဝါဒ (Pessimism) ကို စွဲကိုင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ မေတ္တာရပ်ခံလိုတာက အားလုံးက တူညီတဲ့ ရည်မှန်းချက်ထားရှိပြီး ပကတိအမှားတွေကို သင်ခန်းစာယူ၊ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်ဆောင်ကြရာကနေ ပူးပေါင်းဆောင်ရွက်မှုစွမ်းအား (Collaborative Strength) ကနေ နိုင်ငံကို ဘက်ပေါင်းစုံ တိုးတက်လာစေဖို့ လိုအပ်နေပြီလို့ ဆိုချင်ကြောင်းပါ။

September 21, 2017














Copy Protected by Chetan's WP-Copyprotect.