စိတ်ဓာတ်နှင့် လုပ်ရပ်

စိတ်ဓာတ်နှင့် လုပ်ရပ်
Published 13 September 2017

မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့တွင် ပိတ်မိနေခဲ့သော နံ့သာတောင်ပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူများ မောင်တောမြို့သို့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက ရောက်ရှိလာစဉ်

ပြီးခဲ့တဲ့အပတ်က စာရေးသူတို့ စာပေမိတ်ဆွေတစ်စု စာပေစကားဝိုင်းလေး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ကြီးပွားချမ်းသာနေကြတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြတဲ့ သူတစ်ဦးချင်းစီ စည်းကမ်းကောင်းမွန်မှုတွေ မိမိတာဝန် မိမိယူမှုတွေ၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ထိန်းသိမ်းနိုင်မှုတွေ၊ အရွယ်ရောက်တဲ့အချိန်ကစပြီး မိမိခြေထောက်ပေါ် မိမိရပ်တည်ကာ ဘဝလျှောက်လှမ်းကြပုံတွေ၊ အောင်မြင်ကြီးပွား တိုးတက်သူတွေကို ဂုဏ်ပြုချီးမြှင့်မြှောက်စားပုံတွေ၊ တစ်ပါးသူတွေအပေါ် မနာလိုဝန်တိုစိတ်ကင်းပုံတွေ၊ ချမ်းသာသူတွေက အလှူအတန်း ရက်ရောပုံတွေ၊ တစ်ဦးအပေါ်တစ်ဦး အလိမ်အညာကင်းပုံတွေ၊ သူများမျက်ခုံးမွှေးပေါ် စြင်္ကံမလျှောက်ပုံတွေ မိမိဇနီးမယား၊ သားသမီးအပေါ်မှာပဲဖြစ်ဖြစ်၊ မိမိအလုပ်အပေါ်မှာပဲဖြစ်ဖြစ် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အ၀ ရှိကြပုံတွေကို ဆွေးနွေးပြောဆို ဖြစ်ခဲ့ကြပါတယ်။

ဘယ်ဘာသာ ဘယ်လိုလူမျိုးတွေဖြစ်ဖြစ် မိမိတို့စိတ်တွေအပေါ် မူတည်ပြီး ကိုယ်ကျင့်တရားတွေနဲ့အတူ စည်းကမ်းကောင်းတာ၊ စိတ်ထားကောင်းတာ၊ တာဝန်ယူမှုတာ ဝန်ခံမှုရှိကြတာ၊ အတ္တကြီးတာ၊ အတ္တနည်းတာ၊ တာဝန်မဲ့တာ၊ တာဝန်မယူချင်တာတွေ ဖြစ်နေကြတာပါ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ဥရောပတိုင်းပြည်ကြီးတွေ၊ နိုင်ငံကြီးတွေမှာ အခြားဘာသာတွေ ဖြစ်နေကြပေမယ့် လူအတော်များများဟာ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကံငါးပါးလုံခြုံနေကြခြင်းဟာ သူတို့လူမျိုးတွေ တိုးတက်ခြင်း လက္ခဏာ တစ်ရပ်လို့ ထင်မြင်ယူဆမိပါတယ်။

လူတစ်ဦးချင်းစီရဲ့ စည်းကမ်းကောင်းမွန်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု တာဝန်ခံ၊ တာဝန်ယူမှုတွေဟာ ကောင်းသောပတ်ဝန်းကျင်တွေ ဖြစ်ပေါ်လာမှုနှင့်အတူ နိုင်ငံကြီးပွားတိုးတက်မှုအပေါ် များစွာအကျိုးသက်ရောက်နေတာ ဖြစ်ပါတယ်။ တိုးတက်ကြီးပွား ချမ်းသာနေတဲ့ လူမျိုးတွေဟာ သူတို့စိတ်ကို သူတို့ထိန်းသိမ်းနိုင်သူတွေဖြစ်သလို မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်အဝနဲ့ ဘဝကို လျှောက်လှမ်းနေကြသူတွေ ဖြစ်ကြပါတယ်။ စည်းကမ်းမဲ့တဲ့အလုပ်၊ သူတစ်ပါးဒုက္ခရောက်မယ့်အလုပ်၊ သူများတွေကို လိမ်ညာမယ့်အလုပ်၊ သူများအကျိုး ပျက်စီးရာပျက်စီးကြောင်းတွေ မလုပ်ကြသလို သူတို့မျိုးဆက်တွေကိုလည်း ငယ်စဉ်ကတည်းက မိမိကိုယ်ကိုယ်မိမိ အားကိုးချင်စိတ်ထားချင်အောင် မဟုတ်တာ မမှန်တာ မလုပ်အောင် သွန်သင်ညွှန်ပြထားကြတာဟာ နမူနာယူစရာ ကောင်းလှပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ကံငါးပါး မလုံခြုံကြဘဲ ကိုယ်ကျင့်တရားတွေနဲ့အတူ တာဝန်ခံ တာဝန်ယူမှုတွေ နယ်ပယ်အသီးသီးမှာ ပျောက်ဆုံးနေခြင်းဟာ တိုင်းပြည်မတိုးတက်ခြင်းရဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်ပါတယ်။ လူတစ်ဦးချင်း စည်းကမ်းထိန်းသိမ်းမှု အားနည်းတာ၊ လစ်ရင်လစ်သလို စည်းကမ်းမဲ့ကာ၊ တစ်ဦးအပေါ်တစ်ဦး လိမ်ချင်ညာချင်တာ၊ မဟုတ်တာမမှန်တာ လုပ်ချင်ကြတာ၊ သူများကြီးပွားချမ်းသာမှုအပေါ် မနာလိုကြတာ၊ ပရဟိတစိတ်နည်းပါးတာ၊ အများကောင်းကျိုး ဆောင်ရွက်သူတွေအပေါ် မနာလိုမရှုဆိတ် ဖြစ်နေကြတာ၊ အထူးသဖြင့် မိမိတို့မိသားစု မိမိတို့အသိုင်းအဝိုင်းပေါ်မှာတောင် သစ္စာမဲ့ပြီး ကိုယ်ချင်းစာနာစိတ်တွေ ပျောက်ဆုံးနေကြခြင်းဟာ ယနေ့အချိန်အခါလို မဖြစ်သင့် မဖြစ်ထိုက်တဲ့ အနေအထားမျိုးတွေ ကြုံတွေ့နေကြပြီး အမျိုးမျိုးသော လူမှုဒုက္ခတွေကို အများပြည်သူတွေ ကြုံတွေ့ခံစားနေကြရခြင်း ဖြစ်ပါတယ်။

ဒီနေ့ ကြီးပွားနေတဲ့ နိုင်ငံနဲ့လူမျိုးတွေကို ဝေဖန်ဆန်းစစ်ကြည့်ကြမယ်ဆိုရင် စည်းကမ်းကောင်းမွန်ပြီး တာဝန်ခံ တာဝန်ယူတဲ့ စိတ်ဓာတ်အပြည့်အ၀ ရှိနေကြမှုတွေ၊ မိမိအကျိုးထက် သူတစ်ပါးအကျိုးကို လိုလားတဲ့လုပ်ရပ်တွေဟာ ထင်ရှားလှတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့သူတွေ၊ ကိုယ်ချင်းစာတရား ထားသူတွေ၊ မတရားတာ၊ မမှန်တာ၊ မဟုတ်တာ မလုပ်တဲ့သူတွေ သူတစ်ပါးအပေါ် လိမ်ညာကောက်ကျစ်တာ၊ လှည့်ဖြားတာမလုပ်တဲ့သူတွေက အများစုဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အလှူနိုင်ဆုံးပုဂ္ဂိုလ်တွေ ဘာကြောင့် ပေါများနေသလဲဆိုရင် စိတ်ထားမွန်မြတ်ပြီး စာနာစိတ်နဲ့အတူ ကိုယ်ချင်းစာတရားထားနိုင်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ စာရေးသူတို့တွေ ကိုယ့်ညီအစ်ကို မောင်နှမချင်းတောင် တစ်သိန်း၊ တစ်သောင်းပေးဖို့ လက်တွန့်နေချိန်မှာ ကမ္ဘာနဲ့အဝန်း လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းနေနိုင်ကြတာဟာ လေးစားစရာ၊ အတုယူစရာ၊ နမူနာယူစရာများပဲ ဖြစ်ပါတယ်။

၂၀.၇.၂၀၁၇ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ပျဉ်းမနားမြို့က ‘စိုး’ လျှပ်စစ်ရဲ့ ဥက္ကဋ္ဌကြီးဖြစ်သူ ဦးစိုးတင့်ဟာ သူမသေခင်မှာ သူ့ဒေသ၊ သူ့ပတ်ဝန်းကျင်မှာ လမ်း၊ တံတား၊ သိမ်၊ ကျောင်း အပါအဝင် အလှူအတန်းကောင်းကျိုးတွေကို များစွာပြုလုပ်ပေးခဲ့ပြီး အယုတ်အလတ် အမြတ်မရွေး ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အတ္တထက်အများ အကျိုးကိုလိုလားခဲ့တဲ့ သူရဲ့လုပ်ရပ်တွေကြောင့် သူသေသွားတဲ့အခါ သူ့ရဲ့ အသုဘနာရေးမှာ တစ်မြို့လုံး တစ်နယ်လုံး အုန်းအုန်းကျွက်ကျွက် လိုက်ပါပို့ဆောင်ခဲ့တာတွေဟာ ထင်ရှားလှတဲ့ သာဓကပဲ ဖြစ်ပါတယ်။ သူမသေခင် သူ့အတ္တတွေကို ဖက်တွယ်ပြီး ထားခဲ့မယ်ဆိုရင် သူ့အတွက်လည်း အကျိုးမရှိ ပတ်ဝန်းကျင်အတွက်လည်း အကျိုးမရှိ ခုနစ်ရက် သားသမီးအတွက်လည်း အကျိုးမရှိဖြစ်မှာ သေချာပါတယ်။ မိမိတို့တွေ မသေခင်မှာ ဦးစိုးတင့်လို အတ္တစိတ်ကင်းစွာနဲ့ မိမိပတ်ဝန်းကျင် မိမိတို့လူမျိုးတွေအတွက် တတ်နိုင်သမျှ ကောင်းကျိုးတွေကို ဆောင်ရွက်ပေးသွားခဲ့ကြမယ်ဆိုရင် လူသေသွားပေမယ့် နာမည်မသေဘဲ သမိုင်းထဲမှာ ရှင်သန်မယ့်သူတွေ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ မိမိအပါအဝင် လူအတော်များများဟာ အတ္တစိတ်ကို အနိုင်ယူနိုင်ဖို့၊ အတ္တစိတ်ကင်းဖို့ အလွန်ခဲယဉ်းလှပါတယ်။ ငါ့သားသမီး၊ ငါ့မိဘ၊ ငါ့ဆွေမျိုးအသိုင်းအဝိုင်း ငါ့အဖွဲ့အစည်းအတွက်ဆိုတဲ့ အသိစိတ်က စွဲနေကြတာ လူတိုင်းနီးပါး ဖြစ်နေကြတာပါ။ ငါ့လူမျိုး၊ ငါ့ပတ်ဝန်းကျင်၊ ငါ့တိုင်းပြည်အတွက်ဆိုသူတွေ နည်းပါးနေသေးလို့ အတ္တစိတ်ကြီးသူတွေ နယ်ပယ်အသီးသီးမှာ များနေသေးလို့ ယနေ့အချိန်အခါလို လူတန်းစားကွာဟချက် ကြီးမားနေတာ၊ နိုင်ငံအနှံ့ မတရားမှုတွေ ရှင်သန်နေသေးတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေတာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ၊ အစားအသောက်ကအစ မသမာမှုတွေ များနေတာ၊ နိုင်ငံအနှံ့ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေတာ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေသေးပြီး ငြိမ်းချမ်းရေး မတည်ဆောက်သေးနိုင်တာ၊ ကိုယ်ချင်းစာနာစိတ်နည်းပါးပြီး အတ္တစိတ် ကြီးမားခဲ့မှုတွေကြောင့် ယနေ့အချိန်အခါလို အကြမ်းဖက်မှုတွေ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။

အတ္တစိတ်ကင်းပြီး ကိုယ်ချင်းစာနာစိတ်ထားရှိသူတွေ၊ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဟာ ဒီဘဝမှာရော သံသရာအတွက်ပါ ကောင်းမှုကုသိုလ်တွေ ရရှိကြမယ့်အပြင် အများပြည်သူတွေ ကြည်ညိုလေးစားနေကြမှာ ဖြစ်ပါတယ်။ သူတစ်ပါးတွေ မလုပ်နိုင်တဲ့ အလုပ်တွေ၊ သူတစ်ပါးတွေ မထားနိုင်တဲ့စိတ်တွေ၊ သူတစ်ပါးမစွန့်လွှတ်နိုင်တဲ့ စွန့်လွှတ်မှုမျိုးတွေ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေ နယ်ပယ်အသီးသီးမှာ ရှင်သန်ပွားများလာဖို့ အထူးပဲ လိုအပ်လှပါတယ်။ ကိုယ်ကျင့်တရားနဲ့ စည်းကမ်းပျက်ယွင်းသူတွေ၊ အတ္တစိတ် ကြီးမားသူတွေ နယ်ပယ်အသီးသီးမှာ ရှင်သန်နေသေးသရွေ့ မငြိမ်းချမ်းမှုဖြစ်စဉ်တွေနဲ့အတူ အနာဂတ်အတွက် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ နိုင်ငံအတွင်း ကိုယ်ကျင့်တရားနဲ့ စည်းကမ်းကောင်းမွန်သူတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေ၊ အတ္တစိတ်ကင်းသူတွေ၊ ကိုယ်ချင်းစာနာစိတ်ရှိသူတွေ ပေါများလာမှသာ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးသွားနိုင်မှာဖြစ်ပြီး ဒီမိုကရေစီခရီးလမ်း ရှေ့ဆက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

“နှလုံးသားကောင်းပြီး အရည်အချင်း ပြည့်စုံသည့် ဆောင်ရွက်ချက်လည်း အလွန်ကောင်းသော နိုင်ငံခေါင်းဆောင်၊ စစ်ခေါင်းဆောင်များကို တွေ့ရမြင်ရ၊ ကြားရလျှင် မိမိအနေဖြင့် ဘုရားလောင်းကဲ့သို့ ကြည်ညိုကြောင်း၊ သားစွန့် သမီးစွန့်၊ တိုင်းစွန့်၊ ပြည်စွန့်၊ ကိုယ်လက်အင်္ဂါများ၊ စွန့်ပစ်ပြီး အလုပ်လုပ်သောသူများ၊ ဇနီးမယားစွန့်ပစ်ပြီး အလုပ်လုပ်ကြသည့် နိုင်ငံခေါင်းဆောင်၊ စစ်ခေါင်းဆောင် လူမှုရေးခေါင်းဆောင်များ၊ ဘာသာရေး၊ သာသနာရေး ခေါင်းဆောင်များသည် မူလကတည်းက စွန့်လွှတ်ပြီးသာပင်ဖြစ်ကြောင်း စွန့်လွှတ်မည်ဆိုသည့် စိတ်ဓတ်မပါရင် သူတစ်ပါး အကျိုးဆောင်ရွက်သည့်အခါ အောင်မြင်မည်မဟုတ်ကြောင်း နိုင်ငံခေါင်းဆောင်၊ စစ်ခေါင်းဆောင်များ မြင့်မြတ်တဲ့စိတ်ထားကို မွေးမြူကြမည်ဆိုလျှင် တိုင်းပြည်သည် မကြာခင် ကောင်းမွန်သွားမည်ဟု မိမိအနေဖြင့် အလွန်အမင်း မျှော်လင့်ကြောင်း၊ မသေခင် အချိန်အတွင်းဝယ် ကောင်းမှုများစွာ ပြုကြရမည်ဖြစ်ကြောင်း” အရှင်ဉာဏိဿရ ဆရာတော်ကြီးက NLD အဖွဲ့ချုပ် ယခင်ဥက္ကဋ္ဌ ဦးအောင်ရွှေဈာပနမှာ ဟောကြားခဲ့တဲ့ တရားတော်တွေဟာ တိုင်းပြည်အနာဂတ် ကောင်းကျိုးအတွက် လူတိုင်းအလေးအနက်ထားရမည့် တရားတော်များပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့နိုင်ငံအတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ငါ့မိသားစု၊ ငါ့ဆွေမျိုးအသိုင်းအဝိုင်း၊ ငါ့အဖွဲ့အစည်း၊ ငါ့လူမျိုး ငါ့ဒေသဆိုတဲ့ အတ္တစွဲစိတ်တွေ ကင်းစင်ကြဖို့ လိုပါတယ်၊ ပြည်သူတစ်ဦးချင်းစီ ကိုယ်ကျင့်တရားနဲ့ စည်းကမ်းတွေ၊ လုပ်ရပ်ကောင်းမွန်လာမှုတွေအပေါ်မူတည်ကာ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးတည်ဆောက်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေး အပါအဝင် ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်တယ်။ သို့ဖြစ်၍လည်း “အမျိုးအနွယ်ကို ကောင်းစွာစောင့်ရှောက်တတ်သော အမျိုးကောင်းသားတို့သည် မိမိကိုယ်တိုင်ဆင်းရဲနှင့် ကြုံရသော်လည်း အမှုယုတ်တို့ကို မပြုတတ်” ဆိုတဲ့ လောကနီတိ အဆိုအမိန့်ကို အလေးအနက်ထားပြီး အတ္တစိတ်ကင်းစွာနဲ့ တိုင်းပြည်ကောင်းကျိုး အများပြည်သူ ကောင်းကျိုးအတွက် လူပင်သေသွားသော်လည်း နာမည်မသေဘဲ သမိုင်းထဲမှာ ရှင်သန်သူတွေဖြစ်အောင် စိတ်ဓာတ်နဲ့ လုပ်ရပ်ကောင်းတွေနဲ့အတူ ကြိုးပမ်းသွားကြဖို့လိုပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent