ပင်မရေစီးကြောင်းမှ ခွဲထွက်ဖန်တီးထားသည့် ဇာတ်ကားများအား ရွေးချယ်ပြသမည့် ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ ဝဇီရာရုပ်ရှင်ရုံတွင် ပြုလုပ်မည်

ပင်မရေစီးကြောင်းမှ ခွဲထွက်ဖန်တီးထားသည့် ဇာတ်ကားများအား ရွေးချယ်ပြသမည့် ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ ဝဇီရာရုပ်ရှင်ရုံတွင် ပြုလုပ်မည်
Published 5 September 2017

ပြီးခဲ့သည့်နှစ်များက ပြုလုပ်ခဲ့သည့် ဝဿန်ရုပ်ရှင်ပွဲတော်အား တွေ့ရစဉ်

ပင်မရေစီးကြောင်းမှ ခွဲထွက်ဖန်တီးထားသည့် ဇာတ်ကားများအား ရွေးချယ်ပြသမည့် ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ ဝဇီရာရုပ်ရှင်ရုံတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပထမဆုံး နိုင်ငံတကာရုပ်ရှင်ပွဲတော်အဖြစ် ၂၀၁၁ ခုနှစ် တွင်စတင်ခဲ့သည့် ဝဿန်ရုပ်ရှင်ပွဲတော်ကို သတ္တမအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဝဿန်ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ကတည်းက ပင်မရေစီးကြောင်းကနေ ခွဲ    ထွက်ဖန်တီးတဲ့ ဇာတ်ကားတွေ ထွက်ပေါ်လာစေချင်တဲ့ ဆန္ဒနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ပွဲတော်က နေတစ်ဆင့် ရုပ်ရှင်ဖန်တီး သူတွေလည်း ထွက်ပေါ်လာစေခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုနှစ်မှာလည်း ဝဿန်ရုပ်ရှင်ပွဲတော်ကို စနစ်တကျရွေးချယ်မှုများစွာနဲ့ ပြုလုပ်ပါတော့မယ်။ ပြိုင်ပွဲဝင် ကဏ္ဍအတွက် ပေးပို့လာတဲ့ဇာတ်ကားတွေထဲက သေချာရွေးချယ်ပြသသွားမှာ ဖြစ်သလို ပြိုင်ပွဲဝင်မဟုတ်တဲ့ ဇာတ်ကားတွေလည်း ပါဝင်ပြသပါမယ်။ နိုင်ငံတကာက ဇာတ်ကားကောင်းတွေကိုလည်း ပါဝင်ပြသဖို့ စီစဉ်ထားပါတယ်။ Master Class အစီအစဉ်လည်း ပါဝင်တာကြောင့် ရုပ်ရှင်ပညာကို လေ့လာသူတွေအတွက်တော့ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ဝဿန်ရုပ်ရှင်ပွဲတော် စီစဉ်သူတစ်ဦးဖြစ်သည့် ကိုသိဒ္ဓိက ဆိုသည်။

ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြိုင်ပွဲဝင် ဇာတ်ကားများအဖြစ် အပိုင်းခြောက်ပိုင်းခွဲကာ ဇာတ်ကား ၂၉ ကားအား ပြသမည်ဖြစ်ပြီး မှတ်တမ်းဇာတ်ကားနှင့် ဇာတ်ကားတိုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် မဟုတ်သည့် ဇာတ်ကားခြောက်ကားအားလည်း ပါဝင်ပြသရန်စီစဉ်ထားသည်။ ထို့ပြင်  နိုင်ငံတကာမှ ဇာတ်ကားကောင်းအချို့အားလည်း ရွေးချယ်ပြသမည့်အပြင် ရုပ်ရှင်ပညာရပ်အား လေ့လာဆွေးနွေးနိုင်မည့် Master Class ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ S- Express ခေါင်းစဉ်ဖြင့် ဇာတ်ကားပြသမှုများအဖြစ် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံများမှ ဇာတ်ကားများကိုလည်း ပြသရန် စီစဉ်ထားသည်။

အထူးအစီအစဉ်တစ်ခုအဖြစ် ဒါရိုက်တာ တင်ဝင်းနိုင်ရိုက်ကူးထားပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အများအပြား၌ ပြသခွင့်ရရှိထားသည့် ‘In Exile’ ပြည်ပြေးဇာတ်ကားကိုလည်း ပြသမည်ဖြစ်သည်။ ယင်းဇာတ်ကား ကိုကြည့်ရှုပြီးနောက် ဇာတ်ကားဖန်တီးသူနှင့် ဆွေးနွေးမေးမြန်းနိုင်မည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဝဿန်ရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲအစီအစဉ်ကို စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် စတင်မည်ဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှစတင်ကာ ဝဇီရာရုပ်ရှင်ရုံ၌ နံနက် ၁၀ နာရီမှစတင်ပြီး ဇာတ်ကားများ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent