ကပ္ပိယ

ကပ္ပိယ
Published 20 September 2017

စလေမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)

ဇာတ်လမ်းအရ ပြီးဆုံးသွားပြီ။ ဆရာတော်ဘုရားကြီးရှေ့မှာ မျက်ရည်ကျမိတယ်။ အပူသည်ပါဘုရား။ ထင်းစနှစ်စကို မီးထပ်ထိုးလိုက်တယ်။ သည်းအူပြုတ်လုမတတ် နံနက်ခင်း ဖြစ်သွားရတယ်။ နံနက်ခင်းက ငရဲပါလား။ လူတစ်ကောင်လုံး ရှင်လျက်နဲ့ပဲ လွှင့်ပစ်ရကောင်းလား။ ငါ့ကိုယ်ငါ ဘယ်လောက်နာကျင်နေလဲ မသိ။ ဘုရားဆွမ်းတော်တင် ပန်းကန်ထဲက အသားဟင်းဖတ်ကို ပြစ်မှားမိနေတယ်။ ပစ္စုပ္ပန်တည့်တည့်ရှုဖို့ ငါဆာလောင်နေပါတယ်။

ညနေလေးတစ်ခု ပျံသန်းရောက်ရှိလာတယ်ဆိုတာ ဝတ္ထုထဲက စာသားတွေပါ။ ကျောင်းကြီးအိုအိုပေါ်မှာ ဘုရားမီးလေးမှိန်မှိန် ထွန်းထားတယ်။ တရားဓမ္မက ငြိမ်ဆိတ်အေးမြလို့။ အရိပ်ရဲ့ချိုမြမှုကို ရင်ထဲအသိက မီအောင် မဖွဲ့နိုင်။ မိုးလေဝသ ကြေညာသံကြားရလို့ ကျောင်းကြီးပေါ်တက်လာခဲ့တယ်။ ခွေးတစ်ကောင်မှ မဟောင်တဲ့ ကိုယ့်အဖြစ်ကို အံ့သြမိတယ်။ ကိုယ်က လူစိမ်း။ ပြီးတော့ တရားဝင်မှတ်ပုံတင် ရှိလျက်သားနဲ့ တရားသဖြင့် မှီခိုမဲ့နေပြီ။

အသက်မွေးဝမ်းကျောင်းမှု။ ငါ သိပ်လွတ်လပ်ချင်ခဲ့တာပါ။ ရသမျှကို မျှမျှတတလေးနဲ့ စီမံခန့်ခွဲ လောက်ငချင်ခဲ့တယ်။ အခွင့်အရေးပဲဆိုပြီး တမင်ငြင်းဆိုခဲ့တဲ့ စကားက မုသားအရာရောက်ရောပေါ့။ ရပ်တည်မှုတစ်ခုတည်း အတွက်နဲ့ လူတွေက လူတွေကို စတေးပစ်လိုက်ကြတာပဲ။ ပလ’င်ပေါ်က လူတွေ စကားပြောကောင်းရင် သိပ်ကြောက်ဖို့ ကောင်းတာပဲလေ။ ထားတော့ အသက်ရှင်နေသေးသမျှတော့ ကံတရားရယ်လို့သာ ထားလိုက်ပေါ့။ ရှင်အောင်ထမ်းထားရတဲ့ ခန္ဓာကိုယ်တစ်ခုကို ရခဲ့မှတော့ ယုယုယယ လုပ်နေရဦးမယ်။

သိနေတာပဲ။ အသိကို အဓိပ္ပာယ် ဖွင့်ကြည့်တော့လည်း ဒီအဓိပ္ပာယ်ပဲ။ ခန္ဓာကိုယ်လေးတစ်ခုစာ လုံလောက်အောင်တော့ ဒီအရိပ်ကို ခိုခဲ့တာပါ။ ယူဆမှုတွေမှာ ငြင်းခုံနိုင်တာပဲလေ။ တစ်ကိုယ်ရေ ဖြောင့်ချက်ပေးထားတဲ့ သေတွင်းထက်တော့ မနက်တော့ဘူးပေါ့။ နေ့တိုင်းဟာ အစာအာဟာရ ပြတ်လပ်သွားနိုင်တဲ့ နေ့တွေလည်း ဖြစ်နိုင်တာပဲ။ နှလုံးသားကို ထိန်းမရတဲ့ အသိတရားကလည်း မူးယစ်ဆေးဝါးတွေလိုပဲ။ မရောင့်ရဲဘူး။ ရုပ်က သန်မာနေလျက် စိတ်က အာဟာရပြတ်နေတဲ့ပုံမျိုး။ ကိုယ်ရည်သွေးမှုအရ လုံလောက်တဲ့ ငြင်းရက်စရာမရှိတဲ့ အကြောင်းခြင်းရာပါ။ ဒီလို အသက်မွေးမှုတွေ ရှိခဲ့တာ သိရောပေါ့။

ကိုယ်ချင်းစာတရား မဟုတ်ရင်တောင် မီးထဲ လက်မနှိုက်ရဲတာ ယုတ္တိတန်ပါတယ်။ မာနလေးကို သွားမထိရဘူးလေ။ မြေပြင်ကို ထိုးထွက်လာတဲ့ အညွန့်လေးတွေ ရှိတယ်။ နူးညံ့မှုကိုယ်စီနဲ့ပါပဲ။ ဆဲလ်တစ်လုံးစီနဲ့ တည်ဆောက်ထားတဲ့ သက်ရှိဟာ တုံ့ပြန်တတ်တဲ့ ဉာဉ်ရှိတယ်။ ဗီဇက နဂိုကတည်းကိုက ကပ်ပါလာပြီးသား။ စိတ်အတွေးကလည်း အဲဒီလို။ ဒါကြောင့် ရုပ်ကြီးတွေ ပေါ်လာတော့တာပေါ့။ တကယ်တွေ့လိုက်ရမှ ဘီလူးသဘက်ဆိုတာ ကြောက်ဖို့ကောင်းတာ မဟုတ်ဘူး။ ဗီဇမှာ ပါလာပြီးသား။ အလင်းကိုတောင် တုံ့ပြန်တတ်တာပဲ။ အဲဒီ ဗီဇလက္ခဏာလေးကိုပဲ ယုယနေခဲ့ရတာ မဟုတ်လား။ ဗုဒ္ဓကို ရှိခိုးရင်း ရင်ထဲကမာန်တွေ လျှော့လိုက်တယ်။ ပြီးကျ သာမန်ပဲ ဖြစ်သွားတယ်ဗျ။

ကိုရင်လေးတစ်ပါးက ဆွမ်းဇလုံကြီးတစ်လုံး ကျောင်းပေါ်က ယူချလာတယ်။ ထမင်း၊ ဟင်းတွေ ရေနဲ့နယ်ပြီးတော့ပေါ့။ သမံတလင်း ပေါ်ပုံလိုက်တယ်။ ဘေးမှာ ငဖြူ၊ ငညို၊ ငနီ တို့က တစ်အုပ်ကြီးပဲ။ အဆင်သင့်ပဲ။ ဆွမ်းစား ကြေးစည်ခေါက်တုန်းက ဆွဲဆွဲငင်ငင် အူခဲ့တာတွေက ခုလိုအတွက် သာဓုအကြိုခေါ်ခဲ့တာလား။ တိရစ္ဆာန်ဆိုပေမယ့် မေတ္တာရိပ်ရဲ့ ထုံမွမ်းမှုကို နားလည်သိသိနေတာဖြစ်မယ်။ ခွေးတွေက တစ်ကောင်မှ လုမစားကြဘူး။ အဲဒီမြင်ကွင်းကို ကိုယ်မြင်နေရပါတယ်။ ကိုယ်လည်း ဆာလောင်ခွင့်ရှိနေတဲ့ လူသားတစ်ယောက်ပါပဲ။ ပုံမှန်ထက် နိမ့်ကျတဲ့ စိတ်အခြေအနေ တစ်ခုတော့ ရှိနေခဲ့တာပါ။ ဗုဒ္ဓကို ခံစားနိုင်စွမ်းရှိရုံနဲ့ပဲ ဒီဝိဟာရကို ရောက်ခဲ့ရတာ ကုသိုလ်တွေ ထူးလို့ပဲလေ။

မျက်နှာတော်ဖူးနေရတာပဲ အေးချမ်းလှပါပြီ။ ဗုဒ္ဓအရိပ်အောက်မှာ ဆရာတော်ရဲ့ မေတ္တာကြောင့် အပူအပင် ငြိမ်းသွားသလိုပဲ။ ကိုရင်လေးတွေ ဘုရားဝတ်တက်တာ ကြားလိုက်ရတာ ရင်ထဲဒေါသတွေ ပြေသွားသလိုပဲ။ ဘုရားရင်ပြင်တော်ပေါ်မှာ ဖြတ်တိုက်လာတဲ့ လေညင်းမှာ ဥယျာဉ်ထဲက ပန်းရနံ့တွေ ရလိုက်မိသလိုပဲ။ နှလုံးသားကို ထုံမွမ်းထားတဲ့ မေတ္တာတရားဟာ ငါလို အကုသိုလ်ကောင်ကို ငြိမ်သက်အေးဆေးသွားစေခဲ့တာပါ။ အဲဒီ ပီတိကို စကားလုံးတွေနဲ့ ဖော်ပြလို့မဖြစ်ပါဘူး။ စိတ်ကသိနေရမယ့် သံသရာလွတ်မြောက်ကြောင်း တရားဟာ တရားရှာသူကို ဘယ်လောက်အေးချမ်းစေလဲဆိုတာ တရားရှာသူ ကိုယ်တိုင်မှ သိနိုင်မှာပဲ။ ကိုယ့်ဉာဏ်လေး တစ်ထွာနဲ့ မေတ္တာတရားအရိပ်မှာ ကိုယ့်ဝမ်းတစ်ခါးအတွက် ဖြေရှင်းနေရတဲ့ ဘဝကိုတော့ စိတ်က မလုံခြုံဘူးပေါ့။ ဒါပေမဲ့ မေတ္တာတရားရဲ့ စွမ်းအားကြီးမားမှုကို ခံစားသိရှိလိုက်ရတယ်။ သတ္တဝါတွေ မေတ္တာကြောင့် လုံခြုံမှုပေးနိုင်တာ မဟုတ်လား။ မေတ္တာတရားကို ကိုယ်တိုင်ပွားများဖို့တော့ ကိုယ်တိုင် မေ့နေခဲ့တာပါပဲ။ လူ။ ငါက လူတွေထဲက သာမန်ထက် မပိုတဲ့ ပုထုဇဉ်မျှသာပဲ။ ကိလေသာလေးတွေက အခုထိ လောင်မြိုက်နေတုန်းပါပဲ။

ကိုယ့်ရှေ့မှာကြွေကျလာတာ။ လူစင်စစ်ဖြစ်တော့ ငါက ရနံ့တွေ ရလိုက်တယ်။ လတ်ဆတ်မှုက နှလုံးသားကို ရင်းနှီးသွားတာပဲ။ ခရေပင်ကြီးကို မှီလိုက်တယ်။ လေထဲ ဝေ့လာတာကို သတိမထားမိလိုက်ဘူး။ ဖျတ်ခနဲ လွင့်ကျမှ လှလိုက်ကြတာပါ။ လွင့်ကနဲ။ တွေ့ရာ စကားလုံးနဲ့ စာဖွဲ့ပစ်လိုက်ရမလားပဲ။ ခရေတွေ ကြွေကျပုံကို ကြည့်ပြီး အမောဖြေနေရတာပေါ့။ တစ်ခုခုဆို စိတ်ဆိုးချင်နေတဲ့ ပန်းတွေရဲ့ အထာမျိုးနဲ့ပေါ့။ သစ္စာတရားကို ဝှက်ပြီး ကြီးပြင်းချင်တိုင်း ကြီးပြင်းခွင့်ရခဲ့တာလေ။ စိတ်ကူးတွေက မဆုံးဘူး။ မျက်ဝန်းလေးကို မြင်တယ်။ သံသယကို သံယောဇဉ်ဝင်လိုက်ရမလားပဲ။ မလုပ်ကြံဝံ့တဲ့ နှလုံးသားဇာတ်လမ်းဟာ ခရေအကြွေတွေလိုလား။

ကိုရင်လေးတွေတောင် နိုးနေကြပြီ။ ကိုယ့်အရင် ရောက်နေတဲ့ ကပ္ပိယကြီးက အုန်းမောင်းခေါက်နေပြီ။ အကြီးဆုံး ကိုရင်ကြီးက မီးတင်းကုပ်ထဲ ရေနွေးအိုးကြိုဖို့ မီးမွှေးနေပြီ။ နံနက် ၄ နာရီတောင် ထိုးပြီ။ ကိုယ်က အိပ်ရေးမဝသေး။ မီးတင်းကုပ်ထဲက ကွပ်ပြစ်ပေါ်မှာ မျက်နှာမသစ်ဘဲ ထပ်ကွေးလိုက်တယ်။ ကိုယ်က ဒီဝိဟာရနဲ့ သဟဇာတ မဖြစ်သေးဘူး။ ဇိမ်ခံလိုစိတ်က ကိုယ့်စိတ်ထဲ ကိန်းအောင်းနေသေးတယ်။ ဆရာတော်ဘုရားတောင် နံနက်စြင်္ကံကြွ တရားမှတ်နေပြီ။ ကိုယ်က အိပ်ရေးမဝသေး။ ပထမဦးဆုံး ကိုယ်ထဲကနေ မောင်းနှင်ရမှာက အဲဒီပျင်းရိမှုပဲ။ ငှက်ကလေးတွေတောင် နိုးနေကြပါပကော။ ကိုယ်က သမ်းဝေလို့။ ကိုယ်က မိုးမလင်းစေချင်သေးဘူး။

စာသားတွေနဲ့ဘဝကို ပြောပြမလို့ပဲ။ ဒါပေမဲ့ အစီအစဉ် မကျနမှုဟာ သပ်သပ်စီ ဖြစ်လာရတော့တာပါပဲ။ ဖြစ်စဉ်တွေနဲ့ သွေဖည်သွားနိုင်တဲ့ နှပ်ကြောင်းတွေနဲ့ ဥပမာပေးရတော့မှာပဲ။ ဒါပေမဲ့ ဥပမာတွေက မလုံလောက်ဘူးလေ။ ငါ့ဘေးနားကလူတွေလည်း သိလို့မဖြစ်ပြန်ဘူး။ ငါ့ရင်ထဲ သူတို့မှ ဝင်လာခွင့် မရှိတာလေ။ လမ်းကြောင်းပြောင်းပြီး ဝင်လာတဲ့ မောင်းပြန်ရိုင်ဖယ် ကျည်ဆန်ဟာ လူရွေးထားတာ မဟုတ်ဘူး။ ဖြစ်နိုင်စွမ်းအရ ငါလည်း သေသွားနိုင်သလို ရှင်လည်းရှင်သွားနိုင်တာပဲ။ ဖော်မြူလာ မရှိဘူး။

ကျပ်ခိုးစွဲနေတဲ့ မီးတင်းကုပ်ရဲ့ အမိုးပေါ်မှာ ငါ့ညစာလေး ခိုးဝှက်ထားတယ်။ သွန်ပစ်လိုက်မယ့် ခွေးကျွေးပစ်လိုက်မယ့် ဟင်းကျန်တွေထဲက ငါ့ညစာကို ငါ ခိုးဝှက်ထားတာပဲ။ မီးဖိုပြီး ဟင်းပြန်နွှေးရမယ်။ တစ်မျိုးစီ နွှေးနေလို့ မဖြစ်ပါဘူး။ ဟင်းကျန်တွေကို စုပေါင်းပြီး ဟင်းပေါင်းတစ်ခွက်ပေါ့။ ထမင်းကတော့ သိုးချင်သိုးပါစေတော့။ ညညဆာဆာနဲ့ အိပ်မပျော်ဘဲ နေရတာထက်စာရင် တော်ပြီ။ သောက်တော်ရေ ဖြည့်ဦးမှပဲ။

အဂတိလိုက်စားကြတဲ့ ခေတ်ကြီး။ မဟုတ်တာလုပ်မှ လှူနိုင်တန်းနိုင်ကြတော့ လူတွေ သီလမလုံတာ ပြောစရာမလိုတော့ဘူး။ အမျိုးသားရေး လက္ခဏာရပ်လို ဖြစ်နေတဲ့ အဂတိက လူငယ်ဘဝတွေကို သတ်ပစ်လိုက်တော့တာပါပဲ။ အယောင်ဆောင်စိုက်ပျိုးပြီး တိုင်းပြည် ဘတ်ဂျက်တွေကို ဗုန်းဖို့၊ စိုက်ကွက်တွေ ဖော်ဖို့ ဘက်ဟိုးကားကြီးတွေ ရောက်လာခဲ့ကြတယ်။ ငါတို့ကလည်း ငါတို့လူငယ်ဘဝကို ရူးရူးမိုက်မိုက် ရောင်းစားပစ်လိုက်ဖို့ တစ်ပဲခြောက်ပြား လခလေးနဲ့ ဝန်ထမ်းဘဝကို ဝင်လာလိုက်ရတာပဲ။ ခေတ်ကလည်း အရက်သေစာနဲ့ မူးယစ်နေတာကလွဲရင် ဘာကိုမှ မျှော်လင့်လို့ မရတဲ့ကာလပေါ့။ ငါ့အတွက် လွယ်လွယ်ရလာတဲ့ သတ်ကွင်းထဲကို ဘဝအဖြစ် ရွေးချယ်လိုက်တာပဲ။ တဆတ်ဆတ်တုန်နေတဲ့ ငါ့ရဲ့လတ်ဆတ်မှုဟာ တောင်ယာမီးခိုးတွေလို အူထွက်သွားကြပြီ။ တစ်နိုင်ငံလုံး ပြတင်းတံခါးတွေပိတ်ပြီး လက်ညှိုးထောင် ခေါင်းညိတ်နေရတဲ့အခါပေါ့။ လူ့ငယ်ဘဝရဲ့ ပြင်းပြင်းပြပြ ဆန္ဒတွေ ငါသေဆုံးနေတာ မသိခဲ့ဘူး။ စာတွေ မဖတ်ချင်တော့ဘူး။ ဘာမှမစုဆောင်းချင်တော့ဘူး။ စိတ်ကို လေပစ်လိုက်တော့လည်း လူငယ်တွေ သေဆုံးပစ်ချင်တဲ့ ဝိုင်းဖွဲ့မှုတွေမှာ နစ်မျောနေတာ။ ဘာယုံကြည်ချက်မှ မရှိတော့လို့ ကိုယ့်စခန်းကို ကျရှုံးစေချင်တော့တာပေါ့။ ဂစ်တာအိုကြီး ရိုက်ချိုးပစ်လိုက်တယ်။ ထွက်ပေါက်မရှိတဲ့ လရောင်ကို မလိုချင်တော့ဘူး။ ငါ့ဓားက ငါ့သွေးပဲ ဆာနေတော့တာ။

လှည်းလမ်းလေးဟာ ရွာထဲက ထွက်လာတာပဲ။ လှည်းပေါ်မှာ ဘာများပါလိမ့်။ ငါတို့မှာလိုက်တဲ့ သောက်ရေတွေများ ပါလာမလား။ ငါတို့စိုက်ကွင်းနားမှာ ယာတဲလေး ရှိတယ်။ ယာတဲလေးမှာ ကျောင်းမထားနိုင်တဲ့ လှည်းသမားရဲ့ ဘုစုခရုစုတွေရှိတယ်။ သေချာတယ် သူတို့ စာမတတ်ကြတော့ဘူး။ တဲတိုက်တွေက ကလေးအများစုဟာ ကျောင်းမနေဖူးကြဘူး။ သူတို့အဖေတွေက အရက်တွေ စွဲကုန်ပြီ။ မနက်က ကလေးတွေ ကောက်သင်းကောက်လာတဲ့ ဝါပေါက်ကလေးတွေနဲ့ စပ်ဘီအီးတစ်လုံး ဝယ်လာတယ်။ထူအန်းအန်းမျက်နှာက စက်ရုံကြီးတွေ အောင်မြင်ကြောင်းတရားပဲ။ သူ့မိန်းမက ဘယ်ဆီထွက်သွားမှန်း မသိတာ ကြာပြီ။

သူလည်း တောင်နံရံတွေကို ကုတ်ခြစ်ပြီး စိုက်ပျိုးတာပဲ။ ထင်းလည်းခုတ်၊ မီးသွေးလည်း ဖုတ်တာပဲ။ ဒါပေမဲ့ ယူထားရတဲ့အကြွေးက ပိပါဘိသနဲ့။ တောထဲသာနေပေမယ့် ရွာထဲက အကြွေးက ပူနေတာ။ ရွာလယ်က အိမ်ဝိုင်းကို ထိုးအပ်ခဲ့ပေမယ့် မကျေသေးဘူးဆိုပဲ။ သူ စာမတတ်ဘူး။ သူ့ကလေးတွေလည်း စာတတ်မှာ မဟုတ်ပါဘူး။ နေစရာလည်း ယာတဲပဲ ရှိတော့တယ်။ ဒါလည်း အသိမ်းခံရတော့မယ်တဲ့။ လူတွေ ရောက်လာကြပြီတဲ့။ အရက်ဆီတွေကို ရေမရောနဲ့လေ။ မော့ချလိုက်တယ်။ အလင်းရောင်မှ မဖူလုံတော့တာပဲဗျာ။

လူတွေ သေဆုံးနှုန်း မြင့်တက်လာကြတယ် ဆိုပါတော့။ အရက်ဆီ ပီပါတင်တဲ့ ကားကြီးတွေက ဆိုက်ရောက်ထွက်ခွာမြဲပါပဲ။ စက်ရုံပိုင်ရှင် လှူဒါန်းမှုတွေက တောမြို့လေးမှာ ထိတ်ထိတ်ကြဲပဲ။ ငွေတွေ ထားစရာမရှိတော့လို့ ဂိုဒေါင်ထဲ ထည့်ထားရတယ်ဆိုလား။ အတ္တကို ဈေးကွက်ထဲ ဒလဟော ရောင်းချနေကြတော့လည်း ဝယ်သူတွေက စိတ်မခိုင်ဘူးဗျ။ အရိပ်ကို နင်းထားတဲ့ ရပ်မိတဲ့နေရာက နာကျင်ရသလိုပဲ။ အဆင်မပြေမှုလေးတွေရဲ့ ယားယံမှုကို စိတ်က အာသာဖြေရုံပဲ။ ဆွဲဆောင်မှုတွေက သွေးကပဲ ဆာလောင်နေသလိုပဲ။ သွေးက ဆာနေပြီဆိုတော့ ဆင်ခြင်တုံတရား ေ၀ဝါးသွားပြီ။ အသိကို စွန့်လွှတ်လိုက်ခါမှ ရှင်လျက်က သေခြင်းတရားဆီ ရွေ့သွားရပြီ။

ကိုရင်ကြီး ဖွင့်တဲ့ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်ဇာတ်တော်တွေ။ အဆို၊ အငို၊ အပြောပိုင်လှချည်ရဲ့။ အိပ်ပျော်လျက် အိပ်မောကျနေတဲ့ သံသရာထဲမှာပဲ။ ဘယ်ဘုရားအဆူဆူ ချွတ်ပေမယ့် မကျွတ်လွတ်နိုင်တဲ့ ငါက သံသရာ ခရီးသည်ပဲမဟုတ်လား။ သမုဒယတွေ ယှက်နွှယ်နေတဲ့ မီးပုံထဲ ခုန်ဆင်းချင်နေတဲ့ ငါ့ရဲ့ နားထဲ ရင်ပြင်တော်ပေါ်က ဆည်းလည်းသံလေးတွေ ကြားနေရတယ်။ နားစည်ထိလာတဲ့ ဓမ္မမှာ ငါက မစင်ကြယ်နိုင်သေးဘူးပဲ။ ကြယ်တွေ ကြွေပြသွားတဲ့ အနိစ္စကိုပဲ ငါက လှနေတော့တာ။ သံသရာမှာ ကိုယ်ထင်ပြရတာများ လင်းလို့။ ရင်ထဲအသိက ထင်သလောက်လည်း မလင်းဘူး။ ဗုဒ္ဓက ကံ၊ ကံ၏အကျိုးတဲ့။ ဒီတရားလေး နာမိခဲ့တာကိုပဲ ရှိခိုးမိပါတယ်။ သေခြင်းတရားကင်းရာက နိဗ္ဗာန်ပဲ။ ကိုယ်က မကျင့်ဖြစ်သေးဘူး။ အနာဂတ်ကလေးများ ဖြစ်လာမလားလို့ သူမရယ်သံတွေကို ခိုးလွမ်းမိရတဲ့ ပုထုဇဉ်စစ်စစ်ကြီးပါ။

နိုင်ငံသားအဖြစ် အဆင့်မမီခဲ့တာတွေ အများကြီးနဲ့ နေထိုင်ခဲ့ရတာပဲ။ မျိုးဆက်တစ်ခုလုံး ချကျွေးထားခံရတဲ့ ငါက ဘယ်လောက် ရိုးသားနိုင်တော့မှာလဲ။ အခွင့်အရေးတစ်ခုခုကို ရဖို့ ချောင်းမြောင်းရတယ်။ မျက်နှာချိုသွေးရတယ်။ ဖားရတယ်။ ပညာဆက်သင်ချင်တဲ့ အိပ်မက်တွေကို မိုးကျရွှေကိုယ်တွေ ဖျက်ဆီးသွားတာ ရင်ထဲမေ့မပစ်ဘူး။ ပညာရပ်အပေါ် အထင်သေးကြတဲ့ လူ့အဖွဲ့အစည်းကလည်း တိုးတက်မှာမဟုတ်ဘူး။ ခပ်ယဲ့ယဲ့ မူဝါဒတွေအောက်မှာ သာတဲ့နေရာ ရွှေ့ပြောင်းနေကြရမှာပဲ။ ငါလည်း လူပဲ။ အောင်မြင်ချင်တယ်။ အောင်မြင်လို့မရရင် ရူးသွပ်ချင်တယ်။

အဆုံးအမ နာခံသူဟာ လိမ္မာသထက်လိမ္မာ ပိုလိမ္မာမယ်တဲ့။ အသိတရားကပဲ လွတ်မြောက်ရာ နိဗ္ဗာန်ဆီ သွားကြရမှာပဲ။ စားသောက်ကောင်းအောင် ဂါထာတွေကို ရွတ်နေလို့ မဖြစ်ဘူး။ သိ ပယ် ဆိုက် ပွား။ သစ္စာ တရားလေးပါးက လွတ်မြောက်ရာပဲ။ ဒီလို အဆုံးအမတွေ ထွန်းကားတဲ့မြေမှာ အတ္တတွေ ကိုးကွယ်လွန်းမှုတွေလည်း များနေတာ။ ဒါကလည်း သင်္ခါရပေါ့။ မမြဲဘူးပေါ့။ အစိုးမရဘူးပေါ့။ ကိုယ်ကလည်း ဆရာတော်ဟောတဲ့ တရားထဲကလိုပဲ။ ဟင်းအိုးထဲ မွှေနေတဲ့ ယောက်မကြီးလိုပဲ ကိုယ်က။ အရသာကို ခံစားမရဘူး။ မြတ်သော အဆုံးအမတွေနဲ့ တွေ့နေပေမယ့် သစ်သားယောက်မကြီးထက် အသိတွေက ပိုမလာဘူး။

တစ်ထပ်တိုက်ပြာပြာလေးက နှင်းတွေထဲမှာ ရစ်ဝဲလို့။ ပြတင်းလေး ပွင့်လာရင် ငါခိုးလွမ်းမိတာပါပဲ။ ဒီထက်လည်း စကားတွေ ပိုမိုမသုံးစွဲသင့်တော့ဘူး။ ငါ ယစ်မူးခဲ့တာတွေဟာ ငတေကြီးတစ်ယောက်လို ဘဝကို မောင်းနှင်သွားရလိမ့်မယ်လို့ စိတ်မကူးမိခဲ့ဘူး။ ခုတော့ အချိန်ကလွန်ပြီ။ အရှိန်က ထိန်းမရတော့ဘူး။ ပန်းကို ယိုးမယ်ဖွဲ့ပြီး လွမ်းရသလိုပေါ့။ ငါတို့ ကြုံဆုံခဲ့တာတွေဟာ ဝဋ်ကြွေးပါလို့တော့ မပြောရက်ဘူး။

ရုပ်ကြီး ရှိလာတာနဲ့ ရပ်တည်မှုအတွက်ပဲ တိုက်ခိုက်နေကြရတယ်။ ရဲရင့်တဲ့ လူငယ်ဘဝကလည်း သေဆုံးသွားရတယ် ဆိုပါတော့။ ရင့်ကျက်မှု တံဆိပ်တပ်ထားရုံပဲ။ တကယ်က မရဲရင့်ဘူး။ တချို့အရာတွေ ကိုယ်တိုင်မကြုံချင်ဘူး။ ကိုယ်တိုင် မထိတွေ့ချင်ဘူး။ တော်လှန်ရဲရင့်တဲ့စိတ်ကလည်း အချိန်ကြာလာတော့ သူရဲဘောကြောင်သွားတာပဲ။ ဇာတိရုပ်ကြီးက ထောက်ပြလာတဲ့ ဖောက်ပြန်မှုတွေပါ။ ဝေဒနာအတွက် တရားရေအေးပဲရှိတယ်။ ဒါပေမဲ့ မသောက်ဖြစ်တာ ကြာပြီ။ သံသရာကို မျောနေတာ မျောလို့မျောမှန်းမသိ ပျော်နေတော့တာပါ။

တစ်နေ့မှာ သူမဟာ ဘဝတွေ ခြားသွားဖို့ သူ စဉ်းစားခဲ့ပါတယ်။ ဘဝခြားရာအရပ်ကို သူရွေးချယ်သွားတော့တာပေါ့။ ရွေးချယ်မှုတွေက ပျော်ရာအရပ်ဖြစ်ပါစေပေါ့။ ပျော်နေပြီပဲ။ မျက်ရည်တွေ စီးကျလာတယ်။ ဆရာတော်ဘုရားလည်း မျက်နှာမကောင်းဘူး။ ကိုယ်လည်း လူသိမခံဝံ့ဘူး။ သူစိမ်းတွေထဲ တိတ်ဆိတ်ငိုကြွေး ကြေကွဲရပါတယ်။ ရင်ထဲက အပူတွေနဲ့ ဘုရားခြေတော်ရင်း ဝပ်တွားမိ။ သူ လှူခဲ့တဲ့ ပန်းကလေးတွေတောင် ညှိုးလျော်သွားပြီ။ သံသရာမှာ ဆက်စပ်စရာ မလိုတော့ပါဘူးလေ။ ဆရာတော်ဘုရား မသိအောင် ငိုနေမိပါတယ်။

တစ်နေ့ ငါ သေဆုံးသွားမယ်။ နင်လည်း သေဆုံးသွားမယ်။ ဒါပေမဲ့ တစ်ခုခုတော့ ကျန်ခဲ့မှ ဖြစ်လိမ့်မယ်။ ငါ သေဆုံးနေတာ သိလျက်နဲ့ အိပ်မက်တစ်ခုတော့ ရှိခဲ့တယ်။ ထုံးဖြူဖြူစေတီလေးရှိတဲ့တောင်ကုန်းလေးပေါ်မှာ ကြယ်တွေအဖြစ် ရွာချလို့ပေါ့။ သံယောဇဉ်သမုဒယကြောင့် ဒုက္ခဖြစ်ရတယ် မဟုတ်လား။ အသိတရားက ဉာဏ်ထက်လင်းပါရစေသား။

ဇာတ်လမ်းက ပြီးသွားပါပြီ။

ခုထိ ဒီအရိပ်တွေ လွတ်မြောက်အောင် ပြေးနေရဆဲပါပဲ။

ဘယ်သူကမှ အမှတ်မရတော့ဘူး။

Most Read

Most Recent