ကျွန်မကို အလှပြင်ပေးသူ

ကျွန်မကို အလှပြင်ပေးသူ
Published 12 September 2017

Photo – MangaUK

မနက်ခင်းတစ်ခုမှာ ကျွန်မခါတိုင်းနေ့တွေလိုပဲ နိုးလာတယ်။ ဒါပေမဲ့ အရင်နေ့တွေနဲ့ မတူတာက ဒီနေ့မှာ ကျွန်မက အပျိုမဟုတ်တော့တာပဲ။

မျက်နှာသစ်မယ်လုပ်တော့ ရေချိုးခန်းထဲက မှန်ကိုကြည့်မိတယ်။ ဘုရား ဘုရား၊ ကျွန်မ အရမ်းအံ့သြသွားတယ်။ မနေ့က မင်္ဂလာဆောင်အပြီးမှာ မျက်နှာပေါ်က မိတ်ကပ်တွေအားလုံး ကျွန်မဖျက်ထားပြီးမှ အိပ်ရာဝင်ခဲ့တာပါ။

ဒီမနက် မှန်ထဲမှာ မြင်ရတဲ့ ကျွန်မမျက်နှာက မိတ်ကပ်တွေ အဖွေးသားနဲ့ အကျအန ပြင်ဆင်ထားပါလား။ အဘွားပြောပြဖူးတဲ့ အိပ်ရာဝင် နတ်သမီးပုံပြင်တွေထဲကလို ကျွန်မကို အိပ်နေတုန်း ဘယ်သူကများ အလှပြင် ပေးသွားတာပါလိမ့်။ ကျွန်မက စင်ဒရဲလားလေလား။

ပဟေဠိကို အဖြေသိရဖို့ရာ နောက်ညမှာ ကျွန်မဟာ အရမ်းအိပ်ချင်နေတာတောင် အိပ်ချင်ယောင်ဆောင်ပြီး မအိပ်ဘဲ စောင့်ခဲ့တယ်။ ကိုကို မောမောနဲ့ အိပ်သွားပြီးတဲ့နောက် ကျွန်မက မျက်လုံးကို မှိတ်၊ ခန္ဓာကိုယ်ကို ဖြေလျှော့ထားပြီး အသက်မှန်မှန်ရှူရင်း အကြာကြီး စောင့်နေခဲ့တယ်။

ဒီညမှာတော့ ကျွန်မက အိပ်မပျော်သွားအောင် ကြိုးစားရင်း ကိုကို့အကြောင်းကို စဉ်းစားတယ်။ ငယ်ငယ်ကတည်းက စာတော်တဲ့ ကိုကိုက ၁၀ တန်းအောင်တော့ စက်မှုတက္ကသိုလ်ကို ရောက်သွားတယ်။ ဒါပေမဲ့ ကိုကိုကျောင်းပြီးအောင် မတက်လိုက်ရပါဘူး။ ၁၉၈၈ အရေးတော်ပုံတွေကြောင့် ကျောင်းတွေအကြာကြီး ပိတ်သွားခဲ့တယ်။

ကျောင်းပြီးရင် သင်္ဘောသား လုပ်မယ်ရယ်လို့ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ကိုကိုဟာ ကျောင်းပိတ်ထားတဲ့ကာလမှာ ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ ကိုကိုဟာ သူ့သူငယ်ချင်းတွေလိုပဲ ဂျပန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုကိုဂျပန်သွားဖို့ အိမ်ရောင်းလိုက်ရတဲ့အတွက် သူ့မိသားစုလည်း အိမ်ငှားဘ၀ ရောက်သွားတယ်။

ကျွန်မ မှေးခနဲ အိပ်ပျော်တော့မလို ဖြစ်သွားပေမယ့် ပါးပြင်ပေါ် နူးညံ့တဲ့ အထိအတွေ့တစ်ရပ်ကြောင့် ပြန်သတိရလာတယ်။ ကျွန်မစောင့်နေတဲ့အချိန် ရောက်လာခဲ့ပြီလေ။ မျက်လုံး ပိတ်လျက်သား ဟန်မပျက်နေဖို့ ကျွန်မကြိုးစားတယ်။ တစ်စုံတစ်ယောက်ဟာ ကျွန်မကို မိတ်ကပ်လိမ်းပေးနေတယ်။ တစ်စုံတစ်ယောက်ဟာ ကျွန်မကို မျက်ခုံးမွေး ဆွဲပေးနေတယ်။ တစ်စုံတစ်ယောက်ဟာ ကျွန်မမျက်တောင်တွေကို ကော့နေအောင် ပြင်ပေးနေတယ်။ တစ်စုံတစ်ယောက်ဟာ ကျွန်မကို နှုတ်ခမ်းနီဆိုးပေးနေလေရဲ့။

ကျွန်မ သိလိုက်ပါပြီ။ ဘုရားဘုရား၊ သန်းခေါင်ကျော် တစ်ရေးနိုးထပြီး ကျွန်မကို အလှပြင်ပေးနေတာ ကိုကိုပါလား။ ကျွန်မ အရမ်းအံ့သြတုန်လှုပ်သွားတယ်။ နောက်တော့ အရမ်းဝမ်းနည်းလာတယ်။ ကျွန်မ မျက်ရည်မကျမိအောင် အရမ်းကို ကြိုးစားခဲ့ရပါတယ်။ ဘာ့ကြောင့်မှန်း မသိ၊ ကျွန်မသိတယ်ဆိုတာ ကို ကိုကို မသိစေချင်ဘူး။

ကိုကိုက ဒီထူးဆန်းလွန်းတဲ့ အမူအကျင့်ကို ဘယ်လိုရခဲ့တာလဲ။ နောက်တစ်နေ့မှာပဲ ကိုကို့သူငယ်ချင်းတွေဆီကနေ ကျွန်မရအောင် စုံစမ်းခဲ့တယ်။ တကယ်တော့ ဂျပန်ကနေ ပြန်လာတဲ့ ကိုကို့မှာ ပိုက်ဆံအတော်များများ ပါလာတာသာသိပြီး ဂျပန်မှာ ကိုကို ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်မ မသိခဲ့ပါဘူး။

ဂျပန်ဟာ ပထမကမ္ဘာ။ ဂျပန်ဟာ တိုးတက်လွန်းတဲ့ နိုင်ငံ။ ဂျပန်ဟာ ချမ်းသာတဲ့ နိုင်ငံ။ ဂျပန်ဟာ ပညာတတ်လွန်းတဲ့ နိုင်ငံပါ။ ကိုကိုတို့သူငယ်ချင်း တစ်သိုက်ဟာ ဂျပန်မှာ သူတို့မလုပ်ချင်တဲ့ အလုပ်တွေပဲ လုပ်ခဲ့ရတာပါ။

ကိုကိုဟာ နူးညံ့သိမ်မွေ့လွန်းသူ။ ကိုကိုဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်ပါ။ ကိုကို့သူငယ်ချင်းတွေ မျက်စိစုံမှိတ်ပြီး သားသတ်ရုံမှာ ဝင်လုပ်ခဲ့ပေမယ့် ကိုကို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ ကိုကို့မှာက နောက်ပြန်ဆုတ်ဖို့ လမ်းကလည်း မရှိတော့ပါဘူး။ ပြန်လာရင်သူ့မှာ အိမ်ပိုင်မရှိတော့ ဘူးလေ။ ကိုကို ဘယ်လောက် အကျပ်ရိုက်ခဲ့ပါသလဲ။

ဂျပန်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ကိုကို ရွေးချယ်ခဲ့ရတဲ့အလုပ်က ထူးထူးဆန်းဆန်း အလုပ်တော့ မဟုတ်ပါဘူး။ ကိုကိုဟာ သေရမှာ ကြောက်သလို လူသေတွေကို ငယ်ငယ်ကတည်းက သေမလောက် ကြောက်တယ်ဆိုတာ ကျွန်မသိတယ်။ ကိုကို ဂျပန်မှာ လုပ်ရတဲ့အလုပ်က အလောင်းကို အလှပြင်ပေးရတဲ့ အလုပ်လေ။ ကိုကို ဘယ်လောက်များ ကြောက်လိုက်မလဲ။ ကိုကိုဟာ သူ့အကြောက်တရားကို နှစ်တွေအကြာကြီး ကြိတ်မှိတ်မျိုသိပ်ခဲ့ရတယ်။

ကျွန်မ ကိုကို့ကို သိပ်ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အကြောက်တရားကို အကြာကြီး ကြိတ်မှိတ်မျိုသိပ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ညတိုင်းညတိုင်း သန်းခေါင်ကျော် တစ်ရေးနိုး ထထပြီး ကျွန်မကို အလှပြင်ပေးတဲ့ ကိုကို့ကို ကျွန်မ သိပ်ကြောက်လာမိတယ်။

ကျွန်မ ကိုကိုနဲ့ ကွာရှင်းလိုက်ရပါတယ်။ နောက်ဆုံး ခွဲခွာချိန်မှာ ကိုကိုဟာ ဘာဆိုဘာမှ မပြောပါဘူး။ ကိုကိုဟာ ငူငူငိုင်ငိုင်နဲ့ အဝေးကို ငေးကြည့်နေခဲ့တယ်။ ကိုကို့မျက်လုံးတွေထဲ မြင်နေတာ အိပ်ပျော်နေတဲ့ ကျွန်မကိုလား၊ ဒါမှမဟုတ် အလောင်းတွေလား ဒါမှမဟုတ် ကျွန်မကိုပဲ အလောင်းတစ်ခုလို မြင်နေတာပဲလား။

ကိုကိုနဲ့ကွဲပြီး နှစ်တွေအတော်ကြာတဲ့အထိ ကျွန်မဟာ ညအချိန်မတော် လန့်လန့်ပြီး နိုးလာတတ်တယ်။ နိုးလာတိုင်းလည်း ချက်ချင်းတွေးမိတာက “ဒီအချိန်ဆို ကိုကို ဘယ်သူ့ကိုများ အလှပြင်ပေးနေမလဲ” ဆိုတာပါပဲ။

Most Read

Most Recent