အကြမ်းဖက်မှုက ပြောင်းလဲစေတဲ့ ကမ္ဘာကြီး ( ၉/၁၁ (nine- eleven) )

Photo – Alwaght

အခုစာရေးနေတဲ့နေ့ဆိုရင် စက်တင်ဘာ ၁၁ ရက်နေ့ပါပဲ။

ဒီနေ့ဟာ ကမ္ဘာမှာ  ထင်ရှားတဲ့ အကြမ်းဖက်မှုရဲ့ မှတ်တိုင်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကမ္ဘာစစ်ပွဲတွေမှာ ဘယ်သောအခါမှ ထိခိုက်ခံရမှုမရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရနေရာမှာ  အကြမ်းဖက် တိုက်ခိုက်ခံရလို့ပါပဲ။

ရာစုနှစ်ဝက်လောက် ဇိမ်ကျနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေး၊ စစ်ရေးတွေမှာ ဘယ်သူနဲ့ ယှဉ်ယှဉ် သူသာလျှင် ထိပ်တန်းမှာ ရောက်နေတယ်လို့ ထင်ထားကြတယ်။

ယနေ့မှာတော့ သူရဲ့ယုံကြည်ချက်တွေ ဟာ လုံးဝလုံးဝ ပျက်ပြားသွားလေပြီ ဖြစ်တယ်။

၁၁-၉-၂၀၀၁ နေ့ နံနက်က မိနစ်ပိုင်းလောက်မှာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဟာ တုန်လှုပ်ချောက်ချား ပြားပြားဝပ် စင်းသွားတော့တယ်။ တယ်လီဖုန်းတွေလည်း ရပ်သွားတယ်။ လေယာဉ်သွားရာ ကောင်းကင်လမ်းတွေကို ပိတ်ဆို့လိုက်တယ်။ ဘယ်လေယာဉ်မဆို အပေါ်တက်လာရင် ပစ်ချတဲ့ အမိန့်ပေးထားတယ်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို လေယာဉ်နှစ်စင်းဝင်တိုက်ကာ ပြိုကျသွားခြင်းပါပဲ။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကတော့ အမေရိကန်ရဲ့ ချမ်းသာကြွယ်ဝမှုသရုပ်သ ကန်ဖော်ပြရာ (Icon) တစ်ခု ဖြစ်တယ်။

၁၉၉၃ ခုနှစ်မှာ တစ်ကြိမ်တိုက်ခိုက်ခြင်း ခံရတယ်။ ကားဗုံးပေါက်ကွဲတာပါ။ နည်းနည်းသာ ပျက်စီးခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာဟာ စက္ကူချပ်ပြားလေးလို ပြိုကျသွားတော့တယ်။  နောက်တစ်ခုကတော့ ပင်တာဂွန်ကို တိုက်ခိုက်တာပါပဲ။ ပင်တဂွန်မှာ မျက်နှာစာငါးခု ရှိတယ်။ သူဟာ အမေရိကန်တွေရဲ့ စစ်ဌာနချုပ်။ တစ်ကမ္ဘာလုံးမှာ အခိုင်မာဆုံးနဲ့ အလုံခြုံဆုံးလို့ စာတင်ထားတဲ့နေရာ။ အရပ်ဘက်နဲ့ စစ်ဘက်ဝန်ထမ်း ၂၆၀၀၀ ရှိတယ်။ နေ့စဉ် လုံခြုံရေးစစ်တယ်။ ဒီနေရာကို အရပ်သုံး ခရီးသည်တင်လေယာဉ် ဂျမ်ဘိုဂျက်ကြီး ၀င်လာတယ်။ ခရီးသည်အပြည့်ပါတယ်။ တစ်စိတ်တစ်ပိုင်း ပေါက်ကွဲပြိုလဲသွားတယ်။ ကံအားလျော်စွာ ရာကျော်ပဲသေတယ်။ အဆောက်အအုံ တစ်ပိုင်းတစ်စပဲ ပြိုတယ်။ တကယ်ပြိုလဲတာကတော့ သိက္ခာပါပဲ။

အဲဒီချိန်ကစပြီး ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟာလည်း ပြောင်းလဲသွားတယ်။အကြမ်းဖက်လှုပ်ရှားမှုရဲ့ ဘီလူးမျက်နှာကြီးဟာ ထင်ထင်ရှားရှား ပေါ်ထွန်းလာတယ်။ လူတွေဟာ အဲဒီအမွေအနှစ်ကို ရင်စည်းခံနေရတယ်။ အကြမ်းဖက်မှုဟာ တကယ်ပဲ လူတွေရဲ့ စိတ်ဓာတ်ကိုရော၊ စီးပွားရေးကိုရော ထိခိုက်စေသလို လူတွေကြားမှာသာမက တိုင်းပြည်အများပါ စိတ်ဝမ်းကွဲစေတာကို ၀မ်းနည်းဖွယ်တွေ့ရတယ်။

 

အနာဂတ်ကို အထင်နဲ့အမြင်

တတိယထောင်စုနှစ်အ၀င်မှာ လူတွေဟာ ချမ်းသာကြွယ်ဝပြီး ဇိမ်နဲ့နေရတော့မယ်လို့ အနာဂတ်ဟောကိန်း ထုတ်သူတွေက အတိအကျ ဆိုမိန့်ခဲ့တယ်။

တော်ဖလာလို၊ ဒရပ်ကာလို ပုဂ္ဂိုလ်တွေက အနာဂတ်ကို မြော်မြင်ခဲ့ကြရာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတို့ ပြောတာတွေမှာ အိုစမာဘင်ဘာဒင်လို့ ခေါ်တွင်တဲ့ အာရေဗျသားတစ်ယောက် ပေါ်ပေါက်လာခြင်း မရှိရင်တော့ မှန်ချင်မှန်မယ်။

ခုတော့ ဘင်လာဒင်သာမကသူရဲ့ အပေါင်းပါများဖြစ်တဲ့ အယ်ကိုင်းဒါးအဖွဲ့ရယ်။ အရိပ်လို နောက်က လိုက်နေတဲ့ ဘာသာရေး ယုံကြည်ချက်တွေကပါ တော်ဖလာတို့ မျှော်မှန်းတဲ့ ၂၁ ရာစုရဲ့ ချမ်းမြေ့တဲ့ အနာဂတ်ကို လုံးဝပြောင်းလိုက်ခြင်းသာ ဖြစ်တယ်။

လှံထမ်းလာတာ မြင်ရတယ်။ ကံထမ်းလာတာကိုတော့ မမြင်ရဘူး ဆိုသလိုပါပဲ။ ပြဿနာတွေ အကြီးကြီးတက်လာတယ်။ ဒီလိုပြဿနာတွေဟာ ရှေးကလည်း ဖြစ်ဖူးတယ်။

၁၈ ရာစုက အနာဂတ်မျှော်မှန်းတဲ့ ပညာရှင်တစ်ယောက်ဟာ ဆွစ္စလန်လမ်းပေါ်က မြင်းလှည်းတွေကိုကြည့်ပြီး ၂၀ ရာစုမှာ ဒီမြင်းလှည်းတွေဟာ လမ်းပေါ်တွင် ပြည့်လျှံနေပြီး မြင်းလှည်းတွေကို လမ်းရှင်းပေးနေတဲ့ လက်ပြရဲသားဟာလည်း အလွန်ဒုက္ခရောက်မယ်လို့ ဟောကိန်းထုတ်ခဲ့ဖူးတယ်။ သူမှားသွားပါတယ်။ အဲဒီ ရှေးဖြစ်ဖတ်သူ ပုရောဟိတ် (Prophet) ဟာ ၂၀ ရာစုအထိ အသက်ရှင်နေရင်တော့ လမ်းပေါ်မှာ မြင်းရထားတစ်စီးတလေကိုမျှ မြင်တော့မှာ မဟုတ်ဘူးပေါ့။

တော်ဖလာရဲ့ တတိယလှိုင်းမှာလည်းရေးတော့ ရေးထားပါတယ်။ ‘စစ်ကြောင့်၊ စီးပွားရေးကြောင့်၊ နည်းပညာအမှားတွေကြောင့် အနာဂတ်သမိုင်းကို ပျက်စီးပြောင်းလဲသွားစေမယ်ဆိုတာမျိုးကို သံသယဖြစ်စရာ မလိုပါဘူး’ တဲ့။

၂၁ ရာစုအ၀င်မှာ မိသားစုပုံစံတွေ ပြောင်းလဲသွားမယ်။ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ နည်းပညာသစ်တွေနဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းသွားကြပြီး အခြေအနေသစ်တွေကို ပေါ်ပေါက်လာစေပါမယ်။ ဒါကြောင့် ၂၁ ရာစုမှာ အတွေးအခေါ်မှန်ကန်ပြီး ကံလေးသာရှိရင် တတိယလှိုင်းဝင်ရိုက်တဲ့အခါ လူတွေရဲ့ဘ၀ဟာ ပိုမိုပြေပြစ်မယ်။ တည်ငြိမ်အေးဆေးမယ်လို့ ယူဆနိုင်ပါတယ်။

ဒရပ်ကာကတော့ Beyond the Information Age ထဲမှာ သူရဲ့ သတင်းအချက်အလက်ခေတ်ကို အများကြီး ညွှန်းထားခဲ့တယ်။ ၂၁ ရာစုမှာ လူတွေရဲ့ ယဉ်ကျေးမှုကို သတင်းအချက်အလက်တွေက ပြောင်းပစ်လိုက်မယ်ဆိုတယ်။ နောက်နှစ် ၂၀ အတွင်း ပညာအခြေခံတဲ့ လူမှုအသိုက်အ၀န်းကို သူက မျှော်လင့်ထားခဲ့တယ်။

အကြမ်းဖက်အုပ်စုတွေသာ ပေါ်ပေါက်မလာခဲ့ရင်တော့ သူတို့ခန့်မှန်းထားတာတွေဟာ ကွက်တိဝင်နိုင်ပါတယ်။ ဒါပေမဲ့ ၂၁ ရာစုအစရဲ့ အကြမ်းဖက်မှုဟာ ကြောက်ခမန်းလိလိပါပဲ။

 

ဘာတွေ လုပ်သွားသလဲ

၂၁ ရာစုအကြမ်းဖက်မှုမှာ အဆိုးရွားဆုံးကတော့ လူစီးလေယာဉ်တွေကို လက်နက်အဖြစ် အသုံးချသွားတာပဲ ဖြစ်တယ်။ အမြွှာညီနောင် ပြိုပျက်ပြီးတဲ့အခါမှာ သိပ္ပံပညာရှင် ဒေါက်တာစတာလီမန်းက “ဒါဟာ ဓာတ်ဆီဗုံးအကြီးစား တစ်လုံးပါပဲ” လို့ ပြောခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေတောင်မှ ၀တ္ထုတွေထဲကလို ‘တင်မောင်ဆွေမည်သို့ လုပ်လိုက်သည်မသိ’ ဆိုတာမျိုးနဲ့ ကြုံခဲ့ပါတယ်။ ဒါဟာလည်း သိပ္ပံပညာရှင်တွေဟာ အဖျက်လုပ်ငန်းတွေကို မတွေးတောကြလို့ပါပဲ၊

“သူတို့ဟာ တိုက်အမြင့်ကြီးကို လေယာဉ်နဲ့ ၀င်တိုက်တယ်။ လေယာဉ်က ဓာတ်ဆီတွေဟာ လေနဲ့ပေါင်းကာ လောင်တာဖြစ်တယ်။ အပေါ်အမြင့်မှာ လေတိုက်နှုန်းက မြင့်တော့ Blow – lamp နဲ့ ထိုးလိုက်သလို မီးလောင်ရာ လေပင့်တော့တယ်။ ဒီတော့ အပူချိန်ဟာ စင်တီဂရိတ် ၁၀၀၀ ကျော်ကို ရောက်သွားတယ်။ အဲဒီအပူချိန်ဟာ သံမဏိကို အရည်ပျော်စေတဲ့ အပူချိန်နှစ်ဆနီးပါး လောက်ရှိနေပြီဖြစ်တယ်။ ဒီအခါ အဲဒီတစ်ထပ်ပြိုကျတယ်။ ဒါဟာ ဒိုမီနိုကစားသလိုပဲပေါ့။ တစ်ခုပြိုရင် နောက်တစ်ခုကို ဖြိုချသလို ဖြစ်နေတယ်။ ဒီအတွက် ဆက်ကာဆက်ကာ ပြိုတော့တာပါပဲ”

“ကျွန်တော်တို့ သိပ္ပံပညာရှင်တွေဟာ ဒီလိုတစ်ခါမှ စဉ်းစားဖူးကြမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အမြွှာမျှော်စင် အဆောက်အအုံ (Twin Tower) ကို ဆောက်စဉ်အခါက ငလျင်ဒဏ်၊ မီးဘေးဒဏ်ခံနိုင်အောင် အစွမ်းကုန်ကြိုးစားတွက် ချက်ထားတယ်။ တွက်ချက်ထားတဲ့ထဲမှာ လေယာဉ်လာတိုက်ရင်ဆိုတာ မပါလာဘူး”

ဒီအဖြစ်မျိုးကို တော်ရုံတန်ရုံ ဘယ်သူမှ မခံစားနိုင်ဘူး။ မမျှော်လင့်ဘဲ မိမိတို့ ချစ်သူခင်သူတွေ ဆုံးရှုံးရတာမျိုးတွေကြောင့် ကြေကွဲမဆုံးဖြစ်ကြရတယ်။ နောက်တော့ စိတ်ဆိုးတာပေါ့။ ဒီအတွက် တရားခံ ဘယ်သူလဲ။

 

တရားခံ

အမေရိကန်သမ္မတ ဂျော့ (ခ်ျ) ဒဘလျူ ဘု (ရှ်) ကတော့ စက်တင်ဘာ ၁၁ ရက် နယူးယောက် WTC နဲ့ ပင်တဂွန်အတိုက်ခိုက်ခံရတဲ့ စက်တင်ဘာ ၁၁ ရက်ကတည်းက အဓိကသံသယရှိသူက ဆော်ဒီပြည်သားဟောင်း အိုစမာဘင်လာဒင်လို့ ဆိုတယ်။ အိုစမာဘင်လာဒင်ဟာ အယ်ကိုင်းဒါးကွန်ရက်အဖွဲ့တွေကို ဖွဲ့စည်းထားပြီး အာဖဂန် အခြေပြုကာ စစ်ပြင်နေသူဖြစ်တယ်။ အာဖဂန်မှာ တရားမ၀င်တဲ့ တာလီဘန်အစိုးရက အုပ်ချုပ်တယ်။ တာလီဘန်အစိုးရကို ပါကစ္စတန်နဲ့ နောက်နှစ်နိုင်ငံလောက်ကသာ အသိအမှတ်ပြုကြတယ်။ အမေရိကန်အစိုးရဟာ တာလီဘန်အစိုးရကို ဘင်လာဒင်အား သူတို့ လက်အပ်ဖို့ ပြောတယ်။ တာလီဘန်တို့က ဘင်လာဒင်ဟာ မိမိတို့ရဲ့ ဧည့်ကောင်းစောင်ကောင်းသာ ဖြစ်တယ်။ သူ့ကို စောင့်ရှောက်ဖို့ မိမိတို့မှာ တာဝန်ရှိတယ်။ အမေရိကန် လက်ကို မအပ်နိုင်လို့ ဆိုတယ်။

အဲဒီအချိန်ကစပြီး အမေရိကန်တို့က ‘အကြမ်းဖက်တွေကို တိုက်ခိုက်ရေး’ အတွက် ဇောင်းပေးပြီး ဆောင်ရွက်ကြရတယ်။ နောက်ဆုံး ၂၀၁၁ ခုနှစ် သမ္မတအိုဘားမား လက်ထက်ကျမှ အိုစမဘင်လာဒင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အိုစမာဘင်လာဒင်စခဲ့တဲ့ အကြမ်းဖက်မှုကနေ အစွန်းရောက် အစ္စလာမ်အဖွဲ့တွေကို မွေးထုတ်နိုင်လိုက်ပါတယ်။ အဲဒီထဲမှာ အကြမ်းဖက်မှုကို ထဲထဲဝင်ဝင် လုပ်နေသူတွေက တော့ IS လို့ ခေါ်နေတဲ့ အစွန်းရောက်ဘာ သာရေးအဖွဲ့ပါပဲ။ ဒီအဖွဲ့ဟာ အရှေ့အလယ်ပိုင်း တစ်ခုလုံးကို မွှေနှောက်လိုက်တာ ဒီကနေ့အထိ စစ်မီးတောက်လောင်နေဆဲပါပဲ။ သူတို့ဟာ ဥရောပ၊ အမေရိကတို့မှာပါ တိုက်ခိုက်မှုတွေ ကြိုးကြားကြိုးကြား ပြုလုပ်နေပါတယ်။ အသေခံဗုံးခွဲတယ်။ ကားနဲ့ တိုက်တယ်။ ဓားနဲ့ထိုးတဲ့အထိ အတင့်ရဲလာကြပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ တူရကီနဲ့ နောက်ဆုံး စပိန်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ကြိုးကြားကြိုးကြား တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။ အာရှတိုက်ဆိုရင် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့မှာလည်း အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လာတယ်။

ဒီကြားထဲမှာ ပြဿနာဖြစ်နေတာကတော့ DPRK လို့ခေါ်တဲ့ မြောက်ကိုးရီးယားပါပဲ။ မြောက်ကိုးရီးယားဟာ တာဝေးပစ် ဒုံးကျည်တွေကို စမ်းတယ်။ အဏုမြူဗုံးတွေ စမ်းတယ်။ သူရဲ့ ဒုံးကျည်တွေဟာ ဂျပန်ကိုကျော်ပြီး ဂျပန်ရေပိုင်နက်ထဲ ကျတယ်။ ပြီးတော့ အမေရိကန်စစ်စခန်းချရာ ဂူအမ်ကျွန်းကို ခြိမ်းခြောက်တယ်။ လက်ရှိမှာ သူဟာ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စမ်းသပ်ဖောက်ခွဲခဲ့တယ်။ ဒီဗုံးဟာ ပထမဦးဆုံး ဟီရိုရှီးမားမှာချတဲ့ ဗုံးထက် အဆပေါင်းများစွာ အားပြင်းပါတယ်။ ကမ္ဘာကြီးဟာ အကြမ်းဖက်မှုတွေနဲ့ ခေါင်းခဲနေပြီ ဖြစ်တယ်။

 

စစ်ပွဲသစ်

ယနေ့မှာတော့ နိုင်ငံတကာဆက်ဆံရေး ပုံစံတွေ ကွဲပြားလာတယ်။ ပုံစံမတူတော့ဘူး။ ဒါဟာလည်း တက္ကနိုလိုဂျီသစ်တွေကြောင့်ပါပဲ။ လက်ကိုင်ဖုန်းတွေကတစ်ဆင့် အင်တာနက်ဆက်လို့ ရလာတယ်။ ဖုန်းတွေနဲ့ ကြည့်လို့ရတဲ့ လူမှုကွန်ရက် (Twitter နဲ့ Facebook ) တွေ အရမ်းကို ခေတ်စားလာတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ ပါရာဒိုင်းအသစ် နောက်တစ်မျိုးဆီကို ဆွဲခေါ်သွားတာပါပဲ။

စီးပွားရေး လုပ်ငန်းရှင်တွေကလည်း Facebook ကို သုံးလာတယ်။ အခုဆိုရင် အစိုးရအဖွဲတွေဟာ Facebook တွေကို ဖွင့်ထားကြသလို တချို့ခေါင်းဆောင်တွေဟာ လူမှုကွန်ရက်တွေကို သတင်းမီဒီယာအနေနဲ့ သုံးလာကြတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ Twitter လူမှုကွန်ရက်ကို သူရဲ့သတင်းဖြန့်ချိဖို့ သုံးတာကို တွေ့နိုင်တယ်။ ဒီလိုပဲ အတိုက်အခံအဖွဲ့တွေကလည်း လူမှုကွန်ရက်တွေကို ထိရောက်စွာ သုံးလာတယ်။

ကျွန်တော်တို့ကတော့ ယဉ်ကျေးတဲ့ လူသားတွေအနေနဲ့ လူမှုကွန်ရက်မှာ ဆွေးနွေးတာကို သဘောကျတယ်။ ဒါပေမဲ့ တချို့ကလည်း လူမှုကွန်ရက်ကိုသုံးကာ မသမာ လုပ်တာတွေကို တွေ့ရတယ်။ သတင်းမှားတွေ သတင်းလိမ်တွေကိုလည်း တွေ့ရတယ်။ ဘယ်လိုဖြစ်ဖြစ် အကြမ်းဖက်ဗုံးခွဲတာလောက်တော့ မဆိုးဘူးပေါ့လေ။ လူမှုကွန်ရက်မှာ မတွေ့ချင်၊ မမြင်ချင်ရင်လည်း ကျော်လို့ရပါတယ်။ မိတ်ဆွေစာရင်းက ပယ်လို့ရပါတယ်။

 

နိဂုံး

အကြမ်းဖက်မှုတွေဟာ ဘာသာရေးတွေနဲ့ ဆန့်ကျင်နေပါတယ်။ အင်မတန်မှားတဲ့ လုပ်ရပ်ဆိုတာ လူအများသိကြပါတယ်။ လူမှုအသိုင်းအ၀ိုင်း တိုးတက်မြင့်မားအောင် ဘယ်လိုစိတ်တွေ ထားရမလဲ။

ကျွန်တော်တို့က ခလုတ်မထိ ဆူးမငြိစေဖို့ လူမှုရေးတွေမှာ ‘မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ’ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ခရီးသွားကြပါတယ်။

ခုဆို ၂၁ ရာစုထဲကို ၀င်လာတာ ခုနစ်နှစ်ရှိပါပြီ။  ၂၁ ရာစု စတင်ဝင်ရောက်တဲ့ ၂၀၀၁ ခုနှစ်က စလိုက်တဲ့ အမည်းအစွန်းကြီးဟာ ခုထက်ထိ ညစ်ထေးနေပါသေးတယ်။ လူတွေအတွက် ဘယ်နေရာမှာ ရောက်ရောက် မလုံခြုံဘူးဆိုတဲ့ ခံစားချက်ကို ခံစားနေကြရတယ်။

သမိုင်းမတင်နိုင်မီကာလက လူတွေကြောက်နေရသလို ခုအခါမှာ ကြောက်နေရတယ်လို့ တချို့က ဆိုတယ်။ အဲဒီအချိန်က က ကြောက်ရတာကတော့ ကိုယ့်ထက်အင်အားကြီးတဲ့ တိရစ္ဆာန်တွေ၊ အဆိပ်ပြင်းတဲ့ မြွေလို သတ္တ၀ါတွေကိုပါပဲ။

ခုတော့ လူတွေကြောက်နေရတာက လူတွေဆိုတော့ ရင်ထဲမချိအောင် ခံစားကြရပါတယ်။ မိုက်တာဗျာလို့ ပြောကြပါတယ်။ အကြမ်းဖက်မှုကို စွန့်လွှတ်ပါ။ စာနာကြပါ။

လူသား သမိုင်းတစ်ခေတ်ဟာ ၉/ ၁၁  (nine- eleven) မှာဖြင့် လူသားတွေကြောင့်သာ မည်းညစ်ခဲ့ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။