ရခိုင်အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကျဆင်းခဲ့ရသော မြန်မာ့ပုံရိပ်

ရခိုင်အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကျဆင်းခဲ့ရသော မြန်မာ့ပုံရိပ်
Published 25 December 2017

 

(၁)

၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများတွင် ဘင်္ဂါလီအရေးနှင့် ရခိုင်ပဋိပက္ခမှာ ပြင်းထန်သော ဂယက်၊ စိုးရိမ်စရာများစွာဖြင့် တစ်ကမ္ဘာလုံးကိုပါ ကိုင်လှုပ်ခဲ့သည်အထိ အုတ်အော်သောင်းတင်း ဖြစ်ခဲ့သော အခြေအနေများကြောင့် ၂၀၁၇ ခုနှစ်၏ Events of the Year အဖြစ် Weekly Eleven သတင်းဂျာနယ်က ရွေးချယ်ဖော်ပြအပ်ပါသည်။

သြဂုတ် ၂၅ ရက်တွင် မောင်တောနယ်စပ်ရှိ လုံခြုံရေးကင်းစခန်း ၃၀ နှင့် တပ်မတော်လုံခြုံရေးစခန်း တစ်ခုတို့ တစ်ပြိုင်နက် ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခံရမှုမှ စတင်ကာ ရခိုင်ပဋိပက္ခအပေါ် အခြေခံပြီး မြန်မာ့အရေးသည် အပြောင်းအလဲများစွာ စတင်ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်း မြို့ဖြစ်သည့် မောင်တောဒေသကို ဘင်္ဂါလီ အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျ ကြိုတင်အကွက်ဆင် တိုက်ခိုက်လာမှုသည် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးလာသည့် အခြေအနေအထိ သက်ရောက်လာစေမည်ကို အစကနဦးတွင် သတိမပြုမိခဲ့ကြပေ။ နောက်ပိုင်းတွင် အကြမ်းဖက်သမားများက ၎င်းတို့မှာ အာဆာ (ARSA) အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဖွဲ့ဟု ကြွေးကြော်ကာ တိုက်ခိုက်မှုများ ပြုလုပ်လာသည်အထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။

သြဂုတ် ၂၅ ရက်က ယင်းတို့၏ အလစ်အငိုက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တပ်မတော်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒု-လဝကမှူး တစ်ဦးတို့ ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့သည်။

၎င်းတို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း တိုက်ခိုက်မှုများကို ညဉ့်နက်ပိုင်းနှင့် နံနက် အရုဏ်တက်ချိန် မရောက်မီ အချိန်တို့တွင် နေရာစုံမှ စနစ်တကျ အလစ်အငိုက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းတို့၏ အကြမ်းဖက် တိုက်ခိုက်မှု စတင်သည့်အချိန်မှာ ကိုဖီအာနန်၏ ရခိုင်အရေးနှင့် ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ချိန်နှင့် တစ်ရက်တည်း တစ်ပြိုင်နက် ချိန်သားကိုက် ဆိုသလိုပင် စတင်လာကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် နိုင်ငံတကာက ပိုမိုသတိပြုမိ စေခဲ့သည့်အပြင် ဘင်္ဂါလီအရေးနှင့် ပတ်သက်လျှင် ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၏ အစီရင်ခံစာသည်လည်း အတိုင်းအတာ တစ်ခုအထိ အရေးပါလာခဲ့သည်။

ယင်းသို့သော ချိန်သားကိုက် လုပ်ဆောင်မှုများနှင့်အတူ ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးမှာ နိုင်ငံတကာ မျက်နှာစာတွင် ချိန်ကိုက်ဗုံး ခွဲပြလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

(၂)

သြဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ အာဆာ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်တို့အကြား တိုက်ခိုက်မှုပေါင်း အကြိမ်များစွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်အနေဖြင့် မောင်တောဒေသ တစ်ခုလုံး လုံခြုံရေးအရ တည်ငြိမ်မှုရရန် အချိန်ယူ လုပ်ဆောင်ခဲ့ကြရသည်။

ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေးအခင်းနှင့် လက်ရှိ NLD အစိုးရ လက်ထက်တွင် ဖြစ်ပေါ်လာသော ပဋိပက္ခမှာ ကွာခြားမှုများစွာ ရှိခဲ့သည်။ ယခင်က ကိုးကွယ်ရာ ဘာသာတရား၊ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား မတူညီသည့် အသိုက်အဝန်းနှစ်ခု၏ ပဋိပက္ခပုံစံမှ ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ကာ မြန်မာနိုင်ငံမှ လုံးဝလက်မခံသည့် ရိုဟင်ဂျာ စကားလုံးနှင့်အတူ မောင်တောဒေသကို သိမ်းပိုက်ကာ နယ်မြေခွဲခြား တောင်းဆိုလာနိုင်မှု အခြေအနေများထိပါ လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

မောင်တောဒေသတွင်ရှိသော တိုင်းရင်းသားများနှင့် အခြားလူနည်းစု ဟိန္ဒူဘာသာဝင်များ အနေဖြင့် ၎င်းတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာခဲ့ကြရပြီး အကြမ်းဖက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် စစ်တွေမြို့အထိ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြသည်။ သြဂုတ် ၂၅ ရက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပြီးနောက် လူနည်းစု တိုင်းရင်းသားများ အိုးအိမ်စွန့်ခွာ ပြေးခဲ့ရခြင်းကြောင့် မောင်တောတွင် ဒေသခံ တိုင်းရင်းသား မရှိသလောက် နည်းပါးသွားခဲ့သည်အထိ ဖြစ်ခဲ့သည်။ အစောပိုင်းတွင် တပ်မတော်အနေဖြင့် လုံခြုံရေး အပြည့်အ၀ ရယူနိုင်ခြင်း မရှိသေးသည့် အနေအထားတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုများ၊ ထွက်ပြေးတိမ်းရှောင်ကြရသော တိုင်းရင်းသားများကို သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ ယခုတစ်ကြိမ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ဟိန္ဒူဘာသာဝင် များစွာလည်း သတ်ဖြတ်ခံခဲ့ရသည်။

သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ နယ်မြေတည်ငြိမ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင် လာနိုင်သည့်အချိန်တွင် မောင်တောဒေသမှ ဘင်္ဂါလီများမှာလည်း ဘင်္ဂလားဒေ့ရှ်သို့ အုံနှင့်ကျင်းနှင့် ထွက်ပြေးမှု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အတူ နိုင်ငံတကာ သတင်းစာမျက်နှာများ တွင်လည်း ရခိုင်ပဋိပက္ခအတွင်း မြန်မာနိုင်ငံအတွင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည့် ဘင်္ဂါလီဒုက္ခသည်များ အရေးကို ရှေ့တန်းတင်လာ ကြတော့သည်။ ရခိုင်ဒေသတွင်ရှိသော ဘင်္ဂါလီများ၏ လူ့အခွင့်အရေးဆုံးရှုံးမှု အခြေအနေများ နိုင်ငံတကာတွင် ပျံ့နှံ့လာသည်။ နယ်မြေရှင်းလင်းစဉ်အတွင်း ဘင်္ဂါလီများ ညှဉ်းပန်းသတ်ဖြတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များ တစ်မဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီး ရခိုင်တွင် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိနေသည်ဟုပင် အနောက်နိုင်ငံများ၏ သုံးသပ်ပြောဆိုမှုများ ရှိလာခဲ့သည်။

ထို့ပြင် ရခိုင်အရေးအပေါ် အခြေခံပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်လာစေနိုင်သည့် ဖိအားပေးမှုများကိုပါ အနောက်နိုင်ငံများက လုပ်ဆောင်လာခဲ့ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် လူ့အခွင့်အရေး ခေါင်းစဉ်ကို အသုံးပြုကာ တံခါးပိတ် ဆွေးနွေးပွဲများနှင့်အတူ ဗြိတိန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စုက မြန်မာအစိုးရနှင့် တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာအနေဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သော်လည်း ဗြိတိန်၊ အမေရိကန်၊ EU နှင့် ကုလသမဂ္ဂမှ လူ့အခွင့်အရေးကို အခြေခံကာ ပြင်းပြင်းထန်ထန် ဖိအားပေးမှုများ၊ ဘင်္ဂါလီအရေးကို ရှေ့တန်းတင်မှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာခဲ့ကြသည်။

(၃)

အစပိုင်းတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုပိုင်း အားနည်းမှု၊ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်မှု အားနည်းခြင်းများကြောင့် နိုင်ငံတကာ မျက်နှာစာတွင် ဘင်္ဂါလီအရေးကို မြန်မာဘက်မှ တုံ့ပြန်ချေပနိုင်မှု မရှိသလောက် ဖြစ်ခဲ့သည်။ ယင်းသို့သော အခြေအနေတွင် နိုင်ငံတကာ သတင်းစာမျက်နှာများ၌ ဘင်္ဂါလီများအပေါ် တစ်ဖက်သတ် ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးအရ  စိုးရိမ်တုန်လှုပ်ဖွယ် လုပ်ဆောင်မှုများ ရှိနေသည်ဟု သတင်းစကားများ၊ ရုပ်ပုံအတုများ၊ တစ်ဖက်သတ် အကြောင်းအရာများဖြင့် မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ မီဒီယာမျက်နှာစာတွင် အရေးနိမ့်သွားခဲ့ရသည်။

နိုင်ငံတကာမှ နာမည်ကြီး သတင်းမီဒီယာများတွင် ရခိုင်ဒေသ အကြမ်းဖက်ခံရမှု အခြေအနေမှန် ပျောက်ဆုံးပြီး ဘင်္ဂါလီအရေးသာ ရှေ့တန်းရောက်ခဲ့ရသည်။ တူရကီဒုဝန်ကြီးချုပ် ကိုယ်တိုင်ပင် သတင်းအမှားများ၊ ဓာတ်ပုံအတုများ ဖြန့်ဝေပြီး ဘင်္ဂါလီများအပေါ် မြန်မာအာဏာပိုင်များက လူမျိုးတုံး သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်ဟု မဟုတ်မမှန် ဖြန့်ဝေမှုများ ပြုလုပ်သည်အထိ ဖြစ်ခဲ့သည်။

ယခုကဲ့သို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းမှ ဝေဖန်မှုများ၊ ဖိအားပေးမှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ချေဖျက်နိုင်ရန် စက်တင်ဘာ ၆ ရက်တွင် တူရကီသမ္မတ အာဒိုဂန်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုဖြင့် စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာအစိုးရ ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရခိုင်အကြမ်းဖက် တိုက်ခိုက်ခံရမှုပြီးနောက် ပထမဦးဆုံး အနေဖြင့် နိုင်ငံတကာသို့ ချပြရှင်းလင်းခြင်းပင်ဖြစ်သည်။ တူရကီ သမ္မတနှင့် ဆက်သွယ်ဆွေးနွေးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အကာအကွယ်များ ပိတ်ပင်ခံရခြင်း၏ ဆိုလိုရင်းသဘောကို ကောင်းစွာသိရှိ နားလည်ပြီး အစဉ်အမြဲ အလေးထားကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးသာမက လူမှုရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများကိုလည်း မြှင့်တင်လျက်ရှိကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဒိုဂန်နှင့် ဆွေးနွေးမှုတွင် တူရကီဒုတိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမရှိသော သတင်းဓာတ်ပုံ အမှားများ ဖြန့်ဝေခဲ့မှုကို ထောက်ပြခဲ့ပြီး ယခုမြန်မာနိုင်ငံ ရင်ဆိုင်နေရသော ရခိုင်အရေး ပြဿနာတွင် သတင်းအမှားများ ထုနှင့်ထည်နှင့် ပျံ့နှံ့နေခြင်းအတွက် ကြီးမားသော ပြဿနာ၏ မြင်သာသော အစိတ်အပိုင်းတစ်ခု (The Tip of a huge Iceberg of Misinformation) သာ ဖြစ်ကြောင်း ဥပမာပေး ချေပနိုင်ခဲ့သည်။ သတင်းဓာတ်ပုံ အမှားများကို မတူညီသော အသိုင်းအဝိုင်းများကြား ပြဿနာ အများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေသည်ကို မှန်းဆနိုင်ကြောင်း၊ အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကို နားလည်မည်ဟု ယုံကြည်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အကြမ်းဖက်သမားများကို ရင်ဆိုင်ရသည်မှာ အတွေ့အကြုံသစ်အဖြစ် အကြမ်းဖက်ဝါဒ ပျံ့နှံ့မသွားရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သံတမန်နည်းအရ ရှင်းလင်းတုံ့ပြန်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် မွတ်စလင်ကမ္ဘာတွင် အင်အားကြီးသော တူရကီနိုင်ငံ အကြီးအကဲနှင့် ဆွေးနွေးမှုတွင် ထိရောက်သည့် ချေပမှုများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။

(၄)

သို့သော်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားမှာ လျော့ပါးသွားခြင်း မရှိဘဲ ဆက်တိုက်ဆိုသလိုပင် အဘက်ဘက်မှ ဖိအားပေးမှုများ အရှိန်မြင့်လာခဲ့ပြန်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ဆွေးနွေးခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ Agenda တစ်ရပ်အဖြစ် ဖိအားပေးမှုများ ပြုလုပ်လာခဲ့သည်။ ကုလလူ့အခွင့်အရေး ကောင်စီမှ ရခိုင်ပြည်နယ်ကို လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရန် ဦးစွာဆောင်ရွက် ခဲ့ကြသည့်အပြင် ဖိအားပေးမှုများ တစ်စစ တိုးမြင့်လာခဲ့သည်။ ဒါ့ပြင်ကုလလုံခြုံရေး တပ်ဖွဲ့ဝင်များပါ ဝင်ရောက်လာနိုင်သည့် R2P အစီအစဉ်ကိုပါ လုပ်ဆောင်မည့် အခြေအနေမျိုးအထိ ပုံဖော်လာခဲ့သည်။

မြန်မာအစိုးရ၏ အဓိကဦးဆောင်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘင်္ဂါလီအရေး ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ရှိနေသည်ဟုဆိုကာ အဖွဲ့အစည်းအချို့က ၎င်း၏ငြိမ်းချမ်းရေး နိုဘယ်ဆုကိုပါ ပြန်သိမ်းရန် တောင်းဆိုမှုများလည်း ပြုလုပ်လာခဲ့သည်။ ထို့ပြင် ဗြိတိန်လက်အောက်ခံ အဖွဲ့အစည်း အချို့မှလည်း ယခင်က ၎င်းတို့အနေဖြင့် ချီးမြှင့်ထားသော ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ပြန်လည်ရုပ်သိမ်းသည်အထိ ပြုလုပ်ခဲ့ကြသည်။

ဒါ့အပြင် အံ့အားသင့်စရာ ထိုးနှက်မှုအဖြစ် အကယ်၍ ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာခုံရုံး ICC သို့ အတင်ခံရပြီး စစ်ဆေးအရေးယူမှု လုပ်ဆောင်ခံရနိုင်သည် ဆိုသည်အထိ ကုလဘက်မှ ပြောဆိုလာခဲ့သည်။ သို့သော်လည်း ပထဝီ အနေအထားနှင့် အကျိုးစီးပွားအရ ကုလတွင် ဗီတိုအာဏာရှိသည့် တရုတ်၊ ရုရှားကဲ့သို့ နိုင်ငံများ ရှိနေသည့် အတွက် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများနှင့် ကုလအနေဖြင့် အရေးယူမှု တစ်စုံတရာ လုပ်ဆောင်ရန် ခဲယဉ်းပြီး နိုင်ငံတကာတပ်များ ဝင်ရောက်လာနိုင်သည့် R2P ကဲ့သို့သော အစီအစဉ်များကိုလည်း ၎င်းနိုင်ငံများ အနေဖြင့် နိုင်ငံရေးအရ လက်ခံနိုင်လိမ့်မည် မဟုတ်သည်ကတော့ အမှန်ပင်ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ထိပ်တန်းအကြီးအကဲများ၊ အစိုးရ အကြီးအကဲများအပေါ် ဗြိတိန်၊ အမေရိကန်၊ အီးယူနှင့် ကုလမှ တစ်ဦးချင်း ပိတ်ဆို့မှုများ၊ အဆက်အသွယ် ဖြတ်တောက်မှုများ လုပ်ဆောင်နိုင်ခြင်းများကလည်း မြန်မာအပေါ် များစွာသက်ရောက်မှု မရှိနိုင်ကြောင်း သုံးသပ်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် အမေရိကန်၏ လူပုဂ္ဂိုလ်တစ်ဦးချင်း သီးခြားပိတ်ဆို့မှု စာရင်းတွင် မြန်မာနိုင်ငံမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ထည့်သွင်းခဲ့သည်။ သို့သော်လည်း လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် မြန်မာ့ခေါင်းဆောင်များအပေါ် အမေရိကန်၊ ဗြိတိန်တို့မှ ဖိအားပေးမှုများ ဆက်လက် ပြုလုပ်လာနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်မှာ အမှန်ပင်ဖြစ်သည်။

(၅)

မည်သို့ပင်ဆိုစေကာမူ ဘင်္ဂါလီအရေးနှင့် ရခိုင်ပြဿနာမှာ NLD အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်ပမှ ဖိအားအမျိုးမျိုး ရင်ဆိုင်နေရသကဲ့သို့ပင်   ဘင်္ဂါလီအရေး ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ပြည်တွင်း၌ပါ ဝေဖန်ခံရမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

NLD အစိုးရအဖွဲ့ စတင်သည့် ပထမဆုံးနှစ်ဖြစ်သော ၂၀၁၆ ခုနှစ်အတွင်း ရခိုင်အရေးနှင့် ပတ်သက်ကာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် တစ်ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်းကလည်း ရခိုင်ဒေသကို ပိုမိုဆူပွက်စေသည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။ ရခိုင်အရေးမှာ အဘက်ဘက်က အကဲဆတ်သည့် အခြေအနေတွင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ မပြုလုပ်မီ အငြင်းပွားစရာ ဖြစ်စေမည့် ဆုံးဖြတ်ချက်ဖြစ်သော ကိုဖီအာနန် ဦးဆောင်သည့်  အကြံပေး ကော်မရှင် ဖွဲ့စည်းလိုက်ခြင်းအပေါ် ရခိုင်တိုင်းရင်းသားများအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုဖီအာနန် ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းမှုကို နယ်ပယ်အသီးသီးမှ ကန့်ကွက်ခဲ့သော်လည်း လျစ်လျူရှုခဲ့မှုမှာ NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားသော စွန့်စားမှုတစ်ရပ် ဖြစ်ခဲ့သည်ကလည်း အမှန်ပင်ဖြစ်သည်။

ထို့သို့သော အခြေအနေမျိုးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာထဲ၌ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် လိုအပ်သည့် အခြေအနေများအပေါ် တိုက်တွန်းထားချက်အချို့ ပါရှိနေခြင်း ကဲ့သို့သော အကြောင်းအရာများကလည်း အငြင်းပွားစရာ ဖြစ်စေခဲ့သည်။

NLD အစိုးရတာဝန်ယူပြီး တစ်နှစ်ခန့်အတွင်း စီးပွားရေး တိုးတက်မှုမရှိသည့်အပေါ် ပြည်သူများက ဝေဖန်နေကြသည့်အတွက် စိတ်ပျက်ခဲ့ကြရသည်။ NLD အစိုးရ၏ စီးပွားရေးပြောင်းလဲမှု မဟာဗျူဟာပိုင်းမှာလည်း ရခိုင်ပြဿနာကြောင့် အနည်းနှင့်အများ ထိခိုက်သွားခဲ့ရသည်။ မြန်မာ့စီးပွားရေး အခြေအနေ အကျဘက် ရောက်နေသည့် အချိန်တွင် ရခိုင်အရေးကြောင့် နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုမှု လျော့ကျသွားခဲ့ရသည့် အခြေအနေမှာ စီးပွားရေး ပြောင်းလဲမှုအပေါ် ထိခိုက်စေခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရခိုင်အရေးမှာ ထင်မှတ်ထားသည်ထက် ဘေးကျပ် နံကျပ်ဖြစ်စေပြီး အလျော်အစားကြီးသည့် အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။

(၆)

ရခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီး အစောပိုင်းတွင် နိုင်ငံတကာမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်တို့အပေါ် ခွဲခြားရှုမြင်သုံးသပ်မှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရနှစ်ရပ် ရှိနေသည်ဆိုသော သုံးသပ်မှုများနှင့် ရခိုင်ဒေသတွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိန်းကျောင်းကြပ်မတ်ပေးရန် တောင်းဆိုမှုများ ရှိခဲ့ခြင်းက ယင်းအချက်ကို ပေါ်လွင်စေကြောင်း သုံးသပ်ခဲ့ကြသည်။ ဗြိတိန်၊ အမေရိကန်နှင့် အနောက်နိုင်ငံများ အနေဖြင့် ရခိုင်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ပြီးနောက်တွင် ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ကာ တရုတ်နိုင်ငံနှင့် Power Politics အသွင် အကဲစမ်းမှုများ ပြုလုပ်ရန် ရည်ရွယ်သည့် အကြောင်းအချက်များကိုလည်း တွေ့ခဲ့ကြရသည်။ ယင်းသို့သော အခြေအနေများတွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး အစိုးရရော တပ်မတော်ပါ သတိကြီးစွာ ထားနေရသည်ကို မငြင်းနိုင်ပေ။

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ထိပါးလာစေနိုင်သည်အထိ ကျယ်ပြန့်သော အကြောင်းအရာများက ရခိုင်ပြည်နယ်အရေး ကိုင်တွယ်မှုတွင် လုံးဝအမှားမခံသည့် အခြေအနေ ဖြစ်သည်ကို လက်ခံကြရမည်ဖြစ်သည်။ ကုလသမဂ္ဂ အနေဖြင့် ၎င်းတို့ အကြိမ်ကြိမ် သုံးစွဲခဲ့သော လူမျိုးတုံးသတ်ဖြတ်မှု ဆိုသည့် စကားလုံးနှင့် ဆက်စပ်သော အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသော်လည်း ယင်းတို့၏ မမျှတသည့် ဖိအားပေးမှုများအပေါ် အစိုးရအနေဖြင့် မာကျောပြတ်သားသော နည်းလမ်းများဖြင့်လည်း တုံ့ပြန်ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာအစိုးရ အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် သတင်းအချက်အလက်ပိုင်းဆိုင်ရာ အသာစီးရယူနိုင်မှု အားနည်းခဲ့ခြင်းကလည်း အခက်အခဲ အကြပ်အတည်း တစ်ရပ်သို့ ဆိုက်ရောက်စေခဲ့ရခြင်း ဖြစ်သည်။ မတူညီသည့် အသိုက်အဝန်း နှစ်ရပ်အကြား ထိလွယ်ရှလွယ် အခြေအနေတွင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမှုများ ရှိသော်လည်း ပွင့်လင်းမြင်သာမှုအပေါ် မျက်ကွယ်ပြုရန်မသင့်ဆိုသည့် အချက်ကိုလည်း သတိချပ်ရန် လိုအပ်မည်ဖြစ်သည်။ ယခုနောက်ဆုံးတွင် ရိုက်တာသတင်းဌာန၏ မြန်မာသတင်းထောက်နှစ်ဦး ရခိုင်အရေးနှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရမှုအပေါ် ဝေဖန်မှုများကို ဂရုတစိုက်ဖြေရှင်းရန် လိုအပ်မည် ဖြစ်သည့်အပြင် အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ မီဒီယာများအပေါ် ဖိနှိပ်သည့် အခြေအနေမျိုး မဖြစ်အောင် ရှောင်ကြဉ်သင့်ပေသည်။

သြဂုတ် ၂၅ ရက်တွင် မြန်မာနိုင်ငံ၏ အနောက်ဘက်ဆုံးသောမြို့ မောင်တောကို ဗဟိုပြုပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ခံခဲ့ရသော်လည်း အကြမ်းဖက်ဝါဒနှင့် ၎င်း၏မတရားမှုကို မြန်မာဘက်မှ ကမ္ဘာကို ပေါ်လွင်အောင် ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယင်းအတွက်ကြောင့်လည်း နိုင်ငံတကာ မျက်နှာစာတွင် မြန်မာ့ပုံရိပ်မှာ ကျဆင်းခဲ့ရသည်ဆိုလျှင် မငြင်းနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထင်မှတ်ထားသည်ထက် ပိုမိုရှုပ်ထွေးလာသော ရခိုင်အရေးအပေါ် မည်ကဲ့သို့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မည် ဆိုသည်ကို ပြည်သူများနှင့် နိုင်ငံတကာကပါ စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

Most Read

Most Recent