2PM အဖွဲ့ဝင် OK စစ်မှုတာဝန် စတင်ထမ်းဆောင်

2PM အဖွဲ့ဝင် OK စစ်မှုတာဝန် စတင်ထမ်းဆောင်
Published 6 September 2017

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ 2 PM မှ အဓိက ရက်ပ်အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည့်  Ok Taecyeon  သည် စက်တင်ဘာ ၄ ရက်တွင် စစ်မှုတာဝန် စတင် ထမ်းဆောင်ခဲ့သည်ဟု ၎င်း၏ အေဂျင်စီ JYP Entertainment က ထုတ်ပြန်ခဲ့သည်။

“  Ok Taecyeon က ဂျောင်ဂီပြည်နယ်၊ ဂိုရန်မြို့မှာရှိတဲ့ အမှတ်-၉ တပ်ရင်းမှာ လေ့ကျင့်ရေးစခန်းမှာ စစ်ထဲဝင်ဖို့ စာရင်းပေးခဲ့တယ်။ သူက သာမန်နိုင်ငံသားတစ်ဦးလိုပဲ စစ်မှုထမ်းချင်လို့ စစ်မှုထမ်းမယ့် သတင်းကို ရေငုံနှုတ်ပိတ်နေခဲ့တာပါ။ မိသားစုဝင်တွေနဲ့  2 PM အဖွဲ့ဝင်တွေပဲ သူ့ကို လိုက်လံပို့ဆောင်ပေးခဲ့ကြတယ်”  ဟု  JYP Entertainment က ထုတ်ပြန်ခဲ့သည်။

အသက်၂၉ နှစ်အရွယ်ရှိ Ok Taecyeon သည် စစ်မှုထမ်းရန်အတွက် ၎င်း၏ အမေရိကန် Green Card ကို စွန့်လွှတ်ခဲ့သည်။  ၎င်းသည် ကျောရိုးဆစ်များအကြားရှိ အရိုးနုအလွှာကိုလည်း ကုသမှုခံယူခဲ့သည်။ တောင်ကိုရီးယားတွင် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းသည့် အမျိုးသားအားလုံးသည် စစ်မှုမထမ်းမနေရ ဥပဒေအရ နှစ်နှစ်ခန့် စစ်မှုထမ်းရမည်ဖြစ်သည်။ Ok သည် စစ်မှုမထမ်းဆောင်မီ သည်းထိတ်ရင်ဖို ရုပ်သံဇာတ်လမ်းတွဲ Save Me ကို အပြီးသတ်ရိုက်ကူးခဲ့သည်။

၂၀၀၈ ခုနှစ်တွင် 2PM အဖွဲ့ဝင်အဖြစ် ဂီတလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် Ok သည် ၂၀၁၀ ပြည့်နှစ်တွင် Dream High၊ Who Are You၊ Let's Fight, Ghost စသည့် ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းသည် ယခုနှစ်တွင် ဂျပန်ဘာသာဖြင့် သီဆိုထားသော ပွဲဦးထွက်တစ်ကိုယ်တော် အယ်လ်ဘမ် Taecyeon Special: Winter Hitori ကို ဖြန့်ချိခဲ့ပြီး ဂျပန်နိုင်ငံ၊ Tokyo Dome City Hall တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။ 2 PM အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂျွန်ကေသည်လည်း ယခုနှစ်အစောပိုင်းတွင် စစ်မှုတာဝန်ထမ်းဆောင်ခဲ့သည်။ Nichkhun၊ Wooyoung၊ Junho၊ Chansung၊ Ok Taecyeon  နှင့် ဂျွန်ကေတို့ဖြင့် ဖွဲ့စည်းထားသည့် 2 PM အဖွဲ့သည် ဂီတသက်တမ်း ကိုးနှစ်အတွင်း စတူဒီယိုအယ်လ်ဘမ် ခြောက်ခု ဖြန့်ချိခဲ့သည်။

Most Read

Most Recent