နွေနေ့လယ်

ရန်ကုန်မြို့အတွင်း သွားလာလှုပ်ရှားနေသူများအား ၂၀၁၇ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

နေရောင်က ဆိုးဆိုးရွားရွား စူးစူးရဲရဲကြီး မျက်လုံးထဲလာထင်နေလို့ မျက်မှောင်ကြီး ကောင်းကောင်းကုတ်ထားမှကို အဆင်ပြေတယ်။ ဒါပေမဲ့ခက်တာက ဒီမှာက နေ့စဉ်နေ့တိုင်းလိုနီးနီး အဲဒီနေရောင်ကြီးက တောက်ပလွန်းနေတော့ အမြဲတမ်းကြီးကို မျက်မှောင်ကြီးကလည်း ကုတ်ထားရတယ်။ တောက်ပလွန်းတဲ့ နေရောင်အောက်မှာ ဘယ်သူကမှလည်း မတောက်ပတော့သလို ဖြစ်နေတယ်။ ကြာတော့ အမှောင်ထဲမှာတောင် မျက်လုံးဘေးက အကြောတွေ ကြွက်သားတွေက (မျက်လုံးနံဘေးမှာ ကြွက်သားရှိသလား ကျွန်တော်လည်းမသိပါဘူး) မျက်မှောင်ချည်းပဲ ကုတ်နေတတ်တော့တယ်။ ဘာကိုကြည့်ကြည့် ဘာကိုလွမ်းလွမ်း ရယ်ချင်ရင်တောင်မှ မျက်မှောင်ကုတ်ကြီးနဲ့ ရယ်ရမလိုဖြစ်နေတယ်။ စိတ်ညစ်နေတဲ့ ရုပ်တွေပေါက်နေတာပေါ့။
ရုပ်က စိတ်ညစ်ပုံပေါက်နေမှတော့ နာမ်က ဘယ်မှာပျော်တော့မလဲ။ ပျော်စရာဆိုတာတောင် ကောင်းကောင်းမသိသလို ဖြစ်နေတယ်။ သေချာစဉ်းစားကြည့်ပါဦး။ ပျော်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ နည်းနည်းတော့ သိသလိုရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ ပျော်စရာဆိုတာ ကျွန်တော့်သမီးလေးအနားနေရင်း သူဆော့နေတာကို ထိုင်ကြည့်ရတာမျိုးပဲ။ အဲဒါကပဲ လောကနိဗ္ဗာန်။ သမီးလေးနံဘေး အဲဒီလိုအမြဲနေချင်တာကိုက ကျွန်တော့်ဘ၀ မျှော်လင့်ချက်ပဲ။ တခြားတွေလည်း မမျှော်လင့်တတ်ဘူး။ တစ်ခါတလေ စိတ်ကူးယဉ်သလို ရာသီဥတုက အေးအေးချမ်းချမ်း ကြည်ကြည်လင်လင်တစ်နေ့ လက်ဖက်ရည်လေးတစ်ခွက်၊ စာအုပ်လေး၊ ငါးအုပ်၊ စီးကရက်လေးဖွာလိုက် ဖတ်ချင်တဲ့စာအုပ်ကို ကောက်ဖတ်လိုက် အဲဒီအဖြစ်ဟာ ပျော်စရာလို့ ထင်ဖူးတယ်။ တကယ်လည်း ကျေနပ်ရမယ်လို့ ထင်စရာပဲ။ ဒါပေမဲ့ အဲဒါဟာလည်း အပြည့်အ၀ပျော်စရာမဟုတ်ဘူး။ ဒါဆိုအဲဒီအခြေအနေအတိုင်းကို နံဘေးမှာ သမီးလေးဆော့နေတာ ထပ်ဖြည့်လိုက်ကွာ။ ဒါကျတော့လည်း မဖြစ်ဘူး။ ကလေးကို အနားမှာထားပြီး ဆေးလိပ်သောက်တာ မိုက်မဲတဲ့ လူတွေလုပ်တဲ့အလုပ်ပဲ။ မဖြစ်ဘူး။

ကျွန်တော့်မှာ ကျွန်တော့်သမီးလေးနဲ့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ နေခွင့်ရတယ်။ ကျွန်တော်က တစ်မြို့မှာ ကျွန်တော့်သမီးလေးနဲ့ သူ့အမေက တစ်မြို့မှာပေါ့။ တစ်ပတ်မှာ တစ်ပတ်လုံးနေဖို့ အဲဒီကိုသွားပေါ့ကွာလို့ ပြောရင်ကျတော့ မတရားဘူး။ ဒီအခြေအနေကို ဘယ်သူကမှ တားဆီးထားတာလည်း မဟုတ်ဘူး။ ဟုတ်သားပဲ၊ သမီးလေးနဲ့ အမြဲနေချင်ရင် သမီးကလေးနေတဲ့ ဆီသွားပေါ့။ ဒီလိုပြောချင်စရာပဲ။ လူ့ဘ၀က အဲဒီလောက်မလွယ်ဘူး။ အဲဒီလောက်ကြီး ကျိုးကြောင်းဆီလျော်ဖြစ်နေတဲ့ အခြေအနေ မဟုတ်ဘူး။ သွားချင်တိုင်း သွားလို့ကမဖြစ်ဘူး။ အလုပ်တွေ လုပ်ရသေးတယ်။ ဖုန်တွေခါနေရတယ်။ ဘောပင်လေးနဲ့ တုတ်ချောင်းလေးတွေခြစ်၊ တာလီတွေ မှတ်ရတယ်။ အထုပ်တွေ ထမ်းယူလာရတယ်။ ကတ်ကြေးနဲ့ဖောက်ပြီး စာရင်းသွင်းရတယ်။ ငုတ်တုတ်ထိုင် ချွေးပြန်ပြီး စိတ်တိုင်းမကျဖြစ်ရမှာတွေ ရှိသေးတယ်။ အသေးစိတ်တွေ လျှောက်ပြောနေရရင် ပြီးတော့မှာမဟုတ်ဘူး။

ဒါပေမဲ့ ဒါကလည်းဗျာ တချို့လူတွေရဲ့ ဘ၀ကိုအားနာဖို့ကောင်းလှတယ်။ ကျွန်တော်က လူတော်လူကောင်းကြီးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ကိုယ်ချစ်တဲ့မိသားစုနဲ့ တစ်ပတ်မှာ နှစ်ရက်ကလေးပဲ အတူတူနေခွင့်ရလို့ စိတ်ပျက်ဖို့ကောင်းတဲ့ အဘွားကြီးလို ညည်းညူနေတာ မကောင်းဘူးဆိုတာ သိတယ်။ တချို့ဘ၀တွေအကြောင်း ကျွန်တော်သိတယ်လေ။ ကျွန်တော်နဲ့ခင်တဲ့ ဆရာတစ်ယောက်ဆိုရင် စစ်အစိုးရခေတ်မှာပေါ့။ သူ့သမီးလေး သူ့မိန်းမဗိုက်ထဲမှာပဲ ရှိနေသေးတဲ့အချိန်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျသွားလိုက်တာ သူပြန်လွတ်လာတော့ သူ့သမီးလေးဟာ ၁၀ တန်းအောင်ပြီး ဆေးတက္ကသိုလ်တောင် တက်တော့မယ်တဲ့။ နောက်အဲဒီလိုအဖြစ်တွေ ရှိသေးတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့ အဖေဖြစ်သူကို လာတွေ့တဲ့ သမီးငယ်လေးတစ်ယောက် ထောင်ဝင်စာတွေ့ရာကအပြန် အဖေစိတ်နဲ့ နေရပ်တောင် မပြန်လိုက်ရဘဲ ကွယ်လွန်သွားရတဲ့အဖြစ်။ တကယ့်ကို ကြေကွဲစရာတွေဗျာ။ စစ်အစိုးရခေတ်တစ်လျှောက်မှာ ဒီလိုကြေကွဲဝမ်းနည်းဖို့ကောင်းတဲ့ မိသားစုတွေရဲ့ဘ၀တွေ ကျွန်တော်တို့ မသိလိုက်တာတွေ အများကြီးရှိနိုင်တယ်။ တစ်ခါတုန်းက ရေဒီယိုမှာ နားထောင်လိုက်ရတဲ့ အဖြစ်တစ်ခုကိုလည်း မှတ်မိနေသေးတယ်။ နှစ်တွေကတော့ ကြာပါပြီ။ လူတစ်ယောက်ကိုဗျာ လမ်းနံဘေးမှာ သေးပေါက်လို့ဆိုပြီး လက်ပါးစေတစ်အုပ်က ၀ိုင်းရိုက်လိုက်ကြတာ သေတဲ့အထိပဲတဲ့။ လမ်းနံဘေး သေးပေါက်လို့ဆိုတာ တော်တော်အောက်တန်းကျတဲ့ အကြောင်းပြချက်ဆိုတာ မြင်သာပါတယ်။ အဓိက,ကတော့ အဲဒီလိုဝိုင်းအရိုက်ခံရလို့ ကွယ်လွန်သွားတဲ့ အစ်ကိုဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်မို့လို့ အမုန်းစိတ်နဲ့ ရိုက်သတ်ပစ်ကြတာပေါ့။ အဲဒီအစ်ကိုရဲ့ အသုဘနာရေးမှာ သူ့မိခင်ဖြစ်သူရဲ့ ၀မ်းနည်းဖွယ်ရာ ငိုကြွေးသံ၊ နာကြည်းမှုနဲ့ ငိုကြွေးအော်ဟစ်နေခဲ့သံတွေကို ရေဒီယိုကနေတစ်ဆင့် ကြားခဲ့ရတာတောင်မှ ကျွန်တော်ဖြင့် ခုထိမမေ့ဘူး။ ကိုယ့်သားသမီးလေးကိုမှ ရက်ရက်စက်စက် ရိုက်သတ်ရက်တဲ့ လူတွေကို၊ စနစ်ကို မိဘတစ်ယောက်ဟာ ဘယ်လိုနှလုံးသားမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါလိမ့်။

သိပ်ဆိုင်လှတယ် မဟုတ်ပေမယ့် မတူညီတဲ့ ဘ၀တွေဆိုပေမယ့် ကျွန်တော့်မှာ အဲဒီအဖြစ်တွေကို တွေးမိ၊ သတိရမိတိုင်း ကိုယ့်ကိုယ်ကိုယ် မင်းကဘာတွေခံစား အဖြစ်သည်းနေရသေးတာလဲရယ်လို့ အပြစ်တင်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှက်မိတယ်။ တကယ်တော့ ဒါဟာဆိုင်မှမဆိုင်ပဲကွာ။ မိဘတိုင်းဟာ သားသမီးတိုင်းကို လွမ်းခွင့်ချစ်ခွင့်ရှိတာပဲ။ အဖေတိုင်းဟာ သမီးတိုင်းကို ချစ်ကြတာချည်းပဲဆိုရင်လည်း ဖြစ်တာပဲ။ လူဆိုတာက နှိုင်းယှဉ်တတ်တဲ့ သတ္တ၀ါကိုး။ အတွေးဆိုတာဟာလည်း သိမှုကျယ်ကျယ်သလောက် အဓိပ္ပာယ်မဲ့ လျှောက်တွေးနေတာတွေလည်း ရှိတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာဦးအစကနေ ယနေ့အထိ စူးစူးဝါးဝါးတောက်ပလို့ပဲ မပြီးနိုင်တဲ့ နေရောင်အောက်မှာ ပူပြင်းအိုက်စပ်မှုနဲ့ သမီးလေးကိုလွမ်းတဲ့စိတ် ပေါင်းလိုက်တဲ့အခါ နေလို့ထိုင်လို့ အဆင်မပြေတော့ဘူး။ အင်အားတွေ ဆုတ်ယုတ်သွားတယ်။
သောကြာနေ့ညတွေမှာ သမီးလေးဆီကို ကျွန်တော်ရောက်တဲ့အခါတိုင်းမှာ မျက်နှာကလေးဝင်းပလာပြီး ဖေဖေလို့အော်ကာ ပြေးလာတဲ့သမီးလေး။ တနင်္လာနေ့ မနက်ခင်းဆိုရင် သမီးကလေးမနိုးခင် ကျွန်တော်ဟာ ပြန်လာခဲ့ရပြီ။ ကျွန်တော်ဟာ သောကြာနေ့ညတွေမှာ ပျော်ရပြီး တနင်္လာမနက်ခင်းတွေမှာ ညှိုးငယ်စွာ ပြန်လာရတဲ့ ဘ၀ပိုင်ရှင်ပဲ။ အဲဒီထက် ဘာမှမပိုဘူး။ ဘာမှလည်း အပြောင်းအလဲမရှိဘူး။

ဘာမှမပြောင်းလဲတဲ့ ဘ၀တွေဟာ ဘာများထူးခြားမှာလဲ။ လူတွေဟာ ဆပ်ကပ်ထဲက ကမ္ဘာလုံးပုံသံဆန်ခါထဲ ဆိုင်ကယ်မောင်းပြနေတာကို ထူးဆန်းလွန်းလို့ အံ့သြတကြီး ငေးကြည့်နေတဲ့ သဘောပဲ။ တကယ်တော့ အဲဒါဘာများထူးဆန်းလို့လဲ။ အဲဒီဆိုင်ကယ်ဟာ အဲဒီအလုံးထဲကနေ အပြင်ကိုလည်းမရောက် အလုံးကြီးထဲ လဲကျမသွားအောင် လှည့်မောင်းနေတဲ့ကိစ္စဟာ ပညာပါချင်ပါမှာပေါ့။ ဘာမှထူးဆန်းတာမဟုတ်တာတော့ ရှင်းနေတာပဲ။ အပေါ်ရောက်သွားလိုက် အောက်ရောက်လာလိုက်။ ပျော်ရလိုက် မပျော်ရလိုက်။
ကျွန်တော့်မှာ အဲဒီနှစ်ခုထဲမှာပဲ နေကြာစေ့အခွံကို ထောက်ခနဲခွာလိုက်၊ အော်ဟစ်ကြိမ်းမောင်းလိုက်။ သွားကြားထိုးလိုက် အရေးမပါတဲ့စကားတွေကို လူတွေနဲ့ဝိုင်းဖွဲ့ပြီး ပြောလိုက်၊ အော်ဟစ်ငြင်းခုန်လိုက်၊ စိတ်ပျက်စရာပဲ။ ပိန်းပိတ်နေအောင် ဖြူတောက်နေတဲ့ နေ့လယ်ခင်းကြီးရဲ့အလယ်မှာ ဘာတွေက အရေးကြီးနေဦးမှာလဲ။ ကျွန်တော့်အတွက်ကတော့ ဘာမှအရေးမကြီးတော့ဘူး။ ဟုတ်ပြီ၊ ဘာမှအရေးမကြီးဘူးဆိုတော့ရော ပြီးသွားရောပဲလားဆိုတော့ မပြီးဘူး။ လူက သူ့အလုပ်သူလုပ်၊ သူ့အတွေးသူတွေး၊ ငေးနေရတာပဲ။

ကျွန်တော့်မှာ အမြဲတမ်း အဲဒီလိုဘာမှမယ်မယ်ရရမဟုတ်တဲ့ အတွေးတွေ ခေါင်းထဲဝင်ဝင်လာတာပဲ။ ဒိဋ္ဌေ ဒိဋ္ဌ မတ္တံလို့လည်းမရဘူး။ တစ်ခုကနေတစ်ခုဆီ ဆက်သွား ခုန်ခုန်ကူးသွား ဘယ်မှာအဆုံးသတ်မယ်မှန်းတောင် မသိဘူး။ ပြဿနာက ဖြစ်ချင်တာ မဖြစ်ရတာပဲ။ ကိုယ့်ပျော်ရွှင်မှု ကိုယ်ဖန်တီးယူလို့ မရတာဘဲ။

အကောင်းဘက်က ကြည့်ရင်တော့ တွေးနေမှလူပဲ။ စာနာဖို့ကောင်းတယ်ဆိုပေမယ့် နွေနေ့လယ်ခင်းကြီးထဲ ကျောပြောင်မည်းမည်းကြီးပေါ်မှာ ချွေးတရွှဲရွှဲနဲ့ ကုန်စိမ်းသေတ္တာတွေ ထမ်းနေရတဲ့ လူတစ်ယောက်ထက်စာရင်၊ ဈေးဗန်းကြီး ခေါင်းပေါ်ရွက် လှည့်လည်နေရတာထက်စာရင် ဘာမှအဖြစ်မရှိတာတွေ လျှောက်တွေးနေရတာက ပိုသက်သာသေးတယ် မဟုတ်လား။ အဲဒီတော့ခံပေါ့။ မင်းဒုက္ခတွေ မင်းဘာသာ မင်းခံပေါ့။ ကျွန်တော့်ကို ဒီလိုထောပနာပြုရုံပဲ။ ကျွန်တော်ဟာ ငကြောင်ပဲ။ နောက်မှီထိုင်ခုံပေါ် ထိုင်ရင်း ခွေးတစ်ကောင်လို ပျင်းကြောဆန့်နေတဲ့ ရူးသွပ်နေတဲ့ကောင်ပဲ။ ကျွန်တော့်အတွက် တန်ပါတယ်။ တရားပါတယ်။ နွေနေ့လယ်ကို အဲဒီလို အဆုံးသတ်လိုက်တာပဲ ကောင်းပါတယ်ပေါ့။