<

အင်ပါယာတီးဝိုင်းနှင့် တေးသံရှင်ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ငွေစိုးနှင့် အခြားတေးသံရှင်အချို့တို့ ပါဝင်မည့် ‘ရော့ခ်တစ္ဆေ’ ဂီတဖျော်ဖြေပွဲ မန္တလေးမြို့တွင် ပြုလုပ်မည်

အင်ပါယာတီးဝိုင်းနှင့် တေးသံရှင် ဇော်ဝင်းထွဋ်၊ ရင်ဂိုတို့ပါဝင်မည့် ‘ရော့ခ်တစ္ဆေ’ ဂီတ ဖျော်ဖြေပွဲအား မန္တလေးမြို့၌ အောက်တိုဘာ ၂၃ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုများလည်း ပြုလုပ်ထားကာ လက်မှတ်ရောင်းချမည့် အစီအစဉ်များအား အသေးစိတ် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ထုံးစံအတိုင်းပဲ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလပြည့်နေ့တွေမှာ ရှိုးတွေရှိပါမယ်။ သီတင်းကျွတ်က မန္တလေးမှာ ပြုလုပ်သွားမှာပါ။ အောက်တိုဘာ ၂၃ ရက်မှာ လုပ်ပါမယ်။ ဒီပွဲမှာတော့ အင်ပါယာ တီးဝိုင်းအ ပြင် အခြားတီးဝိုင်းတွေနဲ့ အခြားတေးသံရှင်အချို့လည်း ပါပါမယ်။ ဂီတဖြတ်သန်းမှုတစ်လျှောက်က အမှတ်တရသီချင်းတွေလည်း ဆိုပါမယ်။ ဆေးပေါင်းခတဲ့ညပွဲကတော့ ရန်ကုန်မှာ လုပ်ပါမယ်။ မန္တလေးပွဲအတွက်ရော၊ ရန်ကုန်ပွဲအတွက်ပါ သေချာလေး ပြင်ဆင်သွားမယ်။ ဒီကြားထဲ ပွဲမလုပ်တာလည်း နည်းနည်းကြာပြီဆိုတော့ ပရိသတ်တွေကလည်း ဆိုစေချင်တယ်။ ကျွန်တော်ဆိုချင်တဲ့သီချင်းတွေလည်း ဆိုပြပါမယ်။ မန္တလေးပွဲကိုတော့ ရော့ခ်တစ္ဆေလို့ နာမည်ပေးထားပါတယ်” ဟု တေးသံရှင် ဇော်ဝင်းထွဋ်က ဆိုသည်။

အင်ပါယာတီးဝိုင်းမှ ကိုသန့်ဇော်ကလည်း “မန္တလေးသီတင်းကျွတ်မှာ တစ်ပွဲလုပ်ပါမယ်။ ရန်ကုန်မှာက ဆေးပေါင်းခတဲ့ညပွဲလုပ်မှာပါ။ မန္တလေးပွဲကိုတော့  ရော့ခ်တစ္ဆေလို့နာမည်ပေးထားပါတယ်။ ကိုညီထွဋ်ရယ်၊ ကိုရင်ဂိုရယ်၊ ကိုငွေစိုးရယ်နဲ့ အခြားတေးသံရှင်တချို့ ဖျော်ဖြေဖို့စီစဉ်ထားတယ်။ ပွဲအတွက်ကတော့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ” ဟု ဆိုသည်။

အင်ပါယာ တီးဝိုင်းအနေဖြင့် မိုးတွင်းကာလအတွင်း ဖျော်ဖြေပွဲများ အတန်ငယ် ရပ်နားထားရာမှ ပွင့်လင်းရာသီကာလအတွင်း ဖျော်ဖြေပွဲများ ပြန်လည်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သီတင်းကျွတ်ကာလတွင် ဖျော်ဖြေပွဲ အများအပြားပြုလုပ်ကြမည် ဖြစ်သည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.