The Hitman က မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် သီတင်းသုံးပတ် ဆက်တိုက် ရပ်တည်

The Hitman က မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် သီတင်းသုံးပတ် ဆက်တိုက် ရပ်တည်
Published 5 September 2017

မြောက်အမေရိက၏ ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ထိပ်ဆုံးတွင် The Hitman’s Bodyguard သည် သီတင်းသုံးပတ်ဆက်တိုက် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။ သို့သော်လည်း ရုပ်ရှင်ကြည့်ရှုနှုန်းမှာ နွေရာသီကာလ၏ အနိမ့်ဆုံးအဆင့်အထိ ထိုးကျနေခဲ့သည်။

အမေရိကန်လေဘာနေ့ သီတင်းပတ် ကုန်ရက်သည် ၁၇ နှစ်တာကာလအတွင်း ရုပ်ရှင်ကြည့်သူ အနည်းဆုံးဖြစ်နေသည်ဟု စောင့်ကြည့်သူများက ပြောကြားခဲ့ပြီး ရုပ်ရှင်ကားသစ် မထွက်ရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် Lionsgate မှထုတ်လုပ်သည့် Hitman သည် စက်တင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း ဒေါ်လာ ၁၀ ဒသမ ၃ သန်းရရှိကာ စာရင်း၏ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်သည်။ အက်ရှင်ဇာတ်မြူးကားဖြစ်ပြီး ရိုင်ယန်ရေးနိုးက သက်တော်စောင့် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် Hitman သည် ယခုနှစ်နွေကာလတွင် သီတင်းသုံးပတ်ဆက်တိုက် ထိပ်ဆုံး၌ရပ်တည်နိုင်သည့် တစ်ခုတည်းသော ရုပ်ရှင်လည်းဖြစ်သည်။

ထိတ်လန့်ဖွယ်ရုပ်ရှင် Annabelle သည် ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေဒေါ်လာ ၇ ဒသမ ၃ သန်းရရှိပြီး ယင်းဇာတ်ကားသည် စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ သီတင်းနှစ်ပတ် ဆက်တိုက်ရှိပြီ ဖြစ်သည်။ Annabelle သည် ဒေသတွင်း၌ဝင်ငွေ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ရှိပြီ ဖြစ်သည်။

ရာဇဝတ်မှုသည်းထိတ်ရင်ဖိုရုပ်ရှင် Wind River သည် ဒေါ်လာ ၅ ဒသမ ၉ သန်းရရှိပြီး တတိယနေရာတွင် ရပ်တည်နေပြီး ပြီးခဲ့သည့်သီတင်းပတ်ကထက် ဝင်ငွေတက်လာခြင်း ဖြစ်သည်။

စာရင်း၏ နံပါတ်လေးနေရာတွင် ရပ်တည်နေသည်မှာ အန်နီမေးရှင်းဇာတ်ကား တစ်ကားဖြစ်သော Leap! ဖြစ်သည်။ ယင်း အန်နီမေးရှင်းထဲတွင် အဲလီဖန်နင်းက အသံဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းမှာ ၁၉ ရာစုကာလက ပါရီတွင် ဘဲလေးအက မယ်တစ်ဦးဖြစ်လာရန် အိပ်မက်မက်နေသော မိဘမဲ့ ကလေးတစ်ဦးအကြောင်း ဖြစ်သည်။ စုစုပေါင်း ဝင်ငွေဒေါ်လာ ၄ ဒသမ ၉ သန်း ရရှိထားသည်။

Most Read

Most Recent